မောင်ထွန်းသူ - မြိုင်ခေမာ
( ၁ )
မြိုင်ခေမာခြံကြီးကို ဝယ်ယူပြီး ဂျိုဟန်ဗာရာဂု ပြောင်းရွှေ့ လာခဲ့သည့် လွန်ခဲ့သော ဆယ်နှစ်ခန့်ကဆိုလျှင် ဤခြံကြီးသည် အစွန့်ပစ်ခံ ခြံအိုခြံ ဟောင်းကြီး တစ်ခုမျှသာ ဖြစ်၏။
ဥယျာဉ်တွင်းရှိ လူသွားလမ်းများသည် မြက်ပင် ချုံပင်များ ဖုံးလွှမ်း လျက် ရှိသည်။ ခုံတန်းလျားများသည် ရေညှိများတက်နေကြသည်။ လမ်း ခင်းထားသည့် ကျောက်တုံးကျောက်ခဲများသည် ကွဲအက်ကြေမွလျက် ရှိကြ သည်။ ပန်းခြံတစ်ခြံလုံးမှာလည်း ပြုပြင်မွမ်းမံခြင်း မရှိသဖြင့် ချုံနွယ်ပိတ် ပေါင်းများဖြင့် ပြည့်ကာ မြင်မကောင်းအောင် ရှုပ်ပွလျက် ရှိ၏။
ခြံကြီး၏အကျယ်မှာ ရှစ်ဧကခန့်ရှိ၍ ခြံထဲတွင် အဆောက်အအုံ နှစ်လုံးမျှသာ ရှိသည်။ တစ်လုံးမှာ ဟောင်းနွမ်းအိုမင်းပြီး ပျက်စီးယိုယွင်း နေသည့် အိမ်မကြီးဖြစ်၍ နောက်ဘက်တွင် မြင်းဇောင်းရှိသည်။
နောက်တစ်လုံးမှာ ခပ်သေးသေး ဖြစ်သည်။ ပန်းခြံ၏အလယ်၌ တည်ရှိပြီး နွေရာသီနေဖို့အတွက် သီးသန့်ဆောက်ထားခြင်း ဖြစ်သည်။ အိမ်ကလေးမှာ ဝတ်ကျောင်းဓမ္မာရုံကလေးတစ်ခုနှင့် တူလျက်ရှိ၏။ ပတ္တာ များပြုတ်၍ ပျက်ထွက်နေသဖြင့် အိမ်တံခါးသည် ရွဲ့စောင်းစောင်း ဖြစ် နေသည်။ အိမ်နံရံများမှာလည်း ရေညှိများနှင့် မှိုများ တက်နေကြလေသည်။
ခြံကြီးကို ဝယ်ပြီးသည့်နောက် ချက်ချင်းပင် ပိုင်ရှင်သစ်သည် ယိုင် နဲ့နဲ့ ဖြစ်နေသော အိမ်ကလေးကို ဖျက်ပစ်လိုက်သည်။ အိမ်ရှေ့တံခါးဝမှပန်းခြံတွင်းရှိ ငါးကန်ကလေးဆီသို့ သွားရန် လှေကားလုပ်ထားသည့် ကျောက်တုံး ဆယ်တုံးကိုသာ ချန်ထားသည်။
အိမ်ကလေး၏ နေရာတွင် ဗာရာဂု၏ ပန်းချီစတူဒီယိုကို ဆောက် သည်။ ထို့နောက်တော့ ဗာရာဂသည် ဤစတူဒီယိုထဲတွင် နှစ်ပေါင်းများစွာ ပန်းချီဆွဲခဲ့သည်။ အိမ်ကြီးပေါ်၌နေသည်ဟု ဆိုသော်လည်း အချိန်ရှိသမျှ ဤစတူဒီယိုထဲမှာပင် အချိန်ဖြုန်းခဲ့သည်။
သို့သော်လည်း သူ့မိသားစုအတွင်း၌ ဖြစ်ပေါ်လာသည့် သဘော ထား ကွဲလွဲမှုသည် တစ်နေ့တခြား တိုးတက်ပြင်းထန်လာပြီး နောက်ဆုံး သူ၏သားအကြီးအား ကျောင်းအိပ်ကျောင်းစားအဖြစ် အဝေးသို့ ပို့ လိုက်ရသည့်အခါတွင်မူကား သူသည် အိမ်ကြီးနှင့် အစေခံများကို သူ့မိန်းမ လက် ဝကွက်၍အပ်ကာ သူကိုယ်တိုင်တော့ အိမ်ကြီးပေါ်မှ ဆင်းလာခဲ့သည်။ စတူဒီယိုနှင့်ဆက်၍ အခန်းနှစ်ခန်း တိုးချဲ့ဆောက်ကာ ထိုအခန်းထဲ၌ လူပျို တစ်ယောက်သဖွယ် နားအေးပါးအေးနေခဲ့သည်။
