Skip to product information
1 of 4

Other Websites

မောင်မိုးသူ - ခေတိမီမီကမ္ဘာကြည့်ကြည့်မြင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်

မောင်မိုးသူကိုယ်တိုင်က တော်တော်လည်း လျှာရှည်ပါတယ်၊ စပ်စပ် စုစုလည်း လုပ်ပါတယ်၊ ဆရာကလည်းလုပ်ချင်၊ ဖြစ်ချင်တာလည်း များပါ တယ်။ ဒါကြောင့်လည်း ကိုယ့်ရှူးကိုယ်ပက်တာလည်း အကြိမ်ကြိမ်ပါပဲ။ ဒါပေမယ့် မှတ်သလားဆိုတော့ မမှတ်ဘူး၊ ထပ်ထပ်ပြီး လျှာရှည်ချင်တုန်းပဲ။ စပ်စုတုန်းပဲ၊ ဆရာလုပ်ချင်တုန်းပဲ။

ကလျာမဂ္ဂဇင်းမှာ မောင်မိုးသူ မရေးဖြစ်တာကြာပေါ့၊ လေးနှစ် လောက်များရှိမလားပါပဲ မောင်မိုးသူမရေးလည်း ကလျာက ဘာမှမဖြစ်တဲ့ အပြင် ပိုတောင် တိုးတက်လာသေး၊ ဒါကို အငြိမ်မနေဘူး လျှာရှည်တယ်၊ မမဝင်း (ကလျာ)ဆီကို ဖုန်းဆက်တယ်၊ ကလျာမဖတ်ရတာကြာပြီ ပို့ပေးပါ နောက်ဆုံးထုတ် ကလျာတစ်အုပ်ထဲ ဖတ်ချင်တာမဟုတ်ဘူး လေးငါးခြောက် လစာ ဖတ်ချင်တာ ဖတ်ပြီးလျှင် ဘာများလိုနေသလဲ ပြောပြမယ်၊ အကြံပေး မယ်၊ အဲဒီလို ပြောပြဖို့ အကြံပေးဖို့ကိုလည်း ရက်ချိန်းပေးမယ်၊ မမဝင်းတို့အိမ် မှာ ထမင်းစားမယ်၊ မမစု (ခင်နှင်းယု)ကို ခေါ်ထား သုံးယောက်သား စကားပြောကြရအောင်၊ ဘာဘာညာညာပေါ့လေ၊ အဲဒီလို လျှာရှည်တာ၊ ပင်ကိုယ်က သဘောလည်းကောင်း၊ ကျွေးချင်မွေးချင်စိတ်ကများတဲ့ မမဝင်းက သိပ်ကောင်း

တာပေါ့ဆိုပြီး မဂ္ဂဇင်းတွေ တစ်ထပ်ကြီး အိမ်ပို့ခိုင်းလိုက်ပါတယ်၊ ပြီးတော့ ထမင်းစားချင်တဲ့နေ့ကို ချိန်းလိုက်ပါ။ အိမ်ကကလေးတစ်ယောက်ကို လိုက်ပို့ ခိုင်းထားခဲ့၊ အပြန်သူက တာဝန်ယူမယ်တဲ့။ ထမင်းတော့ ခုထိ သွားမစားဖြစ် သေးပါဘူး၊ ဒါပေမယ့် သူ့ဆန်စားရဲမှ ဆိုသလို သူ့စာအုပ်တွေဖတ်ပြီးမှတော့ ပြောရတော့တာပေါ့၊ စာပေအနုပညာနှင့်ပတ်သက်ပြီး ကောင်းတယ် အတော် ပြည့်စုံနေပါပြီ၊ နိုင်ငံတကာလည်း ခုလောက်ထည့် တော်ရောပေါ့ အဲ... မောင်မိုးသူရဲ့ အမြင်မှာတော့ ဒီနေ့တော့၂၁ ရာစုအကူး အဆမတန် ပြောမပြ လောက်နိုင်အောင် လျင်မြန်စွာ ပြောင်းလဲနေတဲ့ နည်းပညာရပ်ဆိုင်ရာ ကမ္ဘာ့ ပြောင်းလဲမှုတွေကိုတော့ “ကလျာ”ရဲ့ ပရိသတ်ကို ပေးထိုက်တယ်”ဘာဘာညာ ညာပေါ့။ ကဲဗျာ...မမဝင်းက ဟုတ်လိုက်တာ ကျေးဇူးပါပဲတဲ့၊ ကိုမိုးသူပဲ ရေးပေးပါတဲ့၊ ဒီလထဲမှာပဲ လစဉ် ရေးပေးပါတဲ့ မှတ်ကရော၊ ဒါကြောင့် ကိုယ့်ရှူး ကိုယ်ပတ်တတ်ပါတယ်လို့ ပြောတာပေါ့။ ဒါနဲ့ ခေါင်းစီးတစ်ခု စဉ်းစားပြီး လိုက်ပါတယ်၊ “ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်”လို့ပါ။

