မောင်မြင့်ကြွယ် - မရဏကုန်သည်
အစ
ဖေဖော်ဝါရီလ ၁၇ ရက်နေ့သည် ဆမ်ဖလင်းမင်းအတွက် ကြမ္မာငင် သောနေ့ ဖြစ်သည်။ ဆမ်ဖလင်းမင်းက သူ့ကိုယ်သူ အလွန် ကံကောင်းသော ပုဂ္ဂိုလ်ဟု ယူဆသည်။ သူသည် ဝေါစထရိမှ ပွဲစားတစ်ယောက် အနေနှင့် အသက် (၄၆) နှစ်တွင် အလွန် ကြွယ်ဝချမ်းသာသူတစ်ဦး ဖြစ်သည်။
ထို့နောက် သူသည် သူ ကြွယ်ဝသမျှကို သိမ်းကျုံးယူငင်ပြီး နယူးယောက်ကို ရုတ်ခြည်း စွန့်ခွာ၍ မြောက်ပိုင်း ဗားမောင့်ပြည်နယ်ရှိ ဘတ်တလက်မြို့သို့ သူ၏ အန္တိမ ရည်မှန်းချက်ဖြစ်သော ပန်းချီဆွဲရန် ရည်ရွယ်ချက်နှင့် ထွက်ခွာလာခဲ့သည်။
ဆမ်ဖလင်းမင်းသည် ကျန်းမာသူတစ်ဦး ဖြစ်သော်လည်း ဖေဖော် ဝါရီလ ၁၇ ရက်နေ့ ညနေ လေးနာရီခွဲတွင် ထူးဆန်းမှုတစ်ရပ် စတင်ဖြစ် ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်တွင်းရှိ ကလာပ်စည်းများထဲမှ ရေမော် လီကျူးများသည် နှစ်ခြမ်းကွဲသွားကြသည်။ တစ်ခြမ်းမှာ လူကို ဒုက္ခမပေး သော ဟိုက်ဒရိုဂျင်အက်တမ် ဖြစ်ပြီး ကျန်တစ်ခြမ်းမှာ အလွန် ဒုက္ခပေး သော ဟိုက်ဒရိုဆီ ဖရီးရေဒီကယ်များပင် ဖြစ်သည်။ ကို
ထိုကဲ့သို့ ဖြစ်ပေါ်နေချိန်တွင် ဖရီးရေဒီကယ်များကို ခုခံတိုက်ခိုက် မည့် ကလာပ်စည်းများ သည် လျင်မြန်စွာ အားပျော့လာကြသည်။ ဟိုက် ဒရိုက်ဆီ ဖရီးရေကယ်များက ဆမ်ဖလင်းမင်း၏ ခန္ဓာကိုယ်ကို အတွင်း ပိုင်းမှ စ၍ ဖြိုဖျက်နေကြသည်။
ဘတ်တလတ် ကွန်မြူနီတီ ဆေးရုံရှိ အိပ်ရာပေါ်တွင် အိပ်နေသောသူ့ကလာပ်စည်းများ အတွင်းရှိ တိုက်ပွဲသည် မည်မျှအထိ ပြင်းသည်ကို သူ မသိဘဲ ရှိနေသည်။ သူ သတိထားမိသော အချက်တော့ ရှိသည်။ ကိုယ်ပူချိန် မြင့်မားလာသည်။ ဝမ်းဗိုက်ထဲကလည်း တ တဂွမ်ဂွမ် မြည်လာသည်။ ပြီးတော့လည်း ရင်ဘတ်သို့သွေးအရောက်များလာသည်။
ထိုနေ့မွန်းလွဲပိုင်းတွင် ဆင်ဖလင်းမင်း၏ ဆရာဝန်ဖြစ်သူ ဒေါက်တာရန်းဒေါ့ပို့တလန်က သူ့အား လာရောက် ကြည့်ရှုသောအခါ ကိုယ်ပူချိန်
မြင့်မားနေသည့်အတွက် အထိတ်တလန့်နှင့် စိတ်ပျက်လက်ပျက် ဖြစ်သွား ရရှာသည်။ ဆမ်၏ ရင်ဘတ်ကို နားကြပ်နှင့် နားထောင်ပြီးသောအခါ၌
