Skip to product information
1 of 2

Other Websites

မောင်ဖေငယ် - ရနောင်မောင်မောင်တုတ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

သည်းထိတ်ရင်ဖိုဇာတ်လမ်းထဲက မင်းသားတစ်ယောက် 

သက္ကရာဇ် ၁၂၄၁ ခု ပတ်ဝန်းကျင်။ အချိန်ကား ညီအစ်ကို မသိတသိအချိန်။

နေရာကား ရတနာပုံ မန္တလေးနန်းတော် အနောက်တောင်ပိုင်း မြို့ရိုးတံခါး ပေါက်ဖြစ်သည့် အာဠဝီတံခါးခေါ် ကြေးမုံတံခါးဝတွင် ဖြစ်သည်။

နန်းတွင်းရဲမက် အချို့သည် မြင်းကိုယ်စီ စီးထားကြပြီး မြို့ရိုးတံခါးအဖွင့်ကို ငံ့လင့်နေကြသည်။ မြင်းများကို မြို့ရိုးတံခါးပေါက်ဆီသို့ ဦးတည်ထားကြသည်။ သူတို့ အားလုံးမှာ ဓားတွေ၊ လှံတွေနဲ့ ဘယ်ကိုသွားပြီး ဘာတွေများ လုပ်ကြမှာ ပါလိမ့်။ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရန်အတွက် ထွက်လာကြဟန်တူရဲ့။  ခေါင်းဆောင်လုပ်သူကလည်း တံခါးဗိုလ်နှင့် တံခါးမှူးတို့အား “မည်သူလာလာ တံခါးမဖွင့်ပေးနဲ့”လို့လည်း မှာကြားနေသည်။ တစ်ခုခုတော့ တစ်ခုခု ပါပဲ။ လျှို့ဝှက်သည့် အရေးအခင်း ဖြစ်ဟန်တူသည်။ သူတို့အားလုံး ဣန္ဒြေမရ ကြ။ ပျာလောင်ခတ်နေသည်။ ကျီးကန်းတောင်းမှောက် ဖြစ်နေလေရဲ့။ မိမိတို့ လာခဲ့ရာ လမ်းဆီကိုလည်း မကြာမကြာ ကြည့်နေတတ်သည်။

သည်တော့ သည်ရဲမက်တာ ဘယ်သူတွေလဲ။ ဘာကြောင့်များ နောက်က - လိုက်လာမယ့်လူတွေကို တံခါးဖွင့်မပေးဖို့ မှာနေရတာလဲ။ စိုးရိမ်ကြောင့်ကြမှု ကြီးနေရတာလဲ။ တစ်စုံတစ်ခုသော အရေးအခင်းကြောင့်သာ ဖြစ်ပေမည်။ သူတို့၏ မျက်နှာသွင်ပြင်များကလည်း ခက်ထန်ပါဘိ။ ကြမ်းတမ်းလှပါဘိ။ ကြမ်း ကြမ်းတမ်းတမ်း ရမ်းရမ်းကားကား ရှိမည့်သူများပင်။

သို့သော် ထိုတင်းမာနေသော မျက်နှာ အသွင်အပြင်များပါဝယ် တစ် ခုခုကို စိုးရိမ်နေသည့် အရိပ်အယောင်ကလေးများကိုလည်း တွေ့နေရသေးသည်။

သည်လောက်တောင် စိုးရိမ်တကြီး ဖြစ်နေရင်တော့ သူတို့ လုပ်ဆောင်မည့် အရေးသည် သေးငယ်သောအမှုဖြစ်ဟန်မတူ။ အရှင်ဖြစ်သူက ခိုင်းစေလိုက် သော သည်အရေးကို မပြီးမြောက်မှာလည်း စိုးရိမ်နေကြသည်။

သည်ရဲမက်များက တခြားသူများတော့မဟုတ်။ မြို့တော်ဝန်ရွှေလှံဗိုလ်၏ ရဲမက်တော်များပင် ဖြစ်သည်။ ရွှေလှံတပ်သားများပေါ့။သည်ရွှေလှံတပ်သားများ ရောက်စကတည်းက အာဠဝီတံခါးမှူးမှာ ထိတ်ထိတ်ပျာပျား ရှိလှသည်။ ဒါကလည်း မဆန်းပါး ဓားထက်သောသူ၊ နိုင်ငံရေး အရှိန်အဝါ ကြီးမားသောသူ၏ ဝန်ထမ်းလက်ပါးစေများ ဖြစ်နေတာကိုး။ သည် တော့ သူတို့နဲ့မကင်းရာ မကင်းကြောင်း ဆက်နွယ်ပတ်သက်နေရတဲ့သူတွေက ကြောက်ရှာကြပေမပေါ့။

