Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - တောင်ပံမဲ့ငှက်လေထဲပျော်

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

အမိမဲ့သား

          ကျွန်တော်နှင့် တွေ့ချိန်တွင် ဤသူငယ်၏အသက်မှာ ၁၉ နှစ်ရှိနေ ပြီဖြစ်သော်လည်း နှလုံးရောဂါ၏ဒဏ်၊ အာဟာရပြည့်ဝအောင် မစားမသောက်ခဲ့ရသည့်ဒဏ်တို့ကြောင့် ပိန်ကြုံချည့်နဲ့လှပါသည်။ အသားအရေ ကလည်း ဖြူဖပ်ဖြူရော်နိုင်လှ၏။ လေဖြတ်ခံခဲ့ရခြင်းကြောင့် ဘယ်ဘက် လက်မှာ ခပ်ကပ်ကပ်ဖြစ်နေပြီး ဘယ်ခြေထောက်မှာ ဆာတာတာဖြစ်နေ ပါသည်။ မျက်နှာမှအစ တစ်ကိုယ်လုံးကျောက်ပေါက်မာများဖြင့် ပြည့်နေ ရုံမျှမက ရင်ဘတ်တွင်ခွဲစိတ်ထားသည့် အမာရွတ်ကြီးကလည်း နည်း နည်းနောနော မဟုတ်ပါ။

          သူဖြတ်သန်းခဲ့ရသည့်ဘဝက ကြမ်းတမ်းလှသဖြင့် သူ့ရုပ်မပေါ် အောင် ဖြစ်နေသည်ဟုပင် ယူဆပါသည်။ အများနှင့်မတူဟူသော အယူ အဆကြောင့် စိတ်အားကလည်း ငယ်နေသည်။ သူ၏ချီးကျူးစရာကောင်းသော ဝါသနာလေးတစ်ခုမှာ ငယ်စဉ်က မတောက်တခေါက် သင်ခဲ့ရသည့် ပညာလေးဖြင့် စာရေးစာဖတ်ဝါသနာပါခြင်း။ ။

          ကျွန်တော်၏ဖခင်မှာ ဦးလူတင်ဖြစ်၍ မိခင်မှာ ဒေါ်ခင်ညွန့်ဖြစ်ပါ . သည်။ ကျွန်တော့်ဖခင်ရော မိခင်ပါ မြန်မာစစ်စစ်များ ဟုတ်မည်မထင်ပါ။

          ကရင်သွေးပါသည်ဟု ထင်ပါသည်။

          ကျွန်တော့်အဖေသည် အမေနှင့်မရမီက အိမ်ထောင်တစ်ဆက်ရှိခဲ့၍ သားတစ်ယောက်ရခဲ့ဖူးပါသည်။ အဖေသည် ပထမအိမ်ထောင်နှင့်ကွဲပြီး သူ့သားကိုခေါ်ကာ အိမ်မှဆင်းလာသည်ဟု ဆိုပါသည်။ သူခေါ်လာသည့် သားကို သူမမွေးပါ။ သူနှင့်အတူထားပြီး ဝဲဒေါင့်ရွာမှ ကိုလူကလေးဆိုသူ အား ပေးပစ်သည်ဟု ပြောကြပါသည်။

          အဖေသည် အရကမသောက်တတ်ပါ။ စကားအလွန်နည်းပြီး နေပုံ ထိုင်ပုံမှာ ပြုံးစိစိနိုင်လှပါသည်။ အလုပ်ကိုလည်း လက်ကြောတင်းအောင် မလုပ်ပါ။ ခပ်ပေါ့ပေါ့ နေတတ်သည့် စိတ်ထားရှိပါသည်။ လူပုံကြည့်လျှင် ပျင်းမည့်ပုံမျိုးမဟုတ်ပါ။