ဟုတ်ကဲ့ မြို့မငြိမ်းရဲ့ သီချင်းစာသားပါပဲ။ ။

ဘယ်လောက်များကောင်းလိုက်သလဲလို့နော် ဆရာငြိမ်းတို့ “တော် ချက်-ကောင်းချက်ကတော့ လွန်ပါရော”လို့ မြေလတ်လေနဲ့ ပြောလိုက်ချင်တော့ တာပါပဲ၊ စကားကြည့်ပါ ဆရာငြိမ်း ကဲဒီသီချင်းကို ၁၉၅၂ ခုနှစ် ပြည်တော်သာ ညီလာခံအတွပ် စပ်ဆိုခဲ့တဲ့သီချင်းပါ။ လွန်ခဲ့တဲ့ ၄၈ နှစ်ကလေ ဘယ်လောက် များ ခေတ်မီလိုက်တဲ့ဆရာငြိမ်းပါလဲ၊ ရာစုနှစ်တစ်ခုရဲ့ ထက်ဝက်လောက်စော ပြီးတိုးတက်ကြီးပွားချင်ရင် လူချွန်လူကောင်းတွေမွေးကြဖို့ အဲဒီ လူချွန်လူကောင်း လေးတွေဟာ “ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်” တတ်ကြဖို့ အမြင်က ရိုးရိုး မဟုတ်ဘူးနော် “ကမ္ဘာကြည့်” ကြည့်မြင်ရမှာပါ။ နွားခြေရာကွက်ထဲက ကြည့် မြင်ရမှာမဟုတ်ပါဘူး၊ ပြီးတော့ပြောပါသေးတယ်၊ “လျှပ်စစ်အား အသုံးများတဲ့ အပြင် တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတခွင် သစ်ပင်တွေ မြေတွင်း ဓာတ်တွေ ဖော်ယူနိုင်စွမ်းတတ်ကျွမ်းကျင် ကမ္ဘာမြေ ပထဝီဝင်၊ ကမ္ဘာ့သမိုင်း ရာဇဝင်သုံးသပ်လေ့လာသင်၊ အကြံဉာဏ်ဝေဖန် မျှော်လို့မြင် ငါတို့ပြည်ထောင် စုတွင်၊ ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်၊ မြေပြင်လေပြင် နှံ့စပ်စုံလင်၊တို့လူချွန်လူကောင်းအစုတွင် ပါဝင်တစ်ယောက် ဆို တစ်အားပင်...”ပါတဲ့။