ကြီးကျယ်ခမ်းနားပြီး အလွန်လှပသော အိမ်ကြီးအတွက်ကတော့ သနားစရာကောင်းသည်ဟုပင် ဆိုရတော့မလို ဖြစ်နေသည်။ ဖရောဗာရာဂု နှင့် ခုနစ်နှစ်သားအရွယ် သူ့သားအငယ် ပိုင်ရီတို့သည် အပေါ်ထပ်တွင် နေကြသည်။ သူ့အနေဖြင့် ညအိပ်ညဉ့်နေ ဧည့်သည်များအား လက်ခံရ သော်လည်း ဘယ်တော့မှ များများစားစား လာကြသည်မဟုတ်။ ထို့ကြောင့် တစ်အိမ်လုံးရှိ အခန်းများစွာသည် တစ်နှစ်ပတ်လုံး လွတ်နေသည်က များ လေသည်။
သားငယ်ကလေးပိုင်ရီသည် မိဘနှစ်ပါးစလုံး၏ အချစ်တော် ဖြစ် သည်။ အဖေနှင့်အမေကြားတွင် တစ်ခုတည်းသော သံယောဇဉ်ကြိုးကလေး တစ်မျှင် ဖြစ်သည်။ သူသည် အိမ်ကြီးနှင့် စတူဒီယိုအကြားတွင် အဆက် အသွယ်မပြတ်အောင် ပေါင်းကူးပေးရာ တံတားကလေးသဖွယ် ဖြစ်ရုံမျှ မက တစ်နည်းအားဖြင့် တွက်လိုက်လျှင် ပိုင်ရီသည် မြိုင်ခေမာ၏ အချုပ်အခြာ အာဏာပိုင် အရှင်သခင်တစ်ဦးလည်း ဖြစ်ပေသည်။
ဟာဗာရာဂု ပိုင်ဆိုင်သော နယ်မြေသည် သူ၏ စတူဒီယို၊ ရေကန် နှင့် အမဲလိုက်ကွင်းဟောင်းတို့ ဖြစ်သည်။ သူ့ဇနီးကတော့ အိမ်မကြီး၊ မြက်ခင်းပြင်၊ သံပရာပင်များနှင့် သစ်အယ်ပင်တောအုပ်ကို စိုးမိုးထားသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ပိုင် နယ်မြေအတွင်းသို့ တစ် ယောက်က ကျူးကျော်ဝင်ရောက်ခြင်း မပြု။ စားချိန်ရောက်ချိန်ကျလာ၍ ဗာရာဂုက အိမ်ကြီးဆီသို့ ကူးလာသည့်အချိန်မှများမှတစ်ပါး ကျန်အချိန် များတွင် တစ်ယောက်နှင့် တစ်ယောက် မဆုံမိကြ။
သားငယ် ပိုင်ရီကတော့ ထိုအချက်ကို အသိအမှတ်မပြု။ အမှန်တော့ သူ့ဖခင်နှင့်မိခင်တို့ကြားတွင် နယ်မြေရောဘဝပါ ကွဲပြားခြားနားနေသည့် အဖြစ်ကို သူ နားမလည်။ နားလည်သဘောပေါက်နိုင်သည့် အရွယ်လည်း မဟုတ်။
သူသည် အိမ်ထဲတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာခြင်းပြုသည်။ အိမ်သစ်ဟု ဆိုအပ်သော သူ့ဖခင်၏ စတူဒီယိုနှင့် စာကြည့်ခန်းထဲသို့လည်း အချိန်အခါမရွေး ဝင်ထွက်သွားလာခြင်း ပြုသည်။ ။
