မောင်နေ၀င်း - လောကနှစ်ဆယ်လူနှစ်ဆယ်
ဆင်းရဲခြင်းသည် တရားခံ
"မိုးမခဘက်ဆီသို့ ကိုလှဆာတစ်ယောက် ထွက်ခွာသွားသည်မှာ နှစ်လ နီးပါးမျှ ကြာခဲ့ပြီဖြစ်သည်။ ကိုလှဆောင်သည် မိုးမခဘက်တွင်ရှိသော အင်းလုပ်နေသည့် ဆွေမျိုးသားချင်းများထံ၌ သူရင်းငှား အလုပ်လုပ်ရန် ထွက်ခွာသွားခြင်း မျှသာ ဖြစ်ပေသည်။
လင်သားဖြစ်သော ကိုလှဆောင် မရှိစဉ်ကာလအတွင်း မအေးငြိမ်းသည် မိမိကိုယ် မိမိ အပြစ်တင်၍ မဆုံးနိုင်အောင်၊ ၀မ်းနည်း၍ မပြီးနိုင်အောင် ဖြစ်ခဲ့ရ လေသည်။ ရန်ကုန်ကဲ့သို့သော မြို့ကြီးပြကြီး၌ ကလေးသုံးယောက်၏တာဝန်ကို ထမ်းဆောင်ရင်း ကျန်ရစ်ခဲ့သည့် မအေးငြိမ်း၏ဘဝမှာ အေးခြင်း၊ ငြိမ်းချမ်းခြင်း၊ မရှိသော ဘဝသာဖြစ်ပေသည်။
အဘယ့်ကြောဆိုသော် မအေးငြိမ်းသည် ကလေးသုံးယောက်နှင့် သူ၏ တဝမ်းတခါးအတွက် ဖြစ်သလို ရှာကြံအသက်မွေးနေရခြင်းကြောင့် ဖြစ်သည်။
လွန်ခဲ့သည့် ၁ နှစ်ကျော်ကျော်လောက်က ရန်ကုန်မြို့ကြီးသို့ ပြောင်းရွှေ့ခိုလှုံလာစက စ၍ ကျရာအလုပ်၊ ရရာအလုပ်ကို သိမ်းကျုံးလုပ်ကိုင်ခဲ့သည်သာဖြစ်ပေသည်။
သို့ရာတွင် သူတို့၏ဘဝမှာ ပိုလို့သာ ကြမ်းတမ်းခက်ထန်လာသည်။ ပိုလို့သာအခက်အခဲတွေ ၀န်းရံလာသည်။
ယခုမူ ရန်ကုန်မြို့အစွန်ရှိ ငမိုးရိပ်ချောင်းကမ်းပါး၌ နေထိုင်၍မဖြစ်နိုင် တော့လောက်အောင် အခြေအနေ ကျပ်တည်းဆိုးဝါးလာသည်။ ထို့ကြောင့်လည်းကိုလှဆောင်သည် ပိုးမခဘက်တွင် အတန်ငယ် ချောင်ချောင်လည်လည် ရှိနေသည် ဆိုသော သားချင်းများဆီသို့ အလုပ်အကိုင်ကလေးများ ရလိုရငြား ထွက်ခွာသွား ခြင်း ဖြစ်လေသည်။
ကိုလှဆောင် ထွက်ခွာသွားသည်မှာ နှစ်လနီးပါး ကြာလာသည့်အတွက် မအေးငြိမ်းနှင့် သားယောက်ျားကလေးသုံးယောက်တို့၏ နေရေး၊ စားရေးမှာ ပိုလို့သာ ကျပ်တည်းလာတော့သည်။ သို့မို့ကြောင့်လည်း မအေးငြိမ်းသည် တစ်သက်နှင့် တစ်ကိုယ် မပြုဘူးသော အမှုကို ပြုမူမိခဲ့၏။ ယခု အသက်အရွယ်ထိ မကြံစည်ဘူးသော အပြစ်ကို ကျူးလွန်ခဲ့၏။ ယင်းသည်ကား မိန်းကလေးတစ်ဦး၏ နားဆွဲကို အတင်း အဓမ္မဖြုတ်မိခြင်းပေတည်း၊