ဆမ်သည် တင်ပါးဆုံရိုး ကျိုးသွားမှုကြောင့် ခွဲစိတ်ကုသမှုမှ ပြန်လည်ကောင်းမွန်လာစ ပြုလာသော်လည်း အဆုတ်ရောင်ရောဂါက ဝင်ရောက် နှောင့်ယှက်စပြုလာကြောင်း ဒေါက်တာ ရန်းဒေါ့ပို့တလန်က ဆမ်ကို ပြောရန် ကြိုးစားခဲ့သည်။
ထိုအချိန်တွင် ဆမ်သည် စိတ်အာရုံနည်းမှု ဖြစ်နေလေပြီ။ ဒေါက်တာ ပို့တလန်၏ ပြောစကားကို ဆမ် နားမလည်တော့ချေ။ ပို၍ ဆိုးသည်မှာ ဆမ်၏ အခြေအနေ ပိုမို ကောင်းမွန်လာလိမ့်မည် ဆိုသော ဒေါက်တာ ပို့တလန်၏ ဟောကိန်း မမှန်ကန်တော့ခြင်းပင် ဖြစ်သည်။
သူသည် နယူးယောက်၌ နှစ်ကြိမ် ရိုက်အလုခံခဲ့ရသည်။ လေယာဉ်ပျံ ပျက်ကျစဉ်ကလည်း သူ ပါခဲ့သေးသည်။ နယူးဂျာဆီ လမ်းအကောက် တံခါး၌ မော်တော်ကား လေးစီးဆင့်၍ တိုက်စဉ်ကလည်း သူ ပါခဲ့သေး သည်။ ထိုစဉ်က မသေခဲ့သော ဆမ်ဖလင်းမင်းသည် မောင့်ပြည်နယ် ဘတ်တလက်မြို့ မြို့လယ်ကောင် လမ်းမကြီးပေါ်ရှိ ဘာလီ၏ သံဆိုင် ရှေ့၌ ချော်လဲရာမှ အခြား ရောဂါများပါ ဖြစ်ပွားလာပြီး သေဆုံးခဲ့ရသည် မှာ ရင်နာစရာ ကောင်းလှတော့သည်။
(၁)
မတ်လ ၁၈ ရက်၊ ကြာသပတေးနေ့
ဘတ်တလက် ကွန်မြူနီတီ ဆေးရုံမှ ဌာနကြီးမှူးများသည် ဟာရို ထရေနာ၏ ရှေ့မှောက်တွင် ကျိုးနွံစွာ တိတ်ဆိတ်နေကြသည်။ ထရေနာ သည် ဆေးရုံဘုတ်အဖွဲ့၏ ချယ်ယာမင်ဖြစ်ပြီး ထိုကဲ့သို့ ချယ်ယာမင် အဖြစ် ဆောင်ရွက်ခွင့်ရမှုကို အထူး ဂုဏ်ယူသူ ဖြစ်သည်။
“ယခုလို ဆီးနှင်းတွေ ကျနေတဲ့ ညနေခင်းမှာ ကြွရောက်လာတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအစည်းအဝေးကို ခေါ်ယူ ကျင်းပရခြင်းဟာ လွန်ခဲ့သော ရက်သတ္တပတ်က ဆေးရုံဝင်း အောက်ဘက်က မော်တော်ကား ရပ်နားတဲ့နေရာမှာ သူနာပြုဆရာမ ပရူးဒင့်ဟန်တင်တန်ကို စော်ကားမှုပြုတဲ့ ကိစ္စအတွက် ဆေးရုံဘုတ်အဖွဲ့က ဘယ်လောက် လောက် လေးလေးနက်နက် ဆောင်ရွက်နေတယ် ဆိုတာကို သိစေချင်လို့ပါပဲ”
“အဲဒီကိစ္စဟာ ဆေးရုံ လုံခြုံရေး ဝန်ထမ်းတစ်ယောက် အမှတ်မထင် ရောက်ရှိလာတဲ့အတွက် မုဒိမ်းမှု အထမမြောက်ခဲ့သော်လည်း လေးနက်မှုတော့ လျော့မသွားပါဘူး"