သူတို့က သေဆိုသေ၊ ရှင်ဆိုရှင်ကိုး၊ သို့ ကြောက်ပါတယ် ဆိုနေမှ ခြောက်တယ်လို့ပဲ ဆိုလေမလား။

သူတို့ကို ပျာပျာသလဲ မြို့တံခါးဖွင့်ပေးနေသည့် တံခါးစောင့်ကို တံခါးဖွင့် နှေးကွေးတယ်ဆိုပြီး ရွှေလှံတပ်သားတစ်ဦးက မြင်းနှင့်တိုက်လိုက်သည်။ သူတို့ ကတော့ ရယ်လို့မောလို့ပေါ့။ ခံရတဲ့သူခမျာမှာတော့ မြေပြင်ပေါ်မှာ ကျွမ်းထိုး မှောက်ခုံလေး အာဠဝီတံခါးတစ်ဝိုက်မှာ သူတို့၏ ရယ်သံတွေ ဟိန်းဟိန်းထနေ ကြလေရဲ့။ ပြီးတော့မှ သူတို့ရဲ့ မြင်းတွေကို မြို့ပြင်ဘက်ဆီသို့ ဦးတည်လိုက် သည်။ ကောင်းလိုက်သည့်မြင်း၊ မြန်လိုက်သည့်မြင်း ဖောင်းဝတ်ကြီးတွေနဲ့ လှပါ့။ ခံ့ပါ့။ဘယ်ကိုများ သွားကြမှာပါလိမ့်။ ဘာများ လုပ်ကြမှာပါလိမ့်။ တရိပ်ရိပ် ပြေးနေသည့် မြင်းတွေ၏ ဦးတည်ရာကတော့ ဒေးဝန်းအရပ်ဆီကိုပဲ။

မင်းတုန်းမင်းကြီးလက်ထက် သက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် အချိန်တွင် မန္တလေးမြို့ရိုး နန်းပန္နက်နှင့်အတူ မြို့ရိုးတံခါး (၁၂)ရပ်တို့ကို တစ်ပြိုင် နက် ပန္နက်ရိုက်ခဲ့သည်။ ဤတွင် အာဠဝီတံခါးခေါ် ကြေးမုံတံခါးလည်း ပါဝင်ခဲ့ သည်။ အဆိုပါ တံခါးကြီး (၁၂)ရပ်မှာ ဗေဒင်ကိန်းခန်းအရ နက္ခတ်ခါးပတ် အချိန်နရီ ရွေးချယ်ပြီး မြို့စား၊ နယ်စား၊ မှူးမတ်၊ ဝန်ကြီးများက နေ့သင့်နံသင့် အရပ်များတွင် ကြီးကြပ်တာဝန်ယူကာ ပန္နက်ရိုက် တည်ထားခဲ့ခြင်း ဖြစ်သည်။

