Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - မော်ရေးဗီးယားဝထ္ထုတိုများ

Regular price 3,200 MMK
Regular price Sale price 3,200 MMK
Sale Sold out

နှိုက်နှိုက်ချွတ်ချွတ်

          ကျုပ်အနေနဲ့ အဂ္ဂနစ္စလုပ်သွားပုံကို လုံးဝနားမလည်နိုင်အောင် ဖြစ်နေပါ တယ်။ သူ အခုလိုထွက်သွားတာဟာ ဘာ့ကြောင့်လဲ။ တကယ်လို့ ကျုပ်အပေါ် မှာ သူမကျေနပ်ဘူးဆိုရင်လည်း ကျုပ်ကို အမှန်အတိုင်း အသိပေးဖို့တော့ကောင်းတယ်။ ကျုပ်ဟာ အပြစ်အနာအဆာရယ်လို့ လုံးဝမရှိတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ အထိုက်အလျောက်ကတော့ ရှိနေမှာပေါ့။ တကယ်လို့ သူ့ဘက်က မကြိုက်ဘူး သဘောမကျဘူးဆိုရင် ကျုပ်ကိုအသိပေးသင့်တာ အမှန်ပဲ။ အဲသ လိုဆိုရင် ကျုပ်တို့နှစ်ယောက် တိုင်ပင်ဆွေးနွေးပြီး ပြင်သင့်တာ ပြင်ရမှာပေါ့ ။

          သူဘာကြောင့် အခုလို ထွက်သွားရတာလဲ။ ဒီမေးခွန်းကို ဖြေဖို့ ကျုပ် ကြိုးစားနေတာကြာပြီ။ သူနဲ့ ကျုပ်နဲ့ လက်ထပ်ပြီးလို့ အိမ်ထောင်သက် နှစ် နှစ်တာကာလအတွင်းမှာ သူနဲ့ ကျုပ်နဲ့ ကြီးကြီးကျယ်ကျယ် စကားများတာ မရှိခဲ့ပါဘူး။ သူနေတာထိုင်တာကလည်း အေးအေးဆေးဆေးပဲ။ သူအိမ်မှာနေပုံ ဟာ အိမ်စေမတစ်ယောက်နေသလို နေသွားတာဆိုတော့ တွေးရခက်တယ်။ အခုဆိုရင် သူအိမ်က ထွက်သားတာ ခြောက်လပြည့်သွားပြီ။ သူဘာကြောင့် ထွက်သွားတယ်ဆိုတာ အခုထက်ထိ အဖြေရှာလို့ မရဘူး။

          အဲဒီမနေ့မနက်က ကျုပ်ဟာ ထုံးစံအတိုင်း ရပ်ကွက်ထဲက ဈေးမှာ ဈေးသွားဝယ်တယ်။ ကျုပ်က အိမ်မှာချက်ဖို့ပြုတ်ဖို့ကအစ ကိုယ်တိုင်ဝယ်ရမှကျေနပ်တဲ့လူ မဟုတ်လား။ ကျုပ်ကိုယ်တိုင်က ဘာစားရင်ကောင်းမလဲ၊ ဘာ ချက်ရရင် ကောင်းမလဲ ဆိုတာမျိုးတွေကို ကိုယ်တိုင်စဉ်းစားပြီး ကိုယ်တိုင်ဝယ်ရမှကျေနပ်တဲ့ကောင်ဗျ။ ဈေးထဲမှာ ဈေးသည်တွေနဲ့ ဆစ်လိုက်၊ စွက်လိုက်၊ ငြင်း လိုက်ခုံလိုက်၊ ရွေးလိုက်ချယ်လိုက်၊ ရန်ဖြစ်လိုက် လုပ်နေရတာကိုပဲ ပျော်စရာ တစ်ခုလို့ ထင်နေတာ။

