မောင်မိုးသူ - သစ္စာဖေါက်ဘွန်း
အချီး သို့မဟုတ်ဇာတ်လမ်း၏ ရှေ့ပြေး
စစ်သုံး ချီနွတ် ရဟတ်ယာဉ်ကြီးသည် သွေးရောင် လွှမ်းနေသည့် အနီရောင်ကောင်းကင်ကြီးကို ဖြတ်သန်း မောင်းနှင်လာ၏။ မြင့်မားသော အရပ်မှာ ဖြစ်တတ်သည့် ပါးလွှာသော လေထုကို ဖြတ်သန်း ရသဖြင့် ရဟတ်ယာဉ်ကြီး သည် တုန်ခါစွာဖြင့် ဝင်လုဆဲနေရောင်ကို နောက်ခံပြုထားသော တိမ်တိုက်အစု ကြားမှာ ဖြတ်ပျံနေခြင်း ဖြစ်သည်။ တိမ်ထူများမှာ ရဟတ်ယာဉ်မှ မှုတ်ထုတ်လိုက်သော မီးခိုးများနှင့် တူလှပါ၏။
မာတင်လင်းဒရို့စ်သည် သူ့ကို သယ်ဆောင်လာသော စစ် ရဟတ်ယာဉ် ပေါ်မှ အပြင်လောကသို့ လှမ်းကြည့်နေမိသည်။ ရဟတ်ယာဉ်ကြီးသည် အာဖရိကတိုက် ဆင်မီရင် တောင်တန်းကြီး၏ အမြင့်ဆုံး အပိုင်းကို ပျံသန်းနေခြင်း ဖြစ်ပါသည်။ လွန်ခဲ့သောလေးနှစ်က ဌာနကြီးမှူး အဘိုးကြီးက သူ့အား လက်ထောက် ဒါရိုတ်တာ ရာထူးပေးပြီး ရုံးထိုင် ခိုင်းလိုက်ချိန်မှအစပြု၍ မာတင်လင်းဒရို့စ်သည် ကွင်းထဲသို့ မရောက်ဖြစ်ခဲ့တော့ပါ။ ရုံးခန်းမှာ ထိုင်ပြီး တာဝန်ယူနေခဲ့ရသော ထိုလေးနှစ် ကာလလုံးတွင် မာတင်လင်းဒရို့စ်သည် သူ့ကိုယ်သူ ကွင်းဆင်းအေးဂျင့် တစ်ဦးကဲ့သို့ လျင်မြန် ဖျတ်လတ်မှု တိရစ္ဆာန် တစ်ကောင်၏ အလိုလို သိစိတ်များ ပပျောက်သွား စေရန် အမြဲလေ့ကျင့် နေခဲ့ပါ၏။ သူတို့ဌာနချုပ်လို လေ့ကျင့် ခန်းတါင် တစ်ပတ်လျှင် သုံးနံနက် အခက်အခဲ ရင်ဆိုင် ကျော်ဖြတ် သည့် လေ့ကျင့်ခန်းကို မပြတ်တမ်း လုပ်ခဲ့သည်။ ကြာသပတေးနေ့ ညနေတိုင်းတွင်လည်း သူ၏ ရုံးတာဝန် ဖြစ်သော သတင်းများ ဖတ်ကြားခြင်း၊ လေ့လာခြင်း စသည်တို့ကို ရပ်နားပြီး စက်ပစ်ကွင်းသို့သွား၍ တစ်နာရီခွဲမျှ လက်ကိုင်သေနတ် အမျိုးမျိုး ကို အမြဲမပြတ် လေ့ကျင့်ခဲ့ပါ၏၊ လေ့ကျင့် ရာတွင် ရှေးယခင်က သုံးစွဲခဲ့သည့်သေနတ် လက်နက်များ၊ ယခုသုံးစွဲနေသည့် သေနတ်လက်နက်များ အပြင် အသစ်အဆန်း ထုတ်လုပ်ထားသည့် သေနတ်လက်နက်များ မကျန် မှန်မှန်ကြီး လေ့ကျင့်ခဲ့သည်။ ဤကဲ့သို့ မိမိ၏ စွမ်းရည်ကို လေ့ကျင့်ထားခြင်းမှာ အေးဂျင့်ကောင်း၊ စပိုင်ကောင်း တစ်ယောက် အဖြစ် ရှိသေးကြောင်း မိမိကိုယ် မိမိ သာဓက ထုတ်၊ သက်သေ ထူနေခြင်း ဖြစ်ပါ၏။ တစ်နည်း အားဖြင့် စားပွဲမှာ ထိုင်နေရခြင်းတည်း ဟူသော အခြေအနေမှ ပြေပျောက်စေခြင်းငှာ မိမိကိုယ်မိမိ ဖြေသိမ့်နေခြင်းဖြစ်သည် ။
သို့သော် ယခုအခါ အားလုံးသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါသည်။ အဘိုးကြီး ဌာနကြီးမှူးက သူတင်ပြလိုက်သော မုန်တိုင်းစစ်ဆင်ရေးကို ခွင့်ပြုလိုက် သောကြောင့် ဖြစ်ပါသည်။ ချီနွတ်၏ ကျဉ်းမြောင်းသော အတွင်းခန်းထဲတွင် အထူး လေ့ကျင့်ထားသော စကော်ပီရွန်တပ်ဖွဲ့ ခေါင်းဆောင် အင်းဒါးက သတ်မှတ်နေရာသို့ ရောက်ရှိပြီ ဖြစ်ကြောင်း အချက်ပြသည်။ သူတို့၏ စကော် ပီရွန် အထူး တပ်ဖွဲ့မှာ အဖွဲ့ဝင် ငါးဦး ပါသည်။ အင်းဒါးမှာ အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ မာတင်လင်းဒရို့စ်က သူသိကြောင်း ခေါင်းဆတ်ပြလိုက်ပြီး အပြင် ဘက် အောက်ခြေသို့ လှမ်းကြည့်သည်။ တိမ်ထုတွေ အကြားမှာပင် ရစ်ဒီဂျင်တောင်ထွတ်၏ မြောက်ဘက်ခြမ်းကို မြင်ရသည်။ ဒီမီဂျင် တောင်တန်း၏ အမြင့်မားဆုံး တောင်ထွတ် ဖြစ် ပါ သည်။ အမြင့်မီတာ ၄၅၀၀ ရှိသည်။ ထို့ကြောင့်ပင် ဒေသခံများက ဤတောင်ထွတ်ကို ဝိညာဉ်များ၏ စံပျော်အိမ် ရှေးဟောင်း မကောင်းဆိုးရွား ဒေသဟု ယုံကြည် သတ်မှတ်ခဲ့ခြင်း ဖြစ်ဟန်တူ၏။ ရဟတ်ယာဉ် နိမ့်ဆင်း လိုက်စဉ် အောက်မှ လေထုသည် တစ်ရှိန်ထိုး တိုက် ခတ်လျက် ရှိသည်။အချိန်ကျနေပြီ ဖြစ်၏။ လင်းဒရိုစ့် ခေါင်းညိတ်ပြလိုက်ပြီး ယာဉ်မောင်း ပိုင်းလော့နားသို့ သွားသည်။
လက်ထောက် ဒါရိုက်တာဖြစ်သော မာတင် လင်းဒရို့စ်သည် အသက် ၃ဝ ကျော် ၄၀ နားနီး ပုဂ္ဂိုလ်ဖြစ်သည်။ သူ့ကို ဂျော့တောင်း တက္ကသိုလ်မှ နိုင်ငံရပ်ခြား ဗေဒပါရဂူဘွဲ့ ယူအပြီး ဗဟိုထောက်လှမ်းရေးမှ ခေါ်ယူလေ့ကျင့် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ သူသည် ကွင်းဆင်း အေးဂျင့် အဖြစ် အမှုထမ်းခဲ့ပြီးနောက် လွန်ခဲ့သည့် လေးနှစ်က ရုံးထိုင် လက်ထောက် ဒါရိုက်တာ ရာထူးကြီးကို ရရှိခဲ့သူ ဖြစ်သည် ။
လင်းဒရို့စ်သည် ပိုင်းလော့ကိုအချက် ပြလိုက်၏။ အခြေအနေ အချက်ပြ သော အလုပ်ကို သူကိုယ်တိုင်က လုံခြုံမှု ရှိသည်ဟု ယူဆမှ၊ ခိုင်မာမှ နောက်ဆုံး အချိန်ထိ စောင့်ကြည့်ဆုံးဖြတ် ရသည် ဖြစ်၏။