မြို့ရိုးတံခါး (၁၂)ရပ်အနက် အရှေ့မျက်နှာ ယခု မြို့ထိပ်တံခါးဟု ခေါ် ကြသည့် တံခါးကြီးမှာ သူရဇ္ဇဓာတ်တွင် အန္တော ဟူသော မိတ်ဖက် အရ မြို့ဦးထိပ်တွင် တည်ရှိသဖြင့် ဦးထိပ်တံခါး ဟု ခေါ်ခဲ့သည်။ ထို မြို့ဦးထိပ်မှ မင်္ဂလာတံခါးကို မကွေးမြို့စားဝန်ကြီး သတိုးမင်းကြီး မဟာ မင်းလှသီဟသူက ကြီးကြပ်တည်ဆောက်ရသည်။ မန္တလေးမြို့ရိုး၏ တောင်ဘက် မျက်နှာ အလယ်တံခါးကြီးမှာ လောင်းရှည်မြို့စား အတွင်းဝန် မင်းကြီးမဟာ စည်သူက ကြီးကြပ်သည်။ ကောလီဓာတ်တွင် ဂဗ္ဗေဟူသော မိတ်ဖက်ဓာတ်ယူ ကာကျော်မိုးတံခါးဟု ခေါ်ဝေါ်သမုတ်ခဲ့၏။ ယခုအခါ မင်္ဂလာတံခါးဟု အမည် တွင်သည်။ မြို့ရိုးအနောက်မှ အလယ်တံခါးကြီးမှာ မြတောင်မြို့စား သေနတ် ဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှကျော်စွာ ကြီးကြပ်သည်။ ပါပဓာတ်တွင် စရေ ဟူသော မိတ်ဖက်နံသင့်ကိုယူကာ စည်ရှည်တံခါး ဟူ၍ ခေါ်ဝေါ် သမုတ်တော်မူခဲ့သည်။ ပခန်းကြီးမြို့စား ဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှစည်သူက မြောက်မျက်နှာ အလယ်ပေါက်  ́မြို့ရိုးတံခါးကြီးကို ကြီးကြပ်သည်။ အမြိတ္တ ဓာတ်တွင် ၀ံသေ ဟူသော မိတ်ဖက်ဓာတ် နံသင့်စေ၍ လေးသိန်းတံခါးဟု ခေါ်ဝေါ်စေသည်။

အရှေ့မြောက်ထောင့်၊ အရှေ့တောင်ထောင့်၊ တောင်ဘက်အရှေ့စွန်၊ တောင်ဘက်အနောက်စွန်နှင့် အနောက်ဘက်တောင်စွန်နှင့် အနောက်ဘက် မြောက်စွန် တံခါးများအပြင် မြောက်မျက်နှာမှ မြောက်ဘက်အစွန်နှင့် မြောက် ဘက်အနောက်တံခါးများကိုလည်း ဓာတ်သင့်နံသင့် အမည်ပေး သမုတ်စေသည်။

` အနောက်ဘက်တောင်စွန် တံခါးကြီးမှာ ဂဗ္ဗေ ဟူသော ဓာတ်ဖက်နံသင့် အက္ခရာကိုယူ၍ လူသေများ၊ ရာဇဝတ်ကောင်များ မြို့တွင်းမှ ထုတ်ဆောင်ရာ အမင်္ဂလာတံခါးအဖြစ် မရဏဿတိကမ္မဋ္ဌာန်းကို ကြေးမုံပြင်သို့ အာရုံပြု၍ ကြကုန်လော ဟူ၍ သတိပေးသည့်အနေဖြင့် ကြေးမုံတံခါး ဟူ၍ ခေါ်ဆိုကြောင်း သိရသည်။ ယင်း အာဠဝီတံခါး ခေါ် ကြေးမုံတံခါးကို တောင်စွန်သစ်တောဝန် မင်းကျော်မင်းလှစည်သူက ကြီးကြပ်၍ ပန္နက်ရိုက် တည်ခဲ့သည်။

ကြေးမုံတံခါးကို စောင့်ကြပ်ရသော ဗိုလ်မှူး၊ တံခါးမှူး၊ အစောင့်များ စသည်တို့သည် ရဲရင့်ခြင်း၊ ရက်စက်ခြင်း၊ ကြမ်းကြုတ်ခြင်း စသည့် လူကြမ်းများ ကိုသာ ရွေးချယ် ခန့်ထား၏။

အရေးကြီးသော တံခါးပေါက် ဖြစ်သည်။ မကောင်းသည့်အနိဋ္ဌာရုံများနှင့် ရင်ဆိုင်ရလေ့ရှိသဖြင့် အမြဲတမ်း သတိဝီရိယနှင့် စောင့်ကြပ်ရရှာသည်။ အရာရာ ကို သတိထားနေရသဖြင့်လည်း သူတို့၏ လှုပ်ရှားမှုများမှာ သွက်သွက်လက်လက် ရှိလှသည်။ ချက်ချက်ချာချာ ရှိလှသည်။ အရိပ်အကင်းလည်း ပါးနပ်ကြသည်။ မိမိတို့တာဝန် ကျေပွန်မှုကို အလေးပေး၏။တခြား ဘာကိုမှ မစဉ်းစားထားရာနေ စေရာသွား ဟူသောထုံးကို နှလုံးမူထားကြသူများ ဖြစ်ပေသည်။

