မောင်ဗေဒါ - အရောင်းအောင်မြင်ရေးအတွက်ဖေါက်သည်ဆက်ဆံနည်း
ဖောက်သည်အား ဝန်ဆောင်မှုပေးပါ | ဂရုတစိုက် ဆက်ဆံပါ
မိတ်ဆက်စကား
ကျွန်တော် အရွယ်ရောက်လာချိန်မှာ နွေရာသီ ရောက်တိုင်း ကျွန်တော့်မိသားစုပိုင် ‘ဒေရီကွင်း” စတိုး (နို့နှင့် နို့ထွက်ပစ္စည်းအရောင်းဆိုင်) ကို သွားပြီး အလုပ် ဝိုင်းလုပ်ပေးရပါတယ်။
ထိုကာလတွေမှာ ကျွန်တော့်အတွက် နွေရာသီရောက် တိုင်း ပျော်စရာကောင်းတဲ့အလုပ်ကို အမြဲတမ်း လုပ်ဖြစ်ခဲ့ တာပေါ့။
အခု နောက်ကြောင်းပြန်ကြည့်လိုက်တဲ့အခါ ထို ကာလတွေအတွင်း ကျွန်တော် လုပ်ကိုင်ခဲ့သမျှ အားလုံး ဟာ အနာဂတ်ကာလမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အဖြစ် ရပ်တည်နိုင်အောင် အုတ်မြစ်ချဖြစ်ခဲ့တာပါလား.. လို့ ပြန်လည်အမှတ်ရစေခဲ့ပါတယ်။
ကျွန်တော့်မိသားစုက ရေခဲမုန့်ရောင်းချရာမှာ ဝယ်သူဖောက်သည်တွေကို ဝန်ဆောင်မှု ကောင်းကောင်းပေးပြီးကောင်းမွန်စွာ ဆက်ဆံလေ့ရှိပါတယ်။ ကျွန်တော့်မိသားစု ရဲ့ ဝန်ဆောင်မှုပေးတဲ့ နည်းလမ်းဟာ ကျွန်တော့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အသိပညာရပ်တွေဖြစ်ခဲ့ပြီး ကျွန်တော် ကိုယ်တိုင် လက်တွေ့လုပ်ငန်းနယ်ပယ်မှာ အကျိုးရှိရှိ အသုံး ချနိုင်ခဲ့ပါတယ်။
အစပထမမှာ ကျွန်တော်ဟာ ရေခဲမုန့်ရောင်းချခြင်း ဆိုတဲ့ သာမန်စီးပွားရေးလုပ်ငန်းနဲ့ ကြီးမားတဲ့စီးပွားရေး အသင်းအဖွဲ့ -ကော်ပိုရေးရှင်းကြီးတွေအကြား ဆက်စပ် ပတ်သက်မှုရှိတယ်ဆိုတာကို နားမလည်ခဲ့ပါဘူး။ ကျွန်တော် နဲ့ ကျွန်တော့်ညီမငယ် ၂ ယောက်က ကျွန်တော်တို့ မိဘ နှစ်ပါးကို မိသားစုပိုင် ရေခဲမုန့်ရောင်းချခြင်းလုပ်ငန်း လုပ်ခြင်းကနေ အနားယူဖို့ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်မိဘ ၂ ပါးက ကျွန်တော်တို့မောင်နှမတွေ ပြောတာကို လက်မခံပါဘူး။ သူတို့က အလုပ်လုပ်ရတာကို နှစ်သက်ကြပြီး သူတို့ရဲ့ ရေခဲမုန့်လုပ်ငန်းကိုလည်း ရောင်း ချစရာ မလိုဘူးလို့ မြင်ခဲ့ကြပါတယ်။
မိဘနှစ်ပါးက သူတို့လုပ်ကိုင်နိုင်သမျှ အချိန်တွေမှာ သူတို့ပိုင် ရေခဲမုန့်လုပ်ငန်းကို သူများလက်ထဲ ရောင်းချလို စိတ်မရှိကြပါဘူး။
