မောင်ပေါ်ထွန်း - ဆရာ၀န်မသုံးယောက်
ခရိုင်အစိုးရရှေ့နေကြီး ကားလ်အန်ဒရူးသည် အကြီးအကျယ် ဒေါသထွက်နေသည်။
“အဖြစ်ကတော့ တကယ့်ကို ကျော်မကောင်း ကြားမကောင်း ” သူက ရှူးရှူးရှဲရှဲဖြင့် အော်ပြောလိုက်သည်။ “ဆရာဝန်သုံးယောက် တစ်ခန်းတည်း အတူတူနေတယ်။ ဆေးရုံတစ်ရုံတည်း အတူတူလုပ်တယ်၊ တစ်ယောက်က ဆေးရုံ တစ်ရုံလုံး ပိတ်ပစ်လိုက်ရတော့မလောက် ပွေတယ်၊ရှုပ်တယ်၊ နောက်တစ်ယောက်က ပိုက်ဆံတစ်သန်းအတွက် လူနာရဲ့အသက်ကို သတ်တယ်၊ နောက်တစ်ယောက် က လူသတ်ခံရတယ်ခရိုင်အစိုးရရှေ့နေကြီးသည် စကားကို ခေတ္တရပ်ပြီး အသက် ပြင်းပြင်း ရှူလိုက်သည်။ ပြီးတော့မှ ဆက်ပြောသည်။
“သူတို့အားလုံး မိန်းမတွေ၊ သုံးယောက်စလုံး မိန်းမဆရာဝန် တွေချည်းပဲ၊ မီဒီယာတွေက သူတို့ကို ကမ္ဘာကျော်ပုဂ္ဂိုလ်တွေလို ဆက်ဆံနေကြတယ်၊ သူတို့အကြောင်း ရုပ်မြှင်သံကြားတွေက အသားပေး ထုတ်လွှင့်ကြတယ်၊ စာနယ်ဇင်းတိုင်းက မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြကြတယ်၊ အမယ်လေး ... ဟောလိဝုဒ်ကလည်း ရုပ်ရှင်ရိုက်ဦးမယ်တဲ့၊ အစိုးရကတောင် ပရက်စလေတို့လို သူတို့ပုံနဲ တံဆိပ်ခေါင်းထုတ်ဦးမလား မသိဘူး၊ ဒါလုံးဝ မဖြစ်သင့်ဘူး လုံးဝအဖြစ်မခံနိုင်ဘူး၊ ငါ့အနေနဲ့ တားကို တားရမယ်”
သူက “တိုင်းမ်” မဂ္ဂဇင်းအဖုံးပေါ်က အမျိုးသမီး ဓာတ်ပုံကို လက်သီးဖြင့် ဆောင့်လိုက်သည်။ ဓာတ်ပုံစာသားက “ဒေါက်တာ ပေ့ဂျ်တေလာ ... ကရုဏာရှင် နယ်မိမယ်လော (သို့မဟုတ်) သေမင်းတမန်လော” တဲ့။
“အင်း... ဒေါက်တာပေ့ဂျ်တေလာ” ရှေ့နေကြီး၏ အသံတွင် မာကျောပြီး ရွံ့ရှာမုန်းတီးသံပါနေသည်။ သူသည် သူ့လက်ထောက် အမှုလိုက် အစိုးရရှေ့နေ ဂတ်စ်ဗီနာဘယ် ဘက်သို့ လှည့်လိုက်ပြီး “ဒီမှာ... ဂတ်စ်... ဒီအမှုကို ခင်ဗျားလိုက်ရမယ်၊ ပြစ်မှုထင်ရှားအောင် လျှောက်လဲပါ၊ လူသတ်မှု ... သေဒဏ်ပေးကို ပေးရမယ်"