ဆရာငြိမ်းသီချင်း အစအဆုံးရေးပြရင်ပဲ ပြည့်စုံသွားပြီထင်ပါရဲ့။ဘာပဲပြောပြော ကောင်းပါပြီလို့ အာမခံလိုက်ပြီ၊ ခေါင်းစဉ်လည်း ပေးလိုက်ပြီး ဒေါ်ကလျာ မမဝင်းမသိရှာတဲ့ ကိစ္စက ကိုယ့်ဖာသာ လျှာရှည်မိ တာ မှန်ပေမယ့် မောင်မိုးသူတစ်ယောက် နိုင်ငံတကာ သတင်းတွေ၊ စာအုပ်တွေ ကို အများကြီး အများကြီးဖတ်နေရ၊ နားထောင်၊ ကြည့်မြင်နေရပေမယ့် ကိုယ်တိုင်က ပြည့်ပြည့်ဝဝ၊ ရှင်းရှင်းလင်း နားမလည်တာပါပဲခင်ဗျ၊ ဟုတ်ကဲ့ အားလုံး ကို အင်္ဂလိပ်ဘာသာနဲ့ပဲ ဖတ်တာ၊ နားထောင်ကြည့်မြင်တာပါ၊ အဲဒီအင်္ဂလိပ် စာကိုပဲ မောင်မိုးသူ ပြည့်ပြည့်ဝဝ နားမလည်တာပါပဲခင်ဗျ၊ အဖြစ်မှန်က မောင်မိုးသူ သိခဲ့၊ နားလည်ခဲ့၊ ဖတ်ခဲ့၊ မှတ်ခဲ့တဲ့ အင်္ဂလိပ်စာတွေဟာ ပြတိုက်ထဲ က စာတွေလေ၊ ဒီနေ့ခေတ် အင်္ဂလိပ်စာတွေ၊ ဝေါဟာရအသစ်တွေ မောင်မိုးသူ အိမ်မှာရှိသမျှ အဘိဓာန်တွေလည်းမပါဘူးခင်ဗျာ၊ မပါဆို အဘိဓာန်တွေလည်း ဝမ်းတီး ဝမ်းတီးကဟာတွေကို ဝေါဟာရအသစ်တွေကလည်း အသစ်ခင် ဥပမာတင်စားမှုတွေကလည်း အဆန်းတွေခင်ဗျ။ သုံးလေးလ အတွင်း ကြိုးစား နေ့မအား ညမအား ဖတ်နေတဲ့အကြားက ရိပ်ဖမ်းသံဖမ်းတော့ သိသယောင် ဖြစ်လာပါတယ်။ ပြည့်ပြည့်ဝဝသိမှ နားလည်မှ ပြောပြမယ်ဆိုရင် ဒီနည်းပညာအိုင်တီ (IT) တို့၊ ဆိုင်ဘာ (Cyber) တို့၊ အင်တာနက်တို့ဆိုတာတွေ ကိုယ့်ဆီကိုရောက်မှ ကိုယ်တွေ့မြင်သိရမှဆိုတော့ ဘယ်လောက်ကြာမလဲ မသိသေးဘူး။ ပြောသင့်တာက အခုအချိန်ပြောကြရမှာ ဒီတော့ သိသလောက်၊ မြင်သလောက် ကြိုးစားပြောပါ့မယ်၊ သက်ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များအတွက် မဟုတ်ဘဲ ကိုယ်လိုသူလို နားမလည်သူချင်း ဖတ်မိ သိမိသူက ရိပ်ဖမ်းသံဖမ်း သိသမျှ ပြန်ပြောပြတယ်လို့ ယူဆကြပါ။ တတ်ကျွမ်းတဲ့ ပညာရှင်များ ကိုယ်တိုင်လည်း ပြောကြ ရေးကြစေချင်ပါတယ်။ ဥပမာ ပြောရရင် မောင်စူးစမ်း (ဦးချမ်းအေး)က စီးပွားရေးပညာရပ်အမြင်တွေ့ ရေးနေတာမျိုးပေါ့။ သူ့အယူအဆ သူ့အမြင်ကို လက်ခံနိုင် လက်မခံနိုင်တာထား၊ သူရေးတာ သူတင်ပြတာ ဖတ်ရတော့ သိရ၊ စဉ်းစားရ၊ ချင့်ချိန်ရ၊ တွေးတောရတာပေါ့။ သူကတော့ မောင်မိုးသူထက်လည်း ကြီးပါတယ်၊ ဒီပညာရပ်ကို အစဉ်တစိုက်လေ့လာနေတဲ့သူလည်းဖြစ်လို့ သူ့စာတွေကို အလေးအနက်ဖတ်ရ စဉ်းစားဖြစ် ရပါတယ်၊ ကိုယ့်ထက်ငယ်ကြပေမယ့် အဆက်မပြတ် စာဖတ်အားကောင်းကြ ပြီး အတွေးအမြင်ကောင်း အရေးကောင်းကြတဲ့ ဖေမြင့်တို့၊ ကိုတာတို့ ရေးတာ တွေဖတ်ပြီးတော့လည်း ကျေနပ်အားရချီးကျူးမိပါတယ်။ မောင်မိုးသူလဲ စေတနာကို အရင်းခံထားပြီး မမီမကမ်း လစဉ်မဟုတ်တောင်မှ တတ်နိုင်သမျှ ကြိုးစားပါ့မယ်။