          အဲဒီနေ့က ကျုပ်ဟာ ဈေးထဲမှာ တလည်လည်လျှောက်သွားနေတယ်။ စားသောက်ခန်းထဲမှာ ခန်းဆီးတပ်ဖို့အတွက် ကိုယ့်စိတ်တိုင်းကျ အစမရရအောင် လိုက်ရှာရတာနဲ့ပဲ အချိန်တွေ အတော်ကုန်သွားတယ်။ နောက်ဆုံး ကျုပ်အိမ် ပြန်ရောက်တော့ ဆယ့်တစ်နာရီထိုးပြီးလို့ မိနစ်နှစ်ဆယ်တောင် ရှိပြီ။ ကျုပ်ဟာ စားသောက်ခန်းထဲ ဝင်သွားတယ်။ ဝယ်လာတဲ့ ခန်းဆီးစနဲ့ စားသောက်ခန်းထဲမှာ တပ်ထားတဲ့ ခန်းဆီးစတွေကို အရောင်ချင်း တူမတူကြည့်ချင်လို့ ဝင်သွားတာပါ။ အထဲရောက်တော့ ထမင်းစားစားပွဲရဲ့ စားပွဲခင်းပေါ်မှာ မင်တွေစွန်းနေတာ တွေ့ရတယ်။ မင်အိုးနဲ့ ကလောင်တံကိုလည်း အဲဒီပေါ်မှာ တင်ထားတာ တွေ့ ရတယ်။စာတစ်စောင် တင်ထားတာကိုလည်း တွေ့ရတယ်။

          ကျုပ် ချက်ချင်း သတိထားမိတာက မင်စွန်းတွေကိုပဲ။ “ဘယ်လိုလဲ လုပ်တာကိုင်တာ နမော်နမဲ့နိုင်လှချည်လား”လို့ တွေးလိုက်မိတယ်။ ချက်ချင်းပဲ မင်အိုးနဲ့ ကလောင်တံကိုဆွဲယူပြီး သူ့နေရာသူ ပြန်ထားလိုက်တယ်။ ပြီးတော့ မီးဖိုထဲကို တန်းဝင်လာခဲ့တယ်။ ဝယ်လာတဲ့ပစ္စည်းတွေကို နေရာချလိုက်ပြီး ချက်ဖို့ပြုတ်ဖို့အတွက် စီစဉ်နေတယ်။ အဲဒီနောက် အချိန်တော်တော်ကြာမှ စားပွဲပေါ်ကစာကို သတိရတယ်။ စားသောက်ခန်းထဲ ပြန်သွားပြီး စာကိုကြည့်လိုက် တော့စာအိတ်ပေါ်မှာ “အယ်လ်ဖရက်ဒို”လို့ ရေးထားတာ တွေ့ရတယ်။

          ကျုပ် စာကိုယူပြီး ဖွင့်ဖတ်လိုက်တော့ “အိမ်မှာ လုပ်စရာရှိတာတွေ လုပ်ထားခဲ့တယ်။ နေ့လယ်စာကိုတော့ ရှင့်ဘာသာရှင်ပဲ ချက်ပြုတ်စားပေတော့။ ရှင်လည်း ချက်တတ်နေသားပဲ။ ကျွန်မ အမေ့ဆီ ပြန်သွားတယ်” လို့ ရေးထားတာ ဖတ်ရတယ်။ စာရဲ့ သဘောက ဘာလဲ၊ ကျုပ်နားမလည်ဘူး။ ကျုပ်ဟာ စာကို နောက်တစ်ကြိမ် ထပ်ဖတ်ပြန်တယ်။ သူဘာကြောင့် သွားတာလဲ။ ဘာလို့ဖို့ သွားတာလဲ၊ စဉ်းစားလို့ မရဘူး။ အိမ်ထောင်သက် နှစ်နှစ်ရှိကာမှ အဂ္ဂနစ္စဟာ ဘယ်လို စိတ်ကူးပေါက်ပြီး ထွက်သွားတာလဲ။ စာထဲမှာ ရှင်းရှင်း လင်းလင်းလည်း ရေးမသွားဘူး။ ခေါင်းထဲမှာ နောက်ကျိကျိ ဖြစ်လာတာနဲ့ အပြင်ကို ထွက်လာခဲ့တယ်။ ။