“စိတ်ချပါ ဆရာ" ဂတ်စ်ဗီနာဘယ် က လေသံအေးအေးဖြင့် ပြန်ပြောသည်။ “ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"
ထိုအမှုကို ဘရိုင်ယန်လမ်း က ဆန်ဖရန်စ္စကို တရားရုံးဟောင်းခန်းမကြီးထဲတွင် စစ်ဆေးသည်။ အဆောက်အအုံက ခုနစ်ထပ်အဆောက်အအုံ၊ တရားရုံးအပြင် ခရိုင်အကျဉ်းထောင်လည်း ပါဝင်သည်။ တတိယထပ်တွင် တရားရုံးရှိသည်။ ယခုလူသတ်မှုကို ရုံးခန်းအမှတ် ၁၂၁ တွင် စစ်ဆေးသည်။ တရားသူကြီး ကုလားထိုင်က ရုံးခန်းနံရံကို ကျောပေးထားသည်။ နောက်ဘက်တွင် အမေရိကန်အလံ ရှိသည်။ တရားသူကြီး၏ ဘယ်ဘက်တွင် ဂျူးရီလူကြီးများ ထိုင်ကြသည်။ အလယ်တွင် လမ်းကြားကလေးခြား၍ စားပွဲနှစ်လုံး ချထားသည်။ တစ်လုံးက အစိုးရရှေ့နေ (တရားလိုရှေ့နေ) အတွက် ဖြစ်ပြီး နောက်တစ်လုံးက တရားခံရှေ့နေအတွက် ဖြစ်သည်။
ရုံးခန်းထဲတွင် စာနယ်ဇင်းပေါင်းစုံမှ မှုခင်းသတင်းထောက်များနှင့် ပြင်ပပရိသတ်များဖြင့် ပြည့်ကျပ်နေသည်။ ဤလူသတ်မှုမှာ တခြားအမှုများနှင့် မတူဘဲ တစ်မူထူးခြားနေသောကြောင့် စိတ်ဝင်စားသူတွေ ကြိတ်ကြိတ်တိုး လာကြည့် ကြခြင်းဖြစ်၏။
အစိုးရရှေ့နေ ဂတ်စ်ဗီနာဘယ် ကိုယ်တိုင်ကလည်း စိတ်ဝင်စားစရာ ဖြစ်နေသည်။ ဆံပင်ဖြူဖုတ်သိုက်၊ မုတ်ဆိတ်မွေး ဗရစ်နှင့် ဧရာမ လူသန်လူထွားကြီး။ ဣနြေအပြည့်ဖြင့် တောင်ပိုင်းသား စိုက်ပျိုးရေးလုပ်ငန်းရှင်ရုပ်မျိုး ပေါက်နေသည်။ သူသည် ရာသီမရွေး သူအမြဲဝတ်လေ့ရှိသည့် ကော်လာကတုံးရှပ်အင်္ကျီနှင့် ဝတ်စုံအဖြူကို ဝတ်ထားသည်။
တရားခံရှေ့နေ အလန်ပင်းကတော့ ဂတ်စ်ဗီနာဘယ် နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်၏။ ကိုယ်လုံးကိုယ်ဖန် ကျစ်ကျစ်လျစ်လျစ်နှင့် သွက်လက်ဖျတ်လတ်ပြီး သူလိုက်ရသော တရားခံတိုင်းလိုလို ကွင်းလုံးကျွတ် လွတ်ကြသည် နာမည်ကြီးသည်။
