ထုတ်ကုန်အချက်အလက်သို့ ကျော်သွားပါ။
1 8

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - ဝင်္ကဘာ

မောင်ထွန်းသူ - ဝင်္ကဘာ

ပုံမှန်ဈေး 9,000 Ks
ပုံမှန်ဈေး ရောင်းဈေး 9,000 Ks
ရောင်းရန် ရောင်းကုန်ပြီ
Type

(၁)

          လက်စလီ စတီးဝတ်၏ ဒိုင်ယာရီ (နေ့စဉ်မှတ်တမ်း) တွင် ပထမဦးဆုံး ရေးသွင်းလိုက်သည့်စာမှာ ဤသို့ ဖြစ်၏။

           ချစ်သော ဒိုင်ယာရီ ။           ။ ဒီနေ့မနက် ကိုယ် လက်ထပ်ရမယ့်အမျိုးသားကို ကိုယ်တွေ့ရတယ်။ ယင်းစာပိုဒ်မှာ ရိုးရိုးစင်းစင်းနှင့် ရှင်းရှင်းကလေးဖြစ်သည်။ အကောင်း တွေချည်း ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားသော အရေးအသားမျိုး ဖြစ်၏။ ဆက်လက်ဖြစ်ပေါ်လာမည့် အကြောင်းခြင်းရာ ဖြစ်ရပ်များအတွက် နိမိတ် ပြသည့် အရိပ်အငွေ့များကို အစအနပင် မမြင်ကြရပေ။

 

          လက်စလီ စတီးဝတ်သည် နက္ခတ်ဗေဒင်များတွင် စိတ်ဝင်စားသူ မဟုတ်ပေ။ သို့သော်လည်း ထိုနေ့မနက်က သူသည် အမှတ်မထင် “လက်ဇင်တန် ဟာရယ် လီးဒါး” သတင်းစာကို လျှောက်၍ လှန်လှောနေရာမှ နက္ခတ်ပညာကဏ္ဍ စာမျက်နှာမှ ဇိုလ်တဲယား၏ဇာတာဆန်းစစ်ချက်ကို သွားတွေ့သည်။ သူ့ ဟောဆိုချက်မှာ...

          သိဟ်ရာသီဖွားများအတွက် (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)လသစ်သည် သင်၏ ချစ်ရေးချစ်ရာများကိုလင်းလက် တောက်ပစေလိမ့်မည်။ ယခုလ လပြည့်မှ နောက် လ လပြည့်အထိ တစ်လတာကာလအတွင်း သင့်ကံကြမ္မာ သည် မြင့်နေသည်။ သင့်ဘဝတွင် ဖြစ်ပေါ်လာမည့် စိတ် လှုပ်ရှားစရာဖြစ်ရပ်တစ်ခုအပေါ် စိတ်ဝင်စားပါ။ သင်နှင့် သင့်မြတ်သော ရာသီဖွားမှာ ကန်ရာသီဖွား ဖြစ်သည်။ ယနေ့ သည် သင့်အတွက် ပျော်စရာအမှတ်တရ နေ့တစ်နေ့ ဖြစ်လိမ့်မည်။ ပျော်ရွှင်စွာ ခံစားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ။

          ဘာကို ပျော်ရွှင်စွာ ခံစားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမှာလဲ။ လက်စလီ သည် မျက်နှာကို ရှုံ့မဲ့ပြီး တွေးနေသည်။ ဒီနေ့ကော ဘာထူးမှာလဲ။ တခြား နေ့တွေလိုပဲ နေမှာပေါ့။ ဗေဒင်ဆိုတာ အလကားပါ။ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။

          လက်စလီ စတီးဝတ်သည် လက်ဇင်တန်ရှိ ဘေလီအင် တွမ်ကင်း ကင်တပ်ကီ ကုမ္ပဏီ၏ ပြင်ပဆက်ဆံရေးနှင့် ကြော်ငြာဌာနမှူး ဖြစ်သည်။ ထိုနေ့ နေ့ခင်းပိုင်းတွင် သူသည် အစည်းအဝေး သုံးခုတက်ရမည့် အစီအစဉ် ရှိနေသည်။ ပထမတစ်ခုမှာ ကင်တပ်ကီဓာတ်မြေ သြဇာကုမ္ပဏီမှ ပုဂ္ဂိုလ် များနှင့် ဖြစ်သည်။ ယင်းကုမ္ပဏီမှ အရာရှိများသည် လက်စလီ စ,ထားသည့် လုပ်ငန်းသစ်အပေါ်တွင် များစွာစိတ်ဝင်စားနေကြသည်။