          အဂ္ဂနစ္စအနေနဲ့ သူအခုလို သွားမယ်ဆိုတာ ကြိုတင်ပြီး အသိမပေးခဲ့ဘူး။ တကယ်ဆိုရင် ကျုပ်ကို အေးအေးဆေးဆေးပြောပြီးမှ သွားသင့်တာပေါ့။ သူရေးထားခဲ့တဲ့ စာကလည်း မရှင်းမရှင်းနဲ့။ စဉ်းစားရ အတော်ခက်တယ်။ ကျုပ်အပေါ်မှာ မကျေနပ်တာ တစ်ခုခုများ ရှိနေလို့လား။ ကျုပ်ဘက်က သူ့အပေါ် သစ္စာမဲ့တယ်လို့ ထင်လို့လား။ အဲဒီကိစ္စမျိုးမှာတော့ ကျုပ်ဘက်က အလွန်ရှင်းပါတယ်။ ကျုပ်က မိန်းမဝါသနာပါတဲ့လူမှ မဟုတ်တာ။ သူနဲ့ လက်မထပ်ခင်တုန်းကတော့ အဆက်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူနဲ့ လက်ထပ်ပြီးကတည်းက အဲဒီဟာတွေကို လုံးဝသတိမရတော့ဘူး။ မေ့ပျောက် ပစ်လိုက်တာ ကြာပြီ။

          သူ အခုလိုထွက်သွားတာဟာ ငွေကြေးချို့တဲ့လို့လား။ အဲဒါလည်း မဖြစ်နိုင်ဘူး။ သူဘာလိုချင်သလဲ၊ လိုချင်တာရှိလာရင် ကျုပ်ကိုယ်တိုင် ချက်ချင်း ဝယ်ပေးတာပဲ။ သူ့မှာ သုံးစရာပေါ်လာရင်လည်း ကျုပ်လက်မနှေးပါဘူး။ ချက်ချင်း ထုတ်ပေးလိုက်တာပဲ။ ဒီလိုဆိုရင် ကျုပ်နဲ့ နေရထိုင်ရတာ သာယာမှု မရှိလို့လား။ အဲဒါလည်း မဖြစ်နိုင်ဘူး။ ကျုပ်သူ့ကို သာယာမှုရှိအောင် ထားခဲ့ ပါတယ်။ သီတင်းတစ်ပတ်မှာ ရုပ်ရှင်နှစ်ခါပြတယ်။ တစ်ပတ်နှစ်ရက်တိတိ အပြင်စားသောက်ဆိုင်ကို ထွက်ပြီး ညစာကျွေးတယ်။ သူကြိုက်တဲ့ အစား အသောက်ဆိုရင်လည်း အိမ်မှာ အလျှံပယ်ပါ။ သူသဘောကျတဲ့ သတင်းစာတို့၊ မဂ္ဂဇင်းတို့ဆိုရင်လည်း အိမ်မှာ မပြတ်စေရဘူး။