ထိုနည်းတူစွာပင် အိမ်ကြီးထဲရှိ စင်္ကြလမ်းများ၊ ပန်းချီကားများ ထားရာ အခန်းနှင့် သူ့မိခင်၏အခန်းများသည်လည်း သူ ဝင်ချင်သလိုဝင်၍ ထွက် ချင်သလို ထွက်သည့်နေရာများပင် ဖြစ်သည်။ သူသည် သစ်အယ်ပင် တောအုပ်ထဲရှိ စတော်ဘယ်ရီပင်များ၊ သံပရာပင်များကြားရှိ ပန်းများ၊ ကန်ထဲမှ ငါးများ၊ ရေချိုးကန်နှင့် ဂွန်ဒိုလာလှေ စသည်တို့အပေါ်တွင်လည်း သူ ထင်သလို ပြုနိုင်သည့် အရှင်သခင်တစ်ဦးဖြစ်သည်။
သူ့မိခင်၏ အစေခံများနှင့် သူ့အဖေ၏ အစေခံရောဘတ်တို့နှင့် ဆက်ဆံသည့်အခါတွင်မူကား သူ့စိတ်ထဲက သူ့ကိုယ်သူ သခင်ဟုလည်းကောင်း အကာအကွယ်အစောင့်အရှောက်ခံတစ်ဦးဟုလည်းကောင်း ထင်မြင် ခံစားရသည်။
သူ့မိခင်၏ မိတ်ဆွေအပေါင်းအသင်း ဧည့်သည်များ၏ မျက်စိထဲ တွင်မူ ပိုင်ရီသည် အိမ်ကြီးရှင်မ၏ သားကလေးဖြစ်ပြီး သူ့အဖေ၏ စတူ ဒီယိုသို့ တစ်ခါတစ်ရံ အလည်အပတ်ရောက်လာကြသော ပြင်သစ်စကားပြောကြသည့် လူကြီးလူကောင်းများ၏ မျက်စိထဲတွင်မူကား ပိုင်ရီသည် ပန်းချီဆရာ၏သားကလေး ဖြစ်သည်။
ပိုင်ရီ၏ ဓာတ်ပုံများနှင့် ပုံတူပန်းချီကားချပ်များကို သူ့ ဖခင်၏အိပ်ခန်းထဲတွင် ချိတ်ထားသကဲ့သို့ အိမ်ကြီးပေါ်ရှိ သူ့အမေ၏ အခန်းများ ထဲတွင်လည်း ချိတ်ဆွဲထားသည်။
တကယ်တော့ ပိုင်ရီ၏ဘဝသည် အိမ်ထောင်ရေးအဆင်ပြေနေသည့် မိဘများမှ မွေးဖွားလာသော ကလေးများထက်ပင် ပို၍ အဆင်ပြေပြီး သာ တောင့်သာယာ ရှိသည်။ သူနေထိုင်ကြီးပြင်းလာနေရသည်မှာ တင်းကျပ် သော စည်းကမ်းများအောက်တွင် မဟုတ်။ လွတ်လပ်မှု အပြည့်ရှိသည်။ တစ်ခါတစ်ရံ သူ့မိခင်၏ နယ်မြေအတွင်း၌ သူ ပြဿနာတစ်ခုခုနှင့်တိုး၍ အခက်အခဲကြုံလာသည့်အခါ ရေကန်ဘေးမှ နယ်မြေသည် သူ့အား လုံခြုံမှု ကို ပေးသည်။
ပိုင်ရီ အိပ်ရာဝင်သွားသည်မှာ ကြာပြီဖြစ်၏။ အိမ်ကြီးဆီမှ မီးရောင် လင်းနေသော နောက်ဆုံးပြတင်းပေါက်သည်လည်း ညဆယ့်တစ်နာရီ ထိုး သည့်အခါ မှောင်နှင့်မည်းမည်း ဖြစ်သွားခဲ့လေပြီ။
ညသန်းခေါင်ကျော်သည့်အခါ မြို့ထဲသို့ သွားပြီး စားသောက်ဆိုင် တစ်ဆိုင်၌ မိတ်ဆွေအပေါင်းအသင်းများနှင့် အချိန်ဖြုန်းခဲ့သော ဂျိုဟန် ဗာရာဂသည် တစ်ယောက်တည်း ပြန်လာသည်။