၅-၄-၂၀၀၀ ရက်နေ့ မန္တလေးမြို့ M.C.E ကျောင်း စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဦးချမ်းအေး (မောင်စူးစမ်း)က အရှိန် (Speed) ရဲ့ လျင်မြန် ခြင်းအကြောင်းကိုပြောပါတယ်။ ဟိုးအရင်ခေတ်တုန်းက အရှိန် (Speed) လျင်မြန်မှုနှုန်းဟာ အသံနဲ့ ချိန်ဆကြသတဲ့။ အသံက အတော်မြန်တာကိုး၊ နောက် အသံထက်မြန်တဲ့ အချိန်တွေပေါ်လာတယ်၊ ဂျက်ခေတ်ပေါ့၊ အသံထက် မြန်တဲ့နှုန်း ရောက်ခဲ့တာကိုး၊ အသံထက်လည်းမြန်တယ်၊ ဂျက်ထက်လည်း မြန်တာအလင်းပဲ၊ ခုတော့ဖြင့် အလင်းထက်မြန်တဲ့ အတွေး (Thought) ခေတ်ရောက်နေပြီတဲ့၊ အလင်းရဲ့ လျင်မြန်မှု နှုန်းထက်ပိုတယ်၊ ခုတွေးခုရောက်ကိုး၊ ဒီနေ့ ဂြိုဟ်တုခေတ်၊ ကွန်ယက်ခေတ်၊ အင်တာနက်ခေတ်မှာ ဘယ်နဲ့ဘယ်ပဲ ဖြစ်ဖြစ် ခုပြောခုရောက်တော့တာကိုး။ ဒီဒါကြောင့် ကမ္ဘာကြီးဟာ သေးသေး ကျဉ်းကျဉ်းလေး ဖြစ်သွားပြီ ဂလိုဘယ်လိုက်ဇေးရှင်းတို့ ကမ္ဘာ့ရွာတို့ စာလုံးတွေပေါ်လာနေကြတာပဲပေါ့။

နောက်ပြီး ဦးချမ်းကပြောသေးတယ်။

စာတတ်တယ်ဆိုတာ ဘာလဲ ... ဆိုတာကို ဖွင့်ဆိုချက်တောင် ပြောင်းသွားပြီတဲ့၊ ဒီနေ့ခေတ်မှာ စာတတ်တယ်ဆိုတာကို အချက်သုံးချက်နဲ့ တိုင်းရတော့မယ်တဲ့ အဲဒီသုံးချက်က (၁) အင်္ဂလိပ်စာ၊ (၂) ကွန်ပျူတာ၊ (၃) အင်တာနက် ပဲတဲ့၊ အဲဒီသုံးချက် ပြည့်စုံမှ စာတတ်တာ ဖြစ်တော့မယ်ဆိုတာ ပါပဲ။

ဒီအချက်ကို အာရှတိုက်ကလူတွေ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေကြရ၊ ထိတ်လန့်ကြောက်ရွံ့နေကြတာ၊ ဒါကြောင့်လဲ အရှိန်အဟုန် အလွန်ပြင်းစွာပြောင်းလဲနေတဲ့ ခေတ်ကြီးနဲ့အမီ ဘယ်လိုလိုက်ကြရမလဲဆိုပြီး ပြင်ဆင်မှုတွေ လုပ်ကြ၊ စီစဉ်မှုတွေလုပ်ကြ နေကြရပါတယ်။