          ဆောင်းဥတုရောက်လာရင် အော်ပရာပြဇာတ်တွေ အသစ်လဲရင် လိုက်ပြ တယ်။ နွေရာသီရောက်ပြီဆိုရင် မာရီနိုဘက်က ကျုပ်အဖေအိမ်ကို ခရီးထွက်ပြီး အပန်းဖြေကြတယ်။ ဒါဆိုရင် သူဝတ်ချင်တာတွေ မဝတ်ရလို့များလား။ အင်း အဲဒီကိစ္စမှာတော့ အဂ္ဂနစ္စအဖို့ ဘာမှကို ပြောလို့မရအောင် ပြည့်စုံနေတဲ့ ဘဝ ပါ။ သူ့မှာ ဘရာစီယာလိုသလား၊ ခြေအိတ်လိုသလား၊ လက်ကိုင်ပဝါလိုသလား၊ အဝတ်အထည်နဲ့ ပတ်သက်လို့ ဘာပဲလိုလို ကျုပ်က ချက်ချင်းဝယ်ပေးတာ။ ကိုယ်တိုင်လိုက်ပြီး အရောင်အသွေးကအစ ကိုယ်တိုင်ဝင်ရွေးပေးတာ။ အဝတ် အစားသစ်ချုပ်ပြီဆိုရင်လည်း ကျုပ်က စိတ်တိုင်းကျလိုက်အပ်ပေးတာ။ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ။ သူ့ဘက်က “ကျွန်မမှာ ဦးထုပ်မရှိတော့ဘူး၊ ဂါဝန်ဝတ်စရာ မရှိတော့ဘူး”ဆိုတဲ့ စကားမျိုး ပြောကိုမပြောရဘူး။ တကယ်လို့ ပြောလာရင်လည်း ကျုပ်က လက်နှေးတဲ့လူစားမှ မဟုတ်တာ၊ ချက်ချင်းပဲ “ကဲလာ တို့ဆိုင်သွားပြီး ဝယ်ကြရအောင်”လို့ ပြောပြီး ဝယ်ပေးလိုက်တာပဲ။

          တစ်ခုတော့ရှိတယ်။ အဂ္ဂနစ္စဟာ သိပ်ပြီးတိတိကျကျရှိပုံတော့ မရဘူး။ ကျုပ်နဲ့ရပြီး တစ်နှစ်လောက်ကြာတော့ အဝတ်အစားနဲ့ ပတ်သက်လို့ သူ့မှာ ဘာရှိတယ်၊ နောက်ထပ် ဘာလိုတယ်ဆိုတာတွေကို သိပုံမရဘူး။ ဘေးကနေပြီးကျုပ်က အမြဲသတိပေးနေရတယ်။ ဒါပေမဲ့ သူက ကျုပ်သတိပေးတဲ့အခါတိုင်း မနှစ်က ဝယ်ထားပြီးပြီ၊ မလိုတော့ဘူးလို့ ပြန်ပြောလေ့ ရှိတယ်။ နောက်ဆုံးကျတော့ အဂ္ဂနစ္စဟာ တခြားမိန်းမတွေလို အဝတ်အစားမှာ လောဘကြီးပုံ မရ ဘူးလို့ ကျုပ်တွေးမိတယ်။

          အဲသလိုဆိုရင်တော့ အခုကိစ္စဟာ ငွေကြေးနဲ့လည်း ဆက်စပ်ပုံမရဘူး။ နှလုံးသားရေးရာကိစ္စလည်း ဖြစ်လာဖို့ အကြောင်းမရှိဘူး။ သလိုဆိုရင် “စိတ် သဘောထားချင်း မတိုက်ဆိုင်မှုလား” အဲဒါကျတော့လည်း ပြောရခက်သား ကလားဗျာ။ သူနဲ့ ကျုပ်နဲ့ အိမ်ထောင်သက်နှစ်နှစ် ရှိသွားပြီ။ ကျုပ်တို့နှစ်ယောက် ကြားမှာ ရန်ပွဲဆိုတာ တစ်ခါမှ မပေါ်ခဲ့ဖူးဘူး။ အဂ္ဂနစ္စဟာ ကျုပ်ကို ဘယ် တော့မှ မဆန့်ကျင်ဖူးဘူး။ ကျုပ်နဲ့ဆိုရင် သူဟာ စကားတောင်မှ မပြောသလောက်တစ်ခါတစ်ရံ ကျုပ်တို့နှစ်ယောက်ဟာ ညပိုင်းမှာ အပြင်စားသောက်ဆိုင် တစ်ဆိုင်ကိုထွက်ပြီး စားသောက်လေ့ရှိတယ်။ အဲသလို အချိန်မျိုးမှာ စကားကို ဒိုင်ခံပြောတဲ့လူဟာ ကျုပ်ပဲ။ သူကတော့ ပါးစပ်တောင် မဟဘူး။ ကျုပ်ဆိုတဲ့ အကောင်ကလည်း တစ်မျိုးပဲ၊ စကားပြောနေရရင် သိပ်သဘောကျတယ်။ ကိုယ်စကားပြောနေတဲ့အသံကို ပြန်ပြီး နားထောင်နေရတာကိုလည်း သိပ်ကြိုက်တယ်။

