Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - လစ္စဘွန်းမှာတစ်ည

Regular price 3,300 MMK
Regular price Sale price 3,300 MMK
Sale Sold out

[၁]

          ကျွန်တော်သည် သင်္ဘောဆီသို့ ကြည့်ကာ တွေဝေငေးမောနေမိသည်။ သင်္ဘော တစ်စီးလုံး မီးရောင်များဖြင့် ထိန်ထိန်လင်းလျက် ရှိသည်။ သင်္ဘောသည် တာဂတ်စ်ဆိပ်၌ ကျောက်ချ၍ ရပ်နေခြင်း ဖြစ်ပါသည်။ ကျွန်တော် လစ္စဘွန်း မြို့သို့ ရောက်နေသည်မှာ သီတင်းတစ်ပတ်မျှ ရှိပြီ ဖြစ်သော်လည်း အကြောင့် အကြ ကင်းမဲ့စွာဖြင့် ထွန်းလင်း တောက်ပနေသည့် အလင်းရောင်များ အပေါ် တွင် နေသားမကျဖြစ်လျက်ပင် ရှိနေပေသည်။

          ကျွန်တော် ဖြတ်သန်းလာခဲ့သည့် နိုင်ငံများရှိ မြို့ကြီးများသည် ညပိုင်း ဆိုလျှင် ကျောက်မီးသွေးတွင်းကြီးများသဖွယ် မည်းနက်နေကြသည်။ အမှောင် ထဲရှိ ဖယောင်းတိုင် တစ်တိုင်၏ အလင်းရောင်သည် အလယ်ခေတ်က ပလိပ် ရောဂါထက် အဆပေါင်းများစွာ ပို၍ ကြောက်နေရသည့် အခြေအနေမျိုး ဖြစ်၏။ တကယ်တော့ ကျွန်တော်သည် နှစ်ဆယ်ရာစု ဥရောပကို ဖြတ်သန်း လာခဲ့သူတစ်ဦး မဟုတ်ပါလား။

          သင်္ဘောမှာ ခရီးသည်တင် သင်္ဘောဖြစ်သည်။ ကုန်ပစ္စည်းများလည်း တင်ထားပြီးပြီ။ နောက်တစ်ရက် မွန်းလွဲပိုင်းတွင် ထွက်လိမ့်မည်ဟူသော အချက် ကိုလည်း ကျွန်တော် သိထားသည်။

          ထိန်ထိန်ညီးနေသော လျှပ်စစ်မီးလုံးများအောက်တွင် အသားများ၊ ငါးများ၊ စည်သွပ်ဘူးများ၊ ပေါင်မုန့်များနှင့် ဟင်းသီးဟင်းရွက်ထုပ်ကြီးများကို ကရိန်းများနှင့် ချီမကာ သင်္ဘောဝမ်းထဲသို့ ချပေးနေကြသည်။ သင်္ဘောကုန်တင် ကုန်ချ အလုပ်သမားများသည် ခရီးသည်တို့၏ ဝန်စည်စလယ်နှင့် အထုပ်အပိုးကို သွက်လက်ပေါ့ပါးစွာ ထမ်းပိုးပြီး သင်္ဘောကုန်းပတ်ပေါ် သို့ ပို့ပေးနေကြ သည်။ ပင်လယ်ခရီးတစ်ခု ထွက်ရန်အတွက် သင်္ဘောပေါ်တွင် လိုအပ်သလို ကြိုတင် ပြင်ဆင်နေကြခြင်းပေတည်း။

          သမ္မာကျမ်းစာ၏ အဆိုအရ ကမ္ဘာပျက်ခါနီး ရေကြီးနေချိန်က နို နှင့် သူ့မိသားစုသည် သူတို့ဘာသာသူတို့ တည်ဆောက်ခဲ့သည့် လှေကြီးတစ်စီး နှင့် လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ခရီးထွက်လာခဲ့ကြသည်။ နောက်ဆုံး တွင် ထိုလှေကြီးသည် ယခု အရှေ့တူရကီနိုင်ငံတွင်းရှိ အာရာရက် တောင်တန်း ၌ လှေဆိုက်ခဲ့ရသည်။

