Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - မာန်

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

( ၁ )

          အရှုံးနှင့်ရင်ဆိုင်ခဲ့ရသော စစ်တပ်သည် အက်စ်ပီနိုဆာမှ နေ၍ တောင်စဉ် တောင်တန်းကြီးများကို ဖြတ်ကျော်ကာ ဆုတ်ခွာသွားလျက်ရှိသည်။ စစ်တပ်မှာ လူပေါင်းနှစ်သောင်းမျှ ပါဝင်သော တပ်ကြီးတစ်တပ်ဖြစ်၍ မိုင်နှစ်ဆယ်ခရီး တစ်လျှောက် အပြေးအလွှား ဆုတ်ခွာနေရခြင်းဖြစ်၏။ သူတို့၏ နောက်ဘက်၌ ကျန်ရစ်ခဲ့သည့် မိုင်တစ်ရာခန့်ကွာဝေးသော ခရီးတစ်လျှောက် လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်တွင်မူ နာဖျားမကျန်းဖြစ်၍ လဲကျကျန်ရစ်သူများနှင့် သေဆုံး ကျန်ရစ်ခဲ့ကြသည့် လောင်းကောင်များသည် နေရာအနှံ့ ပြန့်ကျဲလျက် ရှိကြပေ သည်။

          တပ်၏ရှေ့ဆုံးမှ ဦးဆောင်၍သွားနေကြသူများမှာ မြင်းတပ်သားများ ဖြစ်၏။ ဆုတ်ခွာနေကြရသူများထဲတွင် ဤသည် ယခုအချိန်အထိ မြင်းကိုယ်စီနှင့် ခရီးနှင်နေနိုင်ကြဆဲ ဖြစ်ကြသဖြင့် အလွန်ကံကောင်းသူများ ဖြစ်သည်။ ဤလူစု အဖို့ကတော့ ယခုရောက်နေသောနေရာသည် မဆုတ်ခွာမီကနေခဲ့ရသော နေရာ ထက် အဆပေါင်းများစွာ ပို၍ လုံခြုံမှုရှိနေသဖြင့် အားတက်စရာလည်းကောင်းနေ သည်။

          မြင်းတပ်၏နောက်မှ လိုက်ပါနေကြသူများမှာ ခြေလျင်တပ်သားများ ဖြစ်၏။ သူတို့သည် အစုလိုက်အပြုံလိုက်သွားနေကြခြင်း ဖြစ်သည်။ သူတို့အုပ် စုများထဲတွင် တစ်ယောက်ချင်း နှစ်ယောက်ချင်းတွဲ၍ သွားနေကြသူများလည်း ပါ၏။ သူတို့၏ ယူနီဖောင်းများမှာ အစုတ်စုတ်အပြတ်ပြတ်ဖြစ်ကာ အရောင်အဆင်းဟူ၍ မရှိသလောက် ဖြစ်နေကြသည်။ ယူနီဖောင်း အပေါက်အပြဲများကြား မှ ပေါ်နေသည့်အသားများမှာ ရောဂါဒဏ်နှင့် အအေးဒဏ်တို့ကြောင့် မည်းပုပ် ပုပ် ပြာနှမ်းနှမ်း ဖြစ်နေကြသည်။

          ဆုတ်ခွာနေကြသော တပ်များအားလုံးထဲမှ တစ်ဝက်နီးပါးခန့်သည် ယခု အချိန်အထိ မတ်စကတ်သေနတ်များကိုင်ထားကြဆဲဖြစ်၍ တပ်သားအားလုံး၍ လေးပုံတစ်ပုံခန့်သည် ယခုချိန်အထိ လှံစွပ်များ ကိုင်ထားနိုင်ကြဆဲဖြစ်၏။ အချို့တပ်သားများမှာ စစ်သားပုံပေါက်နေကြဆဲဖြစ်သော်လည်း အရေအတွက် အားဖြင့် အနည်းငယ်မျှသာ ဖြစ်၏။ ကျန်တပ်သားများမှာ အက်စ်ပီနိုဆာတွင် အလူးအလဲ ခံလာခဲ့ရသည့် ဒဏ်ရာဒဏ်ချက်များကြောင့် စစ်သားရုပ်လုံးဝ ပျောက်ကာ လူလုံးမလှဖြစ်နေကြလေပြီ။

          သူတို့အားလုံးသည် နောက်မှ လိုက်လာနေသည့် ပြင်သစ်တပ်များ၏ လက်မှ လွတ်မြောက်ရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရခြင်းဖြစ်ရာ သူတို့၏ ဆင်းရဲဒုက္ခသည် မသေးငယ်လှပေ။ ခွန်အားတောင့်တင်းသန်စွမ်းနေဆဲဖြစ်သော စစ်သားများအနေဖြင့် ရန်သူနှင့် အလှမ်းဝေး၍ဝေး၍ သွားအောင် ခပ်သွက်သွက် ခရီးနှင်နေနိုင်ကြသော်လည်း အားအင်ကုန်ခန်း မောပန်းနွမ်းနယ်နေကြသည့် စစ်သားများအဖို့မှာမူကား ရှေ့ဆုံးသို့ရောက်နေကြသူများ၏ နောက်ဘက်တွင် အဝေးကြီးကွာ၍ ကျန်ရစ်ခဲ့ကြသည်။