          အသားညိုညို၊ အရပ်အမောင်းခပ်ပြတ်ပြတ်၊ ဂင်တိုတိုပုံနှင့်အား ကောင်း မောင်းသန်တစ်ဦးဖြစ်ပါသည်။ မျက်နှာက မာကျောကျောနှင့် ပြီးခဲ ရယ်ခဲလှပါသည်။ အများက ကျွန်တော့်အဖေသည် ရက်စက်လွန်း သည်။ အကြင်နာတရား ခေါင်းပါးလွန်းသည်ဟု ပြောကြပါသည်။ အများ၏ပြော စကားသည် မှန်ပုံရပါသည်။ ကျွန်တော့်အဖေသည် သားတစ်ယောက်ဖြစ် သော ကျွန်တော့်အပေါ်၌ ပြတ်ပြတ်တောက်တောက် နိုင်လွန်းလှပါသည်။

          “အမိမဲ့သား ရေနည်းငါး” ဟူသော စကားကို ကြားဖူးကြပါလိမ့်မည်။ ထိုစကားသည် ကျွန်တော့်အတွက် တမင်သက်သက် ရည်စူး၍များ ပြောခဲ့ လေသလားဟု ထင်မိပါသည်။ ကျွန်တော်သည် အမိမဲ့သားတစ်ယောက် ဖြစ်ပါ၏။ အမိမဲ့သားဖြစ်သည်နှင့်အညီ လူ့လောကအလယ်တွင် မျက်နှာ ငယ်လှပါသည်။

          အလွန်ရေနည်းသော အိုင်ထဲတွင် နေရရှာသောငါးသည် ရွှံ့နွံကြား ထဲဝယ် အမြဲတစေ လူးလွန့်လှုပ်ရှားနေရသကဲ့သို့ ကျွန်တော်လည်း ခက်ခဲ ကျဉ်းမြောင်းလှသော လူ့လောကဝယ် ကျွန်တော့်ဘဝသည် တည်ငြိမ်မှု ဟူ၍ လုံးဝမရှိပါ။ ကျွန်တော်စိတ်ထင်ပြောရလျှင် ကျွန်တော်သေခါမှပင်ကျွန်တော့်ဘဝသည် တည်ငြိမ်မည်ထင်ပါ၏။

          ကျွန်တော့်အမည်မှာ ကျော်ထွန်း” ဖြစ်ပါသည်။ အမေကပေးခဲ့သည့် နာမည်လား၊ အဒေါ်ကပေးခဲ့သည့် နာမည်လား ကျွန်တော်မသိတော့ပါ။ အဖေပေးခဲ့သည့် နာမည်မဟုတ်တာတော့ သေချာပါသည်။

          သုံးဆယ်မြို့ မြစ်ကျိုးရွာသည် ကျွန်တော်၏ဇာတိဖြစ်ပါသည်။ မြစ် ကျိုးရွာသည် အိမ်ခြေ ၁၅ဝ ခန့်ရှိ၍ တစ်ရွာလုံးလိုလို တံငါလုပ်ငန်းဖြင့် အသက်မွေးကြပါသည်။ ကျွန်တော့်စိတ်ထင်ပြောရလျှင် ကိုင်းလုပ်သူ သုံး လေးဦးသာ ရှိပါလိမ့်မည်။

          မြစ်ကျိုးရွာအနီးတွင် လှိုင်မြစ်ရှိပါသည်။ လှိုင်မြစ်၏ တစ်ဖက်ရှိ လက်ပံကုန်း၊ ညောင်ကုန်း၊ ဇမြင်းကုန်းစသောရွာများမှာ ကရင်၊ မြန်မာ ရောနှောနေသော ရွာများဖြစ်ပါသည်။ ကျွန်တော်တို့ရွာ၏ပတ်ဝန်းကျင်ရှိ ဘုရားကုန်း၊ လက်ပံကုန်း၊ ဝဲဒေါင့်၊ ညောင်ကုန်းစသော ရွာများမှာလည်း ကရင်မြန်မာရောနှောနေထိုင်ကြသော ရွာများဖြစ်ပါသည်။ ကျွန်တော် သိသမျှပြောရလျှင် ကျွန်တော်တို့နယ်ပယ်တစ်ဝိုက်တွင် ကရင်နှင့်မြန်မာ သည် ခွဲခြား၍မရပါ။ အားလုံးရောနှောနေထိုင်ကြသဖြင့် သွေးချင်းရော နှောကြပါသည်။ ။

