Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မောင်နေဝင်း၊မင်းကျော်၊နတ်နွယ် - တြိဂံ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

အနိမ့်ဘုံ

လှိုင်မြစ်၏ကမ်းပါးတွင် သဲသောင်အပြန့်အပြူးဟူ၍မရှိ။ ရေရိုင်း တို့ တဝုန်းဝုန်း တိုက်ခတ်နေသော မြင့်မားမတ်စောက်သည့် ကမ်းနဖူး များသာရှိ၏။ ရေသည်ရိုင်း၏။ လှိုင်းတွေ၊ လေတွေကြီး၏။

တောင်အရပ်ဆီမှ မည်းကာပိတ်ကာ ဆို့ဆိုင်းတက်လာသော မိုးရိပ်မိုးဆင်ကြောင့် ရပ်ရှစ်ခွင်သည် ညိုမှိုင်းမှုန်ပြာလျက်ရှိလေ၏။ ယင်း အခါမျိုးတွင် မုတ်သုံလေသည် ကြမ်းကြမ်းတမ်းတမ်း ရိုက်ကြူးတိုက် ခတ်လာ၏။ လှိုင်မြစ်ရိုးတစ်လျှောက်၌ ဆောက်တည်ရာမရလောက်အောင် လှုပ်ရှားထကြွလာတတ်သည်။ မြစ်ပြင်သည် လှိုင်းတံပိုးများဖြင့် ပြည့်လျှမ်းလျက် ကမ်းပါးတစ်ဖက်တစ်ချက်ရှိ ကျူတော၊ ကိုင်းတောကြီး များ၊ သစ်ကြီးဝါးကြီးများမှာလည်း ဒယီးဒယိုင် ယိမ်းထိုးနေတတ်ကြ သည်။

ဤကဲ့သို့သော အချိန်ကာလမျိုးတွင် အမေသည် ကျွန်တော့် အတွက် တေးတစ်ပုဒ်ကိုဖြစ်စေ၊ တစ်ပိုင်းတစ်စကိုဖြစ်စေ သီဆိုကာ ချော့မော့မြဲတည်း။

မိုးမင်း... လွန်ကဲ... အံ့ဖွဲစွေကာ. ရွာပင်သာရွာလှ... ပင်လုံး လန်း ကားကား... ရုံးအဆင့်ဆင့်ပြိုင်ဖျား.. နူးညွတ်စေဖွယ်သား”

အမေက မိုးကိုဖွဲ့သော ကြိုးသီချင်းကို သီဆိုပါသည်။ အမေ ဆိုဖန်များလှပြီဖြစ်သဖြင့် ဤကြိုးသီချင်းကို ကျွန်တော်ကလည်း အလွတ် ရနေလေပြီ။

တေးဆိုနေသော အမေ့အသံကား ကြည်လင်အေးမြသည်ဟု ကျွန်တော်ထင်ပါသည်။ အသံသည်တိုး၏၊ ဖြည်းညင်း၏။ နွေဦး လေပြည်လို ပျောင်းနွဲ့ ၏။ အမေတေးဆိုလျှင် ကျွန်တော့်စိတ်၌ ကြည်နူး ရသလောက် ဘာကြောင့်ရယ်မသိ၊ ဝမ်းနည်းတတ်သည်သာဖြစ်၏။ တစ်ခါတစ်ရံတော့ အမေက စိန်ခြယ်ဖြာရောင်လင်း” ကို ဆိုတတ်သည်။ စိန်ခြယ်ဖြာရောင်လင်းကား အသံအတက်အကျ အနွဲ့ အပျောင်း ပိုများ သည်။ ထို့ကြောင့် ကျွန်တော် ပို၍ဝမ်းနည်းသည်။ ဘာကြောင့်ဆိုသည် ကိုကား ကျွန်တော်မသိပါ။

ထိုစဉ်က ကျွန်တော့်အသက် ခြောက်နှစ်ရှိပါပြီ။ ကျွန်တော့်အမေ ၏အမည်မှာ “မစု” ဖြစ်ပါသည်။ ကျွန်တော့်အမေမစုနှင့် ဘဘဟု ကျွန်တော်ကခေါ်သော “ကိုကြိုင်တို့တွင် သားသမီးဟူ၍ ကျွန်တော် တစ်ယောက်တည်းသာ ရှိလေသည်။ ။