          စစ်တပ်၏ အခြေအနေသည် အဘက်ဘက်တွင် အားအင်ဆုတ်ယုတ်ကာ ပြိုပျက်ကျတော့မည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။ နွေရာသီကျတော့ လည်း ဤစစ်သားများဝတ်ဆင်ခဲ့သည်မှာ အစုတ်စုတ်အပြတ်ပြတ်၊ ဆောင်းရာသီ ကျတော့လည်း စားသောက်ရသည်မှာ မဝတဝ၊ ယခုတပ်အားလုံးဆုတ်ခွာလာ သည့် အချိန်မှာ ဆောင်းရာသီဖြစ်၍ အလွန်ဆိုးရွားသော အခြေအနေများနှင့် ထပ်တလဲလဲ ရင်ဆိုင်နေကြရ၏။

          လွန်ခဲ့သော ရက်များအတွင်းက သူတို့ တပ်စွဲထားသည့် အက်စ်ပီနိုဆာ မြို့သည် ရန်သူပြင်သစ်တို့၏ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းကို ခံခဲ့ရသည်။ ထို့နောက် တွင် သူတို့ဘက်မှ မရှုမလှအရေးနိမ့်ကာ အက်စ်ပီနိုဆာကို လက်လွှတ်ခဲ့ကြရ ၏။ သူတို့ ယခုဆုတ်ခွာလာခဲ့ကြရသည့် လမ်းခရီးမှာ ကြမ်းတမ်းလွန်းလှချေ သည်။ “မြေဩဇာ” အလွန်ကောင်းသော လွင်ပြင်များပေါ်မှ ဖြတ်သန်း၍ ဆုတ်ခွာနေကြရသည် မဟုတ်။ အစာရေစာ လုံးဝ ရနိုင်စရာမရှိသော၊ လွင်ပြင်များနှင့် အလွန် အလှမ်းဝေးကွာလွန်းလှသော တောင်တန်းကြီးများကြားမှ ဖြတ်သန်း ဆုတ်ခွာနေကြရခြင်း ဖြစ်၏။

          မိုးအဆက်မပြတ် ရွာနေသည်မှာ ရက်ပေါင်းအတော်ကြာခဲ့ပြီ။ မိုးရွာနေပုံ မှာ သဲသဲမဲမဲ ရှိလွန်းလှချေသည်။ ဤကြားထဲမှာပင် သူတို့လူစုသည် တောင်တန်း များ၏ အမြင့်ဆုံးပိုင်းသို့ တက်မိလာလေလေ တဝုန်းဝုန်းတိုက်ခတ်နေသော ပြင်းထန်အေးမြသည့် လေဒဏ်ကို ခံရလေဖြစ်နေရ၏။ သူတို့ ရှေ့တည့်တည့် ရှိ တောင်ထိပ်တောင်စွန်းနှင့် တောင်နံရံများထက်တွင် ဆီးနှင်းပြင်ကြီးများသည် ဖွေးဖွေးလှုပ်မျှ တည်ရှိနေကြသည်။ ကြည့်မျှော်မဆုံးဖြစ်နေသော ထိုဆီးနှင်းပြင် ကြီးများပေါ်မှ ဖြတ်သွားရမည်အရေးသည် တွေးဝံ့စရာ မရှိ။ သို့သော်လည်း သူတို့တွင် ရွေးစရာလမ်းက မရှိ။

          သူတို့တွင် စားနပ်ရိက္ခာလည်း မပါ။ လောင်စာပစ္စည်းလည်း မရှိ၊ နားခဲ့ရခြင်းလည်း မရှိ။ သူတို့အနေဖြင့် နောက်မှလိုက်လာသည့် ပြင်သစ်စစ်တပ် များ၏ အန္တရာယ်မှတစ်ပါး အခြားဘာကိုမှမသိ။ ဤသို့ဖြင့်ပင် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ အနာရောဂါမျိုးစုံ ကျရောက်လာတော့မည့် အရိပ် အယောင်များ ပေါ်လာသည်။ ရာသီဥတုဒဏ်မှ အကာကွယ်မရခြင်းနှင့် အစာ ရေစာ ငတ်မွတ်ခေါင်းပါးခြင်း စသည်တို့ကြောင့် ခံနိုင်ရည်အား မရှိကြတော့ သည့် အချိန်မျိုးတွင် ရောဂါမျိုးစုံ ကျရောက်လာခဲ့ပါမူ လူအားလုံး လုံးပါးပါးဖို့ သာရှိတော့၏။

