Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - ပန်းချီဆရာလူကြောက်နှင့်ကြက်သွေးရောင်ပန်း

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

()

ဒီဒေါ့

          ဒီနေ့ ကျွန်တော်ဟာ ကျွန်တော့်အပေါ်မှာ ပိနေတဲ့ အဆမတန် ကြီးမား လေးလံလှတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျွန်တော့်ကိုယ်ပေါ်က ကွာကျသွား သလို စိတ်ထဲမှာ ခံစားရပါတယ်။ လုံးဝ ကျွန်တော် မမျှော်လင့်တဲ့ ကံကောင်း မှုဟာ ရုတ်တရက် ပေါ်ပေါက်လာခဲ့ပါတယ်။ ကျွန်တော့်ကိုယ်ပေါ်က အင်ဂျင် နီယာ ယူနီဖောင်း၊ ကျွန်တော် အမြဲတစေ ကိုင်တွယ်အသုံးပြုနေရတဲ့ ကိရိယာ တန်ဆာပလာတွေနဲ့ ခန့်မှန်းတွက်ချက်မှုတွေအားလုံးကို “မင်းတို့အားလုံး ငရဲပြည်ကို သွားကြပေတော့” လို့ပြောပြီး လွှင့်ပစ်ရတော့မယ့်နေ့ပါ။

          ဒါပေမဲ့ ကျွန်တော့်အဒေါ် သေသွားတဲ့အတွက် ကျွန်တော် ဝမ်းသာ လုံးဆိုသလို ဖြစ်နေတာဟာ ရှက်စရာတစ်ခုများ ဖြစ်နေမလား။ ဘာကြောင့် လဲဆိုတော့ အဒေါ်က သူသေတော့ ကျွန်တော့်ကို အမွေပေးခဲ့တာမဟုတ် လား။ အဲဒီအမွေကို ရလိုက်တဲ့အတွက် ကျွန်တော်ဟာ အလုပ်က ထွက်နိုင် တဲ့ အခြေအနေကို ရောက်လာရတယ် မဟုတ်လား။

          ဒီကိစ္စဟာ မှန်တာတော့ အမှန်ပဲ။ အဒေါ်က သူသေခါနီးမှာ ကျွန်တော့်ကို ကျွန်တော် မြတ်နိုးတွယ်တာတဲ့ အလုပ်ကို လုပ်စေချင်တယ် ဆိုတဲ့ ဆန္ဒကို ဖော်ထုတ်ပြောပြသွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုဆိုရင် ကျွန်တော်ဟာ ကျွန်တော့်အဒေါ်ရဲ့ ထက်သန်ပြင်းပြတဲ့ ဆန္ဒကို ဖြည့်စွမ်း ပေးနိုင်တော့မှာမို့ ဝမ်းသာနေတာတော့ အမှန်ပဲ။ အဖြစ်က ဒီလို။ မနေ့က ပေါ့...ကျွန်တော်တို့ရဲ့ အရာရှိချုပ်ဟာ ကျွန်တော် အလုပ်က ထွက်တော့မယ်လို့ ပြောတာကြားလိုက်တော့ အကြီးအကျယ် အံ့အားသင့်နေတယ်။ ကျွန်တော် ဒီအလုပ်ကထွက်ပြီး ဘာအလုပ်လုပ်မယ်ဆိုတာ ရှင်းပြလိုက်တော့ ပါးစပ်ကြီးအဟောင်းသားနဲ့ ကျွန်တော့်ကို ကြည့်နေတယ်။

          အနုပညာကို ချစ်မြတ်နိုးတဲ့ အတွက်ပေါ့လေ၊ ဟုတ်လား။ အင်း.. ..မင်း အလုပ်ထွက်စာ ပေးခဲ့ပေါ့”

          သူက ဒါပဲပြောတယ်။ နောက်ထပ် ဘာတစ်ခွန်းမှ မပြောတော့ဘဲ ထွက်သွားတယ်။ ကျွန်တော့်အဖို့ကတော့ အလိုချင်ဆုံးအရာဟာ ဒါပဲ။ အမြင့် ဆုံး စိတ်ချမ်းသာမှုကို ရတာပဲ မဟုတ်လား။ ။