          ကျုပ်စကားပြောပုံပြောနည်းက အေးအေးသာသာလည်း ရှိတယ်။ စည်းစည်းလုံးလုံးနဲ့ ပြေပြေပြစ်ပြစ်လည်း ရှိတယ်။ အကျိုးသင့်အကြောင်းသင့် လည်း ပြောတတ်တယ်။ ချိန်ချိန်ဆဆလည်း ရှိတယ်။ အကြောင်းအရာတစ်ခုကို တစ်ဖက်လူ နားလည်သွားအောင် တစ်ပိုင်းစီ၊ တစ်ပိုင်းစီ ခွဲပြီးတော့လည်း ပြောတတ်တယ်။ အဲဒါကြောင့်လည်း ကျုပ်ဟာ စကားပြောရတာကို မငြီးငွေ့ဘူး။ သိပ်ပြီး စိတ်ဝင်တစား ပြောတတ်တယ်။ အဂ္ဂနစ္စကလည်း ကျုပ်စကားပြောရင် ငြိမ်ပြီး နားထောင်နေတာပဲ။ သူ့ကြည့်ရတာ စိတ်ဝင်စားပုံ ပေါ်ပါရဲ့။ ဒါပေမဲ့ တစ်ခါတုန်းကတော့ ကျုပ်က လျှပ်စစ်အပူပေးကိရိယာတစ်ခု ဘယ်လိုအလုပ်လုပ် တယ်ဆိုတာ ရှင်းပြနေတုန်း အဂ္ဂနစ္စဟာ အိပ်ပျော်သွားတယ်။ သူ့ဆီကဟောက်သံကြားတော့မှ သူ့ကို နိုးရတယ်။ “မင်း ဘာပြုလို့ အိပ်ပျော်သွားရတာလဲ။ ကိုယ်ပြောနေတာ ပျင်းစရာကောင်းလို့လား”လို့ မေးတော့ သူက ကပျာကယာ ပြန်ဖြေတယ်။ “မဟုတ်ပါဘူး မဟုတ်ပါဘူး၊ မနေ့ညက အိပ်ရေးမဝလို့ပါ”တဲ့။

          သာမန်အားဖြင့် လင်ယောက်ျားတွေဟာ သူတို့ရဲ့ အလုပ်ဌာနတွေ၊ ဆိုင်တွေနဲ့ အလုပ်များနေကြတာချည်းပဲ။ အလုပ်ကိစ္စတွေကို အကြောင်းပြုပြီး အပြင်ထွက်ကြ၊ လည်ကြပတ်ကြနဲ့။ သူတို့ မိန်းမတွေရဲ့ အနားမှာ အချိန်ကြာကြာ နေရတယ်လို့ကို မရှိဘူး။ ကျုပ်ကျတော့ အဲသလို မဟုတ်ဘူး။ အဂ္ဂနစ္စရဲ့ အနားမှာ ကျုပ်ဟာ အမြဲတမ်းရှိနေတယ်။ သူချက်ပြုတ်နေတဲ့အချိန်မှာတောင် သူ့အနားမှာ ကျုပ်ရှိတယ်။ ကျုပ်ကိုယ်တိုင်ကလည်း အချက်အပြုတ်မှာ ဝါသနာ ပါတယ်မဟုတ်လား။ ကျုပ်ဟာ ခါးစည်းအဝတ်ကိုဝတ်ပြီး သူနဲ့အတူတွဲပြီး ချက် ပြုတ်နေတာက များတယ်။

