မောင်ဖီလာ - လေထဲမပျံနိုင်တာတစ်ခုပဲကျန်တာအားလုံးအဆင်ပြေတယ်
သာသာ ယာ ယာ အေးရာအေးကြောင်း
သာသာယာယာပဲ
ကိုယ်သာယာနေတဲ့အကြောင်းကို
ပြတင်းပေါက်ပေါင်ပေါ်မှာ နားနေတဲ့
စာဝါငှက်ကလေးကတောင် ရိပ်မိသွားတယ်
ကိုယ်သာယာနေတာကို ကိုယ်ပဲသိတယ်
ခန်းဆီးကလေးကို တွန်းထုတ်နေတဲ့ လေပြည်ထဲမှာ
ကိုယ်သာယာမှုဟာ တဖြူးဖြူး
၀ရုန်းသုန်းကားဖြတ်မောင်းသွားတဲ့
ဆိုင်ကယ်ပေါ်က ကောင်ကလည်း
ကိုယ်သာယာမှုကို မီးထိုးပြီးကြည့်သွားတယ်
ပန်းချီကားက အိမ်မြှောင်ကို ငုံထားတယ်
ပန်းချီကားပေါ်က အိမ်မြှောင်ကလည်း
ကိုယ့်သာယာမှုထဲကို စုတ်ထိုးထည့်နေတယ်
ဓာတ်မီးတိုင်အောက်မှာ စာဖတ်နေတဲ့ လင်ကွန်းကလည်း
ကိုယ့်သာယာမှုကို စာမျက်နှာ ၂၇ မှာ ရှာတွေ့သွားတယ်
တော်လှန်ရေးကြီးပြီးရင်
သာသာယာယာပဲ ခြံစိုက်စားတော့မယ်
ကျည်ကတ်ကိုလွယ်ပြီး စမ်းချောင်းကလေးကိုဖြတ်နေတဲ့ ရဲဘော်ကလည်း
ဝရန်တာပေါ် ပက်လက်ကုလားထိုင်နဲ့ ထိုင်နေတဲ့
ကိုယ့်လို သာသာယာယာပါပဲ
ကိုယ်သာယာနေတဲ့အကြောင်းကို ကိုယ်ကိုယ်တိုင်ပဲသိတယ်
ဒါကြောင့် ကိုယ်သာယာနေကြောင်းကို
သာသာယာယာပဲ မင်းဆီ ကဗျာရေးပြီး ပြောမိတယ်။ ။
၉၊ မေ၊ ၂၀၁၈။
အရိုးစွန်းအဖျားအကြောင်
ပြတင်းပေါက်မှန်ကို ငှက်တစ်ကောင် ဖြုန်းခနဲ လာဝင်ဆောင့်တော့
မျက်နှာကြက်ပေါ်ကနေ ချောကလက်ဂျယ်လီတွေ ကျလာတယ်
မီးဟာ ဈာန်နဲ့ကြွလာပြီး
ကျွန်တော့်ရဲ့ ဦးခေါင်းထဲ အခွံမနွှဲရသေးတဲ့ ကျောက်တုံးတွေလို ပျံနေတယ်
အဲဒီငါးက ရေအရှည်ကြီးထဲမှာ နေတဲ့ငါး
ရေတံခွန်ကို ကုန်သွားအောင်ကြည့်ပစ်နိုင်မှ
ကျွန်တော်တို့ အဲဒီငါးကိုရပါလိမ့်မယ်
ကန်ထရိုက်တာက သူ့ဆောက်လက်စ အဆောက်အအုံကိုသူပြန်ကြည့်နေသလို
ကျွန်တော်ရေးနေတဲ့ကဗျာကို ကျွန်တော်ပြန်ကြည့်နေတယ်
ကျွန်တော့်ကဗျာဟာ ကြောင်တစ်ကောင်ဖြစ်သွားပြီး
အဆောက်အဦရဲ့ အမိုးအစွန်းမှာ သွားရပ်နေတယ်
ကဗျာထဲကနေ တစ်မြို့လုံးကို ကျွန်တော်လှမ်းမြင်နေရတယ်
တိမ်ထဲမှာလွင့်နေတဲ့ မိုးသားတွေ
မိုးကုပ်စက်ဝိုင်းအစပ်က အရည်တလဲ့လဲ့ မြက်ခင်းစိမ်းစိမ်း
တံတားပေါ်မှာ တစ်ယောက်အနာဂတ်ကို တစ်ယောက်ဆုပ်ကိုင်ပြီး
တစ်ယောက်မျက်လုံးထဲတစ်ယောက် ၊
အဝင်အထွက်လုပ်နေတဲ့ ကောင်လေးနဲ့ ကောင်မလေး
ဆေးခန်းထဲ တုန်ချည့်တုန်ချည့်နဲ့ လှမ်းဝင်သွားနေတဲ့ ဆည်းဆာ
ဘူတာရုံထဲ လူတွေကို ထွေးချလိုက်တဲ့ ရထား
ကန်စွန်းခင်းတွေနဲ့ ညှိနေတဲ့ နေလုံးနီနီ
မှည့်နေတဲ့ ညနေခင်းထဲ
ပုလင်းခွံကို ပစ်ထည့်လိုက်တဲ့ အရက်သမား
အားလုံးကို အသေးစိတ် ကျွန်တော်မြင်နေရတယ်
ကျွန်တော်မြင်သလို ကျန်တဲ့သူတွေကိုလည်း
မြင်စေချင်တဲ့ ဆန္ဒဟာ
ကျွန်တော့်ငယ်ထိပ်ကနေ ဖောက်ထွက်သွားပြီး
တစ်မြို့လုံးအနှံ့ကို လျှောက်ပတ်ပြေးနေတယ်
အမိုးစွန်းအဖျားမှာ ရပ်နေတဲ့ကြောင်ဟာ
ကျွန်တော့် အစာအိမ်ထဲကငါးကို အာသာငမ်းငမ်း လှမ်းကြည့်နေတယ်
ဒီရေတံခွန်ကို တစ်စက်မကျန် ကုန်အောင်ကြည့်ပစ်နိုင်ပါမှ
အဲဒီငါးကို မင်းရပါလိမ့်မယ်... ဟဲ့ကြောင်။ ။
၇၊ ဩဂုတ်၊ ၂၀၁၈