ညောင်တန်း သင်္ဘောဆိပ်၏ လူစည်ကားသော ကမ်းနဖူးတွင် ၈ နှစ် အရွယ် မရှိတရှိ မိန်းကလေးတစ်ဦး၏ နားဆွဲကလေးကို မအေးငြိမ်းက အဓမ္မ ဖြတ်ယူဖို့ ကြိုးစားခဲ့သည်။ သို့ရာတွင် ဤအလုပ်မျိုး၊ ဤအသက်မွေးဝမ်းကျောင်း ပညာမျိုး၌ ကျင့်သားမရှိသော မအေးငြိမ်းကို အနီးအပါးမှ လူများက လက်ပူး လက်ကြပ် ဝိုင်းအုံဖမ်းဆီး ရမိလိုက်ကြ၏။
အမှန်စင်စစ်အားဖြင့် ထမင်းနှင့် အစာရေစာကို တမ်းတနေကြပြီဖြစ်သော သားကလေးများနှင့် မိမိ၏ ဟာနေသော ဝမ်းဗိုက်တို့ကို ဖြည့်တင်းရန်အတွက် မအေးငြိမ်းသည် ကြံရာမရသည့်အဆုံး၌ ဤကောင်းမှုကို ကျူးလွန်လိုက်ခြင်းမျှသာ ဖြစ်လေသည်။
သူသည် ရူးသွပ်နေသူတစ်ဦး မဟုတ်သည့်အတွက် မိမိဘာလုပ်မိသည်ကို ကောင်းစွာသဘောပေါက် နားလည်သော မိန်းမသာတစ်ဦးဖြစ်၏။ ရိုးသားသောအလုပ်ကို လုပ်သလောက် လူလူတောင် မပြောင်စေကာမူ ထာဝစဉ် မညည်း မညူလုပ်လေ့ရှိသော လင်သားဖြစ်သူ ကိုလှဆောင်သာ သိသွားပါက အသည်းကွဲ မတတ် ရင်ကွဲပက်လက် ဖြစ်လိမ့်မည်ဟုလည်း ခန့်မှန်းမိသူဖြစ်၏။ အသက်အရွယ်အားဖြင့် ၈ နှစ်မျှပင် မရှိသေးသော မိမိရင်သွေးနှင့် ရွယ်တူ တန်းတူလောက်ရှိသည့် မိန်းကလေးတစ်ဦးထံမှ သူပိုင်သည့် ပစ္စည်းဥစ္စာကို မတရားသောနည်းဖြင့် လုယက်
ယူငင်ရန် ကြိုးပမ်းခြင်းမှာ တရားမဲ့လွန်းလှသည်။ ရှက်ကြောက်စရာ ကောင်းလွန်းလှ သည်ဟု တွေးတတ်သော အသိကလေးတော့ ရှိပေသေးသည့် မအေးငြိမ်းလည်းဖြစ်၏။
ဤအလုပ်မျိုးမှာ တရားဥပဒေက တားမြစ်ထားသော အလုပ်မျိုး ဖြစ်ကြောင်းကို ယေဘုယျသဘောအားဖြင့်လည်း သိပေ၏။ ထို့ထက်ပို၍ လက်ပူးလက်ကြပ် ဖမ်းဆီးရမိသည့် အခါမျိုး၌ အမျက်ဒေါသထွက်နေသူတို့၏ ဝိုင်းဝန်း ရိုက်ပုတ်ခြင်းစသော တရားမဝင်သည့် အပြစ်ဒဏ်နှင့် ဘေးအန္တရာယ်များ ခံရနိုင်သည်ကိုပါ စဉ်းစားထားမိသူဖြစ်ပေ၏။ အချုပ်ဆိုရသော် ငယ်စဉ်တောင်ကျေး ကလေးဘဝကစ၍ ကိုယ့်ဒူးကိုယ်ချွန် လယ်ယာကိုင်းကျွန်းယ်ကိုင်စားသောက်ကာ တစ်ဝမ်းတခါးအတွက် အသက်မွေးသည့် မိမိ၏ဘဝကို မသန့်ရှင်းသော အသွင်သို့ ပြောင်းပစ်တော့မှာပါကလားဟုလည်း ဝမ်းပမ်းတစ်နဲ တွေးမိသူဖြစ်ချေသည်။
သို့သော် ထွေပြားမြားမြောင်လှသည့် အတွေးများ၊ သံသယနှင့် စိုးရိမ်မှု များ အကြားမှပင် မအေးငြိမ်းသည် ယင်းမကောင်းမှုကို ကျူးလွန်မိခဲ့သည် သာတည်း။