အမေနှင့်ကျွန်တော်သည် ဘောလယ်ကျွန်းကြီးရှိ ကုက္ကိုရွာ ကလေးသို့ ရောက်နေကြ၏။ အမေကား ကုက္ကိုဝရွာ ဇာတိဖြစ်ပြီး ဘဘ မှာမူ တွံတေးဝနှင့် မအူပင်အကြားရှိ ထနီး-မိချောင်းရဲရွာဇာတိဖြစ်၏။ ယခု ကုက္ကိုဝသို့ ကျွန်တော်နှင့်အမေတို့ ရောက်ရှိနေခိုက် ဘဘမှာ ကုက္ကိုဝ တွင်မရှိ။ မိုးမခဘက်သို့ ရောက်နေ၏။

ကုက္ကိုဝ ရွာကလေးသည် ကျယ်ဝန်းလှသော လှိုင်မြစ်၏ကမ်း နဖူးတွင် တည်ရှိပါသည်။ ရွာကလေးသေးသလောက် လှိုင်မြစ်မှာ ကျယ်ဝန်းလှသည်ဟု ကျွန်တော်ထင်ပါသည်။ ကုက္ကိုရွာကလေးက နုနယ် သလောက် လှိုင်မြစ်ကား ကြမ်းတမ်းခက်ထန်လှသည်ဟုလည်း ကျွန်တော် နားလည်ထားပါသည်။ လှိုင်မြစ်သည် ကုက္ကိုရွာ၏ ကမ်းပါးတွေကို ဖြိုချ၏။ ဒေါသမာန်ခက်ထန်သော လှိုင်းလုံးများဖြင့်လည်း ရိုက်ပုတ်၏။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုလျှင် ရေပြင်အောက်သို့မြှုပ်ပစ်၏။ ရွာကို သာမက ရွာအနောက်ဘက်က စိမ်းမြသော လယ်ကွင်းတွေကိုပါ ရေလုံး များဖြင့် အဆက်မပြတ် လွှမ်းမိုးပစ်၏။ သို့မို့ကြောင့် ကုက္ကိုဝတွင်နေရ သည်မှာ ကျွန်တော့်အတွက် မျက်စိသူငယ် အားငယ်ငယ်အဖြစ်မျိုး၌သာ  ရှိနေတတ်၏။

မိုးစက်မိုးပေါက်တွေ ကျဆင်းလာလေပြီ။ အပြန့်အပြောကျယ် လှသော လှိုင်မြစ်ပြင်တွင် မိုးတံတိုင်းကြီး ကာရံထားလေသည်။ သို့ရာ တွင် လှိုင်းသံတွေကို ကြားရသေးသည်။ ဝဲကတော့ ထိုးသံတွေကိုလည်း ကြားရသေးသည်။ မိုးသံလေသံ၊ ဝဲကတော့ထိုးသံ၊ လှိုင်းပုတ်သံများဖြင့် ဝန်းကျင်လောကတစ်ခုလုံး ပျက်သုဉ်းနေသလား ထင်ရသည်။

အမေကား သီချင်းကိုရပ်ကာ ပွင့်နေသောက်လားကို အောက်သို့ နှိမ့်ထားလိုက်ပြီးနောက် မိုးဝတ်ရုံကြီး ဆင်မြန်းထားသော လှိုင်မြစ်ဆီသို့ ငေးကြည့်နေသည်။ အမှန်အားဖြင့် အမေ့မျက်စိအာရုံသည် လှိုင်မြစ် ရေပြင်ထက်မှ မိုးဝတ်ရုံကို ထိုးဖောက်ကာ မိုးမခဆီသို့ မျှော်ဖောက် ထွင်းရန် ကြိုးပမ်းနေခြင်းသာ ဖြစ်ပါလိမ့်မည်။ တကယ်ဆိုရလျှင် မိုးမခ ကိုကား မြင်ရသည်မဟုတ်။