ပြောင်းလဲပုံကလည်း သိပ်ကို ကွာဟသွားတာကိုး။

အထင်အရှားဆုံး ဥပမာပေးရရင် ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဆိုတဲ့ လူဟာ အရင့်အရင်ခေတ်တုန်းက ရေနံသူဌေး၊ စိန်သူဌေး၊ ကားသူဌေး၊ စက်မှု သူဌေးကြီးတွေ မဟုတ်လား၊ ဟော ခုတော့ အဲဒီသူဌေးတွေက သူဌေးဖြစ်ဖို့ အရေးလုပ်ခဲ့လိုက်ရတာ တချို့များဆိုရင် သက်တမ်းတစ်ဆယ်မကဘူး၊ သုံးလေး ဆယ်လုပ်ပါမှ သူဌေးဘဝရောက်ကြတာ၊ ခုတော့ နှစ်တွေဘာမှမကြာလိုက်ခင် မှာပဲ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဆိုတာ “ဘီလ်ဂိတ်”တဲ့ ကွန်ပျူတာ သူဌေး လေ။ ဆိုလိုတာက ပစ္စည်းပစ္စယနဲ့ ချမ်းသာဖို့အရေးက လုပ်ရတာကြာတယ် ဖြစ်ဖို့အချိန်တွေယူရတယ်၊ အဲဒါ ပစ္စည်းခေတ်၊ စက်မှုခေတ်၊ ခုက နည်းပညာ ခေတ် နည်းပညာအရှိန် (Speed) က သိပ်မြန်တယ်လို့ ပြောခဲ့ပြီးပြီကော။ အမေရိကန်နိုင်ငံရဲ့ ကြီးပွားတိုးတက်မှုကို ဆီလီကန်ဘယ်လီ (နည်း ပညာရပ်ဝန်း)က ဖန်တီးနေသလို ဂျပန်ရဲ့ တိုးတက်မှုကို နည်းပညာကပဲ ဦးဆောင်နေပါတယ်။ . ဒါကြောင့် ဒီနေ့ခေတ်ဟာ နည်းပညာခေတ်၊ ပညာခေတ်၊ ပညာက ဦးဆောင်တဲ့ခေတ်လို့ သတ်မှတ်လာကြရတော့တာပေါ့။

အိန္ဒိယနိုင်ငံဟာ တိုင်းပြည်အလိုက် တိုးတက်ဖွံ့ဖြိုးမှု သိသိသာသာ ကြီး ထိုးထွက်နေခဲ့တဲ့ နိုင်ငံမဟုတ်ပါဘူး၊ ဒါပေမယ့် ပညာရေး၊ နည်းပညာဖက် မှာဖြင့် ထွန်းကားတိုးတက်မှု ကြီးမားမြင့်မားခဲ့ပါတယ်။

ဒါကြောင့်လည်း အာရှ တိုက် ဒီနေ့နည်းပညာခေတ်မှာ အိန္ဒိယသား နည်းပညာရှင်များဟာ အာရှအိန္ဒိယက နည်းပညာရှင်တွေ ရောင်းစားတဲ့ အဖြစ်မျိုးရောက်လာခဲ့ပါတယ်။

နိုင်ငံတိုင်းလိုလိုမှာ ထင်ရှားအောင်မြင်နေကြတာ သာဓကကြီးတစ်ခုပါပဲ။ အဲဒီလို အောင်မြင်တဲ့ နည်းပညာရှင်တွေကပဲ အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဟာ သိသိသာသာကြီး တိုးတက်ထိုးထွက်လာတာကို တွေ့ရပါတယ်။

ဒီနေ့ခေတ် နည်းပညာကို ဘယ်အချိန် ဘယ်အရွယ်က စနိုင်သလဲဆိုတာသိရလေအောင် ၅-၆-၂၀၀၀ နေ့ထုတ် တိုင်းမ် (Time) မဂ္ဂဇင်းမှာပါတဲ့သတင်းတိုလေးတစ်ပုဒ်ကို ရေးပြချင်ပါတယ်။ သတင်းက