          ကျွန်တော့်အနေနဲ့ လူတွေနဲ့ဝေးရာ၊ စိန့်ပီတာဘတ်မြို့နဲ့ ဝေးရာကို ထွက်သွားချင်တယ်။ ဒါကြောင့်မို့ လှေတစ်စီးငှားပြီး ပင်လယ်ကမ်းခြေ တစ်လျှောက် ထွက်ခဲ့ပါတယ်။ ဟိုးအဝေးမှာတော့ ရေပြင်ရယ်၊ မိုးကောင်း ကင်ရယ်၊ မြို့တော်ရယ်ဟာ နေရောင်အောက်မှာ တဝင်းဝင်း တလက်လက် တောက်ပနေပါတယ်။ ပင်လယ်တွေရဲ့ ကမ်းစပ်တစ်လျှောက်မှာတော့ အပြာ ရောင် တောအုပ်တွေပါ။ ကရွန်စတတ်လမ်းရဲ့ အထွက်ဘက်မှာတော့ ရွက် တိုင်ထိပ်တွေကို မြင်နေရပါတယ်။ မီးသင်္ဘောတွေနဲ့ ရွက်သင်္ဘောတွေဟာ ကျွန်တော့်လှေကို ဖြတ်သန်းသွားနေကြပါတယ်။ ကျွန်တော့်အမြင်ထဲမှာတော့ အားလုံးဟာ အလင်းရောင်သစ်ထဲက မြင်ကွင်းဖြစ်နေပါတယ်။

          အဲဒီအရာတွေအားလုံးဟာ ကျွန်တော် ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ဖြစ်နေ ပါပြီ။ အားလုံးဟာ ကျွန်တော့်ရဲ့ စွမ်းအားအတွင်းမှာ ရောက်နေကြပါပြီ။ အဲဒီအရာတွေအားလုံးကို ကျွန်တော် လှမ်းယူလို့ ရနေပါပြီ။ အားလုံးကို ကင်းဗတ်ပေါ်မှာ လွတ်လွတ်လပ်လပ် ချလို့ရနေပါပြီ။ ပြီးတော့ ဆေးစက် ချထားတဲ့ အဲဒီပစ္စည်းကို လူအများရှေ့မှာ ချပြလို့ ရနေပါပြီ။ အနုပညာရဲ့ ဖမ်းစားမှုနဲ့ လူတွေရဲ့ စိတ်ကို ညှို့ယူဖမ်းစားလို့နေပါပြီ။ မှန်ပါတယ်။ လူတစ်ယောက်ဟာ ဝက်ဝံတစ်ကောင် ဖမ်းမမိသေးခင် ဝက်ဝံရေကို ရောင်း ပစ်လို့ မဖြစ်ပါဘူး။ လက်ရှိအခြေအနေအရ ကျွန်တော်ဟာ ကျွန်တော့် ကိုယ်ကျွန်တော် ပန်းချီဆရာ အကျော်အမော်တစ်ယောက်လို့မှ မခေါ်နိုင်သေး တာ။

          လှေဟာ နူးညံ့ချောမွေ့လှတဲ့ ရေပြင်ပေါ်မှာ ရှပ်တိုက်ပြီး ရွေ့လျားနေ ပါတယ်။ လှေသမားဟာ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ လူငယ်လူချော တစ်ယောက်ပါ။ ကြက်သွေးရောင် ရှပ်အင်္ကျီ ဝတ်ထားပါတယ်။ တက်တွေကို အားနဲ့အင်နဲ့ ဆုတ်ဆွဲပြီး မှန်မှန်လှော် ခတ်နေတာဆိုတော့ သူ့ခန္ဓာကိုယ်ဟာ ရှေ့တိုးနောက်ငင် ဖြစ်နေပါတယ်။ သူရဲ့ အားကောင်းမောင်းသန် ခတ်ချက်တွေကြောင့် လှေဟာ ရှေ့ကို အရှိန် ပြင်းစွာ ပြေးသွားနေပါတယ်။ ဝင်လုဆဲဆဲ နေရောင်ဟာ သူ့မျက်နှာပေါ် ထိုးကျနေပါတယ်။ လိမ္မော်ရောင်နဲ့ ကြက်သွေးရောင်ဟာ ရောစပ်ယှက်နွယ် ပြီး ကျွန်တော့်စိတ်ကို စိုးမိုးခြယ်လှယ်နေပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဆေးရောင်စုံနဲ့ သူ့ပုံကို ဆွဲချင်တဲ့ဆန္ဒဟာ သိပ်ကိုပြင်းထန်လာပါတယ်။ ကျွန်တော် သွားလေရာ သယ်သွားလေ့ရှိတဲ့ လက်ဆွဲသေတ္တာထဲမှာ ကင်းဗတ် တွေ၊ ဆေးတွေနဲ့ စုတ်တံတွေ ရှိနေပါတယ်။

