မောင်ထွန်းသူ - နှင်းကြွင်းတစ်ပြိုက်နွေတတစ်ရှိုက်
(၁)
ကျွန်တော်၏ညီမအငယ်က အိမ်မှနေ၍ ကျွန်တော့်ထံ ကြေးနန်းရိုက် ကာ ကျွန်တော့်အစ်ကိုသေပြီဟု အကြောင်းကြားသည်။ သူ ဘယ်လိုဖြစ်ပြီး သေတာပါလိမ့်။ ကျွန်တော် စဉ်းစား၍မရပါ။ ကျွန်တော်သိထားရသလောက် ဆိုလျှင် ကျွန်တော့်အစ်ကိုသည် အလွန်ကျန်းမာသည်။ ပြီးတော့ မိန်းမ တစ်ယောက်နှင့် စေ့စပ်ကြောင်းလမ်းရန် စီစဉ်ထားပြီးဖြစ်သည်။
“အိပ်မက်တစ်ခုလေလား။ ဘာကြောင့်များ အခုလို မြန်မြန်ဆန်ဆန် သေရတာပါလိမ့်။ ဘယ်လိုဖြစ်တာလဲ။ စေ့စပ်ပွဲမလုပ်ခင်ကလေးအချိန်မှာမှ ကပ်ပြီး သေရသတဲ့လား”
ကျွန်တော် တောင်စဉ်ရေမရတွေးကာ အံ့သြနေမိသည်။
သို့သော်လည်း ကျွန်တော် ဤမျှသာ တွေးမိသည်။ ထို့ထက်ပို၍ ထူးထူးခြားခြား မတွေးမိပါ။
ကျွန်တော့်ပတ်ဝန်းကျင်တွင် ဤကိစ္စကို သတိရနေနိုင်စရာအကြောင်း လည်း ဘာတစ်ခုမှ မရှိပါ။
နောက်တစ်နေ့တွင် ကျွန်တော့်ညီမထံမှ စကားဝှက် စကားလုံးပေါင်းသုံးဆယ့်လေးလုံးပါသော ကြေးနန်းတစ်စောင် ထပ်ရောက်လာသည်။ အဖြစ် အပျက်ကို အသေးစိတ် ဖော်ပြထားသည်။ ကျွန်တော့်အစ်ကိုသည် သူ့လည်ပင်းကို ဓားနှင့်လှီး၍ သူ့ကိုယ်သူ သတ်သေသွားခြင်း ဖြစ်၏။
ကြေးနန်းထဲမှ စကားဝှက် စာလုံးများကို အဓိပ္ပာယ်ဖော်ပေးနေသော ကျွန်တော့်သူငယ်ချင်း ဇူး၏လက်များသည် တုန်ယင်လှုပ်ရှားနေကြသည်။
“ဘယ်လိုလုပ်မလဲ”
ဟု သူကမေးသည်။
ကျွန်တော် ဘာပြောရမှန်းမသိ၊ ကျွန်တော့်လက်ကိုသာ တအားဆုပ် ကာ ကိုယ့်ဘာသာကိုယ် တီးတိုးရေရွတ်မိသည်။
“အိပ်မက်မဟုတ်ပါလား”
ဇူးက ကျွန်တော့်အား သနားကြင်နာသည့် မျက်လုံးများဖြင့် ကြည့်နေ သည်။ သူ့အဖို့တော့ ကျွန်တော်သည် ဤကမ္ဘာလောကကြီးအတွင်း ကံ အဆိုးဆုံးလူတစ်ယောက် ဖြစ်နေပုံရသည်။
“ခင်ဗျားက ကျွန်တော့်ကို အခုလိုမျက်နှာထားမျိုးနဲ့ ဘာကြောင့် ကြည့်နေရတာလဲ”
ကျွန်တော် ဤမေးခွန်းကို မမေးလိုက်ခင်မှာပင် ဇူးသည် အခန်းထဲမှ ထွက်သွားပါသည်။
ကျွန်တော်သည် ဆိုဖာပေါ်၌ထိုင်ကာ နံရံပေါ်မှ ဂျာနက်ဂေးနော၏ ပုံတူပန်းချီကားကို ကြည့်နေသည်။ သူသည် ကျွန်တော့်အား ကြည့်၍ပြုံးနေ သည်။ ဤမိန်းမမိုက်ကလေး မပြုံးသည်မှာ ကြာပြီ။ ယနေ့ကျမှ ရုတ်တရက် ဘာကြောင့် ပြုံးရသနည်း။ ကျွန်တော်၏ ကံဆိုးမှုကိုပင် ပြက်ရယ်ပြုလေ သလား။ သူသည် ရွှေရောင်ဆံပင်ပိုင်ရှင် မိန်းမချောကလေး တစ်ယောက် ဖြစ်၏။ စိုပြည်လန်းဆန်းသည့် အသားအရေနှင့် အပြာနုရောင် ဘလောက်စ် အကျီ ဝတ်ထားသည်။ သို့သော်လည်း ဤအရာအားလုံးသည် ကျွန်တော်နှင့် ဘယ်လို ပတ်သက်ပါသနည်း။ ကျွန်တော့်အတွက် ဘာများ အသုံးကျပါ သနည်း။ အခုဆိုလျှင် ကျွန်တော့်အစ်ကို သေပြီ။ကျွန်တော့်မျက်လုံးများသည် ဂျာနက်ဂေးနော၏ ပုံမှတစ်ဆင့် ထုံးဖြူ သုတ်ထားသော နံရံဆီသို့ ကူးပြောင်းသွားသည်။ နံရံတစ်ခုလုံး အစွန်း အထင်း အစက်အပြောက်ဟူ၍ လုံးဝမရှိ၊ ဖြူဖွေးနေသည်။ သို့သော်လည်းထိုနံရံထက်တွင် ပိန်ချုံးနေသော မျက်နှာမည်းမည်းတစ်ခု ပေါ်လာသည်။
သူ့မျက်နှာတွင် ထူးခြားသည့် အရိပ်လက္ခဏာဟူ၍ ဘာတစ်ခုမှ မရှိပါ။ ထိုမျက်နှာသည် သူ့မျက်နှာ၊ ကိုယ့်မျက်နှာ၊ လူတကာ၏မျက်နှာ ဖြစ်နိုင်စရာ ရှိပါသည်။ သို့သော်လည်း ထိုမျက်နှာသည် ကျွန်တော့်အစ်ကို၏ မျက်နှာ ဖြစ်နေပါသည်။
မှန်ပါ၏။ သူ့မျက်နှာမှ သူ့မျက်နှာအစစ်။ သာမန် သူလိုငါလို လူငယ်တစ်ယောက်၏ မျက်နှာမျိုးဖြစ်သည်။
“ငါသေပြီကွာ” ဟု သူက ပြောသည်။
“ငါ့လည်ပင်းကို ငါကိုယ်တိုင် ဓားနဲ့လှီးပြီး သေခဲ့တာ”
“မဖြစ်နိုင်တာဗျာ” ဟု ကျွန်တော်က ပြန်ပြောသည်။
“အစ်ကို အခုပဲ ကျွန်တော်နဲ့ လာစကားပြောနေတာပဲ။ ဘယ်လိုလုပ် ပြီး ဖြစ်နိုင်မှာလဲ”
“တကယ်ပါကွာ။ ငါသေခဲ့ရတာ ဓားပဲ။ သိပ်ပြီးပြင်းထန်တဲ့ ဝေဒနာ ကို ငါခံစားခဲ့ရတယ်။ ငါဘယ်လောက်အထိ ခံစားခဲ့ရတယ်ဆိုတာ ဘယ်သူ မှ မသိကြဘူး။ ဘယ်သူကမှလည်း ငါ့ကို သတိရကြ၊ လွမ်းကြမှာ မဟုတ် ပါဘူး။ ငါ့ဘဝ အဆုံးသတ်ခဲ့ရတာကတော့ အဲဒီအတိုင်းပဲ” ဟု သူက ဝမ်းနည်းကြေကွဲစွာဖြင့် ပြောသည်။ သူ့မျက်လုံးများမှ မျက်ရည်ပေါက်ကြီး များသည် ပါးပြင်ထက်သို့ လိမ့်ဆင်းလာကြသည်။
“လူသေတစ်ယောက်က အခုချိန်ထိ စကားပြောနိုင်သေးတယ်၊ ငိုနိုင် သေးတယ်ဆိုရင် သေခြင်းတရားဟာ ကြောက်စရာမကောင်းပါဘူး။ ပြီးတော့ လည်း လူတိုင်းဟာ တစ်နေ့ကျ သေရမှာချည်းပဲ မဟုတ်လား”
ကျွန်တော်က တီးတိုးလေသံဖြင့် ကိုယ့်ဘာသာကိုယ် ပြောနေမိသည်။
“အမှန်တော့ ငါမသေချင်ပါဘူးကွာ” ဟု သူကပြောသည်။ သူသည် နှုတ်ခမ်းများကို ကိုက်ထားသည်။ သူ့မျက်နှာသည် ပြာနှမ်းနှမ်း။ သူ့ပါးစပ် သည် မျဉ်းဖြောင့်ကြီးတစ်ကြောင်းလို ဖြစ်သွားသည်။ သူ့မျက်လုံးများသည် နှစ်ပိုင်းပြတ်သွားနေသော မျက်နှာကို ကျွန်တော် စိုက်ကြည့်နေမိပါသည်။
နံရံတစ်ခုလုံး ပြန်၍ ဖြူဖွေးသွားသည်။ ကျွန်တော့်အစ်ကို၏ မျက်နှာ သည် နံရံပေါ်၌ မရှိတော့ပါ။
ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲလိုက်မိသည်။
“မင်းဆိုတဲ့ကောင်က မျက်လုံးကြီးတွေဖွင့်ပြီး အိပ်မက် မက်နေတာပဲ” ဟုလည်း ရေရွတ်လိုက်မိသည်။
စကားဝှက်စာလုံး သုံးဆယ့်လေးလုံးမျှပါရှိသော ကြေးနန်းစာကတော့ အခုအချိန်ထိ စားပွဲပေါ်တွင် တင်လျက် ...။