          ယခု ကျွန်တော့် မျက်စိအောက်၌ ရှိနေသောဤသင်္ဘောသည် ကမ္ဘာ ပျက်ခါနီး ခရီးထွက်ရသည့် နိုအာ၏ လှေကြီးနှင့် တူနေပါသည်။ အမှန်တော့ လည်း ၁၉၄၂ ခုနှစ်၏ ဤလ ဤရက်များ အတွင်းက ဥရောပတိုက်ဘက်မှ ထွက်ခွာသမျှ သင်္ဘောတိုင်းသည် နိုအာ၏ လှေကြီးနှင့် အတူတူပင်ဖြစ်သည်။ ထိုသင်္ဘောများ၏ နောက်ဆုံး ဆိုက်ကပ်နိုင်မည့် အာရာရက်တောင်သည် အမေရိကသာလျှင် ဖြစ်ဖို့ရှိ၏။

          ရေကလည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာလျက် ရှိသည်။ ရေနှင့် တူသော သူတို့သည် ဂျာမနီနှင့် ဩစတြီးယားနိုင်ငံများကို သိမ်းပိုက်လွှမ်းမိုး ထသည်။ ပိုလန်နှင့် ပရတ်တွင်လည်း သူတို့ ရောက်နေကြသည်။

          အမ်စတာဒင်၊ ဘရပ်ဆဲလ်၊ ကိုပင်ဟေဂင်၊ အော်စလိုနှင့် ပါရီတို့မှာ လည်း သူတို့ လက်အောက်၌ ပြားပြားဝပ်နေကြသည်။ အီတလီနိုင်ငံ၏ မြို့ကြီး များမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ စပိန်နိုင်ငံမှာလည်း လုံးဝ မလုံခြုံသည့် အခြေအနေသို့ ဆိုက်ရောက်နေပြီ။

          ပေါ်တူဂီနိုင်ငံ ကမ်းခြေသည် စစ်ပြေးဒုက္ခသည်များအတွက် နောက်ဆုံး အားကိုးအားထားပြုရာ နေရာတစ်နေရာ ဖြစ်လာသည်။ ဤနေရာသည် အမေရိကသို့ ဝင်ရာ တံခါးပေါက် ဖြစ်လာသည်။ ထို့ကြောင့်လည်း ဤနေရာသို့ရောက်အောင် မသွားပါက မိမိအတွက် အဘက်ဘက်မှ ဆုံးရှုံးပြီဟု သတ်မှတ် ရတော့မည်ဖြစ်၏။

          အကယ်၍သာ ထိုနေရာသို့ မရောက်ပါမူ ကောင်စစ်ဝန်ရုံးများ၊ ပုလိပ် ဌာနများနှင့် အခြား အစိုးရဌာနများ၏ လက်တွင်းသို့ ကျရောက်ကာ သူတို့ ပြုသမျှ ခံကြရဖို့သာ ရှိ၏။ နိုင်ငံဝင်ခွင့် တောင်းပါကလည်း ငြင်းပယ်လိမ့်မည်ဖြစ်သည်။ အလုပ်အကိုင် လုပ်ခွင့်တောင်းပါကလည်း ပေးလိမ့်မည် မဟုတ်။ နေထိုင်ခွင့် တောင်းပါကလည်း လုံးဝ ရလိမ့်မည် မဟုတ်။

          နောက်ဆုံးတွင် ခြေချုပ်စခန်းများနှင့် ဗျူရိုကရေစီ အုပ်ချုပ်မှု ယန္တရား ၏ ကြိုးနီစနစ်များ၏ လက်တွင်းသို့ သက်ဆင်းရဖို့ သာရှိသည်။ ထိုအခါ အထီးကျန်နိုင်ခြင်း၊ အိမ်ကို လွမ်းဆွတ်တသခြင်းစသော စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခများနှင့် နပန်းလုံးကြရဖို့သာရှိသည်။