          မကြာမီပင် တပ်သားများကြားတွင် တိုက်ဖွိုက်ခေါ် အူရောင်ငန်းဖျား ရောဂါ၊ ဝမ်းကိုက်ရောဂါ၊ နမိုးနီးယား ခေါ် အဆုတ်အအေးမိရောဂါ စသည် စသည်များသည် အကြီးအကျယ်ကျရောက် ဖြစ်ပွားလာသည်။ လူအချို့သည် သွားရင်းလာရင်းမှပင် လမ်းမအလယ်မှာ အရုပ်ကြိုးပြတ် လဲကျသွားကြသည်။ အချို့မှာ လဲကျသည်နှင့်တစ်ပြိုင်နက် သေဆုံးသွားကြသော်လည်း အချို့မှာ သတိမေ့မြောသွားကြခြင်း ဖြစ်၏။

          နောက်မှလိုက်ပါလာကြသူများသည် အများအားဖြင့် မောပန်းနွမ်းနယ်ပြီး အားအင်ချည့်နဲ့နေကြသူများဖြစ်ရာ သူတို့ကိုယ်သူတို့ ဟန်နိုင်ကြသည်မဟုတ်။ သူတို့ရှေ့မှ ရုတ်တရက် လဲကျသွားသူများအား ကိုယ်ရှိန်မသတ်နိုင်ကြဖြစ်ကာ တက်၍ နင်းမိကြသည်က များ၏။ ဖိနပ်မပါသော တပ်သားများ၏ ခြေထောက် များမှ သွေးများသည် တစိမ့်စိမ့်ယိုစီးကျလျက်ရှိသဖြင့် လမ်းပေါ်တွင် သွေးလူး နေသော ခြေရာများကို နေရာအနှံ့အပြားတွင် မြင်တွေ့ နေကြလေသည်။

          ဆုတ်ခွာလာသည့် စစ်တပ်၏ ရှေ့ဆုံးပိုင်းမှ ရှုခင်းသည် ထိုပုံစံအတိုင်း ဖြစ်လျက်ရှိရာ နောက်ဘက်ပိုင်းမှ အခြေအနေသည် ထို့ထက်ပို၍ ဆိုးရွားနေလိမ့် မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ နောက်ပိုင်းမှ လိုက်လာကြသူများထဲမှ အချို့ သည် ခြေထောက်များကို အသုံးမပြုနိုင်ကြတော့သဖြင့် လေးဘက်ထောက် သွားနေကြသည်။ ဤအပိုင်းတွင် မိန်းမများနှင့် ကလေးလူငယ်များပါ ပါဝင် လျက်ရှိသဖြင့် ကြည့်ရမြင်ရသည်မှာ စိတ်သက်သာစရာ မရှိပေ၊ သူတို့သည် ရှေ့မှသွားနေသူများကို မီအောင်မလိုက်နိုင်ကြသဖြင့် နောက်ဘက် အဝေးကြီး တွင် ကျန်ရစ်ကာ သီးခြားအုပ်စု တစ်ခုလိုဖြစ်နေကြသည်။

          ဤအပိုင်းတွင် အက်စ်ပီနိုဆာမှ လွတ်မြောက်လာခဲ့သည့် စစ်လက်နက် ပစ္စည်း အကျန်အကြွင်းများကိုပါ မြင်တွေ့နေရသည်။ ဤပစ္စည်းများကို ယခု အချိန်ထိ မစွန့်ပစ်ကြသေးဘဲ မိုင်တစ်ရာခရီးလွန်မြောက်သည်အထိ သယ်ယူခဲ့ ကြသည်။ ပစ္စည်းသယ်သည့်မြင်းများမှာ အားလုံးသေကုန်ကြပြီဖြစ်၏။ အမြောက် အသေးစား အနည်းငယ်မျှနှင့် အမြောက်တင်လှည်းများကို သေလုမြောပါး ဖြစ်နေကြသည့် လားများဖြင့် ဆွဲယူလာကြခြင်း ဖြစ်သည်။ အမှန်အားဖြင့် လားများသည် ပစ္စည်းများကို ဆွဲယူနိုင်သည့်အားရှိကြတော့သည်မဟုတ်။ သူတို့ ဘေးမှလိုက်လာနေကြသည့် တပ်သားများက ကျောပွတ်များဖြင့် မတန်တဆ ရိုက်နှက် မောင်းနှင်နေကြ၍သာ မနိုင်ဝန်ကို ဆွဲနေကြရခြင်းဖြစ်သည်။

          တစ်ခါတစ်ရံတွင် ဒယိမ်းဒယိုင်နှင့် တရွတ်သီထိုးဖြစ်နေသော အမြောက် တင်လှည်းများသည် နာဖျားမကျန်းဖြစ်ပြီး လမ်းလယ်ကောင်၌လဲကျနေသူများ အား တက် ကြိတ်မိသည်။ လူရော လားပါ အားအင်ချည့်နဲ့နေကြပြီး ဖြစ်သဖြင့် မည်သူကမှ အမြောက်တင်လှည်းကို ထိန်းနိုင်စွမ်းမရှိ။ လူကို နင်းသွား၍လည်း အရေးမထားနိုင်။ သေသလား ရှင်သလားဟုပင် ပြန်ကြည့်ဖို့ အချိန်မရ။ လှည်း လမ်ကြောင်း ရွှံ့ဗွက်ထဲ၌ နစ်နေသော လှည်းဘီးကို ဆွဲတင်ဖို့မှတစ်ပါး အခြား ဘာကိုမှ ဂရုမစိုက်အား။