          အမေ့ကိုတော့ ကျွန်တော်ကောင်းကောင်း မမှတ်မိပါ။ ဝိုးတိုးဝါးတား ဖြစ်နေပါသည်။ အမေသည် အသားဖြူ၍ရုပ်ရည်မှာ ရွက်ကြမ်းရေကျို နေပေလိမ့်မည်ဟုပင် ခန့်မှန်းရပါသည်။ ကျွန်တော်မှတ်မိသလောက်ဆို လျှင် အမေသည် ကျွန်တော့်ကိုအလွန်ချစ်ပါသည်။ သူသွားလေရာ ခါး ထစ်ခွ၍ ခေါ်သွားလေ့ရှိပါသည်။

          ကျွန်တော်ကလည်း အမေကိုအလွန်ချစ်ပါသည်။ သို့သော် ကျွန်တော့် ကို ချစ်လှသောအမေသည် ကျွန်တော်နှင့်ကြာကြာမနေရပါ။ ကျွန်တော် လူမှန်းသူမှန်းကောင်းကောင်း မသိတတ်ခင် ကျွန်တော့်ကိုစွန့်ခွာသွားခဲ့ ပါသည်။

          ထိုအချိန်ကာလကို ကျွန်တော်မမေ့သေးပါ။

          ထိုအချိန်က ကျွန်တော် ငါးနှစ်သားခန့်ရှိနေပါပြီ။

          ထိုနေ့ကို ကျွန်တော်မမေ့နိုင်ပါ။

          အမေက ကျွန်တော်အား ရေချိုးပေးရန် ဖိုးခေါင်မြစ်ဆိပ်သို့ ခေါ် သွားပါသည်။ နောက်မှလိုက်လာသောအဖေသည် ချက်ချင်းရေမချိုးသေး ဘဲ မြစ်ကမ်းပါးမှထိုင်ကာ ကျွန်တော်တို့ သားအမိ ရေချိုးနေသည်ကို ကြည့်နေပါသည်။ တစ်ခါတစ်ရံ အမေနှင့်လှမ်း၍ စကားပြောပါသည်။

ဒက်-ဒက်-ဒက်။

ဒိုင်း-ဒိုင်း။

အုန်း....။

          သေနတ်သံများ အဆက်မပြတ်ပေါ်လာပါသည်။ ရွာထဲမှလား၊ ရွာပြင် မှလား၊ ဘယ်ဆီကမှန်း မသိပါ။

ဝီ-ပီ-ဝီ။

ဒက်ဒက်-ဒက်။

          ကျွန်တော်တို့ ခေါင်းပေါ်မှ လေယာဉ်ပျံသံ၊ လေယာဉ်ပျံအသံနှင့် တစ် ဆက်တည်း တရစပ်ပစ်လိုက်သည့် စက်သေနတ်သံ။

          အမေသည် ထိတ်လန့်တကြားနှင့် သူ့လက်ထဲမှ ကျွန်တော့်ကိုအဖေ့ ဆီသို့ လှမ်းပေးသည်။ ကျွန်တော်အဖေ့လက်ထဲသို့ လွတ်လွတ်ကျွတ်ကျွတ် မရောက်မီကလေးမှာပင် အမေသည် ဆတ်ခနဲတွန့်ကာ နောက်သို့ လန်ကျ သွားပါသည်။ အမေမြစ်ကမ်းပါးမှနေ၍ ကျသွားသည်မှာ တလိမ့်ခေါက်ကွေး။ ကျွန်တော်ကြည့်လိုက်တော့ အမေသည် မြစ်ဆိပ်ရေစပ်တွင် မှောက်လျက် ကလေး။ ထိုနေ့ကို ကျွန်တော်မမေ့နိုင်ပါ။ ထိုနေ့သည် ကျွန်တော် ချစ်သော အမေ ကျွန်တော့်ကိုအပြီးအပိုင် စွန့်ခွာသွားသည့်နေ့ဖြစ်ပါ၏။