ရှေ့နေနှစ်ယောက်တို့သည် ယခင်ကလည်း မျက်နှာချင်းဆိုင် ထိုင်ခဲ့ကြဖူးသည်။ သူတို့ အချင်းချင်း ဆက်ဆံရေးမှာ လေးစားမှုရှိသော်လည်း ယုံကြည်မှုမရှိသော ဆက်ဆံရေးမျိုးဖြစ်၏။ ယခုအမှုကို ရုံးတ်မစစ်ဆေးမီ တစ်ပတ်လောက်က ဒန်ပင်း သူ့ဆီလာတွေ့သဖြင့် ဂက်စ်ဗီနာဘယ် တော်တော်အံ့သြနေသည်။ “ကျွန်တော် အခွင့်အရေးတစ်ခု တောင်းချင်လို့ လာတာပါ ဂတ်စ်" “ပြောပါ အလန်၊ ဘာအခွင့်အရေးလ်” “ကျွန်တော် ဒီကိစ္စကို ကျွန်တော့်အမှုသည်နဲ့တော့ မဆွေးနွေးရသေးပါဘူး၊ ဒါပေမဲ့ သူ့ကို ဖျောင်းဖျပြောဆိုလို့ရနိုင်
လိမ့်မယ်လို့တော့ ကျွန်တော် ယုံကြည်ပါတယ်၊ ဆိုလိုတာက ဒီအမှုနဲ့ ပတ်သက်ပြီး သူ့မှာ လုံးဝ အပြစ်မရှိကြောင်း ကို လျှောက်လဲခိုင်းမလို့ပါ၊ အဲဒါဆိုရင် ပြစ်ဒဏ်လည်း လျှော့ပေါ့ နိုင်တယ်၊ ဒီအမှုအတွက် နိုင်ငံတော်မှာလည်း စရိတ် သက်သာနိုင်တယ်”
“ခင်ဗျားက ကျွန်တော့်ကို တောင်းပန်နေတာလား”
“ဟုတ်ပါတယ်”” ဂတ်စ်ဗီနာဘယ်သည် ကိုယ်ကိုငုံ့ပြီး စားပွဲပေါ်တွင် တစ်စုံတစ်ခုကို ရှာနေသည်။ “ပြက္ခဒိန် ဘယ်ရောက်နေပါလိမ့်၊ ဒါနဲ့ ဒီနေ့ ဘယ်နှရက်လဲဗျ"
“ဇွန်လ ၁ ရက်၊ ဘာဖြစ်လို့လဲ"
“နေပါဦးဗျ။ ကျွန်တော်က ခရစ္စမတ်နေ့များလားလို့၊ ခရစ္စမတ်နေ့မဟုတ်ရင် ခင်ဗျားက ကျွန်တော့်ဆီမှာ အခုလို လက်ဆောင်မတောင်းသင့်ဘူးဗျ”
“ဘယ်နှယ့်... ဂတ်စ်” တ်စ်ဗီနာဘယ် က ကိုယ်ကိုရှေ့သို့ ကိုင်းလိုက်ပြီး ...၊ “ဒီမှာ ကျွန်တော်ပြောမယ် အလန်၊ ရိုးရိုးတန်းတန်းဆိုရင် ကျွန်တော်က ခင်ဗျားနဲ့ ပြေပြေလည်လည် ဖြစ်ချင်ပါတယ်။
အမှန်ကိုပြောရရင် ကျွန်တော်က ဒီအချိန်မှာ အလာစကာသွားပြီး ငါးမျှားနေချင်တာ၊ ဒါပေမဲ့ အခြေအနေက “ ခင်ဗျားက သွေးအေးအေးနဲ့ လူသတ်တဲ့တရားခံဘက်က ရှေ့နေလိုက်နေတယ်၊ တရားခံက သာမန်လူတစ်ယောက်ကိုသတ်တာ မဟုတ်ဘူး။ လူနာရဲ့ ပိုက်ဆံကို လိုချင်တာကြောင့် ဒုက္ခသည် ဝေဒနာရှင်လူနာတစ်ယောက် သတ်တာ၊ ကျွန်တော်က အဲဒီတရားခံကို သေဒဏ်ပေးအောင် တရားလိုဘက်က ရှေ့နေလိုက်နေတာ”
“သူ့မှာ အပြစ်မရှိဘူးလို့ ကျွန်တော် ယုံကြည်တယ်၊ ကျွန်တော် ...”