မာတင်လင်းဒရို့စ် ကွင်းထဲသို့ ဆင်းခဲ့ရသည်မှာ ရက်သတ္တ သုံးပတ် ကျော်ကျော်လေးသာ ရှိပါသေး၏။ ၎င်း သုံးပတ် အတွင်းမှာပင် သူ့ လူ နှစ်ဦး အသက် ဆုံးရှုံးခဲ့ရ၏။ အလွန်ကြီးမားသော တန်ဖိုး ပေးဆပ်လိုက်ရခြင်း ဖြစ်ပါသည်၊ တာဝန်ခံ ဌာနကြီးမှူးအဘိုးကြီးကမူ 'လက်သင့်ခံနိုင်လောက်သော ဆုံးရှုံးမှု' ဟု ဆိုပေလိမ့်မည်။ အေးဂျင့်တစ်ဦး၊ သူလျှိုတစ်ဦး ကွင်းထဲသို့ ဆင်းပြီဆိုသည်နှင့် ထိုကဲ့သို့ ကျဆုံးမှု'ကို 'လက်ခံနိုင်လောက်သော ဆုံးရှုံးမှု အဖြစ် ခံယူ သတ်မှတ်ထားဖို့ လိုပါသည်။ သို့သော် လူတစ်ယောက်၊ လူ တစ်ဦး၏ အသက်ကို မည်သည့် တန်ဖိုး သတ်မှတ်ကြရပါမည်နည်း။
ဤမေးခွန်းကို မာတင်လင်းဒရို့စ်နှင့် ဂျေဆင်ဟွန်းတို့ မကြာခဏ ဆိုသလို အချေအတင် ဆွေးနွေး ခဲ့ကြပါသည်။ မည်သည့်အခါမှ လက်သင့် ခံနိုင်လောက်သော အဖြေရရှိခဲ့ကြပါ။ မာတင်လင်းခရို့စ် ကိုယ်တိုင်ကမူ တိတ်တိတ်ကလေး ကြိတ်၍ တချို့သော မေးခွန်းပုစ္ဆာတို့မှာ လက်သင့် ခံနိုင် လောက်သော အဖြေမရှိကြဟု မှတ်ယူထားမိပါ၏။
သို့တိုင် စစ်သားများ အတွက် စစ်မြေပြင်၊ စပိုင် အေးဂျင့်တို့ အတွက် ကွင်း ထဲသို့ ဆင်းကြပြီ ဆိုသောအခါ အခြေ အနေက တစ်မျိုး ဖြစ် ပါ၏။ ကွင်း ထဲ တွင် “လက်သင့် ခံ နိုင် လောက်သော ဆုံးရှုံး မှု' ဆိုတာကို လက်သင့်ခံလိုက် ရပါသည်။ ထိုသို့ လက်သင့်ခံခြင်းမှ အပ တခြား ရွေးချယ်စရာ မရှိပါ သည်တော့ သူ့ ရဲဘော်၊ သူ့အေးဂျင့်နှစ်ယောက် ကျဆုံးခြင်းကို “လက်သင့် ခံနိုင်သော ဆုံးရှုံးမှု အဖြစ် လက်ခံလိုက်ရပါသည်။
သူတို့နှစ်ဦး အသက်စွန့်ထောက်လှမ်းခဲ့မှုကြောင့် အကြမ်းဖက်ဝါဒီ အုပ်စုကြီး တစ်ခု အဆင့် အမြင့်ဆုံး အဝေးထိန်း ခလုတ်ကို ပိုင်ဆိုင်ထားကြပြီး ၎င်းတို့သည် အာဖရိကတိုက်ကြီး၏ ဦးချိုဒေသတွင် ရှိကြောင်း သိလိုက်ရပြီ ဖြစ်သည်။ အဆင့်မြင့် အဝေးထိန်း ခလုတ် (Triggered Spar Gaps) ဆိုသည်မှာ အလွန် အင်အား ကြီးမားလှသည့် အဝေးထိန်း ခလုတ် ဖြစ်ပါသည်။ လျှပ်စီးဓာတ်အားများ ထူထပ်စွာ လွှတ်ထားသည့် ဒေသကို ဖောက်ထွင်း ဖြတ်ကျော်၍ ပေါက်ကွဲအောင် စွမ်းဆောင် နိုင်ပေမည်။ သိပ္ပံနည်းပညာ ကိစ္စများတွင် အသုံးပြုနိုင်သော နောက်ဆုံး စမ်းသပ် တီထွင်မူ ဖြစ်သည်။ ၎င်းအဆင့်မြင့် အထိန်း ခလုတ်သည် အဏုမြူဗုံးကို အဝေးမှ ဖောက်ခွဲနိုင်၏ ။