          အထူးသဖြင့် သူတို့သည် ကြော်ငြာ၏ အစစကားကို အလွန်သဘော ကျနေကြသည်။ အစ စကားမှာ “အကယ်၍ သင်သည် နှင်းဆီပန်းများ၏ အနံ့ကို ရှူရှိုက်လိုသည်ဆိုပါက...” ဟူ၍ ဖြစ်၏။

          သူ ယနေ့ နေ့ခင်းတက်ရမည့် ဒုတိယအစည်းအဝေးမှာ သားစပ်ခြင်း များ၊ မွေးမြူရေးခြံလုပ်ငန်းသမားများ အစည်းအဝေးဖြစ်၍ တတိယအစည်း အဝေးမှာ လက်ဇင်တန် ကျောက်မီးသွေးကုမ္ပဏီနှင့် ဖြစ်သည်။ သည်လိုဆိုရင် ပျော်စရာအမှတ်တရနေ့တစ်နေ့ဟူသောစကားသည် ဘာကို ဆိုလိုထားပါလိမ့်။

          အသက်က နှစ်ဆယ်ကျော်၊ ခန္ဓာကိုယ်က သွယ်လျလျ။ တစ်ဖက်သား အား ဆွဲဆောင်မှုအားကောင်းသည့် ကိုယ်လုံးကိုယ်ပေါက်ပိုင်ရှင် လက်စလီ စတီးဝတ်သည် မြင်ရုံမျှဖြင့် စိတ်လှုပ်ရှားစရာကောင်းသည်။ သူ့ဆံပင်သည် ရှည်လျားပြီး နူးညံ့ကာ ရွှေရောင်သန်းနေသည်။ တောက်ပသော ပြာလဲ့လဲ့မျက်လုံးအစုံသည် ဝင်းလဲ့နေသည်။ လက်စလီ၏ သူငယ်ချင်းများထဲမှ တစ်ဦး က “မင်းဟာ သိပ်လည်းလှမယ်၊ ဦးနှောက်လည်း ရှိမယ်ဆိုရင် ကမ္ဘာကို တောင် ပိုင်ဆိုင်မှာ” ဟု မှတ်ချက်ချဖူးလေသည်။

          လက်စလီ စတီးဝတ်သည် မိန်းမလှလေးတစ်ဦးဖြစ်၍ သူ့ အိုင်ကျူး သည် ၁၇ဝ မျှ ရှိသည်။ ကျန်အပိုင်းကိုမူ သဘာဝက စိုးမိုးခြယ်လှယ်ထား သည်။ သို့သော်လည်း သူ့ရုပ်ရည်သည် သူ့အတွက် အကျိုးမဲ့သာ ဖြစ်သည်ကို တွေ့နေရ၏။ ယောက်ျားများသည် သူ့အား ချဉ်းကပ်နိုင်ရန် ကြိုးစားကြသော် လည်း အနည်းငယ်မျှသာလျှင် စစ်မှန်သော ကြိုးစားမှုကို ပြုကြသည်ဟု ယူဆဖွယ်ရာရှိ၏။

          ဘေလီအင် တွမ်ကင်း ကုမ္ပဏီ၌ အလုပ်လုပ်နေသည့် အတွင်းရေးမှူး အမျိုးသမီးနှစ်ဦးမှလွဲလျှင် လက်စလီသည် ဤအလုပ်ဌာန၏ တစ်ဦးတည်း သော အမျိုးသမီး ဖြစ်သည်။ ကုမ္ပဏီတွင် ယောက်ျားဝန်ထမ်းသည် ဆယ့်ငါး ယောက်မျှ ရှိ၏။ ကုမ္ပဏီတွင်အလုပ်ဝင်ပြီးနောက် တစ်ပတ်မပြည့်မီမှာပင် ယောက်ျားဝန်ထမ်းများထက် သူ့ဉာဏ်ရည်ဉာဏ်သွေးက ပို၍ မြင့်မားသည်ကို သူ သိလာရသည်။ ထို့ကြောင့်လည်း လက်စလီသည် ဤတွေ့ရှိမှုကို အကြောင်း ပြုကာ သူတို့နှင့် ခပ်ကင်းကင်း ခပ်ခွာခွာနေမည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေ သည်။