နွေရာသီဝင်စ ညဖြစ်၍ ကောင်းကင်တွင် တိမ်များ ထူထပ်လျက် ရှိ၏။ အေးမြသော လေပြည်လေညင်းများကြားမှ ဖြတ်သန်းခဲ့ရသော ဗာရာဂ အဖို့တော့ ဝိုင်အရက်၊ ဆေးလိပ်မီးခိုးများ၊ ခပ်ကြမ်းကြမ်း အော်ဟစ် ရယ်မော သံများနှင့် ရုန့်ရင်းကြမ်းတမ်းသော ပြက်လုံးများ တည်ရှိရာ ပတ်ဝန်းကျင် သည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ပူနွေးစိုထိုင်းသော လေကို ရှူရှိုက် ရ၏။ မှောင်မိုက်နေသည့် ဂျုံခင်းများကြားရှိ လမ်းမပေါ်အတိုင်း ခပ်သွက် သွက် လျှောက်လာနေသော ဗာရာဂသည် တဖြည်းဖြည်းနှင့် မြိုင်ခေမာခြံ ဘက်သို့ နီးကပ်လာနေသည်။
ခြံဝင်းတံခါးမှ အတွင်းသို့ ဝင်မိသောအခါ ဗာရာဂသည် အိမ်ကြီး ဆီသို့ တစ်ချက်မျှ လှမ်းကြည့်သည်။ သစ်ပင်များ၏ အမှောင်ထုကို ကျော ပြု၍ မားမားမတ်မတ် ရပ်နေသော အိမ်၏ မျက်နှာစာသည် ဆွဲဆောင်မှု အပြည့်ရှိနေသည်။
သူသည် မိနစ်အနည်းငယ်ကြာမျှ ရပ်၍ကြည့်နေမိ၏။ အနီးအနားမှ ဖြတ်လျှောက်သွားရင်းက မက်မောစဖွယ် ရှုခင်းကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် ကြည်နူးသွားရသည့် ခရီးသွားတစ်ယောက်ကဲ့သို့ ခံစားနေရ သည်။
သူသည် မြင့်မားလှသော ခြံစည်းရိုး ဘေးအတိုင်း ဆက်၍ လျှောက် ကာ သူ တိတ်တဆိတ် ကြိတ်၍ လုပ်ထားသည့် ဝင်ပေါက်ဆီသို့ သွား သည်။ ဤဝင်ပေါက်မှနေ၍ ဝင်လျှင် တောအုပ်ကြားမှ ဖြတ်သွားရသည့် လူသွားလမ်းပေါ် ရောက်မည်။ ထိုလမ်းအတိုင်း ဆက်လျှောက်သွားလိုက် လျှင် သူ၏စတူဒီယိုသို့ ရောက်နိုင်မည် မဟုတ်ပါလား။
သူ၏ အာရုံများသည် ရှင်သန်တက်ကြွလျက် ရှိ၏။ သူသည် သွက် လက်ပေါ့ပါးသော ခြေလှမ်းများဖြင့် မှောင်ရိပ်သန်းနေသော ပန်းခြံအတွင်း ရှိ ချုံနွယ်ပိတ်ပေါင်းများ ဖုံးနေသည့်လမ်းအတိုင်း လိုက်လာခဲ့သည်။ ရေ ကန်ပေါ်မှ အုပ်မိုးနေသော သစ်ပင်ထိပ်ဖျားအကြားမှနေ၍ ညိုမှိုင်းမှိုင်းကောင်းကင်သည် သူ့မြင်ကွင်းထဲသို့ ဝင်လာသည်။ ထို့နောက် သူ့အိမ် သည် သူ့ရှေ့တည့်တည့်တွင် ဘွားခနဲ ပေါ်လာလေသည်။
ကန်ငယ်သည် တိတ်ဆိတ်ငြိမ်သက်လွန်းလှသော ညအမှောင်ထု အောက်တွင် မည်းမှောင်နေသည်။ ချည့်နဲ့ဖျော့တော့လွန်းလှသော အလင်း ရောင်သည် ရေပြင်ထက်တွင် အုပ်ဆိုင်းလျက် ရှိ၏။ အလွန့်အလွန် ပါး လွှာသော အမြှေးပါးကလေး တစ်ခုတင်ထားသည်နှင့် တူသည်။