ထရေနာက ခေတ္တ ရပ်တန့်လိုက်ပြီး ဆေးရုံ၏ လုံခြုံရေး တာဝန်ခံ ပက်ထရစ်ဆွေဂလာကို စိုက်ကြည့်လိုက်သည်။ ပက်ထရစ်ဆွေဂလာကမူ ထရေနာ၏ စွပ်စွဲသော မျက်လုံးများနှင့် ရင်မဆိုင်ဘဲ မျက်နှာကိုလွှဲထား သည်။ မစ္စဟန်တင်တန်အား စော်ကားရန် ကြံစည်မှုမှာ လွန်ခဲ့သောနှစ် အတွင်းက တတိယမြောက်အမှုဖြစ်ပြီး ဆွေဂလာက သူ့တွင် တာ၀န်ရှိ သည်ဟု ခံစားနေရရှာသည်။ ။ “ဒီလို စော်ကားမှုကို ရပ်သွားအောင် လုပ်ရမယ်” လို့ထရေနာက သူနာပြု ညွှန်ကြားရေးမှူး နန်စီဝစ်ဒကို လှမ်းကြည့် လိုက်၏။ စော်ကားခံရသူ သုံးဦးစလုံးမှာ သူနာပြုဆရာမများဖြစ်နေကြသည်။
ထရေနာကစားဖိုဆောင်တာဝန်ခံ ဂျီရယ်ဒင်းပိုကာရီနှင့် အိမ်တွင်းမှုတာ၀န်ခံ ဂလိုရီယာဆွာရက်ဇ်တို့ကို တစ်လှည့်စီ မျက်စိကစားလိုက်ပြီးပြန်ပြောလိုက်၏။
"ဒါကြောင့်အုပ်ချုပ်ရေးအဖွဲ့က အောက်ဘက်က မော်တော်ကား ရပ်နားတဲ့နေရာမှာ အထပ်ပေါင်းများစွာပါတဲ့ မော်တော်ကားရပ်ဖို့ အဆောက်အအုံတစ်ခုကို တည်ဆောက်ဖို့ အဆိုပြုထားပါတယ်။ အဲဒါက ပင်မအဆောက်အအုံနဲ့ တစ်ဆက်တည်း ရှိမှာဖြစ်ပြီး လုံလောက်တဲ့ အလင်းရောင်သာမက စောင့်ကြည့်ပေးမယ့် ကင်မရာတွေကိုလည်း တပ် ဆင်ထားမယ်”
ထရေနာက ဆေးရုံဥက္ကဋ္ဌ ဟယ်လင်ဘီတန်ကို ခေါင်းညိတ်ပြလိုက် ၏။ ဤတွင် ဟယ်လင်ဘီတန်သည် စည်းဝေးပွဲ စားပွဲပေါ်မှ အုပ်ထားသော အဝတ်စတစ်ခုကို ဆွဲဖယ်ပြီး နောက်ထပ် ဆောက်လုပ်မည့် ကားရပ်ရန် သုံးထပ်တိုက် ပုံစံငယ်ကို ပြသလိုက်သည်။
ထရေနာသည် စားပွဲကို ကွေ့ပတ်၍ လျှောက်သွားပြီးနောက် ပုံစံ ငယ်၏ နံဘေးတွင် နေရာယူ၍ ရပ်လိုက်၏။ အားလုံး၏ မျက်စိများက ပုံစံငယ်ဆီသို့ ရောက်နေကြသည်။ သို့ရာတွင် ဝါနာဗန်ဆလိုက်က မတ် တတ်ရပ်လိုက်၏။ မျက်နှာ ပုပ်သိုးသိုး ဖြစ်နေသော ဝါနာဗန်ဆလိုက်မှ လွဲ၍ အားလုံးက စိတ်အားထက်သန်စွာနှင့် ကြည့်နေကြသည်။ ဝါနာ သည် ပြုပြင်ထိန်းသိမ်းရေးနှင့် အင်ဂျင်နီယာ ဌာနကြီးမှူး ဖြစ်သည်။
“ဘာဖြစ်လို့လဲ၊ ဒီအဆိုပြုချက်ကို ခင်ဗျားက သဘောမကျလို့လား” ထရေနာ၏ အမေးကို ဗန်ဆလိုက်က မှုန်သိုးသိုးနှင့် ပြန်ဖြေသည်။ “သဘောကျပါတယ်”
ထိုအခိုက်တွင် အစည်းအဝေးခန်းတံခါး ဝုန်းခနဲ ပွင့်ထွက်သွား သည်။ အားလုံး အထိတ်တလန့် ဖြစ်သွားကြသည်။ အလန့်ဆုံး ပုဂ္ဂိုလ်က ထရေနာ။