ကျွန်တော့်အမေက အဲဒီတုန်းက ကျွန်တော့်ကို ပြောခဲ့တဲ့စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ ကျွန်တော် ရေခဲမုန့်ရောင်းချတဲ့လုပ်ငန်းမှာ အောက်သက်ကျေရင်... နောင်တစ်ချိန် ကုမ္ပဏီကြီးတွေမှာ လက်တွေ့ အသုံးချနိုင် လိမ့်မယ်လို့ ပြောခဲ့တဲ့စကားပဲ ဖြစ်ပါတယ်။ ကျွန်တော် တို့က အဖေအမေဖြစ်သူတွေကို စီးပွားရှာခြင်းကနေ အနား ယူဖို့နဲ့ မိသားစုပိုင်လုပ်ငန်းကို လက်လွှဲရောင်းချပစ်ဖို့ ပြောပြတိုင်း အမေက ကျွန်တော်တို့ကို အခုလို ပြန်ပြော လေ့ရှိပါတယ်။
“မိသားစုပိုင်တဲ့ စီးပွားရေးလုပ်ငန်းကို ဘာကြောင့် ရောင်းပစ်ရမှာလဲ။ ဒီလုပ်ငန်းလေးကြောင့် ငါတို့မိသားစု တွေ ပျော်ပျော်ရွှင်ရွှင်နေနိုင်ခဲ့ တာ မဟုတ်လား။ ငါတို့ မိသားစုရဲ့ လက်ရာဖြစ်တဲ့ ရေခဲမုန့်ကို လာဝယ်တဲ့သူတွေ အားလုံးပြုံးရွှင်နေတာကို မြင်ရရင် ငါစိတ်ချမ်းသာတယ်။ ဖောက်သည်-ဝယ်သူတွေ အားလုံး နေ့စဉ်-တစ်ရက်ချင်းစီ စိတ်ချမ်းသာရင် ငါတို့မိသားစုလည်း စိတ်ချမ်းသာရမှာ ပေါ့။ ဒါနဲ့များ မင်းတို့မောင်နှမ ၃ ယောက်က ဘာစိတ်ကူး ပေါက်ပြီး ဒီလုပ်ငန်းကို ရောင်းချင်ရတာလဲ။ ဒီလုပ်ငန်းက မင်းတို့ ၃ ယောက်စလုံးရဲ့ အနာဂတ်တွေအတွက် ခိုင်မာတဲ့ အုတ်မြစ်ပဲဘွဲ့၊ ဒီလုပ်ငန်းကို တန်ဖိုးထားပြီး လေ့လာ သင်ယူစရာရှိတာတွေ သင်ယူကြစမ်းပါ”
ကျွန်တော်က ကျွန်တော်တို့မိသားစုပိုင် ရေခဲမုန့် ရောင်းချတဲ့လုပ်ငန်းလေးကို ပြန်လည်အမှတ်ရရင်း အမေ ပြောခဲ့တဲ့စကားတွေကို လည်း နားထဲမှာ ပဲ့တင်ထပ်သလို ပြန်လည်ကြားယောင်ခဲ့မိပါတယ်။
ကျွန်တော်က မိသားစုပိုင် ရေခဲမုန့်လုပ်ငန်းက အတွေ့ အကြုံတွေကို ကော်ပိုရေးရှင်းကြီးမှာ လက်တွေ့ အသုံးချ ခဲ့ပါတယ်။ ငယ်စဉ်က မိသားစုပိုင်လုပ်ငန်းမှာ လက်တွေ့ လုပ်ကိုင်သိမြင်လာတဲ့ အတွေ့အကြုံတွေကြောင့် ကျွန်တော့် အတွက် လက်တွေ့လုပ်ငန်းနယ်ပယ်မှာ အခက်အခဲ မရှိခဲ့ တာ ဖြစ်ပါတယ်။
ကျွန်တော့်မိသားစုပိုင် “ဒေရီကွင်း”စတိုးမှာ နှစ်ပေါင်း ၂၁ နှစ် ကြာအောင် စီမံခန့်ခွဲမှုတွေ လုပ်ခဲ့တာကြောင့်
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဘဝဆီ ဘယ်လို လှမ်းတက်နိုင်ခဲ့တယ်ဆိုတာကို ဒီစာအုပ်မှာ ပြည့်စုံစွာ ရေးသားဖော်ပြပေးထားပါတယ်။ ကြီးမားတဲ့ စီးပွားရေး လုပ်ငန်း ကုမ္ပဏီကြီးတွေရဲ့ လည်ပတ်မှုဟာ ရှုပ်ထွေးပြီး ကုမ္ပဏီတစ်ခုချင်းစီမှာလည်း ကိုယ်ပိုင်ထူးခြားတဲ့ အမှတ် လက္ခဏာတွေ ရှိနေတတ်ပါတယ်။
စီးပွားရေးလုပ်ငန်းတိုင်းမှာ ဝယ်သူ-ဖောက်သည် တွေနဲ့ လက်အောက်ဝန်ထမ်းအဆင့်ဆင့်အပေါ် စီမံခန့်ခွဲရ တဲ့ အလုပ်တွေက အခြေခံကျသလောက် အရေးလည်း ကြီးလှပါတယ်။