          အမေမရှိတော့သည့်အချိန်မှစ၍ ကျွန်တော်သည် အမိမဲ့သား” ဖြစ်လာ သည်။ ထိုအချိန်မှစ၍ ကျွန်တော့်ဘဝသည်လည်း တည်ငြိမ်မှု မရှိတော့ပါ။

          အမေ မရှိသည့်အခါ အဖေက ကျွန်တော့်အား ထိန်းသိမ်းစောင့်ရှောက်မည့် သူမရှိဟုဆိုကာ တစ်ရွာထဲနေသူနှမ ဒေါ်ငယ်ပုထံ ပို့သည်။ အဒေါ့ယောက်ျား ဦးညှာကြီးမှာ ကောင်းကောင်းမာသူမဟုတ်သဖြင့် အဒေါ်က သမီးအကြီးနှင့် တွဲ၍ အလုပ်လုပ်ရသည်။

          ကျွန်တော်သည် ဦးညှာကြီး၊ ဒေါ်ငယ်ပုနှင့် ငါးနှစ်သားလောက်မှစပြီး အတူနေခဲ့ရသည်။ ဦးညှာကြီးက သဘောကောင်း၍ အဒေါ်လုပ်သူကလည်း ကျွန်တော့်ကို ချစ်ခင်ပုံရပါသည်။ သို့သော်လည်း သူတို့၏သမီးအကြီး မဒေါင်းရွှေကတော့ ကျွန်တော့်ကိုမျက်နှာကြောတည့်ပုံ မရပါ။ သိပ်ပြီးခင်ခင် မင်မင် မရှိလှပါ။ အဖေကလည်း ပေါ်မလာပါ။

          ကျွန်တော့်အသက် ငါးနှစ်မပြည့်မီမှာပင် အဖေနောက်ထပ်မိန်းမတစ် ယောက်ယူသည်ဟု ကြားရပါသည်။ အဖေနှင့်ပတ်သက်၍ တစ်ဆင့်စကား၊ တစ်ဆင့်သတင်းသာ ကြားရပါသည်။ အဖေ့မျက်နှာကိုတော့ မမြင်ရ၊ မတွေ့ ရပါ။ တစ်ခါတစ်ရံ လာလိုလာငြား အဖေ့ကိုမျှော်မိပါသည်။ မပေါ်လာပါ။ အဖေမလာတော့လည်း အချို့ကိုသာ အားကိုးပြုရပါသည်။ အဒေါ် ယောက်ျားဦးညှာကြီးကို အဖေလိုတွယ်တာရပါသည်။ ဦးညှာကြီးကလည်း မျက်နှာသာပေးသဖြင့် နေရသည်မှာ ပျော်စရာလိုလိုပင် ဖြစ်ပါသည်။

          သို့သော် မကြာလိုက်ပါ။ ကျွန်တော်ခုနစ်နှစ်အရွယ်တွင် ဦးညှာကြီး ကွယ်လွန်ပါသည်။ ဦးညှာကြီး မရှိတော့သည့်နောက်တွင် ကျွန်တော့် အဒေါ်မှာ အားကိုးစရာမရှိတော့ပါ။ သူ့ သမီးအကြီး မဒေါင်းရွှေကတော့ ကရင်အမျိုးသားစောမောင်အေးဆိုသူနှင့် အိမ်ထောင်ကျကာ ရိုးကြီးရွာ ရောက်နေပါသည်။ တံငါလုပ်ငန်းဖြင့် ချောင်ချောင်လည်လည် ရှိနေသည် ဟုလည်း သတင်းကြားရပါသည်။

          အဒေါ့မှာ မဒေါင်းရွှေမှတစ်ပါး အားကိုးစရာမရှိတော့သဖြင့် သမီး နှင့်သားမက်များရှိရာ ရိုးကြီးရွာသို့ ရွှေ့ခဲ့ပါသည်။ အဒေါ်မှတစ်ပါး အား ထားစရာမရှိသော ကျွန်တော့်မှာလည်း မဒေါင်းရွှေတို့ထံ လိုက်လာခဲ့ရသည်။