(၂)
ရုံးခန်းမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ တရားသူကြီးထိုင်မည့် ကုလားထိုင်နှင့် စားပွဲရှေ့မှနေ၍ အနီရောင်ပိတ်ဖြင့် ကာထားလေရာ မှိုင်းသော ရုံးခန်း၏အရောင်နှင့် အနီရောင်တို့ ပေါင်းစပ်လျက် ရုံးခန်းမှာ ပို၍ ဟိတ်ဟန်ကြီးမား နေသလားဟု ထင်ရ၏။
ရုံးခန်း၏ တစ်ခုသော နံရံ ၌ကား အရောင်အဆင်းဟူ၍ လုံးလုံးမရှိ သည့် သစ်သားဘီရိုတစ်လုံးကို ချထားလေ၏။ ထိုဘေးတွင် ဖုန်မှုန့်များ ပေရေနေ သည့် ဖိုင်တွဲအချို့ တင်ထားသော စင်ကလေးတစ်ခုကိုလည်း တွေ့ရသည်။ ဝက်ခြံ ကလေးအတွင်း၌ ချထားသော ခုံတန်းလျားအပြင် ရုံးခန်း၏နောက်ဘက် နံရံနား၌လည်း ခုံတန်းရှည်တစ်ခုကို ချထားပေရာလာရောက်နားထောင်သူများနှင့် တရားခံ များအတွက် ထိုင်စရာနေရာများပင် ဖြစ်ပေသည်။
တရားသူကြီးထိုင်ရာ စင်ကလေး၏ ရှေ့တွင် ကပ်လျက်သား စားပွဲကြီး တစ်ခုနှင့် ကုလားထိုင် ၄ လုံးကို ချထားပေး၏။ ဤနေရာမှာ ၀တ်လုံတော်များနှင့် ရှေ့နေများအတွက် ဖြစ်သည်။ကျွန်တော်သည် ထိုနေရာရှိ ကုလားထိုင်တစ်လုံးတွင်ဝင်ထိုင်နေမိလိုက်ပါသည်။ မအေးငြိမ်း၏ ခင်ပွန်းသည် ကိုလှဆောင်မှာ သူ့ဇနီး၏ သတင်းကို ကြားရသည့်အတွက် “မိုးမခ' ဘက်မှ ကမန်းကတန်း ပြန်လာခဲ့ပြီးနောက် ယခင်က သိဖူးကျွမ်းဖူးဖြစ်သော ကျွန်တော့်အား အကူအညီပေးပါရန် မေတ္တာရပ်ခံ ခဲ့၏။
လွန်ခဲ့သော တစ်နှစ်ခန့်က ကိုလှဆောင်သည် သူ့မိတ်ဆွေတစ်ဦး၏ မြေမှုအတွက် ကျွန်တော့်အား လာရောက်ငှားရမ်းရာတွင် ပါဝင်ခဲ့ပြီး ထိုမြေမှုကို ကျွန်တော် လိုက်ပါဆောင်ရွက်သဖြင့် အနိုင်ရရှိခဲ့ဖူးပေ၏။ ထိုအချိန်ကစ၍ကိုလှဆောင်က ကျွန်တော့်အား သိသလို ကျွန်တော်ကလည်း ကိုလှဆောင်အား မှတ်မိနေခြင်း ဖြစ်ပေသည်။
ယခုတစ်ခေါက် ကိုလှဆောင်က ကျွန်တော့်အား လာရောက်၍ အကူအညီ တောင်းခံရာတွင် အလွန်တရာ ညှိုးနွမ်းချုံးကျနေသော သူ့အဖြစ်ကို ကျွန်တော် သတိထားမိပါသည်။ သူ၏မိန်းမဖြစ်သူ မအေးငြိမ်း ကျူးလွန်ခဲ့သောအမှုကို လုံးစေ့ ပတ်စေ့ ၎င်းကပြောပြသည်။ လျှို့ဝှက်ထိန်ချန်ခြင်းဟူ၍ လုံးဝမရှိဘဲ “ကျွန်တော် ရှက်လည်း ရှက်ပါရဲ့ခင်ဗျာ”ဟု အစချီကာ ဖြစ်ပုံကို ပြောပြသွားလေ၏။