တံခါးပေါက်ဝတွင် ရပ်နေသူမှာ ခပ်ထွားထွားနှင့် ဗလကောင်းကောင်း၊ အသက် ခုနစ်ဆယ်အရွယ် ဒင်းနစ်ဟော့ချ်ပင်တည်း။ သူ့နှာခေါင်းက ကြီးမားပြီး နီရဲနေသလို သူ့မျက်လုံးကြီးများကပါ ပြူးထွက်နေကြသည်။ သူ့ဘယ်လက်ထဲတွင် စာရွက်အချို့ကိုဆုပ်ပြီး ကိုင်မြှောက်ထားသည်။
ဟော့ချ် ဒေါပွနေသည်မှာ သိသာသည်။ အရက်စော်ကလည်း အတော်နံသည်။ သူက အားလုံးကို ဝေ့ကြည့်လိုက်ပြီးနောက် ထရေနာကို စူးစူးစိုက်စိုက်ကြည့်လိုက်၏။
“ထရေနာ၊ မင်းကို အရင် လူနာတွေအကြောင်း ပြောချင်တယ်။ ဘီတန်၊ မင်းကိုလည်း ပြောချင်တယ်”
ဟော့ချ်က ရွံမုန်းသောအကြည့်နှင့် တစ်ချက် ကြည့်လိုက်၏။ ပြီးမှ“မင်းတို့က ဒီဆေးရုံကို ဘယ်လို ဆေးရုံမျိုးဖြစ်အောင် အုပ်ချုပ်နေကြသလဲဆိုတာ ငါ မသိဘူး။ ဒါပေမယ့် ငါကတော့ တစ်စက်မှ သဘာ မကျဘူး”
ထရေနာသည် ကြောင်သွားရာမှ ပြန်၍ ထိန်းနိုင်စပြုလာသည်။
“ဒေါက်တာ ဟော့ချ်၊ ကျုပ်တို့ဒီမှာ အစည်းအဝေး လုပ်နေကြ တယ်။ ခင်ဗျားက တစ်ဆိတ်ကလေး ခွင့်ပြုမယ်ဆိုရင် ..."
“မင်းတို့ ဘာပဲလုပ်နေနေ ငါ ဂရုမစိုက်ဘူး။ မင်းတို့ ဘုတ်အဖွဲ့ကငါ့လူနာတွေကို ဘာလုပ်သလဲ ဆိုတာက ပိုအရေးကြီးတယ်”
ထရေနာက ဒေါသထွက်သော လေသံနှင့် ပြောလိုက်ပြန်၏။
“ဒေါက်တာဟော့ချ်၊ ဒါ ခင်ဗျား ဝင်နှောင့်ယှက်ဖို့ သင့်တဲ့အချိန် မဟုတ်ဘူး။ ခင်ဗျားရဲ့ မကျေနပ်ချက်တွေကို ပြောဖို့ ဆိုဖို့ ကျုပ် မနက်ဖြန်ခါကျရင် ခင်ဗျားနဲ့ တွေ့ဆုံပါ့မယ်။ ခုလောလောဆယ်မှာတော့ ကျုပ်တို့ အစည်းအဝေး ဆက်လုပ်ပါရစေ”
“ငါက ခုချက်ချင်း ပြောချင်တယ်”
ထရေနာက ခပ်ဆတ်ဆတ် ပြောလိုက်၏။
“ဒီမှာ အဘိုးကြီး၊ တိုးတိုး ပြောစမ်းပါ။ ကျုပ်တို့ ဘုတ်အဖွဲ့က ဒီ ဆေးရုံ အမြဲတမ်း ဖွင့်ထားနိုင်အောင် ကြိုးစားနေကြတာဗျ။ ဒီကိစ္စက ခုခေတ်ကြီးမှာ ဆေးရုံတိုင်းအတွက် သိပ်လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်တို့ ဆက်ပြီး အစည်းအဝေး လုပ်ပါရစေ”
“ငါ မစောင့်နိုင်ဘူး၊ သူနာပြုကိစ္စတွေ၊ စားဖိုဆောင်ကိစ္စတွေ၊ အိမ် တွင်းမှုကိစ္စတွေကို အသာထားလိုက်စမ်းပါ။ ဒါက ပိုအရေးကြီးတယ်”
နန်စီဝဒ်ဒနာက ဝင်ပြောလိုက်၏။
“ဟင်း၊ ရှင်ကတော့ ဒီပုံစံချည်းပဲ။ ဗြုန်းခနဲ ဒိုင်းခနဲ ဝင်လာပြီး သူနာပြုကိစ္စက အရေးမပါဘူး ပြောလိုပြော …”
