မောင်ထွန်းသူ - ဂျပန်ဘာကြောင့်အောင်မြင်ခဲ့သလဲ
နိဒါန်း
ကားလ်မတ်က အယူအဆသဘောတရားနှင့် လောကကျင့်ဝတ် တို့သည် အခြေခံရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ အခြေအနေများ၏ ရောင်ပြန်ဟပ်မှုများသာ ဖြစ်ကြသည်ဟုဆိုသည်။ အထူးသဖြင့် စီးပွားရေးအခြေ အနေများ၏ ရောင်ပြန်ဟပ်မှုများ ဖြစ်သည်ဟု ဆိုသည်။ သူသည်ထိုအဆို ကိုအခိုင်အမာ အလေးအနက်ပြ၍ သက်သေအထောက်အထားများစွာ ပြ၍တင်ပြခဲ့ခြင်း ဖြစ်၏။ မက်ဝီဘာကလည်း သူ့စာအုပ် “ပရိုတက်စတင့် ဘာသာ၏ကျင့်ဝတ်နှင့် အရင်းရှင်ဝါဒ၏ အခြေခံစိတ်နေသဘောထား" "Protestant Ethic and the Spirit of Capitalism' ထဲ၌ဘာသာနှင့်စနစ် တို့၏ ဆန့်ကျင်ဖက်တည်ရှိမှုကို ထောက်ပြခဲ့သည်။
သူ့အမြင်အရ ကျင့်ဝတ်တရားသည် ဘာသာတရားကပေးထား ခြင်းဖြစ်သည်။ စီးပွားရေးစနစ်တစ်ခု၏ လိုအပ်ချက်အရ လူတို့တွင်ပိုင် ဆိုင်လာရသော အကျင့်စရိုက်လက္ခဏာရပ်များသည် ကျင့်ဝတ်တရားနှင့် အံဝင်ခွင်မကျဖြစ်နေပါက ကျင့်ဝတ်တရားသည် တိုးတက်လာဖွယ်ရာ မရှိဟုဆိုသည်။ ကျင့်ဝတ်တရားနှင့်သယံဇာတသည် စီးပွားရေးစနစ် တစ်ခုတည်ရှိလာရေးအတွက် လိုအပ်သောအချက်ဟု မြင်သည်။ဝီဘာအနေဖြင့် ကမ္ဘာ့ အဓိကဘာသာကြီးများအား သုံးသပ်ရာ၌ ယင်းရှုထောင့်မှကြည့်၍ လေ့လာသုံးသပ်ခဲ့ခြင်းဖြစ်သည်။
ဤနေရာတွင် “ကွန်ဖြူးရှပ်အယူဝါဒ” CONFUCIANISM နှင့် ပတ်သက်၍ ဝီဘာ၏ကောက်ချက်ပုံကို တစ်စေ့တစ်စောင်းလေ့လာ ရန်လိုသည်။ ကွန်ဖြူးရှပ်မှာ (ဘီစီ ၅၅၇-၄၇၉) တရုတ်ဒဿနိကပညာရှင် ကြီးဖြစ်သည်။ လူတို့၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေးကိုဟောပြော ပို့ချနေသူဖြစ်၏။ သူ၏အဓိကဟောပြောချက်မှာ မိဘများနှင့်မျိုးရိုးဘိုးဘွား ဘီဘင်များအား အမြတ်တနိုးရိုသေကိုင်းရှိုင်းခြင်း၊ ကိုးကွယ်ဆည်းကပ်ခြင်း နှင့်လူ့ဘောင်လောကအတွင်း၌ တရားမျှတမှုနှင့်ငြိမ်းချမ်းမှု ရရှိရေးတို့ကို တည်ဆောက်ထိန်းသိမ်းရမည်ဟူ၍ဖြစ်သည်။