ဗီနာဘယ်က တစ်ချက် ရယ်လိုက်ပြီးနောက် “မဟုတ်ဘူး၊ ခင်ဗျား မသိဘူး၊ ခင်ဗျား အမှုသည်က လူသတ်မှု ကျူးလွန်တာ ထင်ရှားတယ်" "ဂျူရီအဖွဲ့က ဘာမှ မပြောသေးပါဘူး ဂတ်စ်” “ပြောလိမ့်မယ်၊ ပြောကို ပြောလိမ့်မယ်”
အလန်ပင်း ပြန်သွားပြီးနောက် ဂတ်စ်ဗီနာဘယ်သည် ထိုင်ရာမှ မထသေးဘဲ ပြန်တွေးနေမိသည်။ အလန်ပင်း သူ့ဆီလာခြင်းသည် အားနည်းချက် လက္ခဏာဖြစ်၏။ သည်အမှုကို သူ့အနေဖြင့် လုံးဝ နိုင်ပေါက်မရှိဘူးဆိုတာ သူလည်း သိသည်။ ဘယ်လိုမှ ငြင်း၍မရသည့် သက်သေအထောက်အထားများနှင့် မျက်မြင်သက်သေများ မိမိတွင် အလုံအလောက် ရှိသည်။ ဂတ်စ်ဗီနာဘာယ်သည် သူ့အတွေးနှင့်သူ တော်တော်ဝမ်းသာသွားသည်။ ဘာမှ အထွေအထူး စောဒက တက်နေစရာ မလို။ ဒေါက်တာပေ့ဂျ်တေလာသည် သေဒဏ်က ပြေးမလွတ်တာ သေချာသည်။
ဂျူရီအဖွဲ့ ဖွဲ့ရတာလည်း လွယ်လှသည်မဟုတ်။ သည်အမှုက စာနယ်ဇင်းတွေမှာ လ အတန်ကြာ မျက်နှာဖုံး သတင်းကြီး ဖြစ်နေခဲ့သည်။ သွေးအေးအေးဖြင့် သတ်သည့် လူသတ်မှုကြောင့် ပြည်သူလူထုက အကြီးအကျယ် မကျေမချမ်း ဖြစ်ခဲ့ရသည်။ အကြီးအကျယ် ဒေါသထွက်ခဲ့ရသည်။
ရုံးထိုင်တရားသူကြီးက လူမည်းအမျိုးသမီး ဥပဒေပညာရှင် နက်ဆာယောင်း။ ခေါင်းမာသူ၊ ထက်မြက်သူအဖြစ် နာမည်ကြီးပြီး လာမည့်နှစ်တွင် အမေရိကန်တရားရုံးချုပ်တရားသူကြီး ဖြစ်လိမ့်မည်ဟု သတင်းကြီးနေသူလည်း ဖြစ်၏။ သူသည် ရှေ့နေတွေအပေါ်တွင် သိပ်ပြီးစိတ်ရှည်သည်းခံလေ့မရှိ။ ပင်ကိုက စိတ်တို စိတ်မြန်သူ ဖြစ်၏။ နက်ဆာယောင်းနှင့် ပတ်သက်၍ ဆန်ဖရန်စစ္စကို ရှေ့နေလောကတွင် ဆိုရိုးစကားတောင် ရှိသည်။
“ခင်ဗျားအမှုသည်မှာ အပြစ်ရှိတယ်ဆိုရင် ခင်ဗျားကလည်း အသနားခံဖို့ စိတ်ကူးရင် တရားသူကြီး ဗာနက်ဆာလောင်းရဲ့ ရုံးခန်းကို ဝေးဝေးကသာ ရှောင်ပါ" ဟူ၏။
အမှုကို ရုံးတင်စစ်ဆေးခင် တစ်ရက်က တရားသူကြီးယောင်းသည် တရားလို၊ တရားခံ အကျိုးဆောင် ရှေ့နေ နှစ်ယောက်စလုံးကို သူ့ရုံးခန်းသို့ခေါ်၍ ပြောသည်။
“ဒီအမှုနဲ့ပတ်သက်ပြီး ကျွန်မတို့ အခြေခံစည်းကမ်းတွေကို ချမှတ်ရမယ်၊ ဒီအမှုက အရေးကြီးတဲ့ အမှုဖြစ်လို့ တရားခံအနေနဲ့ တရားမျှတတဲ့ တရားစီရင်မှုကို ရရှိနိုင်အောင် သက်ညှာမှုတစ်စုံတစ်ခုပေးဖို့ ကျွန်မစိတ်ကူးထားတယ်။ ဒါပေမဲ့ အဲဒါကို အခွင့်ကောင်းယူဖို့ မကြိုးစားပါနဲ့လို့တော့ သတိပေးပါရစေ၊ ကျွန်မပြောတာ ရှင်းရဲ့လား”