 

          “သူ့အဖေဆီပြန်ပို့လိုက်ပေါ့ အမေရယ်၊ ကိုယ့်ဝမ်းမှ အနိုင်နိုင်ဖြစ်နေရတဲ့အထဲ အလကားဒုက္ခရှာနေတယ်။ ကျုပ်တို့တော့ လက်မခံနိုင်ဘူးတော် ရှေ့၊ အမေ့ကောင်လေးကို အမေ့ရွာပြန်ရင် ခေါ်သာသွားပေတော့”

          မဒေါင်းရွှေက သူ့ဝသီတိုင်း ကျယ်ကျယ်လောင်လောင်နှင့် ပြောနေ သည်။ အဒေါ်ကတော့ အဝေးသို့ ငေးမောနေပေသည်။ သူ၏မျက်နှာမှာ တစ်စုံတစ်ခုသောကိစ္စအတွက် ဝေခွဲ၍မရသည့်ပုံမျိုးဖြစ်နေ၏။ ကျွန်တော် ကတော့ ထုံးစံအတိုင်း မီးဖိုချောင်ထဲတွင် ကုပ်နေသည်။

          “ဖြစ်နိုင်ရင်တော့ ထားခဲ့ချင်သေးတယ် ဒေါင်းရွှေရယ်၊ ကြာကြာ လည်း မထားပါဘူးအေ။ သူ့အဖေနဲ့လည်း ငါစကားပြောကြည့်ပါဦးမယ်။ ညည်းပြောသလို သူ့အဖေဆီ ပြန်ထားဖို့တော့ ပြောရမှာပေါ့။ သူ့အဖေက ခေါ်ထားမယ်ဆိုရင် အမေချက်ချင်းပြန်ခေါ်ပါ့မယ်။ တကယ်လို့ သူ့အဖေ ဆီအဆင်မပြေရင်လည်း ငါလည်းပြန်ခေါ်ပါ့မယ်” ။

          အဒေါ်အသံမှာ ခပ်တိုးတိုးဖြစ်သည်။ ကြည်ကြည်လင်လင် မရှိလှ။ တုန်ယင်ခြောက်ကပ်နေလေသည်။ ကျွန်တော်ထရံပေါက်မှ ချောင်းကြည့် လိုက်သည်။ အစ်မ မဒေါင်းရွှေသည် တင်ပျဉ်ခွေထိုင်နေသည်။ သူ့ပေါင် ကြားတွင် ကလေးငယ်က အိပ်ပျော်လျက်ရှိ၏။

          “ညဉ်းတို့က လောလောဆယ်လက်တိုလက်တောင်း ရတာပေါ့ အေ၊ အမေ ကြာကြာမထားဘူးဆိုတာ ယုံပါ။ ဆက်ဆက်ပြန်ခေါ်ပါ့မယ်”

          “ကျုပ်တို့မှာလည်း သိပ်ပြီးချောင်လည်တာ မဟုတ်တော့ ကျုပ်တော့ မထားချင်ဘူး”

          ထိုအခိုက်တွင် စောမောင်အေးပြန်ရောက်လာသည်။ စောမောင်အေး မှာ ရိုးသား၍သဘောကောင်းသူဖြစ်ပြီး စကားလည်းနည်းလှသည်။ သူ ရောက်လာခိုက်တွင် မဒေါင်းရွှေ၏စကားကို နားစွန်နားဖျားကြားလိုက်ပြီး ဘာပြောနေကြသည်ကိုလည်း ရိပ်မိဟန်တူ၏။ သူသည်ကွပ်ပျစ်တွင် ဝင် ထိုင်လိုက်ရင်းက “ဘာဖြစ်နေကြတာလဲ” ဟု မေးသည်။

          “ကျော်ထွန်းကိစ္စပါ” ဟု အဒေါ်က ဖြေသည်။

          စောမောင်အေးသည် ဆေးပေါ့လိပ်တိုကို သုံးလေးချက်မျှ ဆက်တိုက် ဖွာလိုက်ပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေသည်။ သူလည်း မဒေါင်းရွှေအားမျက်စောင်းတစ်ချက် ထိုးကြည့်သည်။