ဝီဘာကကွန်ဖျူးရှပ်အယူဝါဒသည် အင်္ဂလန်နိုင်ငံ၌ ခေတ် အဆက်ဆက်တည်ရှိလာခဲ့သော ရှေးခရစ်ယာန်အယူဝါဒကို ပြုပြင်သန့် စင်သင့်သည်ဟု ယုံကြည်ခဲ့သောအုပ်စုတစ်စု၏ 'ပြုရီတန် အယူဝါဒ” 'PURITANISM' နှင့် ဆင်သည်ဟုဆိုသည်။ ကွန်ဖြူးရှပ်ဝါဒသည် ကျိုးကြောင်းဆင်ခြင်တုံတရား (ယထာဘူတကျကျဆင်ခြင်မှု) ကို အဓိက ထားသည်။ ပြုရီတန်တို့လည်း ယင်းသို့သောတရားကိုပင် အဓိကလက်ကိုင် ထားသည်။ သို့သော်လည်းယင်းအယူဝါဒနှစ်ခုကြားတွင် အခြေခံခြားနား မှုတော့ရှိသည်။ အထူးသဖြင့် ပြုရီတန်ဆင်ခြင်တုံတရားဝါဒသည် ကမ္ဘာကြီးအား ဆင်ခြင်တုံတရားနှင့် ထိန်းချုပ်ရေးကိုရှာဖွေခြင်းပြု သည်။ကွန်ဖြူးရှပ်၏ ဆင်ခြင်တုံတရားဝါဒကမူ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်
ဆင်ခြင်တုံတရားဝါဒကို လက်ကိုင်ပြုကာ ကမ္ဘာလောကကြီးနှင့် အဆင် ပြေပြေနေသွားနိုင်အောင် ကျင့်ကြံအားထုတ်ရမည်ဆိုသည်။ယင်းအခြေခံ ခြားနားချက်ကိုဖေါ်ပြအပြီးတွင် ဝီဘာကကွန်ဖြူးရှပ်ဝါဒ၌ သက်ဝင်ယုံ ကြည်သူများသည် ယင်းသဘောထားမျိုးကိုထားလေ့ ရှိသည်ဟုဆိုသည်။
ယင်းကောက်ချက်ချခဲ့သော်လည်း ဝီဘာက “တရုတ်တို့သည် ဂျပန်တို့ထက်လုပ်ကိုင်နိုင်စွမ်း မပိုသော်လည်းသူ့နည်းနှင့်သူ စွမ်းဆောင် နိုင်သည့် အစွမ်းအစနှင့်လုပ်ရည်ကိုင်ရည်ကတော့ ရှိသည်။ ခေတ်သစ် ယဉ်ကျေးမှုနယ်ပယ်၌ အများနည်းတူသိပ္ပံနည်းပညာနှင့် စီးပွားရေးပညာ တို့ပေါင်းစပ်ထားသည့် အရင်းရှင်ဝါဒကိုဖြစ်ထွန်းလာအောင်လည်းလုပ် နိုင်စွမ်းရှိသည်ဟု သူ့အမြင်ကိုပွင့်လင်းစွာပင် နှိုင်းယှဉ်တင်ပြထားသည်။
မည်သို့ပင်ဆိုစေကာမူ ဂျပန်တို့လက်ခံထားသော အယူအဆ သဘောတရားမှာလည်း ကွန်ဖြူးရှပ်ဝါဒပင်ဖြစ်သည်ကိုမူကား ဝန်ခံကြရ လိမ့်မည်ဖြစ်၏။ ဤတွင်ဂျပန်တို့အပေါ်၌ ထားရှိသောဝီဘာ၏ သဘော ထားသည် တိကျပြတ်သားမှုမရှိသလိုဖြစ်ခဲ့ရသည်။ သူ့အနေဖြင့် ဂျပန် နိုင်ငံ ကွန်ဖြူးရှပ်နိုင်ငံတစ်နိုင်ငံ အဖြစ်စဉ်းစားသတ်မှတ်ခြင်း