မောင်နီဦး - အစွန်းရောက်တေးသွား
အစွန်းရောက်တေးသွား
အစွန်းရောက်တေးသွား
ရိုက်ကွင်းဇာတ်ညွှန်း
ညနေခင်းတိမ်တွေ ထန်းတောထဲဖြတ်ပြန်တော့
ကျွဲခိုးပေါ်တာပေါ့။
နွားတစ်အုပ်က ချာတိတ်ကလေးကို
ပြန်ကျောင်းတော့ နေလုံးကြီးလည်း အိပ်ချင်ပေါ့။
မိုးလေဝသက တို့ဘက်မှာ ပါမလာတော့
ရာသီဥတုက ရင်ထဲမှာ ခြောက်သွေ့ ပေါ့။
ယာခင်းတွေဆီကနေ ကောင်းကင်ပေါ် မိုးတွေရွာချတော့
မျက်ရည်တွေနဲ့ပေါ့။
ရေစင်တွေနဲ့ ပက်လိုက်တော့
ဟော သူလည်း မီးထတောက်ပြန်ရော။ ။
၁၉၉၉ ခုနှစ်
ပဒေါင်းလမ်းဆုံ
အပြာရောင်တေးသွားနဲ့ စမ်းရေစီးသံလေး
အရှိအမှန်အတိုင်း ဖွဲ့နွဲ့ထားတဲ့ သတ္တမနေ့အလွမ်းထဲမှာ
နောက်ဆုံးဝေဒနာဟာ မင်းပါပဲ။
နောက်ဆုတ်ပေးစရာ လမ်းမရှိဘူးလို့
အဲဒီအပိုဒ်ကို တို့ပြန်ပြန်ပြီး ကျော့နေရ
ဆိုင်းမပါ ဗုံမပါ သက္ကရာဇ်တွေ။
သစ်ရွက်ခြောက်တွေ စိန်ပြေးတမ်း ကစားနေကြ
စိတ်ကူးသစ်တွေကတော့ အလျှံညီးညီ
ဒီတောမီးက တောင်ယာထဲကလား
သူဟာ အသည်းကွဲသူ တစ်ယောက်ပါ။
ပြုသူအသစ် ဖြစ်သူအဟောင်း သံသရာလမ်းကြောင်းထဲမှာ
ဖုန်ထောင်းထောင်းထအောင် သွားခဲ့ပြီးမှ
မြင်နေရပြီလား ချစ်တဲ့သူနေတဲ့ရွာကလေး
ဟိုး•• အဝေးမှာ။ ။
၂၀၀၂ ခုနှစ်
အတ္ထုပ္ပတ္တိ
မုသားစကားတွေ ခြွေချတိုင်း
အမှန်တရားတွေ ကြွေကြွေကျ
ဘဝဟာ အရိုးပေါ်အရေတင်လို့
အဇ္ဈတ္တကို ပန်းပုထုကြည့်ပါလား
မီးခိုးငွေ့တွေ အူထွက်လာမယ်
ပန်းပွင့်ကလေးလို နေချင်လိုက်တာတဲ့
သူ့ခမျာ
မြေကြီးအောက်ကိုပဲ ရေသောက်ဆင်းခဲ့တော့တယ်
သစ်ရွက်ကြွေလေးတွေ ကောက်ယူကြည့်မိတော့မှပဲ
ရော... သူ့ဓာတ်ပုံလေးတွေ ဖြစ်နေတယ်။ ။
မြားနတ်မောင်မဂ္ဂဇင်း ၁၉၉၇၊ အောက်တိုဘာ