          အာလူးတွေ အခွံနွှာတယ်။ ပဲသီးတောင့်တွေ လှီးတယ်။ ဟင်းလျာကို ပြင်တယ်။ ဟင်းအိုးကို စောင့်ကြည့်တယ်။ ကြော်စရာရှိတာကို ကြော်တယ်။ အဲသလိုကူညီပြီး လုပ်ကိုင်ပေးနေတာတွေက များလွန်းလာတော့ သူက “ကဲပါ ရှင်ပဲ လုပ်လိုက်ပါတော့။ ကျွန်မခေါင်းနည်းနည်းကိုက်လို့ အိပ်ရာထဲ ခဏ လှဲနေချင်တယ်”လို့ပြောပြီး မီးဖိုချောင်ထဲက ထွက်ထွက်သွားလေ့ရှိတယ်။

          အဲဒီနောက်မှာတော့ ချက်ရေးပြုတ်ရေးကိစ္စက ကျုပ်ရဲ့ တာဝန်ဖြစ်လာ တယ်။ တစ်ခါတလေ ကျုပ်ဟာ ဟင်းချက်နည်းစာအုပ်တစ်အုပ် ဘေးမှာချပြီး ဟင်းအသစ်အဆန်းတွေ ချက်နေတတ်တယ်။ ကျုပ်ဘယ်လိုပဲ ကောင်းအောင် ချက်ချက် အဂ္ဂနစ္စဟာ သိပ်ပြီး မစားနိုင်ဘူး။ နောက်ဆုံးမှာ တို့ကာပင့်ကာလောက် ပဲ စားပြီး၊ ပြီးသွားလေ့ရှိတယ်။ တစ်ခါမှာတော့ သူက ကျုပ်ကိုပြောင်သလို နောက်သလိုနဲ့ စကားတစ်ခွန်း ပြောဖူးတယ်။ “ရှင်ယောက်ျားဖြစ်လာတာ မှားတယ်၊ မိန်းမတစ်ယောက်အဖြစ်နဲ့ မွေးလာဖို့ကောင်းတာ”တဲ့။

          စဉ်းစားကြည့်လိုက်ရင် သူပြောတာဟာ မှန်တယ်လို့ ကျုပ်ဝန်ခံရမှာပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကျုပ်လုပ်နေတာတွေက အချက်အပြုတ်တင် မကတော့ ဘူး။ အဝတ်တွေလျှော်တယ်။ မီးပူတိုက်တယ်။ အင်္ကျီအစုတ်အပြဲတွေကိုဖာတယ်၊ ထားတယ်။ တစ်ခါတလေ အချိန်အားရရင် လက်ကိုင်ပဝါတွေမှာ ဇာပန်းလေးတွေ ထိုးလိုက်သေးတယ်။ သူ့အနားက တစ်ဖဝါးမှ မခွာဘူးဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ပြောရမယ်ဆိုရင်လည်း တစ်မျိုးပါပဲဗျာ။ သူ့ဆီကို မိန်းမသူငယ်ချင်းတွေ အလည်လာတဲ့အခါ၊ သူ့အမေဆီကို အလည်လာတဲ့အခါမျိုးတွေမှာလည်း ကျုပ်က သူ့အနားက မခွာဘူးဗျာ။

          တစ်ခါမှာတော့ သူ့ခေါင်းထဲကို ဘယ်လိုစိတ်ကူးမျိုးဝင်လာသလဲမသိဘူး။ အင်္ဂလိပ်စကားသင်ချင်တယ်လို့ ပြောတယ်။ ကျုပ်က သူ့အနားက မခွာချင်တာနဲ့ ကျုပ်ပါရောပြီး အင်္ဂလိပ်စကားပြောသင်တန်း တက်လိုက်တယ်။