          ဆုတ်ခွာလာနေသည့် စပိန်တပ်ကြီးတစ်ခုလုံးကို ခြုံ၍ကြည့်လိုက်မည် ဆိုပါက ယခုအချိန်ထိ တာဝန်သိသိ သစ္စာရှိရှိနှင့် အဆင်းရဲ အပင်ပန်းခံ၍ လုပ်ကိုင်နေသည့်တပ်မှာ အမြောက်တပ် တစ်ထပ်တည်းသာ ရှိသည်။ အမြောက် တပ်သားများ၏ လက်ဝဲတွင်ပါသည့် အမြောက်အရေအတွက်မှာ အနည်းငယ်မျှ သာ ရှိ၏။ ယင်းတို့မှာ အက်စ်ပီနိုဆာမှ လွတ်မြောက်လာခဲ့သည့် အမြောက်များ ဖြစ်သည်။

          အမှန်အားဖြင့် အမြောက်တပ်သားများသည် ဤလက်ကျန် အမြောက် များကို ပင်ပန်းခံ၍ ဆွဲယူလာလိုစိတ် ရှိကြသည်မဟုတ်။ ဤအမြောက်များကို ဤပုံစံဖြင့် ဆွဲယူလာနေပါက အန္တ ရာယ်ကြီးသည်ကို သိကြသည်။ အကယ်၍ ဤအမြောက်များကို ရောက်ရာအရပ်၌ စွန့်ပစ်ထားခဲ့မည် ဆိုပါက ဘယ်သူကမှ စိတ်ဝင်တစားနှင့် ဂရုစိုက်ကြလိမ့်မည် မဟုတ်ဟုလည်း နားလည်ထားကြသည်။

          သို့ပါလျက်နှင့် ဘာကြောင့် ဤမျှလောက်အထိ ဇွဲနပဲကြီးစွာဖြင့် အပင် ပန်းခံ၍ ဆွဲလာနေကြရပါသနည်း။ အဖြေကတော့ ရှင်းသည်။ သဘာဝ အလျောက် ပါလာသည့် “ခေါင်းမာသောစိတ်” ကြောင့်ဖြစ်သည်။ တစ်နည်း အားဖြင့် ဇွဲကြီးတတ်သော အကျင့်စရိုက်ကြောင့်ဖြစ်သည်။ ထိုအကျင့်စရိုက်သည် အရိုးစွဲအောင် လုပ်ပေးထားခဲ့သည့် စည်းကမ်းလိုက်နာစိတ်နှင့် ပေါင်းစပ်ကာဤ လူစုအား ဤအမြောက်များကို ဤနေရာသို့ အရောက်ဆွဲလာအောင် တွန်းအား ပေးထား၍ ဖြစ်၏။

          ဆုတ်ခွာလာသည့် စပိန်စစ်တပ်ကြီး၏ နောက်ဆုံးမှ ချီတက်လာသည့် ဤတပ်ခွဲတွင် အကြီးဆုံး အလေးဆုံးနှင့် အထည်ဝါ အခံ့ညားဆုံးသော အမြောက် ကြီးတစ်လက်ပါလာသည်။ သံဖြင့် ပြုလုပ်ထားသော ခြောက်ပေါင်ဒါ အမြောက် ထက် ပို၍ကြီး၊ ပို၍လေး၊ ပို၍ခံ့ညားသော အမြောက်ကြီးဖြစ်၏။ အမြောက်ကြီး အရှည်မှာ ဆယ့်သုံးပေရှိ၍ အမြောက်၏ပြောင်းရင်း ထိပ်ဝအချင်းမှာ နှစ်ပေ တိတိ ရှိသည်။ အမြောက်ကြီး၏ ထိပ်ဝအချင်းမှာ တစ်ပေတိတိ ရှိလေသည်။

          ဤအမြောက်ကြီးသည် ဆယ့်ရှစ်ပေါင်ဒါ ကြေးနီအမြောက်ကြီး ဖြစ် သည်။ ကြေးနီနှင့်ခဲမဖြူရောစပ်ပြီး ပြုလုပ်ထားသော အမြောက်ကြီး၏ အရောင် အဆင်းသည် နီညိုရောင်ပေါက်ကာ ဝင်းလက်နေသည်။ အမြောက်ကြီး၏ ကျည်ထွက်ပေါက်နှင့် ပြောင်းတစ်လျှောက်တွင် ရိုးရာအမှတ်အသားများကို ဖော်ပြ သည့် အမှတ်တံဆိပ်များနှင့် အလှအပ တန်ဆာဆင် ခြယ်လှယ်ထားသည့် ကနုတ်ပန်းနွယ်များ ထွင်းထားသည်။ ပုံဖော်ထားပုံမှာ လှပရုံမက ကျက်သရေရှိ လှပေသည်။ ဤအမြောက်ကြီးသည် ချမ်းသာကြွယ်ဝသော အမတ်ကြီးတစ်ဦး တစ်ယောက်၏ ရဲတိုက်တွင် အလှအပထားရန် ရည်ရွယ်ပြီးလုပ်ထားဟန် တူ၏။