ရှိမရှိအတိ အကျ မသိရသေးပေ။ ဝီဘာသည်သူရေးသားပြုစုခဲ့သည့် “ကွန်ဖြူးရှပ် နှင့်တာအို၀ါဒ' CONFUCIANISM AND TAOISM' စာအုပ်ထဲ တွင်လည်း ယင်းအချက်ကို ပြတ်ပြတ်သားသားဖေါ်ပြခဲ့ခြင်းမပြုခဲ့ပေ။ ထို့ပြင်လည်း ဂျပန်နိုင်ငံမှ လက်ခံကျင့်သုံးနေသော “အရင်းရှင်ဝါဒ”သည် ပရိုတက်စတင့်ဘာသာ၏ ကျင့်ဝတ်တရားနှင့် အညီအညွတ်ဖြစ်နေသည် ဟူသောအချက်ကိုလည်း ပြတ်သားပီပြင်စွာဖေါ်ပြမထားပေ။ သို့ဖြစ်ရာ ယင်းပပီပြင်မပြတ်သားမှုများအတွက် လိုအပ်သလိုထပ်မံ၍ သုတေသန ပြုရလိမ့်ဦးမည်ဟု ယူဆရပေသည်။
ဂျပန်ကွန်ဖြူးရှပ်ဝါဒ၏ အချို့ အရေးပါသော အချက်များကိုကြည့် မည်ဆိုပါက ဂျပန်ကွန်ဖျူးရှပ်ဝါဒသည် တရုတ်နိုင်ငံ၏ ကွန်ဖြူးရှပ် ဝါဒနှင့်အလွန်ခြားနားနေသည်။ ထို့ပြင်ကွန်ဖြူးရှပ်ဝါဒနှင့် တစ်ပြိုင်တည်း လိုကိုရောက်လာခဲ့သော တာအိုဝါဒမှာလည်း ဂျပန်တို့ကမိမိတို့နှင့်သင့်တော်သလို ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်ကာ ဂျပန်ရှင်တိုဘာသာ Janpanese Shinto' ဖြစ်လာခဲ့၏။ ဥရောပတိုက်ဖက်တွင် တစ်ခုတည်းသောသမ္မာကျမ်းစာပါ အချက်များကိုအနက်အဓိပ္ပာယ် ကောက်ယူပုံကွဲ ပြားခြားနားရာမှ ကက်သလစ်ဂိုဏ်းထဲမှ ပရိုတက်စတင့်အမည်ဖြင့် ဂိုဏ်း တစ်ဂိုဏ်း သီးခြားခွဲထွက်လာခဲ့သည်။
ထိုနည်းတူစွာပင် ဂျပန်ကွန်ဖြူးရှပ်ဝါဒသည် တရုတ်ကွန်ဖြူးရှပ် ဝါဒပေါ် အခြေခံ၍ တည်ဆောက်လာခဲ့ခြင်းဖြစ်၏။ လေ့လာသုံးသပ်ပုံနှင့်အနက်အဓိပ္ပာယ် ကောက်ယူပုံများကွဲပြားခြားနားခြင်းကို အကြောင်း ပြု၍တရုတ်နိုင်ငံမှ လက်ခံကျင့်သုံးပုံများနှင့် များစွာကွဲပြားခြားနားလာခဲ့ ခြင်းဖြစ်သည်။ ဤသို့ဖြင့်ဂျပန်တို့၏ အကျင့်စရိုက်၊ စိတ်နေစိတ်ထား၊ ကိုယ်ကျင့်တရား၊ ယုံကြည်မှုစသော လူမျိုး၏ထူးခြားသော ဝိသေသလက္ခ ဏာရပ်များသည် တရုတ်တို့နှင့်များစွာ ကွဲပြားခြားနားလာခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်ရော