ထရေနာက လက်ကို မြှောက်ပြရင်း
“နေကြပါဦး၊ ရုန်းရင်းဆန်ခတ်တွေ မဖြစ်စေချင်ဘူး။ အခု ကျုပ်တို့ ဆွေးနွေးနေကြတာက အရင်အပတ်က ဖြစ်ပွားခဲ့တဲ့ မုဒိမ်းကျင့်ဖို့ ကြံစည် တဲ့ကိစ္စပဲ။ နှင်းလျှောစီးမျက်မှန် တပ်ထားတဲ့ လူတစ်ယောက်က မုဒိမ်းမှု တစ်မှုန့်၊ မုဒိမ်းကျင့်ဖို့ ကြံစည်တဲ့အမှု နှစ်မှု ဖြစ်တာက အရေးမကြီးပါဘူး လို့တော့ ခင်ဗျားက ပြောမယ်တော့ မထင်ပါဘူး”
ဟော့ချ်ကလည်း သဘောတူလိုက်သည်။
“အဲဒါက အရေးကြီးပါတယ်။ ဒါပေမယ့် ကျုပ်ပြောချင်တဲ့ ကိစ္စလောက် အရေးမကြီးဘူး။ ပြီးတော့လည်း မုဒိမ်းမှုပြဿနာက အိမ်တွင်းရေးကိစ္စပါ”
“နေစမ်းပါဦး၊ ခင်ဗျားက မုဒိမ်းကောင် ဘယ်သူဆိုသိနေလို့ လား”
ဟော့ချ်က ဖြေလိုက်သည်။
ငါကသံသယဖြစ်တာတွေ ရှိနေတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့အဲဒီကိစ္စကို စိတ်မဝင်စားဘူး။ ငါက ဒီလူနာတွေကိုပဲ စိတ်ဝင်တယ်”
သူကကိုင်ထားသော စာရွက်များကို စားပွဲပေါ်သို့ ဝုန်းခနဲ ပစ်ချ လိုက်၏။
ထရေနာသည် ထိုစာရွက်များကို ကောက်ယူပြီးနောက် ဒေါက်တာ ဟော့ချ်ကို လက်မောင်းကကိုင်၍ အပြင်သို့ ဆွဲခေါ်သွားသည်။
အပြင်ဘက်သို့ ရောက်သည်နှင့် ဟော့ချ်က - “ငါတို့ ဆွေးနွေးကြမှ ဖြစ်မယ် ဟာရိုး၊ ခုကိစ္စက သိပ်အရေးကြီးတယ်”
“ဟုတ်မှာပါဗျာ”
ထရေနာက စိတ်ပါလက်ပါပြောသော လေသံမျိုးဖြစ်အောင် ကြိုး စား၍ ဖြေလိုက်သည်။ သူ့အနေနှင့် ဒေါက်တာဟော့ခ်ျ၏ မကျေနပ်ချက် များကို တစ်ချိန်ချိန်တွင် နားထောင်ရမည်သာ ဖြစ်သည်။ ထရေနာ ဟိုက် စကူးကျောင်းသားဘဝတွင် ရှိနေစဉ်က ဒေါက်တာဟော့ချ်သည် ဆေးရုံ အုပ်ချုပ်ရေးမှူး ဖြစ်နေခဲ့လေပြီ။ သူသည် နှစ်ပေါင်း သုံးဆယ်အတွင်း ဘတ်တလက် ကွန်မြူနီတီ ဆေးရုံကို ကျေးလက်ဒေသရှိ ဆေးရုံအငယ်စားကလေး အဖြစ်မှ လူတိုင်းက အားကိုးရသော ဗဟိုဆေးရုံကြီး ဖြစ်လာအောင် ကြိုးစားခဲ့သည်။ ဒေါက်တာဟော့ချ်သည် လွန်ခဲ့သော သုံးနှစ်က အနားယူခဲ့သည်။ သူက မာရိုးထရေနာကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ထရေနာက“ခင်ဗျား ပြောချင်တာ ဘာကိစ္စပဲ ဖြစ်ဖြစ် နက်ဖြန်ခါအထိတော့ စောင့်နိုင်မှာပါ။ ကျုပ်တို့ နေ့လယ်စာစားရင်း ဆွေးနွေးကြမယ်။ ကျုပ်က ဒုတိယ ချယ်ယာမင် ဘာတန်ရှားဝုဒ်နဲ့ ဝန်ထမ်းအကြီးအကဲ ဒေါက်တာ ဒဲလ်ဘတ်ကန်တာတို့ကိုပါ ခေါ်လာခဲ့မယ်”