မာတင်လင်းဒရိုစ့်၏ ခရီးမှာ ကိတ်တောင်းမှ စပါသည်။ ထိုမှ မြွေလိမ်မြွေကောက် ခရီးဆက်၍ ဘော့ဆွာနား အဲဒီမှ ဇမ်ဘီယာ၊ ထိုမှ ယူဂန်ဒါကို ဖြတ်ပြီး အင်မတန် သေးငယ်သော ရွာကလေး “အင်ဘီကာဝါ" သို့ ဆိုက် ရောက်လာခြင်း ဖြစ်သည်။ ရွာကလေးမှာ စိုက်ပျိုးရေး ရွာသိမ် ရွာငယ်ကလေး ဖြစ်ပြီး လက်ချိုးရေတွက်၍ ရသည့် အဆောက်အအုံများ၊ ဘုရား ရှိခိုးကျောင်း တစ်ခုနှင့် အရက်ဘား တစ်ခုသာ ရှိသည်။ သည်ရွာကလေးသည် ရပ်စ်ဒီဂျင်တောင်စောင်းတွင် တည်ရှိနေခြင်း ဖြစ်သည်။ ၎င်းရွာကလေးတွင် သူ၏ ကွယ်လွန် သွားရှာသည့် အေးဂျင့်က အဆင့်မြင့် အဝေးထိန်းခလုတ် တစ်ခုကို ရှာဖွေ ထောက်လှမ်း ရရှိခဲ့ပြီး သူ့ထံသို့ သတင်းပို့ခဲ့ခြင်း ဖြစ်သည်။ ထို သတင်းကို အဘိုးကြီးထံသို့ အထူးလုံခြုံ ရေး ဆက်သွယ်သူနှင့် သတင်း ပို့ခဲ့ပြီး ကွင်းထဲသို့ သူဆင်းလာခဲ့ခြင်း ဖြစ်သည်။
သို့သော် ထို့နောက် တစ်စုံတစ်ရာသည် ဖြစ် ပျက်ခဲ့၏။ အလွန်ထူးဆန်းသော ဖြစ်ပျက်မှု ဖြစ်သည်။ အလွန် ထိတ်လန့်စရာလည်း ကောင်းလှ၏၊ စုတ်ပြတ်ပြီး ကြမ်းပြင်ကို သွားချေးများ၊ လူသွေးများနှင့် စွန်းထင်း လိမ်းကျံသူ အရက်ဘား တစ်ခုမှ ကောလာဟလ သတင်းတစ်ခု ရသည်။ အကြမ်းဖက် အုပ်စုတစ်ခုသည် အီသီယိုးပီးယား နိုင်ငံမှ အဆင့်မြင့် အ၀ေးထိန်း ခလုတ်များသာမက အခြား အဖျက် ပစ္စည်းများကို အပြင်သို့ ခိုးထုတ်နေကြောင်းပင်။ အကယ်၍ ထိုကောလာဟလ သတင်းသည် အမှန် ဖြစ်ပါက အမေရိက နိုင်ငံအတွက်သာမဟုတ် ကမ္ဘာတစ်ဝန်းလုံးပင် အကြမ်း ဖက် တိုက်ခိုက် ဖျက်ဆီးခြင်း အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ် ရှိ၏။ အကြောင်းမှာ အကြမ်းဖက် သမားများ လက်တွင်းသို့ ကမ္ဘာကြီး တစ်ခုလုံးကို အိပ်မက်ဆိုး မက်စေနိုင်လောက်သည့် လက်နက် စွမ်းအားရရှိသွားသည့် သဘောပင်ဖြစ်၏။