          အမှန်တော့လည်း စစ်အတွင်းကာလ၌ ကြောက်ရွံ့ ထိတ်လန့်ရခြင်းနှင့် ကိုယ်စိတ်နှစ်ပါး ဆင်းရဲရခြင်းသည် ရှောင်လွဲ၍ ရနိုင်မည်မဟုတ်။ ဤအချိန် မျိုးတွင် လူသားတစ်ဦး၏ ကိုယ်ပိုင် ဘဝရပ်တည်မှုသည် လုံးဝ ပျောက်ကွယ် သွားသည်။ အရေးပါ အရာရောက်ပြီး အဓိကကျသည့် အရာဆို၍ တစ်ခု တည်းသာ ရှိတော့၏။ ယင်းမှာ အခြားမဟုတ်၊ တရားဝင် နေထိုင်ခွင့် ရနိုင် သည့် နိုင်ငံကူးလက်မှတ် တစ်ခုပေတည်း။

          ထိုနေ့ မွန်းလွဲပိုင်းတွင် ကျွန်တော်သည် “အက်စ်တိုရစ်ယ် ကစားဝိုင်း ခန်းမ' သို့ သွားကာ အပျင်းပြေ လောင်းကစားသည်။ ကျွန်တော့် ဝတ်စုံက သစ်လွင် တောက်ပနေဆဲဖြစ်၍ ကစားခန်းမတွင်းသို့ ဝင်ခွင့် ရခဲ့သည်။

          မျှော်လင့်ချက် ကင်းမဲ့နေပြီ ဖြစ်သဖြင့် ဖြစ်လိုရာ ဖြစ်စေတော့ဟု သဘော ပိုက်ကာ ကံကြမ္မာကို အမှီပြုပြီး အရဲစွန့်၍ ငွေညှစ်ခြင်း ဖြစ်ပါသည်။

          ကျွန်တော်တို့၏ ပေါ်တူဂီနိုင်ငံတွင်း နေထိုင်ခွင့် ဗီဇာသည် နောက်ရက် အနည်းငယ်မျှ အကြာတွင် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်၏။ ရယ်နှင့် ကျွန်တော့်တွင် တခြားနိုင်ငံများ ဝင်ရောက်ခွင့်ဗီဇာလည်း မရှိကြပါ။ ကျွန်တော် တို့သည် ရှေ့ရေးအစီအစဉ်ကို ပြည်သစ်နိုင်ငံ၌ နေစဉ်ကတည်းက ရေးဆွဲခဲ့ကြ ခြင်း ဖြစ်သည်။ နယူးယောက်မြို့သို့ သင်္ဘောဖြင့် လိုက်ပါသွားနိုင်မည့် နည်းလမ်းများကို အစွမ်းကုန် စဉ်းစားကြံဆ၍ ရေးဆွဲခဲ့ကြခြင်းလည်း ဖြစ်သည်။

          ယခု တာဂပ်စ်ဆိပ်၌ ကျောက်ချထားသည့် သင်္ဘောမှာ ကျွန်တော်တို့ လုပ်ထားသည့် စာရင်းတွင် နောက်ဆုံး သင်္ဘောဖြစ်သည်။ သို့သော်လည်း ကျွန်တော်တို့တွင် လက်မှတ်ခပြည့်ဖို့ ဒေါ်လာသုံးရာကျော်ခန့် လိုနေသည်။ လစ္စဘွန်းတွင် ရောက်နေသည့် နိုင်ငံခြားသား တစ်ယောက်အဖို့ လောင်းကစား ပွဲတွင် ဝင်၍ ကစားပြီး ငွေရှာသည့်နည်းမှ တစ်ပါး အခြားနည်းကလည်း မရှိ။ ထို့ကြောင့်လည်း ကျွန်တော်သည် လက်မှတ်ခ လိုငွေကလေး ရလိုရငြားသဘောဖြင့် ကစားဝိုင်းတွင် ဝင်၍ ကြဲကြည့်ရခြင်း ဖြစ်သည်။