          “လှေအလှော်ကို ခဏရပ်ပြီး တစ်မိနစ်လောက် ငြိမ်ငြိမ်ကလေး နေပေးပါလား။ ငါ မင့်ပုံကို ပန်းချီဆွဲထားလိုက်ချင်တယ်” လို့ ကျွန်တော် က ပြောတယ်။

          သူဟာ ချက်ချင်းပဲ လှေကို မလှော်တော့ဘဲ ရပ်လိုက်ပါတယ်။ “လှေတက်တွေပေါ် ငှက်နားနေသလို ပုံစံမျိုးနဲ့ ထိုင်ပေးပါလားကွာ”

          သူဟာ လှော်တက်တွေကို နောက်ဘက်ဆွဲပြီး လက်နှစ်ဖက်ကို လှော် တက်တွေပေါ်မှာ ငှက်အတောင်ဖြန့်သလို ခပ်ကားကားဖြန့်ပြီး မှေးတင်ထား ပါတယ်။ ပြီးတော့ မလှုပ်မယှက် ထိုင်နေပေးပါတယ်။ အင်မတန်မှ လှပ တဲ့ ပုံစံပါ။ ကျွန်တော်ဟာ ခဲတံနဲ့ ကပျာကယာ ပုံကြမ်းလောင်းယူလိုက်ပြီး ပန်းချီ စဆွဲပါတယ်။ ဝမ်းသာအားရစိတ်နဲ့ အရောင်တွေကို စပ်လိုက်ပါတယ်။ ကျွန်တော် အသက်နဲ့ကိုယ် မြဲနေသမျှကာလပတ်လုံး ကျွန်တော့်စိတ်ကို ကျွန်တော် မြင်တွေ့ နေတဲ့ အရာပေါ်ကနေပြီး ပြောင်းရွှေ့သွားအောင် ဘယ် အရာကမှ မလုပ်နိုင်တော့ဘူးဆိုတာ ကျွန်တော် သိနေပါတယ်။

          မကြာခင်မှာပဲ လှေသမားဟာ သူလုပ်ကိုင်နေရတာအပေါ်မှာ ငြီးငွေ့ လာဟန်တူပါတယ်။ သူ့မျက်နှာမှာ ပျင်းရိနေတဲ့ အရိပ်အငွေ့ တွေ ယှက် သမ်းလာပါတယ်။ အားရပါးရ တစ်ချက်သမ်းလိုက်ပြီး အင်္ကျီလက်နဲ့ မျက်နှာ ကို သုတ်လိုက်ပါတယ်။ သူ့မျက်နှာကို ရှေ့ငုံ့ပြီး တက်ပေါ်က လက်နဲ့ သုတ်လိုက်တာဆိုတော့ သူ့အကျီရဲ့ ခေါက်ရိုးတွန့်ပုံ၊ ကြေပုံ၊ လိပ်ပုံ၊ ကျပုံ တွေဟာ စောစောကလို မဟုတ်တော့ဘဲ အခြေပျက်သွားပါတယ်။ အတော့်ကို စိတ်ပျက်စရာ ကောင်းတာပဲ။ ကျွန်တော်ဟာ ကျွန်တော့်ကိုယ်ဟန်ပြ တဲ့လူ လှုပ်ရှားလာရင် သိပ်မုန်းတတ်တဲ့ လူပါ။

          “မင်း ငြိမ်ငြိမ်ကလေးမနေနိုင်ဘူးလား သူငယ်ချင်းရယ်”

          သူက ပြုံးဖြဲဖြဲ လုပ်နေတယ်။

          “မင်းက ဘာကြောင့် ရယ်နေရတာလဲ”

           “ရယ်စရာ ကောင်းလို့ပါဗျာ”

          လို့ သူက အိပ်ချင်နေတဲ့ အပြုံးနဲ့ ပြန်ပြောတယ်။

          “နေစမ်းပါဦး၊ ဘာက ရယ်စရာကောင်းနေတာလဲ”