ရွှေလှံတပ်သားများ ထွက်သွားပြီး မကြာပါ။

အပြင်းစိုင်းလာသော မြင်းခွာသံများနှင့်အတူ မြင်းစီးရဲမက် ဆယ်ယောက်တို့မှာ ကြေးမုံတံခါးဝသို့ ထပ်ရောက်လာပြန်သည်။ ကြွကြွရွရွ ရှိလှသော မြင်းများ၏ နှာမှုတ်သံများမှာ တရှူးရှူးတရှဲရှဲနှင့် မြည်နေပေသည်။ အလျင်စလိုနိုင် လှသော သူတို့၏ အမူအရာများကြောင့် မသင်္ကာဖွယ် ကောင်းလှပေသည်။

ကြေးမုံတံခါးမှူးမှာ ထပ်မံ ရောက်ရှိလာသော မြင်းစီးရဲမက်တော်များနှင့် စကား အချေအတင် ပြောလျက် ရှိသည်။ အကြောက်အကန် ငြင်းကြခုံကြရ သည်။ အခြေအနေက တင်းမာလာခဲ့သည်။

ရွှေလှံတပ်သားများ၏ မှာကြားထားခဲ့သော အမှာစကားကြောင့် တံခါးမှူး မှာ အခက်ကြုံနေ၏။ မြို့ရိုးတံခါး ဖွင့်ပေးဖို့ရန်အတွက် လက်နှေးနေမိသည်။ ရွှေလှံဗိုလ်၏ဓားကိုလည်း ကြောက်ရသေးသည်။ စကားတစ်ခွန်း မှားသည်နှင့် ခေါင်းနှင့်ခန္ဓာ တစ်ကွဲစီ ဖြစ်ကြရသော သာဓကများကလည်း ရှိခဲ့ဖူးသည် မဟုတ်လား။ သည်တော့ သူ့ခမျာမှာလည်း ကြောက်ရှာပေမပေါ့။

“မဖွင့်ပေးပါနဲ့'လို့ မှာထားရက်ကယ်နဲ့ မြို့တံခါးဖွင့်ပေးလိုက်ပါက ရွှေလှံ ဗိုလ်၏ဓားက မိမိ၏ကုပ်ပေါ် ဝဲကျလာပေရော့မည်။ အာဏာ ဟူသည်မှာ ပြည်သူ့ထက်ထဲမှာ မရှိဘဲ လူတစ်စု၏လက်ထဲမှာသာ ရှိနေသဖြင့် သူတို့ လုပ်သမျှ ခံရပေရော့မည်။ မိမိ တစ်ယောက်တည်း အသက်ဆုံးရှုံးပါက မဆန်း။ ခုတော့ မိမိနှင့်အတူ အိမ်သူသက်ထား ဇနီးမယားနှင့် သားငယ်သမီးငယ်ပါမကျန် တစ်စုလုံး အသက်ဆုံးရှုံးမည့်အဖြစ်မျိုးတော့ လုံးဝ အဖြစ်မခံနိုင်။ မြို့ရိုးတံခါးကိုတော့ မဖွင့်ရေးချ မဖွင့်ပါ။ နောက်ဆုံး သူတို့နဲ့ တိုက်ရ တိုက်ရပေါ့။ ။

သည်သူ၏ အတွေးက မကြာပါ။

မြင်းစီးရဲမက်တစ်ဦး ပြောလိုက်သော စကားတစ်ခွန်းကြောင့် သူ့အတွေး၊သူ့မာန်များမှာ အဝေးသို့ တိမ်စင်နှယ် လွင့်ပါသွားရတော့သည်။

“မောင်မင်းက ကျုပ်တို့ကို ဘသူမှတ်လို့တုံး၊ မြောက်ထားဝယ်ဗိုလ် ရနောင် မြို့စား မင်းသားကြီး ရနောင်မောင်မောင်တုတ်ရဲ့ ရဲမက်တွေဆိုတာ မသိအံ့လေသလော”

သူ့ထက်သူ လူစွမ်းကောင်းတွေချည်းပဲ။

ခုနက မြို့တော်ဝန် ရွှေလှံဗိုလ်ရဲ့ ရွှေလှံတပ်သားတွေ။ ဟော ခု နန်း ရှင်ဘုရားနဲ့ ထိပ်စုဖုရားတို့မှလွဲရင် ရွှေနန်းတော်တစ်ခုလုံး အကြောက်ဆုံးဖြစ်တဲ့ ရနောင်မင်းသားကြီးရဲ့ ရဲမက်တွေတဲ့။