ဗာရာဂုသည် လက်မှ နာရီကို ကြည့်သည်။ တစ်နာရီ ထိုးလုနီးနေပြီ။ သူသည် ဧည့်ခန်းထဲသို့ ဝင်သော တံခါးကို ဖွင့်သည်။ အထဲရောက်သော အခါ ဖယောင်းတိုင်တစ်တိုင်ကို ထွန်းလိုက်ပြီး အဝတ်အစားများကို ချွတ် သည်။ ထို့နောက် အိမ်ထဲမှ ပြန်ထွက်ကာ ကျောက်လှေကားကို တစ်ထစ် ချင်းနင်းပြီး ရေကန်ထဲသို့ ဆင်းသည်။ သူ့ဒူးများရှေ့မှ ရေသည် တလက် လက် တောက်နေသည်။
သူသည် ရေထဲသို့ ငုပ်လိုက်ပြီး ခပ်သွက်သွက်ကူးသည်။ ပြုလေ့ ပြုထ မရှိသော နည်းများဖြင့် ညခင်းပိုင်းက အချိန်ဖြုန်းခဲ့သဖြင့် ရရှိလာ ခဲ့သည့် ပင်ပန်းနွမ်းနယ်မှုများသည် ပြေသွားသည်။
သူသည် ရေကန်ထဲမှ ပြန်တက်ကာ အိမ်ထဲသို့ ရေစိုကြီးနှင့်ပင် ဝင်ခဲ့သည်။ မျက်နှာသုတ်ပဝါတစ်ထည် ဆွဲယူကာ ခပ်တိုတို ညှပ်ထားသည့် ဆံပင်မှ ရေများကို သုတ်သည်။ ဖိနပ်မရှိတော့ဘဲ လှေကားမှ တက်ကာ သူ့စတူဒီယိုထဲသို့ ဝင်သည်။ အခန်းမှာ အခန်းကျယ်ကြီး ဖြစ်သော်လည်း အထဲတွင် ပရိဘောဂပစ္စည်းဟူ၍ ဘာမှမရှိ။ သူသည် မီးခလုတ်များကို ကပျာကယာ ဖွင့်လိုက်သည်။ ။
သူသည် ကင်းဗတ်တစ်ချပ် တင်ထားသည့် သုံးချောင်းထောက် ခုံကလေးဆီသို့ သွားသည်။ သုံးချောင်းထောက်ပေါ်မှ ကင်းဗတ်မှာ လွန် ခဲ့သည့် ရက်အနည်းငယ်အတွင်းက သူ ဆွဲထားခဲ့သည့် ပန်းချီကားချပ် ဖြစ်၏။
သူသည် ဒူးနှစ်ဖက်ပေါ် လက်ထောက်ကာ ကိုယ်ကို ရှေ့သို့ ကိုင်း ၍ ပန်းချီကားကို ကြည့်သည်။ ပန်းချီကားချပ်ပေါ်မှ လတ်ဆတ်သော ဆေး ရောင်များသည် ကြမ်းတမ်းသော မီးရောင်ကို ရောင်ပြန်ဟပ်နေကြ၏။
သူသည် ပန်းချီကားချပ်ကို နှစ်မိနစ် သုံးမိနစ်ခန့်မျှ စိုက်၍ ကြည့် သည်။ သာမန်ကာလျှံကာကြည့်ခြင်းမျိုးမဟုတ်။ တစ်ကားလုံးကို ပထမဆုံး တင်ခဲ့သည့် စုတ်တစ်ချက်မှ နောက်ဆုံးဆွဲခဲ့သည့် စုတ်ချက်အထိ သူ့မျက်စိ များက မှတ်မိလာအောင် စေ့စေ့စပ်စပ် ကြည့်နေခြင်း ဖြစ်သည်။
သူသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းမှ စ၍ နောက်တစ်နေ့ အလုပ်မလုပ်မီ ဆွဲလက်စ ပန်းချီကားထဲမှ ရုပ်လွှာများကို အိပ်ရာဝင်သည့် အခါ မှတ်မိနေအောင်ကြည့်ရှုမှတ်သားသည့် အလေ့အထကို လေ့ကျင့် ထားခဲ့သည် မဟုတ်ပါလား။