“ရှင်းပါတယ် ခင်ဗျား”
“ရှင်းပါတယ် ခင်ဗျား"
ခရိုင်အစိုးရရှေ့နေကြီးသည် သူ၏ အဖွင့်မိန့်ခွန်းကို အဆုံးသတ်ပြောဆိုသည်။
“အဲဒီတော့ ... ဂျူရီလူကြီးများခင်ဗျား၊ ဒေါက်တာပေ့ဂျ်တေလာဟာ သူ့ လူနာ မစ္စတာဂျွန်ကရိုနင် ကို သတ်တယ်ဆိုတာသံသယကင်းစွာနဲ့ နိုင်ငံတော်က သက်သေပြနိုင်ပါလိမ့်မယ်၊ သူဟာ လူသတ်မှု ကျူးလွန်ရုံသာမက အသတ်ခံရသူရဲ့ပိုက်ဆံကိုလည်း ယူခဲ့ပါတယ်။ ပိုက်ဆံကလည်း နည်းနည်းနောနော မဟုတ်ပါဘူး၊ သူဟာ ဒေါ်လာတစ်သန်းအတွက်ဂျွန်ကရိုနှင်ကို သတ်ခဲ့တာ ဖြစ်ပါတယ်” “သက်သေအထောက်အထားတွေ အားလုံးကို ကြားနာစစ်ဆေးပြီးတဲ့အခါ ဒေါက်တာပေ့တေလာဟာ လူသတ်မှု က်ရက်စက်စက် ကျူးလွန်တယ်ဆိုတာ လူကြီးမင်းတို့အနေနဲ့ ဆုံးဖြတ်ဖို့ အခက်အခဲမရှိတော့ကြောင်း တွေ့ရပါလိမ့်ကျေးဇူးတင်ပါတယ်”
ဂျူရီလူကြီးများသည် မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေကြသည်။ သို့သော် စိတ်ဝင်စားစွာဖြင့် စောင့်ဆိုင်း နေကြခြင်း ဖြစ်၏။ အစိုးရရှေ့နေ ဂတ်စ်ဗီနာဘယ်သည် တရားသူကြီးဘက်သို့ လှည့်လျက် “ရုံးတော်က ခွင့်ပြုရင် နိုင်ငံတော်ရဲ့ ပထမဆုံး သက်သေအဖြစ် ဂယ်ရီဝီလျံ ကို ဆင့်ခေါ်ပါရစေခင်ဗျား"
ဂယ်ရီဝီလျံ ကျမ်းကျိန်ပြီးသောအခါ အစိုးရရှေ့နေက မေးသည်။
“ခင်ဗျားဟာ အင်ဘာကေဒရို ခရိုင်ဆေးရုံရဲ့ အထွေထွေ အကူလုပ်သား ဟုတ်သလား”
“ဟုတ်ပါတယ် ခင်ဗျား”
“မနှစ်တုန်းက ဂျွန်ကရိုနင်ကို ဆေးရုံသို့ ခေါ်လာတဲ့အချိန်မှာ ခင်ဗျားက အဆောင် (၃) မှာ လုပ်နေသလား”
“ဟုတ်ပါတယ် ခင်ဗျား”
"အဲဒီလူနာကို တာဝန်ယူရတဲ့ ဒေါက်တာက ဘယ်သူလဲ”
“ဒေါက်တာတေလာ”
ဒေါက်တာတေလာနဲ့ ဂျွန်ကရိုနှင်တို့ရဲ့ ဆက်ဆံရေးအခြေအနေ ဘယ်လိုရှိသလဲ”
“ကန့်ကွက်ပါတယ်”
တရားခံရှေ့နေ အလန်ပင်းက မတ်တတ်ထရပ်ပြီး ပြောလိုက်သည်။
“သူက သက်သေဆီက ဆုံးဖြတ်ချက် တောင်းခံနေပါတယ်”
“တရားလိုရှေ့နေ ဆက်မေးပါ”
တရားသူကြီးက ဖြတ်ပြောလိုက်သည်။
“ကျွန်တော် နောက်တစ်မျိုးလှည့်ပြီး မေးပါ့မယ်၊ ဒေါက်တာတေလာနဲ့ ဂျွန်ကရိုနင်တို့ နှစ်ယောက်ချင်း စကားပြောနေတာ ခင်ဗျားကိုယ်တိုင် ကြားဖူးသလား"