          အမြောက်ကြီး၏ ပြောင်းဝ ပတ်လည်တွင် လက်တင်ဘာသာဖြင့် မှတ် တမ်းတင်ထားသည့် စာပိုဒ်တစ်ပိုဒ်ပါသည်။ ဆုတောင်းစာ ကဗျာစာတစ်ပိုဒ်ဖြစ် ၏။ စာပိုဒ်မှာ “သို့မှာသာလျှင် တပည့်တော်တို့၏ ပါးစပ်များသည် ပွင့်လာကြပါ လိမ့်မည်။ အရှင်မြတ်၏ ချီးကျူးမှုကို ခံယူပါ၏” ဟူ၍ ဖြစ်သည်။

          ဤစာပိုဒ်ကို ကြည့်ရုံမျှဖြင့် ဤအမြောက်ကြီးသည် ပုံစံတူအရွယ်တူ အမြောက်ကြီးနှစ်လက်ထဲမှ တစ်လက်ဖြစ်ရမည်ဟု တွက်ဆနိုင်သည်။ သူနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ပြုလုပ်ထားခဲ့သော အမြောက်တစ်လက်တွင် “အို..အဘဘုရားသခင်၊ ကျွန်ုပ်တို့၏ နှုတ်ခမ်းများကို ဖွင့်လှစ်ပေးတော်မူပါ” ဟူသော ရှေ့စာပိုဒ် ပါရှိမည်မှာ မလွဲ။ ဆုတောင်းစာ ကဗျာ၏ ဒုတိယပိုဒ်ပါသော အမြောက်တစ်လက်ရှိပါက ပထမပိုဒ်ပါ အမြောက်တစ်လက်သည် မရှိဘဲ နေလိမ့်မည်မဟုတ်။

          ဘယ်နည်းနှင့်မဆို ဤဆုတောင်းစာ ကဗျာနှစ်ပိုဒ်ကို ရှေ့နောက်ရေး ထိုးထားသော အမြောက်ကြီးနှစ်လက်သည် စပိန်နိုင်ငံ တောင်ပိုင်းဒေသအတွင်း ရှိ ရဲတိုက်ကြီးတစ်ခု၏ အဝင် တံခါးပေါက်၏ တစ်ဖက်တစ်ချက်တွင် ထည်ဝါ ခံ့ညားစွာ မားမားမတ်မတ် ရပ်နေခဲ့ကြလိမ့်မည်မှာ မလွဲပေ။ သို့သော်လည်း အလှအပ တန်ဆာဆင်မှု တာဝန်ကို ယူထားရသော အမြောက်ကြီး နှစ်လက် သည် သူတို့၏မူရင်း တာဝန်ကို လက်လွှတ် ဆုံးရှုံးရမည့် အခြေအနေ တစ်ရပ် သည် ဖြုန်းခနဲ ပေါ်ပေါက်လာခဲ့သည်။

          စပိန်တို့သည် သူတို့နိုင်ငံတွင်းသို့ အတင်းအဓမ္မ ကျူးကျော်ဝင်ရောက် နေကြသည့် ပြင်သစ်တို့အား လက်နက်ကိုင်၍ တော်လှန်တိုက်ခိုက်ကြသည်။ ထိုအခါ တစ်မျိုးသားလုံးက အုံကြွတော်လှန်သည့် တိုက်ပွဲများသည် တစ်နိုင်ငံလုံး နေရာအနှံ့အပြားတွင် ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ဤတွင် ဘေလင်းမြို့ရှိ ပြင်သစ်တပ်တစ်တပ်အား စပိန်တို့က ဝိုင်းဝန်းတိုက်ခိုက်ခဲ့သော အရေးအခင်း သည် ပေါ်ပေါက်ခဲ့လာသည်။

          ပြင်းထန်ကြီးမားသော ထိုတိုက်ပွဲတွင် ဤအမြောက်ကြီးနှစ်လက်သည် စပိန်အမြောက်တပ်အတွက် ဝင်နေရသော စပိန်လက်နက်ကြီးများ ဖြစ်လာခဲ့ သည်။ အထူးသဖြင့် လက်နက် မပြည့်မစုံဖြင့် တိုက်ပွဲ ဝင်နေရသော စပိန် အမြောက်တပ်အဖို့ ဤအမြောက်ကြီးသည် အင်အား တိုးစေသည့် လက်နက်ကြီး များဖြစ်လာခဲ့လေသည်။