“ကောင်းပြီလေ”
ဒေါက်တာဟော့ချ်က အင်တင်တင်နှင့် သဘောတူလိုက်၏။ သူက ဆက်လက်၍
“ငါက ဆေးရုံအုပ်ချုပ်ရေးမှူး မဟုတ်တော့ပေမယ့် ဒီမှာဖြစ်တဲ့ ကိစ္စ တွေအတွက် တာဝန်ရှိတယ်လို့ ခံစားရတုန်းပဲ။ အေးလေ ငါက မင်းကို ဘုတ်အဖွဲ့ဝင်အဖြစ် အဆိုမပြုခဲ့ရင် မင်းလည်း ချယ်ယာမင် ဖြစ်လာမှာ မဟုတ်ဘူး"
“အဲဒါကို ကျုပ် သဘောပေါက်ပါတယ်။ ဒါပေမယ့် အဲဒီအတွက် ခင်ဗျားကို ကျေးဇူးတင်ရမလား၊ ကျိန်ဆဲရမလား မသိပါဘူးလေ”
“ငါက မင်းကို ဩဇာအာဏာအတွက် သွေးနားထင် မရောက်စေ ချင်ဘူး။ မင်းက ဒေါ်လာ သန်းတစ်ရာတန် အဖွဲ့အစည်းကို အုပ်ချုပ်နေတဲ့လူ၊ ဒီပြည်နယ်ထဲမှာလည်း ဝန်ထမ်းအင်အား အများဆုံး အဖွဲ့အစည်းပဲ"
ထရေနာက ရှက်ကိုးရှက်ကန်း ရယ်လိုက်သည်။
“ဒါပေမယ့် မကာမိပါဘူးဗျာ၊ ကျုပ်တို့က ကံကောင်းလို့ ဒီဆေးရုံကို ဆက်ဖွင့်ထားနိုင်တာဗျ။ ကဲပါဗျာ၊ ကျုပ်လည်း စည်းဝေးခန်းထဲ ပြန်ဝင် ပါရစေ၊ ခင်ဗျားလည်း အနားယူပါ။ မနက်ဖြန်ကျမှ ဆွေးနွေးကြတာ ပေါ့ဗျာ (၁၂) နာရီတိတိ 'အင်း'မှာ ဆုံကြမယ်”။ဒေါက်တာဟော့ချ်ပြန်ထွက်သွားသည်ကို ကြည့်နေလိုက်ပြီးမှထရေနာ အထဲသို့ ပြန်ဝင်လာသည်။
အစည်းအဝေး ပြန်စသောအခါ ဒေါက်တာဟော့ချ်ကို မကျေနပ် ကြောင်း ဌာနအကြီးအကဲများက တစ်ယောက်တစ်ပေါက် ပြောကြသည်။ ပက်ထရစ်ဆွေဂလာက မေးလိုက်၏၊
“သူက မုဒိမ်းကောင် ဘယ်သူလဲ ဆိုတာကို သိတယ် ထင်သလား” နန်စီပစ်ဒနာက ဖြေသည်။ “ဘယ်ကလာ ပေါက်ပေါက်ရှာရှာ ဒီအဘိုးကြီးက လူကြွားကြီးပါ” “ခင်ဗျားကရော ဘယ်လို ထင်သလဲ မစ္စတာထရေနာ”
ဆွေဂလာက ထပ်မေးလိုက်ပြန်၏။ ထရေနာက ပခုံးတွန့်ပြသည်။ “သူသိတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် မနက်ဖြန်ခါ သူနဲ့တွေ့ရင် အဲဒါကို မေးခဲ့ပါ့မယ်”
ထရေနာက ထပ်ပြောလိုက်၏။
“ကဲ ဆွေးနွေးလက်စကလေးတွေကို ထပ်ဆွေးနွေးကြရအောင်" ထရေနာက အစည်းအဝေးကို လမ်းကြောင်းပေါ်သို့ ပြန်ရောက် အောင် လုပ်နိုင်ခဲ့သော်လည်း သူ့အတွက် ထိုညနေခင်း၏ အရသာမှာ ပျက်ပြယ်သွားခဲ့ရလေပြီတည်း။