“ဟုတ်ကဲ့၊ ကြားဖူးပါတယ်၊ ကျွန်တော်က အဲဒီအဆောင်မှာ အချိန်ပြည့် အလုပ်လုပ်နေတာပါ"
“အဲဒီလို သူတို့နှစ်ယောက်ပြောနေတာဟာ မိတ်ဆွေချင်းပြောနေတာမျိုးလို့ ခင်ဗျားထင်သလား” “မထင်ပါဘူး ခင်ဗျား”
“ဘာဖြစ်လို့ မထင်တာလဲ”
“ဟုတ်ကဲ့၊ မစ္စတာကရိုနင် ရောက်လာတဲ့ ပထမနေ့ကို ကျွန်တော်ကောင်းကောင်း မှတ်မိနေပါတယ်၊ ဒေါက်တာ တေလာက သူ့ကို စမ်းသပ်စစ်ဆေးပါတယ်၊ အဲဒီအချိန်မှာ သူက ပြော ... ပြော" ခေတ္တတုံ့ဆိုင်းဆိုင်း ဖြစ်နေပြီးတော့မှ
“သူပြောတဲ့စကားအတိုင်း ကျွန်တော် ပြောလို့မှ ဖြစ်ပါ့မလား မသိဘူး”
“ပြောသာပြောပါ မစ္စဝီလျံ၊ ဒီရုံးခန်းထဲမှာ ကလေးတွေ မရှိပါဘူး”
“ဟုတ်ကဲ့၊ ခင်ဗျားရဲ့ အောက်ကမြင်းလက်ကြီးတွေနဲ့ ကျုပ်ကို မကိုင်ပါနဲ့လို့ သူက ပြောပါတယ်”
“သူက ဒေါက်တာတေလာကို အဲဒီလို တကယ်ပြောသလား”
“ဟုတ်ကဲ့ ခင်ဗျား”
“ခင်ဗျား တခြားမြင်တာ၊ ကြားတာတွေကို ရုံးတော်ကို ပြောပြပါဦး”
“ဟုတ်ကဲ့၊ သူက ဆရာဝန်မကို “သောက်ကမြင်းမ ́လို့ အမြဲတမ်း ပြောပါတယ်၊ သူ့အနားကို ဆရာဝန်မ လာတာ လုံးဝ မကြိုက်ဘူး၊ သူ့အခန်းထဲ ဆရာဝန်မ ဝင်လာတိုင်းလည်း "လာပြန်ပြီ ဒီသောက်ကမြင်းမ၊ ဒီသောက်ကမြင်းမ ကို နှင်ထုတ်လိုက်ပါ၊ ကျုပ်ကို တကယ့်ဆရာဝန်စစ်စစ်တစ်ယောက် ခေါ်ပေးပါ” ဆိုပြီး အမြဲလိုလို ပြောတတ်ပါတယ်”
ဂတ်စ်ဗီနာဘယ်သည် ဒေါက်တာပေ့ဂျ်တေလာ ထိုင်နေရာဘက်သို့ လှည့်ကြည့်လိုက်၏။ ဂျူရီလူကြီးတွေကလည်း သူကြည့်သလို ကြည့်လိုက်ကြသည်။
နာဘယ်က စိတ်မကောင်းသလိုဟန်ဖြင့် ဦးခေါင်းကို ခါယမ်းလိုက်သည်။ ပြီးတော့ သက်သေဘက် ပြန်လှည့်လျက် ... ။
“မစ္စတာကရိုနင်က ဒေါက်တာတေလာကို ဒေါ်လာတစ်သန်း ပေးချင်တဲ့လူဖြစ်မယ်လို့ ခင်ဗျားထင်လား” လန်ပင်း ရုတ်တရက် ထ ရပ်လိုက်ပြီး …
“ဒီမေးခွန်း ကန့်ကွက်ပါတယ်၊ သူက သက်သေဆီက ထင်မြင်ချက် တောင်းခံနေပြန်ပြီ”
“ကန့်ကွက်ချက် ပယ်ဖျက်တယ်" တရားသူကြီးက ပြောလိုက်သည်။
“တရားခံက မေးခွန်းကို ဖြေဆိုနိုင်တယ်”
“မထင်ပါဘူး၊ လူနာက ဆရာဝန်မကို တော်တော်မုန်းနေပါတယ်”
အလန်ပင်းက ပေ့ဂျ်တေလာဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ကုလားထိုင်တွင် ပြန်ထိုင်ချလိုက်သည်။ .