          “ဒေါင်းရွှေက မကတ်သင့်တဲ့ဟာကျရင် ကတ်ချင်တယ်။ ဟိုကောင်လေး ကို ထားချင်ရင်သာ ထားခဲ့၊ ခင်ဗျားတို့ ပြန်ခေါ်နိုင်တဲ့အချိန်ကျမှ ပြန်ခေါ် ပေါ့ဟ။ အဆင်မပြေလို့ ပြန်မခေါ်နိုင်လည်း အရေးမကြီးပါဘူး၊ သူ့ကို တံငါ ဖြစ်အောင် သင်ပေးထားရင် တစ်ဝမ်းတစ်ခါးတော့ ရှာစားနိုင်မှာပါ”

          ဤသို့ဖြင့် ကျွန်တော့်ပြဿနာသည် ပြေလည်သွားပါသည်။ အဒေါ် သည် နောက်တစ်ရက်နှစ်ရက်အကြာတွင် ကျွန်တော့်အား လိမ်လိမ်မာမာ နေရန်ဆုံးမပြီး မြစ်ကျိုးရွာသို့ပြန်သွားပါသည်။ ကျွန်တော့်မှာတော့ ရင် ကျိုးကျန်ခဲ့ရပါသည်။ အဒေါ်မရှိကတည်းက ကျွန်တော့်မှာ နားနားနေနေ နေရသည်မရှိ။ မနက်ဆိုလျှင် ဘုန်းကြီးကျောင်းမှ တုံးခေါက်သံနှင့်အတူ နိုးရသည်။ မနိုးလျှင် မဒေါင်းရွှေ၏အဆဲအဆို၊ အဆူအပူ၊ အကြိမ်း အမောင်း၊ အရိုက်အနှက်ခံရမည်။

          အိပ်ရာမှနိုးလျှင် ရေနွေးအိုးတည်ရမည်။ ရေနွေးစပ်ရမည်။ ပြီးတော့ မဒေါင်းရွှေ၏သားငယ်ကို သူ့အမေမနိုးမီထိန်းထားရမည်။ မဒေါင်းရွှေ မှာ အလွန်အအိပ်ကြီးသည်။ မနက်ဆို နေကြီးမြင့်မှ ထတတ်သည်။ အပျင်းက လည်းထူသည်။ သူအပျင်းထူသော်လည်း ကျွန်တော့်ကိုတော့ အနားမနေ ရအောင် ခိုင်းတတ်သည်။

          သူအိပ်ရာမှနိုးလျှင် ယမန်နေ့ညနေပိုင်းက အသင့်ခူးထားသည့်ကန် စွန်းရွက်တောင်းကိုထမ်း၍ မြစ်ကျိုးရွာသို့ သွားရောင်းရသည်။ ရိုးကြီးရွာ နှင့်မြစ်ကျိုးရွာမှာ သုံးမိုင်ခန့်ဝေးသဖြင့် ကန်စွန်းရွက်တောင်းနှင့် သွားရသည် မှာ ပင်ပန်းလှသည်။ လမ်းကလည်း ချောမွေ့ လှသည်မဟုတ်။ ချောင်းတွေ မြောင်းတွေကို ဖြတ်ရပါသေးသည်။

          ဤမျှလောက် ပင်ပန်းသည့်ကြားမှပင် မြစ်ကျိုးရွာသွားသည့် အချိန် ကလေးတွင် ကျွန်တော့်မှာ ပျော်ရွှင်မြူးတူးရသည်။ အမြဲတစေ ကြောက် လန့်နေရသည့် မဒေါင်းရွှေ၏မျက်ကွယ်တွင် ရောက်နေသဖြင့် စိတ်လက် ပေါ့ပါး၍ လွတ်လပ်လှသည်။ တစ်လမ်းလုံးခုန်ပေါက်၍ ဆော့ကစားသွား ပါသည်။ လမ်းပေါ်မှ ရွှံ့တွေ၊ ခဲတွေကောက်လိုက်၊ လမ်းဘေးဝဲယာရှိ ကျွန်တော်ပစ်ချင်သည့်အရာများကို ပစ်လိုက်လုပ်သွားပါသည်။ တစ်ခါတစ်ရံ ကန်စွန်းရွက်တောင်းကိုချ၍ ဖား၊ ငါးနှိုက်သည့်အခါ နှိုက်ပါသည်။