သူသည် မီးများကို ပြန်ပိတ်လိုက်ပြီး ဖယောင်းတိုင်ကို ကောက်ယူ ကာ သူ့အိပ်ခန်းဆီသို့ သွားသည်။ အိပ်ခန်းတံခါးသို့ ရောက်သောအခါ ချက်ချင်းဖွင့်၍ မဝင်သေးဘဲ မြေဖြူတစ်ချောင်းကို လှမ်းယူပြီး တံခါး၌ ချိတ်ထားသည့် ကျောက်သင်ပုန်းပေါ်၌ “ခုနစ်နာရီတိတိ နှိုး၊ ကိုးနာရီ ကော်ဖီသောက်မည်”ဟု ရေးလိုက်သည်။ ထို့နောက် တံခါးကို ပိတ်၍ အိပ်ရာဝင် သည်။
သူသည် အိပ်ရာပေါ်၌ ငြိမ်ဆိတ်စွာ လဲလျောင်းနေသော်လည်း မျက် လုံးများကိုတော့ ဖွင့်ထားဆဲ။ သူ စောစောက ကြည့်လာခဲ့သည့် ပန်းချီကားချပ်ထဲမှ ရုပ်လွှာများ သူ့မျက်စိအမြင်အာရုံတွင် ပြန်လည်ထင်ဟပ် လာစေရန် အားထုတ်နေခြင်း ဖြစ်၏။ သူ လိုချင်သည့်အရာကို ရသည့် အခါ သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး သက်ပြင်းကို တစ်ချက် ဖြည်းဖြည်းသာသာ ချသည်။ မကြာမီ အိပ်မောကျသွားလေ၏။
နံနက်လင်းသည့်အခါ အစေခံရောဘတ်က မှာထားသည့်အချိန် အတိုင်း သူ့ကို နှိုးသည်။ သူသည် ချက်ချင်း အိပ်ရာမှထကာ ရေအေးဖြင့် မျက်နှာသစ်သည်။ အရောင်လွင့်စပြုနေပြီဖြစ်သော မီးခိုးရောင်ဝတ်စုံကို ကပျာကယာ ကောက်ဝတ်ကာ စတူဒီယိုသို့ ထွက်လာခဲ့သည်။ ရောဘတ်က တရုတ်ကတ် များကို ဖွင့်ပေးထားခဲ့ပြီ ဖြစ်၏။ စားပွဲလေးတစ်လုံးပေါ်တွင်မူ သစ်သီး တစ်ပန်းကန်၊ ရေတစ်ပုလင်းနှင့် ပေါင်မုန့်တစ်လုံး တင်ထားသည်။
သူသည် သုံးချောင်းထောက်ပေါ်မှ ပန်းချီကားချပ်ကို ရပ်၍ကြည့် ရင်း ပေါင်မုန့်ကို လှမ်းယူကာ တစ်ကိုက်ကိုက်လိုက်သည်။ သူသည် ပန်းချီ ကားချပ်နားသို့ တိုးသွားလိုက်၊ နောက်ပြန်ဆုတ်လိုက်လုပ်ကာ စေ့စေ့စပ် စပ်ကြည့်သည်။ ပေါင်မုန့်ကို ဝါးသည်။ သစ်သီးပန်းကန်ထဲမှ ချယ်ရီသီး လက်တစ်ဆုပ် လှမ်းယူသည်။
စားပွဲပေါ်တွင် စာများနှင့် သတင်းစာများ ချထားသည်ကို မြင်သည်။ သို့သော်လည်း သူ ကောက်၍မကြည့်။ နောက်တစ်ခဏမျှအကြာတွင် သူ သည် ခေါက်ကုလားထိုင်ပေါ်၌ ထိုင်ကာ သူ၏ဆွဲလက်စ ပန်းချီကားကို အလေးအနက်ထား၍ ဂရုတစိုက်ကြည့်နေသည်။
ပန်းချီကားပေါ်တွင် ရေးဆွဲထားသည့်ပုံမှာ နံနက်စောစော ရှုခင်းဖြစ် ၏။ ဤရှုခင်းမှာ ပန်းချီဆရာကိုယ်တိုင် တွေ့မြင်ခဲ့ရသော ရှုခင်းဖြစ်ပြီး လမ်းခရီးတစ်လျှောက်လုံး ပုံကြမ်း အများအပြား ဆွဲထားခဲ့ဖူးသော ရှုခင်း ဖြစ်သည်။