ယနေ့တော့ မအေးငြိမ်းအား ရုံးထုတ်လာကြပေပြီး သူတို့ လင်မယား နှစ်ယောက်သည် အနောက်ဘက်နံရံနားတွင် ကျနေသော ခုံတန်းလျားပေါ်၌ ညိုညို။ ငယ်ငယ်နှင့် ထိုင်နေကြပေ၏။ တရားလိုဖြစ်သူများနှင့် သက်ဆိုင်ရာ အလိုက် ရဲအရာရှိပင် ရောက်ရှိလာလေပြီ။
တရားသူကြီး ရောက်လာမီ အချိန်ပိုင်းကလေး၌ ကျွန်တော်သည် မအေးငြိမ်းနှင့် ပတ်သသက်နေသော အမှုတစ်ခုလုံးကို ခြုံ၍စဉ်းစားနေမိပါသည်။ အမှန်စင်စစ်အားဖြင့် အမှုသွား အမှုလာကို လေ့လာရုံမျှဖြင့် မအေးငြိမ်းမှာဤ ပြစ်မှုမှ ပြေးမလွတ်အောင် ပေါ်လွင်ထင်ရှားလျက် ရှိနေပြီဟု ကျွန်တော် တွေးမိပါ သည်။
ကလေးမကလေး၏ နားဆွဲကို ဖြုတ်ယူရန် ကြိုးပမ်းသည်မှာ မှန်ပေ၏။ ဘေးနားက လူများဝိုင်းဖမ်းကြသည်မှာလည်း မှန်ပေ၏။ ကာယကံရှင် ကလေးမ ကလေးနှင့် သက်သေများကလည်း မအေးငြိမ်းပါဟု အတပ် လူဆွဲပြထားသည်သာ မက မအေးငြိမ်းကိုယ်တိုင်က သက်ဆိုင်ရာ ဌာနတွင် ဖြောင့်ချက်ပေးပြီးဖြစ်၏။
ဤသို့ဆိုလျှင် အမှုမှာ ရှင်းနေပေပြီး ကျွန်တော်ကဲ့သို့သော သာမန်ရှေ့နေ ရှေ့ရပ် တစ်ဦးကို ငှားရမ်းလောက်အောင် အရေးပါလှသော အမှုမဟုတ်စေကာမူ ကိုလှဆောင်သည် စိုးရိမ်သောကကြီးစွာဖြင့် ကျွန်တော့်အား အကူအညီတောင်းခံခဲ့
သည့်အတွက် ရုံးသို့ လိုက်လာခဲ့ခြင်းသာ ဖြစ်ပေရာ အမှုစစ်ပုံကို ထိုင်၍ကြည့်ရန်သာရှိပါတော့သည်။
အတွေးကောင်းနေခိုက်မှာပင် တရားသူကြီးသည် စင်မြင့်ပေါ်သို့ တက်လာ ကာ ၎င်း၏ ကုလားထိုင်မြင့်ကြီး၌ ထိုင်ချလိုက်လေ၏။ သူ၏ ရုပ်လက္ခဏာမှာ နှုတ်ခမ်းထူထူး အသားညိုညိုနှင့် အညာအရပ်မှလာသူ အညာသားကြီးတစ်ဦးနှင့် တူလှပေသည်။ တရားခံ၏အမည်ကိုခေါ်သော တရားသူကြီး၏အသံမှာ အခန်း အတွင်း ဟိန်းလျက်ရှိလေ၏။
“မအေးငြိမ်း - ဟုတ်လား”
“ဟုတ်.. ဟုတ်ကဲ့”
မအေးငြိမ်း၏အသံမှာ ယဲယဲမျှသာပေါ်ထွက်လာသည်။ နံဘေးမှ ၀ိုင်းကြည့် နေသူများကိုသာမက တရားသူကြီးနှင့် ကျွန်တော့်အပြင် သက်ဆိုင်ရာ ရုံးအမှု ထမ်းများကိုပါ ရှက်နေဟန် တူပေသည်။