          တကယ်တော့ ကျွန်တော် နိုင်သည့်တိုင်အောင် ဤစိတ်ကူး သည် အဓိပ္ပာယ်ကင်းမဲ့သော စိတ်ကူးဖြစ်သည်။ ရယ်ဖွယ်ကောင်းလောက်အောင် ရူးမိုက်သော စိတ်ကူးလည်းဖြစ်၏။ အကယ်၍ နိုင်ခဲ့ပါမူကား ကျွန်တော်တို့ သည် သင်္ဘောပေါ် ရောက်သွားကြဖို့ရှိသည်။ သို့ဆိုလျှင် အလွန် အံ့သြဖွယ် ကောင်းသည့် ထူးကဲသော ဖြစ်ရပ်တစ်ခုဟု ဆိုရပါလိမ့်မည်။

          သို့သော်လည်း ကျွန်တော်တို့၏ အလုပ်မှာ မျှော်လင့်ချက် ကင်းမဲ့နေ ချိန်တွင် အံ့ဖွယ်သူရဲ ထူးထူးကဲကဲ ဖြစ်ပေါ်လာမည့် အလားအလာအပေါ် မျှော် ၍ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းသာ ဖြစ်ပါသည်။ တကယ်တော့ ကျွန်တော်တို့၏ ယုံကြည်ချက်သည် ခိုင်မာမှုရှိသည် မဟုတ်။

          ကျွန်တော်တို့ လက်ထဲတွင် ရှိနေသမျှ လက်ကျန်ငွေ ခြောက်ဆယ့်ငါး ဒေါ်လာအနက် ငါးဆယ့်ခြောက်ဒေါ်လာ ရှုံးသွားပါသည်။

*          *          *

          အတော်ကလေး ညဉ့်နက်နေပြီဖြစ်၍ သင်္ဘောဆိပ်တွင် လူသူ အသွားအလာ ကင်းမဲ့လျက် ရှိသည်။ သို့သော်လည်း တစ်ခဏမျှအကြာတွင် ကျွန်တော် ရပ်နေသည့်နေရာနှင့် မလှမ်းမကမ်း၌ လူတစ်ယောက်၏ လှုပ်ရှားမှုကို မြင်ရ သည်။ ပထမတော့ သူသည် ဦးတည်ချက်မရှိဘဲ လမ်းသလားနေသည်။ နောက်တော့ တစ်နေရာ၌ ရပ်ကာ သင်္ဘောဆီသို့ ငေးစိုက်ကြည့်နေသည်။ ကျွန်တော့်လိုပင် သောင်တင်နေသည့် စစ်ပြေးဒုက္ခသည်တစ်ဦး ဖြစ်ဟန် တူသည်ဟူသောအတွေးဖြင့် ကျွန်တော်သည် သူ့အား နောက်ထက် ဂရုတစိုက် ကြည့်မနေမိတော့ပါ။

          နောက် အတန်ကြာသောအခါ ကျွန်တော့် စိတ်ထဲတွင် မသိုးမသန့် ဖြစ်လာသည်။ စောစောကလူသည် ကျွန်တော့်အား ရပ်၍ ကြည့်နေသည်ဟု စိတ်ထဲက ခံစားသိရှိလာရသည်။ စစ်ပြေးဒုက္ခသည်တစ်ဦးသည် သူ့ရင်ထဲ၌ အမြဲကိန်းအောင်းနေသော “ပုလိပ်ကြောက်စိတ်” ကို ဘယ်တော့မှ ဖျောက်၍ မရ။ သူ အိပ်ပျော်နေခိုက်ဖြစ်စေ၊ သို့မဟုတ် သူ့အတွက် တခြား ကြောက်လန့် စရာ ဘာတစ်ခုမှ မရှိတော့သည့် အချိန်ကာလမျိုးမှာပင်ဖြစ်စေ ထို ကြောက် စိတ်ကတော့ ရှိနေမြဲဖြစ်သည်။

          ဤစိတ်ကြောင့်ပင် ကျွန်တော်သည် နောက်သို့ အသာလှည့်လိုက်သည်။