          ပထမ အလုပ်ဝင်စတွင် လုပ်ဖော်ကိုင်ဖက် နှစ်ဦးဖြစ်သော ဂျင်ဘေလီ နှင့် အယ်လ်တွမ်ကင်းတို့သည် သူ့အား သွေးတိုးစမ်းကြသည်။ ဂျင်ဘေလီမှာ အသက်လေးဆယ်တွင်းဖြစ်၍ စကားပြောလျှင် သိမ်မွေ့သည်။ ခန္ဓာကိုယ်မှာ ဝဝတုတ်တုတ်ဖြစ်၍ ကိုယ်အလေးချိန်လွန်နေသူတစ်ဦးဟု ပြောနိုင်သည်။ အယ်လ်တွမ်ကင်းမှာ ဘေလီထက် ဆယ်နှစ်ခန့် ငယ်သည်။ သူတို့ နှစ်ဦးစလုံး လက်စလီနှင့် နှစ်ယောက်ချင်းဆုံမိသည့်အခါတိုင်း သူတို့နှင့်အိပ်ဖို့ လက်စလီ အား ပြောလေ့ရှိသည်။

          လက်စလီအနေဖြင့် အလွန်ရိုးစင်းသော စကားတစ်ခွန်းဖြင့် သူတို့အား ရပ်တန့်သွားအောင် ပြုလုပ်နိုင်ခဲ့သည်။ “နောက်တစ်ခါ ဒီစကားမျိုး ထပ်ပြော ရင် ကျွန်မ အလုပ်က ထွက်ရလိမ့်မယ်” ။

          ထိုစကားကြောင့် သူတို့၏ အလိုဆန္ဒသည် အဆုံးသတ်သွားခဲ့သည်။ လက်စလီစတီးဝတ်သည် အလွန်တန်ဖိုးရှိသည့် အလုပ်သမား ဝန်ထမ်းတစ်ဦးဖြစ်သည့်အားလျော်စွာ လက်စလီအား လက်လွတ်ခံ၍ မဖြစ်သည်ကို သိနေ ကြသည် မဟုတ်ပါလား။ ။

          သူ အလုပ်ထဲရောက်စ ပထမပတ်အတွင်း နေ့ခင်း ကော်ဖီသောက်ချိန် တွင် လက်စလီသည် သူ့လုပ်ဖော်ကိုင်ဖက်များအား ရယ်စရာတစ်ခု ပြောခဲ့ဖူး သည်။ ။

          “ယောက်ျားသုံးယောက်ဟာ တစ်နေ့မှာ ဘီလူးမတစ်ယောက်နဲ့ ဆုံမိ ကြတယ်။ ဘီလူးမက သူတို့သုံးယောက် အလိုရှိတဲ့ ဆန္ဒတစ်ခုစီကို သူ ဖြည့်ဆည်းပေးမယ်လို့ ပြောသတဲ့။ ပထမယောက်ျားက “ကျွန်တော်တော့ သူများထက် နှစ်ဆယ့်ငါးရာခိုင်နှုန်းလောက် ပိုတော်ချင်တယ်”လို့ ပြောတယ်။ အဲဒီတော့ ဘီလူးမက မျက်တောင် ခတ်လိုက်တယ်။ ယောက်ျားက “ဟာ... ကျွန်တော် ပိုတော်သွားပြီလို့ ခံစားနေရပြီ”လို့ ပြောသတဲ့။

          ဒုတိယယောက်ျားက “ကျွန်တော်ကတော့ တခြားလူတွေထက် ရာခိုင် နှုန်းငါးဆယ် ပိုတော်ချင်တယ်” လို့ ပြောတယ်။ ဘီလူးမကလည်း ချက်ချင်းပဲ မျက်တောင်ခတ်ပြလိုက်တယ်။ အဲဒီတော့ အမျိုးသားက “သိပ်ကို အံ့သြ စရာ ကောင်းတာပဲ။ ကျွန်တော် အရင်က မသိတာတွေကို အခု ကျွန်တော် သိနေပြီ”” လို့ ရေရွတ်သတဲ့။

          “တတိယယောက်ျားကတော့ တစ်ရာ ရာခိုင်နှုန်း ပိုပြီးတော်တဲ့လူ ဖြစ်ချင်တယ်”လို့ ပြောတယ်။

          “အဲဒီတော့ ဘီလူးမက မျက်တောင်ခတ်လိုက်တယ်။ အဲဒီယောက်ျား ဟာ မိန်းမတစ်ယောက် ဖြစ်သွားတယ်”

          လက်စလီသည် သူ ပြောပြသမျှကို နားထောင်နေသည့် ယောက်ျား များအား မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်နေသည်။ သူတို့အားလုံး လက်စလီ မျက်နှာကို ဝိုင်း၍ကြည့်နေကြသော်လည်း မည်သူမျှ မရယ်ကြချေ။