          နောက်ဆုံးတွင် စပိန်တို့၏ တော်လှန် တိုက်ခိုက်မှုများအပေါ် ဒေါသ အမျက်ခြောင်းခြောင်း ထွက်နေသော နံပိုလီယံသည် အလွန်ကြီးမား များပြားသည့် စစ်တပ်ကြီး တစ်တပ်အား ဦးဆောင်ကာ ပြင်သစ်နှင့် စပိန် နှစ်နိုင်ငံကြား “ပိုင်ရီးနီးစ် တောင်တန်းကြီး” ကို ကျော်ဖြတ်၍ စပိန်နိုင်ငံတွင်းသို့ ဝင်ရောက်လာ ခဲ့သည်။ ထို့နောက် တိုက်ပွဲကြီးများ ဆက်တိုက် ဖြစ်ပွားလာခဲ့ရာ ဤ အမြောက်ကြီးများသည် ဂါမိုနယ်လီ သို့မဟုတ် ရီယိုဆီကို သို့မဟုတ် တူဒီလာ တိုက်ပွဲ များတွင် ပါဝင် ဆင်နွှဲခဲ့ရပြီးနောက် အမြောက်ကြီးတစ်လက်သည် ယင်းတိုက်ပွဲ တစ်ပွဲအတွင်း၌ ပြင်သစ်တို့လက်တွင်းသို့ သက်ဆင်း ရောက်သွားခဲ့ဟန်တူ၏။ ထို့နောက်တွင်မူ ပြင်သစ်တို့သည် သူတို့ သိမ်းယူရရှိသွားသော ယင်းအမြောက် ကြီးကို အောင်ပွဲအထိမ်းအမှတ် ပစ္စည်းတစ်ခုအဖြစ် တစ်နေရာရာ၌ ထားကြလိမ့် မည်မှာ မလွဲပေ။

          စပိန်တို့၏ လက်တွင်၌ ကျန်ရစ်ခဲ့သော ဤအမြောက်ကြီးသည်လည်း ပြင်သစ်တို့ နောက်သို့ ပါသွားခဲ့သည့် သူ့အဖော်ကဲ့သို့ပင် တူညီသော ကံကြမ္မာကို ရယူခဲ့သည်ဟု ဆိုနိုင်စရာ ရှိနေ၏။ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည့် ဘလိတ်၏ စပိန်တပ်ကြီးသည် နောက်ဆုံးမှ နေ၍ လိုက်ပါလာနေရသည်။ လားကောင်ရေ တစ်ဒါဇင်ခန့်မျှသော လားများသည် တုံးအလေးချိန် သုံးတန်မျှရှိသော အမြောက် ကြီးကို ကျောက်တုံးကျောက်ခဲများ အလွန်ထူထဲသည့် လမ်းတစ်လျှောက်တွင် ပင်ပန်းကြီးစွာဖြင့် ဆွဲယူသွားလျက် ရှိသည်။

          လားများ ခြေတစ်လှမ်း ရွေ့လျားဖို့အတွက် ဘေးတစ်ဖက် တစ်ချက်မှ ရပ်နေကြသော လားထိန်းများသည် နှင်တံများဖြင့် မညှာမတာ ရိုက်နေကြရ၏။ လားများ၏ နံဘေးများမှာလည်း သွေးခြင်းခြင်း နီနေကြလေပြီ၊ အလွန်လေးလံ လွန်းလှသော အမြောက်ကြီးသည် တစ်ကြိမ်လျှင် တစ်ကိုက်ခန့်မျှသာ ရှေ့သို့ရွေ့ လည်း တစ်ကိုက်မျှရွေ့ဖို့အတွက် ပင်ပန်းကြီးစွာနှင့် ခက်ခက်ခဲခဲ ရုန်းကန်ရသည်။ တစ်ကြိမ်ရွေ့လျားသည် အခါတိုင်းလည်း အမြောက်ဘီးများသည် လမ်းပေါ်မှကျောက်တုံးကျောက်ခဲကြီးများအပေါ်သို့ အရှိန်ဖြင့်တက်ကာ ဖိကြိတ်နင်းချေ သွားတတ်သည်။

          အမြောက်တပ်သားများသည် တောင်ကုန်းတောင်ကြားများပေါ်သို့ အဆင့် ဆင့် တက်သွားနေခြင်းဖြစ်ရာ နောက်ဆုံး မြင်နေရသည့် အဆင့်သည် ယခင်က တွေ့ခဲ့ရသည့် အဆင့်များနှင့်နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကွာခြားနေသည်ကို တွေ့ကြရသည်။ သူတို့ရှေ့၌ မားမားမတ်မတ် ရပ်တည်နေသော တောင်ကြော သည် ကွေ့ကွေ့ကောက်ကောက်ဖြစ်ကာ တောင်နံရံကို ပတ်သွားနေခြင်းဖြစ် ၏။ မနိုင်ဝန်ကို ထမ်းနေရသော လားများသည် ကွေ့ တစ်ကွေ့ကို ပတ်၍ တက်တိုင်း အသေအလဲ ရုန်းကန်နေကြရသည်။

          လားထိန်းများသည် ကွေ့တစ်ကွေ့ကို ရောက်သည့်အခါတိုင်း လားများကို အော်ဟစ် ကြိမ်းမောင်းကာ လက်ထဲမှ တုတ်များဖြင့် မညှာမတာ ရိုက်ကြသည်။