အင်တာနက်ဆိုတာ ကလေးဆော့စရာပါ။ 

ကလေးတစ်ယောက်နဲ့ သူ့ရဲ့ ကွန်ယက် (Website) ပုံပြင်။

အာရှတိုက်ဟာ စွမ်းရည်ထက်တဲ့ နည်းပညာရှင်တွေ ဈေးကွက် အလု အယက်ဖြစ်စေတဲ့ အပျော့ထည် (Software) ဒီဇိုင်းထုတ်သူတွေ၊ အစီအစဉ် (Program) ရေးဆွဲသူတွေ အများကြီး ထုတ်လုပ်နိုင်တယ်လို့ နာမည်ကြီးပါ တယ်။ ဒါပေမယ့် အာရှတိုက်ရဲ့ နောက်ဆုံးပေါ် ကွန်ပျူတာမှော်အောင်သူ ကလေးဟာ အသက် ၃ နှစ်ပဲ ရှိပါသေးတယ်၊ သူ့နာမည်က အာပူရီ (Ajay Puri) တဲ့ သူ့မိဘတွေက ရာဗီနဲ့ မန်တာ ဖြစ်ပါတယ်။ အာဟာ သူ့ဖခင်

အလုပ်လုပ်တဲ့ ဘန်ကောက်မှာ လိုက်နေပါတယ်။ သူ့အဖေက အိုင်တီ (I.T) ရဲ့ မန်နေဂျာ ဖြစ်ပါတယ်။ ဒီတော့လည်း အာဟာ ပေါက်စလေးကပဲ အိမ်မှာကွန်ပျူတာနဲ့ ရင်းနှီးလုပ်တတ်နေခဲ့ပါတယ်၊ ၁၈လသားမှာ အဘိုးဆီကို ကွန်ပျူတာနဲ့ အီး- မေးလ် (E-mail) ပို့လိုက်လို့ မိဘနှစ်ပါးတောင် အံ့ဩသွားခဲ့ ရပါတယ်။ ကလေးဟာ အဖေရဲ့ စက်တွေကို အကြောင်းပြု မက္ကရိုဆော့ အိက်ဆဲလ် (Microsoft Excel) တို့၊ word တို့၊ Power Point တို့ အစရှိတဲ့ ကွန်ပျူတာနည်းပညာတွေနဲ့ ယဉ်ပါးလုပ်တတ်နေခဲ့ပါတယ်၊ ဒါကြောင့်လဲ သုံးနှစ်သား အာဟာ သူ့ဖာသာ ဒီဇိုင်းထုတ်၊ သူ့ဖာသာဆင်တဲ့ ကွန်ယက် (Website) ကို ရေးဆွဲခဲ့ပါတယ်။အမည်က www microsoft Kid Com ပါတဲ့။ မက္ကရိုဆော့ကုမ္ပဏီကြီးကလဲ သူတို့ မိသားစုအတွက် အပျော့ထည် (software) များ လှူခဲ့ပါတယ်။ ဖခင်ဖြစ်သူ ရာဗီက သူတို့ကုမ္ပဏီအတွက် သူ့သားကို ကြော်ငြာစီမံချက်မှာ သုံးမလားလို့ စဉ်းစားနေပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက အာဂျေဟာ သူ့ရဲ့ မွေးရပ်မြေ အိန္ဒိယကို သူ့ရဲ့ ကွန်ပျူတာ စွမ်းရည်ပြသပြီး ရင်သပ်ရှုမော ဖြစ်စေခဲ့ပါတယ်။ ဟိုက်ဒရာဘတ်မှာ ပြန် ရောက်နေတုန်း အိန္ဒိယနိုင်ငံကိုအလည်ရောက်ရှိနေတဲ့အမေရိကန်သမ္မတကလင်တန်နဲ့ပဲအာလက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့ပါတံယ်။ ဒါနဲ့လဲ အာဂျေဟာ မကျေနပ်သေးပါဘူး၊ မရောင့်ရဲသေးပါဘူး၊ ပိုပြီးကြီးမားတဲ့ ရည်မှန်းချက်ရှိနေ ပါသေးတယ်၊ ဒါကြောင့်လဲ ဒီကလေးပေါက်စက အမေရိကန်သမ္မတ ကလင်တန်ကို ပြောလိုက်တာပေါ့ “ကျွန်တော် ဘီလ်ဂိတ်နဲ့ တွေ့ချင်ပါတယ်”တဲ့။ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်နိုင်ကြဖို့ပါ။

ကလျာ၊ ဩဂုတ်၊ ၂၀၀၀ ခုနှစ်

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)