ကိုးရီးယားကျွန်းဆွယ်နှင့်ပါအလွန်အလှမ်းကွာဝေးသောနိုင်ငံဖြစ်၏။ တစ်သီးတခြားကင်းကွာကာအထီးကျန်ဖြစ်နေသော ဂျပန်နိုင်ငံတွင် တရုတ်ကွန်ဖြူးရှပ်ဝါဒသည် သင့်တော်လိုအပ်သလို ပြုပြင်ပြောင်းလဲမှုမရှိပဲ ပျံ့နှံ့သွားရန်မှာမဖြစ်နိုင်ပေ။ ယင်းအယူဝါဒ ဝင်လာစအချိန်ကတည်းက ဂျပန်လူမျိုးတို့သည် မိမိတို့၏ကိုယ်ပိုင်ဟန် ကိုယ်ပိုင်နည်းဖြင့်အနည်းနှင့် အများဆိုသလိုအယူ ဝါဒများကို ပြုပြင်ပြောင်းလဲ၍ယူခဲ့ကြသည်။ အနက်အဓိပ္ပါယ်ကိုလည်း မိမိတို့နှင့်သင့်တော်သလို ကောက်ယူ၍အသုံးပြုခဲ့ကြသည်။
ဘာသာအယူဝါဒတော်လှန်ရေးသည် လျှင်မြန်စွာဖြစ်ပေါ်လာ စေသည်။ သတိမမူမိပဲအမှတ်မထင် ဖြစ်ပေါ်လာခြင်းမျိုးလည်းရှိနိုင် သည်။ တရုတ်နိုင်ငံနှင့်ကိုရီးယားနိုင်ငံများမှ သင်္ဘောများနှင့်ထွက်လာ ချိန်ကတည်းက သင်္ဘောများပေါ်၌ဖြစ်ချင်လည်း ဖြစ်လာနိုင်သည်။ ဂျပန်နိုင်ငံ၏ ပင်လယ်ကမ်းခြေတစ်လျှောက်၌ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်နိုင်စရာရှိသည်။ ဖြစ်ပေါ်လာခဲ့သမျှ ဖြစ်စဉ်အားလုံးကို ဤရှုထောင့်မှ နေ၍လေ့လာကြမည်ဆိုပါက တစ်ခုတည်းသောယုံကြည်မှုဝါဒအပေါ်အနက်အဓိပ္ပါယ်အယူအဆကွဲပြားခြားနားမှုသည်လူမျိုးတစ်မျိုးအားထူးခြားသောအကျင့်စရိုက်များကိုဖြစ်ပေါ်စေနိုင်ပြီး ကွဲပြားခြားနားသော စီးပွားရေးအခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်ဟူသော အချက်မှန် ကန်ကြောင်း သိသာထင်ရှားစေသည်။
ကွန်ဖျူးရှပ်က စိတ်စေတနာကောင်းရှိခြင်း၊ တရားမျှတမှုရှိခြင်း၊ ရိုသေလေးစားခြင်း၊ အသိဉာဏ်ကြွယ်ဝခြင်းနှင့်ကတိသစ္စာတည်ခြင်းတို့ သည် လူတို့တွင်အရေးအကြီးဆုံးနှင့် အကောင်းမြတ်ဆုံးသော သီလတရား များဖြစ်သည်ဟု ဟောထားသည်။ ယင်းတို့အနက် စိတ်စေတနာကောင်းရှိ ခြင်းသည် လူ့နှလုံးသား၌တည်ရှိရမည့် သီလတရားဖြစ်သည်ဟု သူကယုံ ကြည်သည်။