          လားများ၏ နံဘေးတွင် သွေးများသည် ယိုစီးကျလျက် ရှိကြ၏။ အမြောက် တပ်သားများသည် သူတို့တွင် ကျန်ရှိနေသေးသည့် ခွန်အားများကို ထုတ်၍ လှည်းဘီး စပုတ်တိုင်များကို ကိုင်ကာ တွန်းပေးကြသည်။ သူတို့ပတ်ပတ်လည် တွင် လေသည် ပြင်းထန်စွာ တိုက်ခတ်လျက်ရှိ၏။ လေနှင့်အတူ ပါလာနေသော မိုးသီးမိုးပေါက်များသည် သူတို့အား အရှိန်ပြင်းစွာဖြင့် ရိုက်ခတ်နေကြသည်။

          ထိုအခိုက်မှာပင် မရှောင်လွှဲသာသည့် ဖြစ်ရပ်တစ်ခုသည် ပေါ်ပေါက်လာ သည်။ နောက်ဆုံးတစ်ကြိမ် အားထုတ်လိုက်သည့် အရှိန်ဖြင့် ဘီးတစ်ဖက်သည်ကျောက်တုံးပေါ်သို့ အရှိန်ဖြင့်တက်သွားသော်လည်း ကျန်တစ်ဖက်သည် လားများ ၏ဆွဲအား အရှိန် ပျော့လွန်းသည့်အတွက် နောက်ဘက်တွင် ကျန်ရစ်ခဲ့သည်။ ဤသို့ဖြင့် အမြောက်ကြီးသည် ဒယိမ်းဒယိုင်ဖြစ်ကာ ဘေးတစ်ဖက်သို့ စောင်း လျက် လဲကျသွားသည်။ အမြောက်ကြီးကို ဝိုင်း၍ တွန်းနေကြသည့် အမြောက် တပ်သားများမှာလည်း ဖရိုဖရဲဖြစ်ကာ အလဲလဲအကွဲကွဲ ဖြစ်ကုန်ကြသည်။ ကြီးမားလေးလံလှသည့် အမြောက်ကြီးမှာမူ တုံးလုံးပက်လက် လဲကာ မြင်မကောင်း၊ ရှုမကောင်း ဖြစ်လျက်ရှိ၏။ အပေါ်သို့ ထောင်နေသောဘီးတစ်ဖက် သည် ခပ်ဖြည်းဖြည်း ခပ်မှန်မှန် လည်လျက်ရှိလေသည်။

          ဤအဖြစ်ကို မြင်လိုက်ကတည်းက အမြောက်တပ်သားများအဖို့ အဖြေ ထွက်နေပြီဖြစ်၏။ သုံးတန်မျှ လေးသော ဤအမြောက်ကြီးအား ပြန်၍ ထောင်ဖို့ ကိစ္စမှာ နာရီပေါင်းများစွာ အကုန်ခံ၍ လုပ်ပါမှ ပြီးပြတ်မည့်ကိစ္စတစ်ခု ဖြစ်ချေ သည်။ လားများအား ထပ်၍ ရုန်းခိုင်းဖို့မှာလည်း လွယ်ကူတော့မည် မဟုတ်၊ ယခု လောလောဆယ် လဲကျနေသော လားများသည် တုတ်တုတ်မျှပင် မလှုပ် ကြတော့၊ ပိန်ချည်ဖောင်းချည်ဖြစ်နေသော နံဘေးကို မြင်နေရ၍သာ အသက် ရှိသေးကြောင်း သိကြရခြင်းဖြစ်၏။ လား အများစုမှာ တုတ်နှင့်ရိုက်၍လည်း မရ၊ ခြေထောက်နှင့်ကန်၍လည်း မထ။

          ယခုအချိန်ထိ လဲမကျသေးဘဲ ကျစ်ရစ်ခဲ့သည့် ကားများမှာမူ သူတို့ ရောက်နေသည့် နေရာ၌ရပ်ကာ နားရွက်များကို ငေး၍ နားစွင့်နေကြသည်။ ပြင်းထန်သော မိုးစက်မိုးပေါက်များ လိုက်ပါလာနေသည့် လေကို ဖင်ပေး၍ ရပ်နေကြသည်။ နောက်မှာ ထက်ကြပ်မကွာလိုက်လာသည့် ပြင်သစ် မြင်းတပ် များသည် အချိန်မရွေး ပေါ်လာနိုင်ဖွယ်ရာရှိ၍ အမြောက်တပ်များ အနေဖြင့် သူတို့ဆုတ်ခွာလာနေစဉ်အတွင်း မကြာခဏ နောက်သို့ လှည့်ကြည့်ခဲ့ကြသည်။

          ကြည့်လိုက်သည့် အခါတိုင်းလည်း ဓားလွတ်ကိုင်မြင်းတပ်သားများကို မြင်တွေ့ခဲ့ ကြရသည် မဟုတ်ပါလော။