သူ ခရီးထွက်ခဲ့စဉ်က ရိုင်းမြစ် အထက်ပိုင်းတစ်နေရာရှိ တောထမင်း ဆိုင်လေးတစ်ဆိုင်တွင် ခဏရပ်နားခဲ့ရသည်။ သူနှင့် လာတွေ့မည်ဟု ချိန်း ထားသော မိတ်ဆွေကို သူမတွေ့။
မိုး တဖြောက်ဖြောက် ရွာနေသော ထိုညက သူသည် မီးခိုးငွေ့များ တထောင်းထောင်းထနေသည့် ဘီယာခန်းထဲ၌ ထိုင်၍ ဘီယာသောက်နေခဲ့ရသည်။ ပြီးတော့ နံရံ၌ သုတ်ထားသည့် ထုံးဖြူနံ့များနှင့် နို့များကို က် ကာ စိုစွတ်စွတ်နိုင်လွန်းလှသော အိပ်ရာပေါ်၌ ကောင်းစွာ မအပ် တစ်ညတာ အချိန်ဖြုန်းခဲ့ရသည်။
နောက်တစ်နေ့ နေမထွက်မီ သူသည် အိပ်ရာမှ နိုးလာသည်။ ဥ7) အိပ်ရေးမဝသဖြင့် စိတ်က ကြည်ကြည်သာသာမရှိ။ ဆိုင်တံခါး မ သေး။ သော့ခတ်ပြီး ပိတ်ထားသည်။ သူသည် ဘီယာခန်း ပြတင်းပေါက်ကို ဖွင့်၍ ကျော်ခွဆင်းခဲ့သည်။ ရိုင်းမြစ်ကမ်းစပ်တစ်နေရာတွင် တွေ့သည့် လှေတစ်စီးပေါ်တက်ကာ အရုဏ်တက်လုလုအချိန် ဟာလာဟင်းလင်းဖြစ် နေသော မြစ်ပြင်ထက်၌ လှေကို လှော်၍ ထွက်ခဲ့လေသည်။
အတန်ကြာသောအခါ နောက်ရင်းသို့ ပြန်လှည့်ရန် စိတ်ကူးသည်။ ထိုအခိုက်မှာပင် အတော်ကလေး အလှမ်းဝေးသည့် တစ်ဖက်ကမ်းခြေမှ လှေတစ်စီးဖြင့် သူ့ဘက်သို့ လာနေသော တံငါသည်တစ်ယောက်ကို မြင် သည်။ နို့နှစ်ရောင် သန်းလျက်ရှိသော အလင်းရောင်အောက်တွင် တံငါ သည်၏ ပုံပန်းသဏ္ဌာန်သည် မှုန်ဝါးဝါး။
တံငါသည်၏ တစ်ယောက်စီးလှေကလေး၏ အရွယ်အစားပမာဏ သည် ပင်ကိုအနေအထားအတိုင်း မဟုတ်ဘဲ အဆမတန် ကြီးမားနေဟန် ပေါက်လျက်ရှိ၏။ မြင်လိုက်ရသည့်ရှုခင်းနှင့် ထူးဆန်းသော အလင်းရောင် သည် သူ့အား ညှို့ယူဆွဲဆောင်ထားသည်။
သူ ငေးမောနေခိုက်မှာပင် တံငါသည်သည် သူနှင့်နီးလာသည်။ တစ်နေရာတွင် လှေကိုရပ်လိုက်ပြီး ရေထဲမှ ပိုက်ကွန်တစ်ခုကို ဆွဲတင်သည် ငွေရောင်ထနေသော ငါးကြီး နှစ်ကောင်သည် ပိုက်နှင့်အတူတူ တလူးလူး တလွန့်လွန့်ဖြစ်ကာ ပါလာကြသည်။ ထို့နောက် ငါးနှစ်ကောင်စလုံး တံငါ သည်၏ လှေဝမ်းထဲသို့ ဖြုန်းခနဲ ခုန်ဆင်းသွားကြသည်။
သူသည် တံငါသည်အား တစ်ခဏမျှ စောင့်ဆိုင်းရန် တောင်းပန်ပြီး ဆေးဘူးကို ကသောကမျောထုတ်ကာ ရေဆေးဖြင့် ပုံကြမ်းတစ်ခု ဆွဲယူ လိုက်၏။