ကွန်ဖြူးရှပ်၏အလိုအရ လူ့ဘဝသည် အခြေခံအားဖြင့်ကောင်း သည်။ သဘာဝအလျှောက်ဖြစ်ပေါ်တည်ရှိလာသော လူ့မေတ္တာသည် မိသားစုတစ်စုအတွင်းရှိ ဆွေမျိုးသားချင်းများကြား၌ တည်ရှိနေသည်။ ယင်းမေတ္တာစိတ်သည် လူမှုဆက်ဆံရေးဆိုင်ရာကိုယ်ကျင့်တရား၏ အခြေခံ အုတ်မြစ်ဖြစ်သည်။ယင်းကိုယ်ကျင့်တရားကို လက်တွေ့ကျင့်သုံး ရာ၌ သဘာဝထက်လွန်ကဲသော ပုဂ္ဂိုလ်များက အမိန့်ပေး၍ကျင့်သုံးနေကြ ခြင်းမဟုတ်။ အုပ်ချုပ်ကွပ်ကဲနေသူများကစေခိုင်း၍ တာဝန်အရသဘော မျိုးဖြင့် လုပ်ကိုင်နေကြခြင်းလည်းမဟုတ်။ မိသားစုအတွင်း၌ သဘာဝ အလျှောက်တည်ရှိနေသော မေတ္တာစိတ်သည် သူ့ဖာသာသူမိသားစု အသိုင်းအဝိုင်းပြင်ပရှိ သွေးသားမတော်စပ်သူများ၊ လူစိမ်းသူစိမ်းများထံသို့ လွတ်လပ်စွာရောက်ရှိသွားခြင်းသာဖြစ်သည်။ ဤအဆင့်သည် လူ့သ ဘာဝ၏အမြင့်ဆုံးနှင့် အပြည့်စုံဆုံးအပိုင်းဖြစ်၍ ယင်းအခြေခံမှအစ ပြုကာ လူမှုဆက်ဆံရေးစနစ်သည် ပေါ်ပေါက်လာရခြင်းဖြစ်၏။ ယင်းအမျိုးအစားမေတ္တာမျိုးကို မွေးမြူရယူနိုင်သူများသည် မေတ္တာ စေတနာရှင်များ သို့မဟုတ် သီလနှင့်ပြည့်စုံသူများဟု အသတ်မှတ်ခံကြရ သည်ဟု ကွန်ဖြူးရှပ်က ယူဆသည်။
ယင်းသို့သော လူစားမျိုးဖြစ်လာရေးသည် လူ့ကိုယ်ကျင့်တရား ပြုစုပျိုးထောင်ရေးလုပ်ငန်းတွင် အဓိကအကျဆုံးဖြစ်သည်ဟု ကွန်ဖြူးရှပ် ကယုံကြည်သည်။ လူတစ်ယောက်အနေဖြင့် ယင်းသို့သောလူစားဖြစ်လာ အောင်ကြိုးပမ်းမည်ဟူသော ရည်မှန်းချက်သည် ထားသင့်ထားထိုက်သောအချက်ဖြစ်သည်ဟု သူကဆိုသည်။ ကွန်ဖြူးရှပ်အယူဝါဒအောက်တွင် သားသမီးဝတ္တရား၊ ညီငယ်တစ်ယောက်လိုက်နာရမည့်တာဝန် စသည် တို့သည် အရေးကြီးသော ကိုယ်ကျင့်တရားများဖြစ်၏။
သားသမီးဝတ္တရားများထဲတွင် မိဘများအားရိုသေခြင်း၊ မိဘများ အားလုပ်ကျွေးပြုစုခြင်း၊ မိဘများ၏စကားကိုနာယူခြင်း၊ မိဘများ၏ဆန္ဒ အတိုင်းလုပ်ကိုင်ဆောင်ရွက်ပေးခြင်း စသည်များပါဝင်သည်။ ညီငယ်တစ် ဦး၏ဝတ္တရားများထဲတွင် အစ်ကိုကြီးများနှင့်ကိုယ့်ထက် အသက်အရွယ် ကြီးသူများအား ရိုသေကိုင်းရှိုင်းခြင်း၊ ဆိုဆုံးမမှုကိုခံယူခြင်း စသည်များ ပါဝင်သည်။