          အဆက်မပြတ် တိုက်ခတ်နေသည့် လေ၊ အေးမြလွန်းသည့် ရာသီဥတု၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ဆာလောင်မွတ်သိပ်ခြင်း စသည်တို့ကြောင့် အမြောက် တပ်သားများသည် အမြောက်ကြီးအား ပြန်ထူဖို့အရေးတွင် စိတ်ဝင်စားခြင်း မရှိကြတော့ပေ။ သူတို့သည် အမြောက်ကြီးအပေါ်၌ တွယ်တာနေသည့် သံယောဇဉ်ကို ဖြတ်တောက်ကာ ရှေ့ခရီးကို ဆက်ကြသည်။ ပစ်ခဲ့ခြင်းအားဖြင့် သူတို့လူစုသည် မပြီးဆုံးသေးသည့်ခရီးကို ပေါ့ပါးသွက်လက်စွာ ဆက်နိုင်ကြမည် ဖြစ်၏။ - အမြောက်ကြီးကတော့ ဘီးတစ်ဘီး မိုးပေါ်ထောင်ကာ လမ်းလယ်ကောင် တွင် လဲကျကျန်ရစ်ခဲ့သည်။ အမြောက်ကြီး၏ အနီး၌ လဲကျနေကြသော လားများ သည် သေအံ့ဆဲဆဲ ဖြစ်နေကြပြီ။ မြင်ကွင်းသည် အထူးအဆန်းတစ်ခုလို ဖြစ်နေသည်။ စိတ်ကူးယဉ် နတ်ကြီးတစ်ပါးအား ယဇ်ပူဇော်ထားသည့် တိရစ္ဆာန် များက ဝန်းရံနေသည်ဟု ထင်ရ၏။

          စပိန်တပ်ကြီးသည် အမြောက်ကြီးကို လမ်းလယ်၌ စွန့်ပစ်ထားခဲ့ပြီး ရှေ့ခရီးကို ဆက်လက်၍ ချီတက်သွားသည်။ အက်စ်ပီနိုဆာတွင် စစ်သားပေါင်း သုံးသောင်းကျော် တိုက်ပွဲဝင်ခဲ့၏။ ထိုသတ္တန္တရ ကပ်ဆိုးကြီးအတွင်းမှ စစ်သား ပေါင်း နှစ်သောင်းသည် လွတ်မြောက်လာခဲ့လာသည်။

          တောင်တန်းကြီးများကြားမှ တပင်တပန်း ကျော်လွှားဖြတ်သန်းလာခဲ့ရ သော ထိုခရီးကြမ်းကြီး တစ်လျှောက်လုံး စပိန်စစ်သားများသည် ဘေးအန္တရာယ် အမျိုးမျိုးနှင့်ဆိုင်ခဲ့ကြရသည်။ လူသူကင်းမဲ့သော ဤတောင်တန်းကြီးများကိုကျော်ဖြတ်ခဲ့ရသည့် အချိန်ကာလမှာ ဆောင်းရာသီဖြစ်သည့်အားလျော်စွာ ရောဂါ အမျိုးမျိုး၏ တိုက်ခိုက်ဖိစီးမှုကို အလူးအလဲ ခံခဲ့ကြရသည်။ ယင်း တိုက်ခိုက်မှု ဒဏ်ကြောင့် စစ်သားပေါင်းရှစ်ထောင်ခန့်သည် တောင်ကြားစောင်းများ ပေါ်၌ သေဆုံးကျန်ရစ်ခဲ့ကြသည်။

          ထိုခရီးကြမ်းကြီးမှ အသက်မသေဘဲ လွတ်မြောက် လာခဲ့ကြသော စစ် သားများသည် နောက်နှစ်နွေဦးပေါက်တွင် တစ်ဖန်ပြန်ပေါ်လာပြီး စပိန်နိုင်ငံ၏ တစ်နေရာ၌ ဖြစ်ပွားလျက်ရှိသည့် မိုက်ရိုင်း ဆိုးရွားလွန်းလှသော စစ်ပွဲများ အတွင်း၌ အသက်များကို စတေးနေကြပြန်သည်။

          ပြင်သစ်တပ်များကတော့ အမြောက်ကြီးကို စပိန်တပ်များက လမ်းလယ်ကောင်၌ စွန့်ပစ်ထားခဲ့သည့် မနက်ခင်းမှာပင် ပြန်လည်ဆုတ်ခွာသွားကြသည်။ သူတို့အနေဖြင့် လူသူကင်းမဲ့ပြီး ရှုပ်ထွေးကြမ်းတမ်းလှသော တောင်တန်းများ ကြားသို့ ဝင်ရောက်ရန် စိတ်မကူး၊ အားလည်းမထုတ်။ အရှုံးနှင့်ရင်ဆိုင်သွားရ သော ရန်သူတပ်ကြီးကို ချေမှုန်းရေးထက် တောင်တန်းကြီးများအား ရှောင်လွှဲ သွားဖို့သာ မလိုက်တော့ဘဲ ဘေးသို့ဖဲ့ဆင်းကာ မက်ဒရစ်မြို့ဆီသို့ သွားသည့်လမ်း ခရီးတည်ရာ လွင်ပြင်များဆီသို့ ချီတက်သွားကြလေသည်။