မိုးမခကား လှိုင်မြစ်၏တစ်ဖက်ကမ်း မဲဇလီရွာမှ အလွန်ဝေးသော ရေပြင်မြေပြင်နှင့် အင်းအိုင်ချောင်းမြောင်းတွေ ခြားနေသော အရပ်၌သာ ရှိနေပေ၏။

မိုးမခမှာ အခုလို အချိန်မျိုးဆိုရင် လှိုင်းတွေလေတွေ သိပ်ကြီးနေတော့မယ်၊ ဘုရား.. ဘုရား၊ လူလေးရဲ့ ဘဘ ဘေးကင်းပါစေ၊ မြွေ ဘေး ကင်းဘေးက လွတ်ကင်းပါစေ”

မိုးမခဆိုတာ ဘာလဲ အမေ”

အင်းပေါ့ သားရယ်၊ အင်းမှ တကယ့် အဓိကအင်း၊ အခုလို မိုးကောင်းတဲ့အချိန်မျိုးဆိုရင် မိုးမခဟာ တစ်ဖက်ကမ်းနဲ့တစ်ဖက်ကမ်း လှမ်းမမြင်နိုင်တဲ့ ပင်လယ်ကြီးလို ဖြစ်နေတယ် လူလေးရဲ့”

ရေတွေ ကြီးနေတာပေါ့ နော်”

ဟုတ်တယ် လူလေး၊ ရေ သိပ်ကြီးတယ်၊ အဲဒီအင်းကြီးထဲမှာ ဒိုက်ဖတ်ကြီးတွေမျောလို့၊ ဒိုက်ဖတ်တွေကကြီးသလောက် အန္တရာယ် သိပ်များတာလူလေးရဲ့ ၊ မိုးမခအင်းမှာ မိုးညို တက်လာတာနဲ့ တစ်ပြိုင်နက် လှိုင်းတွေလေတွေ ထန်တော့တာပဲ၊ ဒိုက်သရောကြီးတွေပိလို့ သေကြရတဲ့ အင်းသမားတွေရှိတယ်၊ ဒိုက်သရောကြီးတွေနားကပ်လို့ မြွေပါးကင်းပါး ထိပြီး သေကြရတဲ့လူတွေလည်းရှိတယ်၊ မိုးမခက အင်းသမားတွေဟာ သိပ်ဆင်းရဲကြီးတယ်၊ ပင်ပန်းတယ်၊ အန္တရာယ်လည်း အင်မတန်များ တယ် လူလေးရဲ့ ၊ ဒါကြောင့် လူလေးဘဘအတွက် အမေက စိတ်ပူတာ ပါ”

ဘဘက ဘာသွားလုပ်တာလဲဟင်”

အမေသည် ကျွန်တော့်နဖူးပြင်ကို လက်ဖဝါးဖြင့် ပွတ်နေ၏။ အမေ့လက်ဖဝါးက ကြမ်းတမ်းလှပါ၏။ ကွာနေသော အရေခွံတွေက ကျွန်တော့်နဖူးပြင်ကို စူးရှစေသည်။ တံစဉ်ကိုင်ရ၊ ခနွှဲတံကိုင်ရ၊ ကိုင်းရှ ရဖန်များလွန်းသော အမေ့လက်ဖဝါးကြမ်းကြီး၏အတွေ့ကို ကျွန်တော် ကောင်းစွာ ယဉ်ပါးပြီမို့ အဆန်းတကြယ်ဟု မထင်တော့ပါ။

“အလုပ်သွားတာပေါ့ လူလေးရယ်”

ကျွန်တော့်နဖူး ဆံစတွေကိုသပ်ပေးရင်း အမေက ဖြေပါသည်။

အဲဒီ မိုးမခမှာ ဘာအလုပ်လုပ်တာလဲ အမေ”

“အင်းအလုပ် လုပ်ရတယ်၊ ငါးဖမ်းရတယ်”