ကိုလှဆောင်ကား ခုံတန်းလျားပေါ်၌ အသက်ကင်းမဲ့နေသူပမာ မလှုပ် မယှက် ထိုင်နေဆဲပင်တည်း။
“ဖအေနာမည် ဦးဘိုးခ၊ အမေ ဒေါ်ငွေဆင် ဟုတ်ရဲ့လား"
“ဟုတ်ကဲ့"
တရားသူကြီးသည် ထုံးစံအတိုင်း အမူတွဲ၌ ဖော်ပြထားသော တရားခံ၏ အမည်နာမ မိဘအမည်နာမနှင့် နေရပ်လိပ်စာတို့ကို မှန်မမှန် စစ်ဆေးနေလေ၏။
“ကဲ... အဲဒီတော့ မအေးငြိမ်းက ကလေးမကလေးရဲ့ နားဆွဲကို အတင်းအဓမ္မ ဖြုတ်ဖို့ ကြံစည်တယ်လို့ ဆိုတယ် တိုတိုပေါ့၊ ဟုတ်ရင် ဟုတ်တယ်လို့ သာပြော"
အမှန်စင်စစ်အားဖြင့် မအေးငြိမ်းအား တရားသူကြီးက စစ်မေးသည့်အခါ၌ အဘယ်ပုံ ဖြေကြားရမည်ကို ကျွန်တော်က ပြောပြပြီးဖြစ်သည်။ ရာဇသတ်ကြီးပုဒ်မ (၃၅၉) ကို မအေးငြိမ်း ကျူးလွန်မိပြီးဖြစ်သည်ဟု ကျွန်တော်ကိုယ်တိုင်ကလည်းယူဆလျက်ရှိသည့်အတွက် တရားသူကြီး၏ ထောက်ထားညှာတာမှုအပေါ်၌သာ မအေးငြိမ်း၏ ကံကြမ္မာတည်နေလေပြီဟုလည်း တွက်ဆထားခဲ့သည်။
မအေးငြိမ်းသည် တရားသူကြီး၏ အမေးများကို မဖြေသေးဘဲ ကျွန်တော် ၏ မျက်နှာဆီသို့လည်းကောင်း တရားသူကြီးဆီသို့လည်းကောင်း မျက်စိသူငယ်နှင့် သာ ကြည့်နေလေ၏။
“ဟုတ်ကဲ့” တရားသူကြီးက မအေးငြိမ်း၏အဖြေကို ရပြီးနောက် ကျွန်တော့်အား တစ်ချက်မျှ လှမ်းကြည့်ကာကျူးလွန်သောပုဒ်မနှင့် အပြစ်ပေးပုဒ်မများကို ထုံးစံ အတိုင်း လျှောက်ဖတ်နေလေသည်။
ထို့နောက် မောပန်းသွားဟန်နှင့် ဥပဒေစာအုပ်တွေကို ပိတ်ကာ ခေတ္တမျှ ငိုင်နေပြန်သည်။ ကျွန်တော်ကား အမှုသည် မအေးငြိမ်းအတွက် တရားဝင်ထားခြင်းခံရသော ကိုယ်စားလှယ်လွှဲ ခန့်အပ်ထားခြင်းခံရသော ရှေ့နေတစ်ဦး မဟုတ်ပါ။ ကိုလှဆောင်၍ တောင်းပန်မှုအရ သိကျွမ်းဖူးသူ တစ်ဦးတစ်ယောက် အားပေးရန် အတွက်နှင့် အကြံဉာဏ်ပေးနိုင်ရန် အတွက်လောက်သာ ဤရုံးပေါ်သို့ ပါလာသူတစ်ဦးဖြစ်သည့်အတိုင်း ထိုင်ကြည့်ကာသာ နေရပေသည်။
“သိပ်မိုက်တဲ့ သူငယ်မပဲ”ဟု တရားသူကြီးက ကြိမ်းမောင်းဆူပူလေ သည်။ တရားသူကြီး၏ အသံမှာ တိတ်ဆိတ်နေသော အခန်းအပြင်ဘက်အထိ လျှံထွက်သွားလောက်အောင် “ဟိန်းသွားလေရာ အေးငြိမ်းမှာ ရှက်လွန်း၍ထင်ပါ သည်၊ မျက်နှာကို အောက်လျက် ညိုမှိုင်းသော ကြမ်းပြင်ကိုသာ စူးစိုက်၍ကြည့်နေ လာ၏။