၇ မိနစ်ခန့် အကြာတွင် ချီရွတ် ရဟတ်ယာဉ်သည် သဲမြူမှုန်တို့ တိုက်ခတ် လွင့်စဉ်နေသည့် အကြားမှာ မြေပြင်သို့ ဆင်းသည်။ ဆင်းသက် လိုက်သည့်တောင်စွန်း မြေပြန့် ကျဉ်းကျဉ်းကလေးမှာ လူသူ လေးပါးနှင့် လုံးဝ အဆက် အသွယ် မရှိသလို ခြောက်ကပ်နေ၏၊ ရှေ့နားတွင် ရှေးဟောင်း ကျောက်တုံး တံတိုင်း တစ်ခု ရှိသည်။နောက်တွင် နေရာတစ်ခု ရှိသည်။ဤ အရပ် ဒေသခံများမှာ မကောင်းဆိုးရွားများ စံပျော်သည့် နေရာဟု သတ်မှတ် ထားသည့် နေရာပင် ဖြစ်ပါ၏။ ထိုကျောက်တုံး နံရံကြီး၏ အကြားမှ လမ်း တစ်သွယ် ရှိကြောင်း ထိုလမ်းသည် ရပ်စ်ဒီဂျင် တောင်ထွတ်၏ ကြီးမား လှသည့် ကျောက်ဆိုင်ကြီး ရှိရာသို့ သွားသည်ကို လင်းဒရိုစ့် သိသည် “ လင်းဒရို့စ်နှင့် စကော့ပီရွန် တပ်ဖွဲ့တို့၏ ရဟတ်ယာဉ်သည် မြေပြင်သို့ ဖြည်းဖြည်းချင်း သတိကြီးစွာ ဆင်းလိုက်ကြ၏။ ရဟတ်ယာဉ် မောင်းသူ ပိုင်းလော့သည် သူ့ခုံပေါ်မှ မထပါ။ ရဟတ်ယာဉ်၏ အင်ဂျင်စက်ကိုလည်း မသတ်ပါ။ အပေါ်မှ ပန်ကာများသည်လည်း လည်ပတ်လျက် ရှိနေ၏။အဖွဲ့သား အားလုံးသည် သဲမုန်တိုင်းဒဏ်ကို ခံနိုင်ရန် အစွပ်နှင့် မျက်မှန်များကို တပ်ဆင် ထားကြသည်။ အပြင်မှ တိုက်ခတ်နေသည့် သဲများ သာမက သူတို့ ၏ ရဟတ်ယာဉ် ပန်ကာ လည်ပတ်မှုကြောင့် လွင့်စဉ်လာသည့် ခဲလုံးငယ်များ ၊ မျက်စိကို မထိမှန်စေရန် ဖြစ်သည်။ အားလုံး၏ နားတွင် ဝါယာလက်စ် နားကြပ် ကိုယ်စီ တပ်ထားကြပြီး တစ်ဦးနှင့် တစ်ဦး ဆက်သွယ်နိုင်ရန် မိုက်ခရို ဖုန်းလည်း ပါရှိသည်။ သို့မှသာ ရဟတ်ယာဉ်နှင့် ပန်ကာလည်နှုန်း အသံကြား တွင် တစ်ဦးနှင့် တစ်ဦး ပြောဆို ဆက်သွယ်နိုင်မည် ဖြစ်သည်။ အဖွဲ့ဝင်တိုင်း တွင် အိတ်စ်အမ်ရှစ် (XM8) အပေါ့စား အော်တို မက်တစ် ရိုင်ဖယ်များ ကိုင်ဆောင်ထားကြသည်။ ၎င်းသေနတ်မှာ တစ်မိနစ်လျှင် ကျည်တောင့် ၇၅ဝ ပစ်လွှတ်နိုင်၏။
လင်းဒရို့စ်သည် သူ၏လူများကို ဦးဆောင်၍ ကျောက်တုံးနံရံ၏ ဆန့်ကျင်ဘက် ဝိညာဉ်ကျောက်သား မျက်နှာရှိရာသို့ သွားသည်။ ၎င်းတူရူတွင် ဂူပေါက် တစ်ခု ရှိနေ၏။ ရှုခင်းအားလုံးမှာ ငရဲပြည် အလား ဖြစ်နေ၏၊