          “ကျွန်တော့်ကို ရှားပါးပစ္စည်းတစ်ခုလို သဘောထားပြီး ပန်းချီဆွဲ နေတာကြောင့်ပါ။ ကျွန်တော်ဟာ ပန်းချီကားတစ်ကား ဖြစ်သွားမယ်ဆိုပါ တော့ ဟုတ်လား”

          “ဒါပေါ့...ငါ့လူရယ်၊ ပန်းချီဆွဲတာဟာ ပန်းချီကားမဖြစ်လို့ တခြား ဘာများ ဖြစ်ရဦးမှာလဲ”

          “အဲဒီကားကို ဘာပြုလို့ ဆွဲချင်ရတာလဲ”

          “လေ့ကျင့်တာပေါ့ကွာ။ ငါ့အနေနဲ့ အဲသလို အသေးအဖွဲကလေးတွေ ကို အချိန်တော်တော်များများယူပြီး ဆွဲနေမယ်ဆိုရင် နောက်ပိုင်းကျတော့ အကြီးစားကြီးတွေကို ဆွဲနိုင်လာမှာပေါ့ ”

          “အကြီးစားကြီးတွေ ဟုတ်လား”

          “ဟုတ်တယ်”

          သူဟာ ငြိမ်နေတယ်။ ပြီးတော့မှ

           “ဒါဆိုရင် ခင်ဗျားဟာ အထွတ် အမြတ်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပုံတွေကိုလည်း စိတ်ကူးနဲ့ ဆွဲနိုင်မှာပေါ့”

          လို့ ထပ်မေးတယ်။

          “ဒါပေါ့ ဆွဲနိုင်တာပေါ့။ ဒါပေမဲ့ ငါက လက်တွေ့မြင်နေရတဲ့ ပုံတွေ ဆွဲရတာကို ပိုပြီးကြိုက်တယ်”

          “ဟုတ်လား”

          သူဟာ နောက်တစ်ကြိမ် ငြိမ်နေပြန်တယ်။ ပြီးတော့ တစ်ခါ ထပ် မေးပြန်တယ်။ “အဲဒါတွေက ဘာလုပ်ဖို့လဲ”တဲ့။

          “ဘယ်ဟာတွေကို ပြောတာလဲ”

          “ခင်ဗျားဆွဲထားတဲ့ ပန်းချီကားတွေကို ပြောတာ”

          ထုံးစံအတိုင်းပါပဲ။ ကျွန်တော် ပန်းချီပညာရဲ့ ရည်ရွယ်ချက်နဲ့ သဘော သဘာဝအကြောင်းကို ကထိကတစ်ယောက်က ဟောပြောပို့ချသလို လုပ် မနေတော့ပါဘူး။ အဲဒီဆွဲထားတဲ့ ပန်းချီကားတွေကို ဈေးကောင်းကောင်းနဲ့ရောင်းဖို့အတွက်လို့ သူနားလည်အောင် လွယ်လွယ်ပဲ ပြောပြလိုက်တယ်။ ရူဘယ်ငွေ တစ်ထောင်၊ နှစ်ထောင်သာ မကဘူး။ တစ်ခါတလေ အဲဒီထက် ပိုပြီး ရတတ်ကြောင်း သူနားလည်လွယ်အောင် ရှင်းပြလိုက်ပါတယ်။ လှေသမားဟာ နားလည်သဘောပေါက်ပြီး ကျေနပ်သွားပါတယ်။ နောက် ထပ် ဘာမှမမေးတော့ပါဘူး။ ကျွန်တော် ဆွဲထားတဲ့ ပန်းချီပုံကြမ်းဟာလည်း အလွန့်အလွန်ကို ကောင်းတဲ့ပုံတစ်ပုံ ဖြစ်နေပါတယ်။ အထူးသဖြင့် အနီရောင် သရက်ထည်စ ရှပ်အင်္ကျီအရောင်ဟာ နေဝင်ဆည်းဆာအချိန်ရဲ့ အရောင် နဲ့ ရောစပ်ပြီး အလွန်လှပတဲ့ အသွေးအရောင်ကို ဖော်ပြနေပါတယ်။ ကျွန်တော် ဟာ အလွန်ရွှင်လန်းမြူးထူးတဲ့ စိတ်နဲ့ အိမ်ကို ပြန်လာခဲ့ပါတယ်။