ကျွန်တော် အမေရိကရဲ့ ကော်ပိုရေးရှင်းကြီးတစ်ခု မှာရှိခဲ့စဉ်က ရာထူးတာဝန် အမျိုးမျိုးနဲ့ တာဝန်ထမ်းဆောင်
ခဲ့ဖူးပါတယ်။
ကျွန်တော်က အရောင်းကိုယ်စားလှယ်အဖြစ် တာဝန်ခံ ဆောင်ရွက်ခဲ့ဖူးသလို ဖောက်သည်-ဝယ်သူတွေရဲ့ ပြဿနာ နဲ့ ဝန်ဆောင်မှုပေးရေးကိစ္စတွေအတွက် တာဝန်ခံ ဖြေရှင်း သူ ဒါရိုက်တာတစ်ယောက်အဖြစ်လည်း ဆောင်ရွက်ခဲ့ပါ တယ်။ ကျွန်တော်က ဖောက်သည်တွေ၊ ပစ္စည်းဖြန့်ဖြူး ပေးသူတွေ၊ အဝယ်တော်တွေ၊ ဝန်ထမ်းတွေ၊ မန်နေဂျာတွေ နဲ့ ထိတွေ့ဆက်ဆံပြီး လုပ်ငန်းကိစ္စတွေ ညှိနှိုင်းဆွေးနွေး ရာမှာလည်း ကျွန်တော့်မိသားစုပိုင် လုပ်ငန်းအတွေ့အကြုံ တွေကို ကောင်းကောင်း အသုံးချနိုင်ခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ငယ်စဉ်က အတွေ့အကြုံတွေကို ကောင်းစွာ အသုံးချနိုင်ခဲ့ခြင်းကြောင့် အရောင်းကဏ္ဍနဲ့ ဝန်ဆောင်မှုပေးတဲ့ကဏ္ဍတွေမှာ ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှု အပြည့်အဝရရှိအောင် လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်မိသားစုပိုင် ‘ဒေရီကွင်း” ရေခဲမုန့်လုပ်ငန်းကို ၁၉၃၈ခုနှစ် အတွင်း အီလီနွိုက်စ်ပြည်နယ်၊ ဂရင်းရေးဗား မှာ စတင်ခဲ့တာဖြစ်ပါတယ်။
ယနေ့ကာလမှာတော့ ကမ္ဘာ့အကြီးဆုံးသော စား သောက်ဆိုင်များ စာရင်းဝင်ဖြစ်နေခဲ့ပါတယ်။ ကျွန်တော် တို့မိသားစုက ဒေရီကွင်းမှာ အလုပ်လုပ်ရုံတင်မကဘဲ လူပါတစ်ခါတည်း တွဲနေပြီး လုပ်ငန်းကို ပြီးပြည့်စုံအောင်
ဆောင်ရွက်နေနိုင်ခဲ့ပါတယ်။ နွေရာသီလိုကာလမျိုးတွေမှာ တစ်ရက်ကို ၁၀ နာရီကနေ ၁၂ နာရီအထိ အလုပ်လုပ် ခဲ့ကြပါတယ်။ တစ်ခါတစ်ရံမှသာ တစ်ပတ်ကို တစ်ရက်လောက်သာ နားဖြစ်ကြပါတယ်။ ညနေစာ ထမင်းစားပွဲမှာ တွေ့ဆုံခဲ့ရင်လည်း မိသားစုဝင်အားလုံး ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ အခြားရောက်တတ်ရာရာတွေ မပြောဖြစ်ဘဲ ဖောက်သည်တွေရဲ့ တုံ့ပြန်ချက်တွေအကြောင်းနဲ့ ဝန်ထမ်း တွေရဲ့ လိုအပ်ချက်၊ အားသာချက်၊ အားနည်းချက်တွေ အကြောင်းကိုသာ ပြောဖြစ်ကြပါတယ်။ ကျွန်တော် တို့မိသားစု နေ့စဉ်ပြောဆိုဖြစ်တဲ့စကားတွေထဲမှာ ဘယ်သူ တွေကတော့ လေ့ကျင့်မှုတွေ လိုအပ်တယ်၊ ဖောက်သည် တွေနဲ့ ထိတွေ့ဆက်ဆံရာမှာ ဘယ်လိုအနေအထားရှိဖို့ လိုတယ်ဆိုတာကအစ အခြေခံကျကျ ဆွေးနွေးတဲ့ စကား တွေ ပါဝင်နေခဲ့ပါတယ်။