          ပျော်စရာနေ့နှင့် ကြုံရလိမ့်မည်ဟူသော ဗေဒင်ဆရာ၏ စကားသည် ထိုနေ့ မနက်ဆယ့်တစ်နာရီတွင်စသည်။ ဂျင်ဘေလီသည် လက်စလီ၏ ရုံးခန်း သေးသေးကျဉ်းကျဉ်းကလေးထဲသို့ ဝင်လာသည်။

          “တို့မှာ ဖောက်သည်သစ်တစ်ယောက် ရလာတယ်” ဟု ဂျင်ဘေလီ က ပြောသည်။ “မင်း သူ့ကို တာဝန်ယူပေးစေချင်တယ်”“ရပါတယ်” ဟု လက်စလီက ပြန်ပြောသည်။ “အဲဒီ ကိစ္စကဘာလဲ””

          “ဒီကိစ္စက ဘာလဲ မဟုတ်ဘူး၊ ဘယ်သူလဲဆိုမှ မှန်မယ်။ မင်း အိုလီဗာရပ်ဆဲလ်ဆိုတဲ့လူအကြောင်း ကြားဖူးသလား”

          အိုလီဗာရပ်ဆဲလ်အကြောင်း လူတိုင်း ကြားဖူးသည်။ ရှေ့နေတစ်ဦး ဖြစ်၍ ပြည်နယ်ဘုရင်ခံအဖြစ် အရွေးခံမည့်ပုဂ္ဂိုလ်ဖြစ်သည်။ သူ့မျက်နှာပါ သည့် ပိုစတာကြီးများကို ကင်တပ်ကီပြည်နယ် တစ်နယ်လုံး၌ တွေ့နေရသည် မဟုတ်ပါလား။ ဥပဒေရေးနှင့်ဆိုင်ရာအလုပ်များတွင် သူ၏ ပြောင်မြောက်သောဆောင်ရွက်ချက်များကြောင့် ကျော်ကြားနေသူဖြစ်ရာ အသက်သုံးဆယ့်ငါးနှစ် ရှိနေပြီဖြစ်သော်လည်း ပြည်နယ်တစ်နယ်လုံးရှိ မိန်းမပျိုများအတွက် အလိုလား အပ်ဆုံးသော လူပျိုဖြစ်နေသည်။

          လက်ဇင်တန်ရှိနာမည်ကြီးရုပ်မြင်သံကြားဌာနများတွင် သူ၏ ရုပ်လွှာ နှင့် စကားသံများကို အခုတလော အဆက်မပြတ် ကြားနေရသည်။ နယ်မြေ အတွင်းရှိ ထင်ရှားသော ရေဒီယိုများမှလည်း သူ့အသံကို ကြားနေကြရ၏။ ဆွဲဆောင်မှုအပြည့်အဝဆုံးသော လူချောတစ်ယောက် ဖြစ်သည့်အားလျော်စွာ လက်ဇင်တန်မြို့ပေါ်ရှိ ထင်ရှားသောမိန်းမအများစုနှင့် အိပ်ဖူးသူဟု နာမည် ကြီးနေသူ ဖြစ်လေသည်။

          “အင်း... ကြားဖူးတယ်၊ ကျွန်မတို့က သူ့အတွက် ဘာလုပ်ပေးရမှာလဲ "

          “တို့က သူ့ကို ကင်တပ်ကီပြည်နယ် ဘုရင်ခံအဖြစ် အသွင်ပြောင်း သွားအောင် ကူညီရမယ်၊ အဲ.. အခု သူ ဒီကို လာနေပြီ”

          နောက်မိနစ်အနည်းငယ်မျှအကြာတွင် အိုလီဗာရပ်ဆဲလ် ရောက်လာသည်။ သူ့ဓာတ်ပုံများတွင် မြင်ရသည်ထက် ပို၍ ဆွဲဆောင်မှုအားကောင်းနေသည်။

          သူ့အား လက်စလီနှင့် မိတ်ဆက်ပေးသည့်အခါ သူက နွေးထွေးသော အပြုံးဖြင့် နှုတ်ဆက်သည်။

          “ကျွန်တော် ခင်ဗျားအကြောင်း အများကြီးကြားဖူးတယ်၊ ကျွန်တော့်ကိစ္စမှာ ခင်ဗျား ဝင်ကိုင်မယ်လို့ သိရတယ်၊ ကျွန်တော် အတော်ဝမ်းသာမိပါတယ်””

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။