ကဲ ဘယ်လိုလုပ်ပါ့မတဲ့တုံး။

ခုန ရွှေလှံတပ်သားတွေနဲ့ဆိုရင် အခု ရောက်ရှိလာသည့် သည်လူတွေက ပိုပြီး အရေးပါ အရောက်ရောက်တယ် မဟုတ်လား။ ပိုပြီးတော့လည်း အန္တရာယ် ပေးနိုင်သည်။ သည်တော့ ဘာလုပ်မလဲ။ သူတို့ကို စကားအချေအတင် အငြင်း အခုံ လုပ်နေလို့တော့ မဖြစ်။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စလေးမှာ အမှားကလေးတွေများ ရှိထားခဲ့ရင် တောင်းပန်ပါရဲ့။ မသိလို့ တားမိတာကို ခွင့်လွှတ်ပါလို့လည်း တဖွဖွ တောင်းပန်နေရှာတော့သည်။

မဖြစ်သေးဘူး။ သင်းတို့သခင်က ရွှေလှံဗိုလ်ထက် ပိုထက်တယ်။ မဖြစ် ချေဘူး။ ခပ်မြန်မြန် ဖွင့်ပေးမှပဲလို့ တွေးမိဟန်တူပါရဲ့ ။ မြို့ရိုးတံခါးက ရုတ်ခြည်းပဲ ပွင့်သွားသည်။ မြို့ရိုးတံခါး ပွင့်သွားသည်နှင့်အတူ ရနောင်မင်းသား၏ ရဲမက် တွေကလည်း မြင်းကိုယ်စီနှင့် လွှားခနဲ လွှားခနဲ မြို့ပြင်သို့ ထွက်သွားကြတော့ သည်။ သူတို့မြင်းတွေကို ဦးတည် အပြေးနှင်သွားတာကလည်း ဒေးဝန်းအရပ်ဆီ ကိုပါပဲ။ တံခါး (၁၂) ရပ်ထဲမှာ အကြမ်းဆုံး၊ အရမ်းဆုံး အစောင့်တွေသာ စောင့် ကြပ်ရသည့် အာဠဝီတံခါးဗိုလ်မှူး တံခါးစောင့်တွေတောင် ဖိမ့်ဖိမ့်တုန်ကြောက် ရသည့် မြို့တော်ဝန်ရွှေလှံဗိုလ် ဦးချိတ်နှင့် ရနောင်မြို့စားကြီး မောင်မောင်တုတ် တို့ဟာ ဘယ်လို လူစားတွေလဲဆိုတာ ကြည့်ကြရအောင်။

မြို့တော်ဝန်ရွှေလှံဗိုလ် ဦးချိတ် ဆိုသူက နှယ်နှယ်ရရ မဟုတ်။ မန္တလေး ရတနာပုံမြို့တော်ဝန်မင်း တိုင်တားမင်းကြီးဦးဖိုးရဲ့ လက်သုံးတော်တပည့်ရင်း။

သတ္တိကလည်း မချေ။ သတ်ရမလား၊ ဖြတ်ရမလား ရရှိထားသည့် အာဏာ အရှိန်အဝါကလည်း မနည်းမို့ တော်ရုံတန်ရုံ မှူးမတ်များက သူ့ကို မယှဉ်ရဲ မပြိုင်ရဲ။ စကားကို တင်းတင်း မဆိုရဲ

တဏှာရာဂကလည်း ကြီးသေးရဲ့။ အချိန်ရရင် ရသလို နေ့ရောညပါ ရှောင်လေသူ မဟုတ်။ အာဏာရှိသူ ဖြစ်နေတော့ သူလုပ်သမျှ အကုန်တင့်တယ် နေသည်း ထိုစဉ်က နေပြည်တော်တစ်ဝန်းတွင် သူနှင့် ရနောင်မင်းသား နှစ်ဦးသာ မယားများစွာ ယူထားကြသည်။ သူတို့၏ အရှင် သီပေါဘုရင်တောင်မှ မယား တစ်ယောက်တည်းဖြင့် တင်းတိမ်နေရရှာသည်။ စံမြန်းနေရရှာသည်။

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)