          ကျုပ်အဖြစ်က ရယ်စရာတော့ အကောင်းသား။ တစ်ခါတုန်းက သူနဲ့ကျုပ် စားသောက်ဆိုင်ထဲမှာ စားသောက်နေကြတော့ သူက ကျုပ်အနားကပ်ပြီး တိုး တိုးလေး ပြောတယ်။ “ရှူရှူးပေါက်ချင်တယ်”တဲ့။ ကျုပ်က သူ့ကို အိမ်သာဘက် လိုက်ပို့တယ်။အိမ်သာဝရောက်တော့ တံခါးစောင့်က ကျုပ်ကို ဖမ်းဆွဲထားတယ်။ “အမျိုးသမီးအိမ်သာထဲကို ယောက်ျားတွေ မဝင်ရဘူးတဲ့”တဲ့။

          ဒီအဖြစ်တွေကို စဉ်းစားလိုက်တဲ့အခါမှာ အဂ္ဂနစ္စဟာ ကျုပ်ကိုထားပြီး ထွက်သွားဖို့ မသင့်တာအမှန်ပဲ။ အဲဒါ ဘာပြုလို့ထွက်သွားတာလဲ။ ကျုပ်စဉ်းစား နေတုန်းမှာပဲ ကျုပ်ဟာ ကျုပ်အဖေရဲ့ ဆိုင်ကို ရောက်သွားတယ်။ ကျုပ်အဖေက အသက်သိပ်မကြီးသေးဘူး။ ဆံပင်ကနက်နက်၊ မုတ်ဆိတ်မွေးက နက်နက်၊ ကျက်သရေရှိတုန်းပဲ။ အဖေဟာ စကားပြောတဲ့အခါမှာလည်း သိပ်ပြီးနူးညံ့သိမ်မွေ့ တယ်။ အပြုအမူကျတော့လည်း ယဉ်ကျေးဖွယ်ရာပဲ။

          ကျုပ်ရောက်သွားတော့ ထုံးစံအတိုင်းပါပဲ။ အဖေဟာ စားပွဲမှာထိုင်ပြီး စာရင်းတွက်နေတယ်။ ကျုပ်က “အဖေ အဂ္ဂနစ္စကတော့ ကျုပ်ကိုစွန့်သွားပြီ”လို့ ပြောလိုက်တယ်။ အဖေက ကျုပ်ကိုမော့ကြည့်တယ်။ “ငါစိတ်မကောင်းပါဘူးကွာ၊ ဘယ်လိုဖြစ်ကြတာလဲ”လို့ ပြန်မေးတယ်။

          ကျုပ်က အဖြစ်အပျက်အားလုံးကို စေ့စေ့စပ်စပ် ပြောပြတယ်။ စကားကို အဆုံးသတ်တဲ့အခါမှာတော့ “ကျွန်တော်သိချင်တာ တစ်ခုပဲရှိတယ်၊ သူဘာပြုလို့ ကျွန်တော့်ကိုပစ်ပြီး ထွက်ပြေးရတာလဲဆိုတဲ့ အချက်ပဲ”လို့ ပြောလိုက်တယ်။

          အဖေက အံ့အားသင့်နေတဲ့ မျက်နှာထားနဲ့ ကျုပ်ကိုကြည့်နေတယ်။ ပြီးတော့ “မင်းအဲဒီအချက်ကို မသိဘူးလား”လို့ ပြန်မေးတယ်။

          “မသိဘူးအဖေ”

          အဖေဟာ အချိန်အတော်ကြာ ငြိမ်ဆိတ်နေတယ်။ ပြီးတော့ သက်ပြင်းတစ် ချက်ချတယ်။ “ငါစိတ်မကောင်းပါဘူ အယ်လ်ဖရက်ဒိုရယ်၊ မင်းကို ဘာပြောရမှန်းတောင် မသိတော့ဘူး၊ မင်းဟာ ငါ့သားပါ၊ မင်းကို ငါပြုစုပျိုးထောင်လာတာပါ။ ငါမင်းကို ချစ်လည်းချစ်ပါတယ်၊ ဒါပေမဲ့ အခုဟာက မင်းမယားဆိုတော့ မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ”လို့ ပြောတယ်။

          “ဟုတ်ပါတယ်၊ ကျွန်တော့်ကိစ္စပါ၊ ဒါပေမဲ့ သူ ဘာပြုလို့ အခုလို