“တခြား မင်းလိုကလေးများတဲ့ မိန်းမတွေ အများကြီးပဲ၊ သူတို့ ဒီလိုပဲ လုပ်ကြသလားဟင်"
မအေးငြိမ်းက ဘာမျှပြန်မပြောချေ။
“ဒါ မင်းယောက်ျားနဲ့ အပေါင်းအသင်းမိတ်ဆွေတွေ မျက်နှာကြောက်လို့ ငါ ညှာညှာတာတာ အမိန့်ချမယ် ကြားလား၊ နို့မို့ရင်မင်းကို အများကြီးနောင်ကြဉ် အောင် အပြစ်ပေးဖို့ကောင်းတယ်”
တရားသူကြီး၏အသံကြောင့် အပေါက်ဝဘက်တွင် လူများစုပြုလာကြသည်။ သူတို့သည် ဝက်ခြံအတွင်းရောက်နေသော မအေးငြိမ်းအား ဖမ်းမိလာသည့် တိရစ္ဆာန်တစ်ကောင်ကို တွေ့ရသလို ဝိုင်းကြည့်နေကြလေ၏။
မအေးငြိမ်းကို ကျွန်တော် မသိမသာလှမ်းကြည့်မိသည်။ အသက်ရှူပုံ မမှန်သဖြင့် ရင်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ငြိမ်းကြေနေသော အဝတ်အစား များနှင့် မျက်နှာမှာ ပိုလို့သာ ဖျော့တော့ နွမ်းလျလာသည်ဟု ကျွန်တော် ထင်ပါသည်
“တစ်ထောင်တန် အာမခံနှစ်ယောက်နဲ့ တစ်နှစ်အတွင်း ကောင်းစွာနေ”
တရားသူကြီး၏ စီရင်ချက်မှာ ဤမျှသာ ဖြစ်လေသည်။ မအေးငြိမ်းကား မလှုပ်မယှက် ရှိနေဆဲပင်တည်း။
ကျွန်တော်သည် တရားသူကြီး၏ စီရင်ချက် အပြစ်ပေးချက်နှင့် ပတ်သက် ၍ မည်သို့မျှ ပြောရန်ဆန္ဒမရှိ၊ပြောပိုင်ခွင့်လည်း ကျွန်တော့်တွင်မရှိ၊ သင့်တင့် မျှတသော သက်ညှာမှုဖြင့် အေးငြိမ်းအပေါ် အပြစ်ပေးခြင်း ဖြစ်သည်ဟုလည်း ယူဆပေသည်။ သို့ရာတွင် တရားခံအပေါ် သတ်မှတ်ချက်နှင့် ပတ်သက်၍ တရားသူကြီးနှင့် ကျွန်တော် သဘောထားမှာ ကွဲလွဲခြားနားကြပေသည်။ တရား သူကြီးက မအေးငြိမ်းကို တရားခံဟုခေါ်ကာ အပြစ်ပေးလိုက်လေသည်။ တရားခံ သည် မအေးငြိမ်း မဟုတ် ဆင်းရဲခြင်း ပတ်ဝန်းကျင်သာ ဖြစ်သည်ဟု ကျွန်တော်က ယူဆသည်။
မအေးငြိမ်းသာ တရားခံလော ဆင်းရဲခြင်းသာ တရားခံလောဟု မေးခွန်း ပုစ္ဆာထုတ်ကာ အဖြေရှာနေခိုက် မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းနေသော မအေးငြိမ်း သည် အသက်ကင်းမဲ့နေသလို ဖြစ်နေသော သူ့ယောက်ျား၏နံဘေးတွင် သံပတ် မကုန်သေးသည့် စက်ရုပ်ပမာ တိတ်ဆိတ်စွာ သွား၍ထိုင်ချလိုက်သည်ကိုသာ တွေ့မြင်နေရပေသတည်း။
ငွေတာရီ
မေလ၊ ၉၆