“ဘဘက လယ်မလုပ်ဘူးလား” အမေက သက်ပြင်းချပါသည်။

အမေအဘယ့်ကြောင့် သက်ပြင်းချရသည်ကို ကျွန်တော်သိသည်။

အမေးအမြန်းထူလှရန်ကောဟု စိတ်မရှည်သည့်အတွက် သက်ပြင်းချ ခြင်းမဟုတ်သည်မှာ သေချာလှသည်။ အဘယ့်ကြောင့် လယ်မလုပ်နိုင် သနည်းဆိုသော အကြောင်းကို ရှင်းပြရမှာ ဝန်လေးနေခြင်းကြောင့်သာ ဖြစ်လိမ့်မည်ဟု ကျွန်တော် နားလည်ထားပြီးဖြစ်ပါသည်။

အခုတော့ မလုပ်သေးဘူး လူလေးရဲ့ ၊ မိုးမခမှာပဲ ဒီတစ်မိုး အလုပ် လုပ်မယ်လို့ မင်းဘဘက ပြောသွားတာပဲ၊ နောက်ကျတော့ လယ်ပဲပြန် လုပ်ချင် လုပ်ဦးမှာပေါ့”

ဒါဖြင့် ဘဘ ဘယ်တော့ပြန်လာမလဲ”

“အင်းအလုပ်သိမ်းချိန်ကျရင် ပြန်လာမှာပေါ့ လူလေးရယ်”

မိုးသည် ဖွဲရာမှသည်းလာ၏။ လေကလည်း ထန်သည်ထက် ထန်လာသည်။ ကောင်းကင်ပြင်သာမက ပတ်ဝန်းကျင်တစ်ခုလုံးမှာ လည်း မည်းမှောင်လာသည်။ ဆောက်တည်ရာမရနိုင်သည့် သောက ဗျာပါဒများဖြင့် လုံးထွေးရစ်ပတ်နေသူအလား လောကတစ်ခွင်သည် မိုးစက်မိုးပေါက်များဖြင့် ငိုကြွေးလေ၏။ ။

အမေကား နှိမ့်ချသော ကဲလားကို လုံးလုံးလျားလျား အောက်သို့ ချကာ ပိတ်ထားလိုက်လေ၏။ သို့မို့ကြောင့်လည်း တဲအတွင်း၌ မှောင် သွားသည်။ ဓနိမိုးပေါ်သို့ မိုးပေါက်များ အရှိန်ပြင်းစွာ ကျဆင်းလျက်ရှိ သည်။ လေကလည်း တဲတစ်ခုလုံးကို သိမ့်သိမ့်တုန်အောင် ဝှေ့ယမ်းတိုက် ခတ်သည်။

တြိဂံတွင် ပါဝင်သော ဝတ္ထုများသည် စာရေးသူ မောင်နေဝင်း၊ မင်းကျော်၊ နတ်နွယ်တို့က ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ပေးခဲ့ကြသည့် ဝတ္ထုများ ဖြစ်သည်။ နတ်နွယ်၏ ဝတ္ထုသည် ၁၉၅၄ က ရေးခဲ့ပြီး မင်းကျော်နှင့် မောင်နေဝင်းတို့၏ ဝတ္ထုများမှာမူ ၁၉၆၈ က ရေးခဲ့သည်။ ကျွန်တော်တို့သည် ဝတ္ထုများစွာကို ဖတ်နေကြ၏။ ဝတ္ထုများစွာလည်း ပေါ်ထွက်လျက် ရှိပေ၏။ မည်ကဲ့သို့သော ဝတ္ထုများ ပေါ်ထွက်နေပြီး မည်ကဲ့သို့သော ဝတ္ထုများ ဖတ်နေကြသနည်း။ စာချစ်သူများ အချင်းချင်း မေးသင့်မေးထိုက်သော မေးခွန်းဖြစ်ပါသည်။ ဝတ္ထုရေးသူသည် မည်သည့် ဦးတည်ချက်ဖြင့် ရေးသနည်း။ စာဖတ်သူအပေါ်၌ သူဘာကို ပေးလိုသနည်း။