အဖွဲ့မှူး အင်းဒါးစ်သည် ဟိုက်ပွဲဝင် ထုံးစံအတိုင်း သူ့လူများကို နေရာ ချထား လိုက်၏ ပထမဆုံးမှာ ရန်သူများ ခိုအောင်း နေထိုင်မည့် နေရာကို ရှာဖွေ စူးစမ်းရန် ဖြစ်သည်။ ပြီးမှ တစ်ဖွဲ့လုံး၏ လုံခြုံရေး ပြန်လည်စောင့် ရှောက်နိုင်သည့် အနေအထားမှာ နေရာယူကြ၏။ တပ်ဖွဲ့ဝင် နှစ်ယောက်အားကျောက်တုံး နံရံနံဘေးသို့ သွား၍ ပြင်ပ အန္တရာယ်ကို စောင့်ကြည့်စေ၏။ တပ်ဖွဲ့ဝင် နှစ်ယောက်သည် ဂူပေါက်ရှိရာသို့ သွားသည်။ တစ်ယောက်က ဂူပေါက်တွင် စောင့်ကြည့် နေပြီး တစ်ယောက်က ဂူထဲတွင် အန္တရာယ် ရှိ၊ မရှိ စူးစမ်း ဝင်ရောက်၏၊
လင်းဒရို့စ်သည် သူ့လူများ၏ အခြေအနေကို အကဲခတ်လိုက်သည်။ အင်းဒါးဒစ်သည် အဖွဲ့မှူးဖြစ်သည့် အားလျော်စွာ သူ့နံဘေးမှ ရပ်ပြီး ဖြန့်ကြက် လာသော တပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်မှုကို နားထောင်၏။ ကျောက်နံရံ နံဘေးမှ ရဲဘော်များက ကျောက်တုံးနံရံ ပြင်ပတွင် ဘာမှ မရှိကြောင်း အစီရင်ခံ၏။ ဒုတိယ တပ်ဖွဲ့၏ အစီရင်ခံချက်ကို နားစွင့်လိုက် ပြန်၏။
'ဂူထဲမှာ လူသေအလောင်းတစ်ခု ရှိတယ်၊ ခေါင်းတည့်တည့်ကို သေနတ် နဲ့ အပစ်ခံရပြီး သေဆုံးနေတာ၊ အဲဒါကလွဲရင် ဘာမှ မရှိဘူး”
လင်းဒရို့စ်သည် အင်းဒါးဒစ်၏ အစီရင်ခံစာကို ကြားရ၏။ 'ကဲ ကျုပ်တို့ ဒီမှာ စကြဖို့ပဲ" သူတို့သည် ဂူထဲသို့ ဝင်လိုက်ကြ၏၊ အင်းဒါးဒစ်၏ မီးဖိုဟောင်းမှပြာ များကို လက်အိတ် စွပ်ထားသော လက်ဖြင့် စမ်းသပ် ကြည့်ရှုသည်။
ဒီ မီးဖိုကို ကြည့်ရတာ လပေါင်းများစွာ အသုံးပြုခဲ့တဲ့ မီးဖိုပဲတစ်နှစ် လောက်ရှိချင် ရှိနိုင်တယ်"
လင်းဒရို့စ်သည် ခေါင်းညိတ် ပြပြီးထောက်ခံလိုက်၏။ ပြီးမှ လက်မ ထောင်ပြကာ
'ကျုပ်တို့ တစ်တွေ ရှာဖွေနေတဲ့ တကယ့် နေရာကို ရောက်နေပြီလားမသိတာ”
ထိုအတွေးသည် လင်းဒရိုစ့်၏ အသိ စိတ်များကို နှိုးထလာစေ၏။ တွေ့ရှိသော အခြေအနေ အဖြစ်အပျက်များအရ ကြားသိထားသည့် ကောလာဟလ သတင်းသည် အမှန် ဖြစ်ကောင်း ဖြစ်နေနိုင်၏။ လင်းခရို့စ်သည် ကြားသိရသော “ကောလာဟလ သတင်းကြီးကို ကောလာဟလ အဖြစ်ပဲ ပြီးမြောက် သွားရန် စိတ်ထဲက အထပ်ထပ် အောက်မေ့ မှတ်ယူခဲ့ပါ၏။ သူတို့ သည်နေရာတွင် ရောက်ရှိပြီး ဘာမှ မတွေ့တာမျိုး ဖြစ်ခဲ့သော် ဘာမှ မဟုတ်နိုင်တော့၊ ထိုသို့ မဟုတ်ပါက ဆန့်ကျင်ဘက် ရလဒ်အမှာ မတွေးဝံ့၊ မတွေးရဲစရာ ဖြစ်ပါ၏။