          မြစ်ကျိုးရောက်သည့်အခါ အဒေါ်အိမ်ဝင်၍ ခဏတစ်ဖြုတ်နားပါ သည်။ အဒေါ်ကတော့ သူ့သမီးမဒေါင်းရွှေလို မဟုတ်ပါ။ ကျွန်တော်ရောက် လျှင် ထန်းလျက်ကလေး၊ မုန့်ပဲသရေစာကလေးများ ကျွေးတတ်သည်။ တစ်ခါတလေတော့လည်း ဟင်းကောင်းကလေးနှင့် ထမင်းကျွေးတတ်သည်။

          တစ်ရက်တွင် မြစ်ကျိုးမှအပြန် မိုးကလည်း သဲသဲမဲမဲ ရွာလျက်ရှိ သည်။ ချောင်းတွေမြောင်းတွေ၊ ရိုးတွေထဲ ရေတိုးချိန်ဖြစ်သည်။ ကျွန်တော် သည် ဖြတ်နေကျမို့ “ကိုထူးရိုး” ကို ခပ်ရဲရဲပင် ဖြတ်ကူးပါသည်။ သည်လိုက ဘယ်လိုဖြစ်သွားမှန်းမသိပါ။ ခြေထောက်အောက်ကို မထောက်မိသဖြင့်ထောက်မိလိုထောက်မိငြား စမ်း၍ထောက်ကြည့်ရာမှ ရေနစ်ပါလေတော့ သည်။ ကန်စွန်းရွက်တောင်းမှာလည်း လက်ထဲမှ လွတ်ထွက်သွားကာ ရေစီး ထဲမျောပါသွားသည်။

          ကျွန်တော်သည် ရေထဲတွင် ယက်ကန်ယက်ကန်နှင့် ရုန်းကန်လှုပ်ရှား ရင်းက ရေထဲမျှောပါသွားပြီးနောက် ကမ်းစပ်မှချုံပုတ်တစ်ခုကို လှမ်းဆွဲ လိုက်သဖြင့် ရေနစ်၍သေရမည့်ဘေးမှ လွတ်သွားပါသည်။ တောင်းကတော့ ဘယ်ဆီရောက်သွားမှန်း မသိပါ။ ကြောက်လန့်ထူပူကာ တစ်ကိုယ်လုံး တုန်နေသဖြင့် ကန်စွန်းရွက်တောင်းကိုပင် သတိမရပါ။ အိမ်ရောက်လျှင်တောင်းမပါလာကောင်းလားဟုဆိုကာ မဒေါင်းရွှေက ရိုက်ပါသည်။ သူက ရိုက်လေ ကျွန်တော်ကအော်ငို၊ သူကလည်း ကျွန်တော်အော်လေ ရိုက်လေ၊ ရိုက်လေ အော်လေ။

          မည်မျှကြာအောင် ရိုက်နေသည်မသိပါ။ စောမောင်အေးရောက်လာ၍ ဆွဲမှပင် အရိုက်ရပ်ပါတော့သည်။ ကျွန်တော့်တစ်ကိုယ်လုံး အရှုံးတွေက အပြိုင်းပြိုင်းထနေသည်။ အမိမဲ့သားဘဝသည် အလွန်ရင်နာစရာကောင်း လှပါ၏။ ထိုညက ကျွန်တော့်အမေကို အလွန်သတိရမိသည်။ အမေသာ ရှိလျှင် ယခုလိုဖြစ်မည်မဟုတ်ဟုတွေးပြီး ငိုမိပါသေးသည်။ အဖေ့ကိုတော့ စိတ်နာလှပါသည်။