မောင်နေဝင်း

မောင်နေဝင်းကို ကုန်သည်ဦးစိန်ရ၊ ဒေါ်ရှုယဉ်တို့က ၁၉၃၀ ပြည့် နှစ်၊ မေလ ၁၄ ရက်နေ့တွင် မအူပင်မြို့၌ မွေးဖွားခဲ့သည်။ ငယ်မည် တက်တိုးဖြစ်သည်။ ၁၉၃၆ ခုနှစ်တွင် မအူပင်မြို့၊ ဦးလူလှ အမျိုးသား အထက်တန်းကျောင်း၌ စတင်ပညာသင်ကြားသည်။ ထိုကျောင်းမှ စတုတ္ထတန်းအောင်ပြီးနောက် မအူပင်အစိုးရ အထက်တန်းကျောင်းတွင် ဆက်လက်ပညာသင်ယူသည်။

ဂျပန်ခေတ်၌ အာရှလူငယ်များ အစည်းအရုံးသို့ ဝင်ရောက်ခဲ့ သည်။ ၁၉၄၆ ခုနှစ်တွင် မအူပင်ခရိုင် ကျောင်းသားသမဂ္ဂ စည်းရုံးရေးမှူး အဖြစ် ဆောင်ရွက်သည်။ ၁၉၄၇ ခုနှစ်တွင် မော်လမြိုင်မြို့၌ဖွင့်လှစ်သော အောက်ဗမာနိုင်ငံကျောင်းသားတပ်ဦး စစ်တက္ကသိုလ်စည်းရုံးရေးနှင့် စစ်ခေါင်းဆောင် သင်တန်းသို့တက်ရောက်ပြီး စစ်ပညာသင်ယူသည်။

၁၉၄၈ ခုနှစ်တွင် မအူပင်ခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၅ဝ ပြည့်နှစ်တွင် ကျောင်းမှထွက်သည်။ ။

၁၉၅ဝ ပြည့်နှစ်တွင်ပင် စာပေလောကသို့ စတင်ဝင်ရောက်သည်။ ပထမဆုံးဝတ္ထုမှာ တော်ဝင်မဂ္ဂဇင်းတွင်ပါဝင်သော အနှင်း” ဝတ္ထုတိုဖြစ်သည်။ စာရေးစက ကဗျာများလည်း ရေးခဲ့သည်။ ပီမိုးနင်း၏ ‘နေရီရီ” ဝတ္ထုမှ အဓိကဇာတ်ကောင် မောင်နေဝင်းကိုအစွဲအလမ်းရှိသဖြင့် “မောင် နေဝင်းဟူသော ကလောင်အမည်သုံးခဲ့ခြင်းဖြစ်သည်။

၁၉၅၁ ခုနှစ် ကျန်းမာရေးညွှန်ကြားရေးဝန်ရုံးတွင် ဝင်ရောက် | အမှုထမ်းသည်။ အမှုထမ်းပေါင်းစုံ သမဂ္ဂကထုတ်ဝေသော အမှုထမ်း | သစ်” ဂျာနယ်တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၄ ခုနှစ် တွင် လူထုသတင်းစာ လက်ထောက်အယ်ဒီတာအဖြစ် တာဝန်ယူ ထမ်းဆောင်စဉ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အက်ဥပဒေပုဒ်မ ၅ ဖြင့် အဖမ်းခံ ရသည်။ ၁၉၅၆ ခုနှစ်တွင် ထောင်မှလွတ်ပြီးနောက် ဆိုဗီယက်တော့စ်ကြေးနန်းသတင်းဌာန မြန်မာပိုင်း အယ်ဒီတာနှင့် လူထုသတင်းစာ၏ သတင်းအယ်ဒီတာအဖြစ် အမှုထမ်းသည်။ ၁၉၆၄ ခုနှစ်တွင် တာ့စ် ကြေးနန်းသတင်းဌာနမှ နုတ်ထွက်ခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် ကိုရီးယားဗဟို သတင်းဌာန၏ မြန်မာနိုင်ငံ သတင်းထောက်အဖြစ် အမှုထမ်းသည်။

မောင်နေဝင်းသည် စာရေးဆရာ စာပေကလပ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂတို့၌ အမှုဆောင်အဖြစ်၊ တွဲဖက်အတွင်း ရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း တွဲဖက်အတွင်းရေးမှူး၊ ၁၉၆၇ ခုနှစ်တွင် မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက် ခဲ့သည်။