ထိုနေ့က ဗာရာဂသည် တစ်နေ့လုံး ရွာထဲတွင် ခို၍ ပုံကြမ်းလောင်း လိုက်၊ စာဖတ်လိုက်နှင့် အချိန်ကုန်ခဲ့သည်။ နောက်တစ်နေ့မနက်တွင် သူသည် ရွာပြင်ထွက်ကာ ပုံတချို့ ဆွဲသည်။ ထို့နောက် ခရီးဆက်ခဲ့သည်။
ထိုအချိန်မှစ၍ ဤပန်းချီကား ရုပ်ပုံလွှာသည် သူ့စိတ်ထဲ၌ မကြာ ခဏ ပြန်ပေါ်လာသည်။ စိတ်ကူးအာရုံထဲတွင် ပေါ်လာလိုက် ပျောက်သွား လိုက်နှင့် စိတ်လက်ပင်ပန်းခဲ့ရ၏။ ထို့နောက်တော့ ရှုခင်း၏ ပုံပန်းသဏ္ဌာန် သည် ပီပီပြင်ပြင် ပေါ်လာသည်။ အခုဆိုလျှင်တော့ ဤပန်းချီကားကို သူ ဆွဲလာခဲ့သည်မှာ ရက်ပေါင်းအတော်ကြာခဲ့ပြီ။ လက်စသတ်နိုင်မည့် အခြေ အနေသို့ပင် ဆိုက်ရောက်နေပြီ။
ထုံးစံအတိုင်းဆိုလျှင် သူသည် ကြည်လင်တောက်ပသော နေရောင် အောက် သို့မဟုတ် ပန်းခြံသစ်တောစသည့် နေရာများရှိ ပြောက်တိပြောက် ကျား အလင်းရောင်များထဲတွင် ပန်းချီဆွဲနေကျ ဖြစ်၏။ ထို့ကြောင့်လည်း အခု သူရေးဆွဲနေသည့် ပန်းချီကားထဲမှ ငွေရောင်သန်းနေသော အရောင်၏ အေးမြမှုသည် သူ့စိတ်ကို များစွာ ဒုက္ခပေးခဲ့သည်။
သို့သော်လည်း ဤအရောင်သည် သူ့ကို အရောင်အသွေးသစ်တစ်ခု သုံးရန် ညွှန်ပြခြင်းဖြစ်သည်ကို တမြန်မနေ့ကမှ နားလည်သဘောပေါက် လာခဲ့၏။ အခုဆိုလျှင်တော့ ဤပန်းချီကား၏ အရောင်ထူးခြားမှုသည် ကောင်းသော လက္ခဏာတစ်ရပ်ဟု မြင်လာသည်။ ယင်းအချက်သည်ပင် လျှင် ထူးခြားသော ဆန်းသစ်မှုတစ်ခုဟုလည်းကောင်း၊ ချီးကျူးအပ်သော သာမန် ပုံတူတစ်ခုထက် အဆင့်ပို၍ မြင့်နေသည့်သဘောဆောင်နေသည်ဟု လည်းကောင်း နားလည်လာသည်။
တကယ်တော့ ဤပန်းချီကားထဲတွင် သဘာဝ၏လျှို့ဝှက်နက်နဲမှု တစ်ခုသည် မှန်သားရောင်ထနေသော မျက်နှာပြင်ကို ဖောက်၍ စီးထွက်လာ ပြီး ပြုပြင်မွမ်းမံထားခြင်း မရှိသည့်စစ်မှန်မှုတစ်ခုကို အပြည့်အဝပေးနေ သည်မဟုတ်ပါလော။
ပန်းချီဆရာသည် ပန်းချီကားကို စိတ်ဝင်တစား လေ့လာကာ သူ ပန်းချီကား ဆေးစပ်သည့်ပျဉ်ပြားပေါ်မှ အရောင်များကို ကြည့်၍ စဉ်းစား ချိန်ဆလျက်ရှိသည်။ သူ့ဆေးစပ်ပျဉ်ပြားသည် ယခင်က သုံးနေကျ ပျဉ်ပြား နှင့်မတူ။ အနီရောင်များနှင့် အဝါရောင်များမှာ မရှိသလောက် ဖြစ်နေသည်။
ပုံထဲတွင် ရေနှင့်လေကို ဆွဲထားပြီး ဖြစ်၏။ မျက်နှာပြင်သည် အေး