စိတ်ကူးချိုချိုစာပေ
မောင်ထွန်းသူ - ချစ်သွေးဟုန်
မောင်ထွန်းသူ - ချစ်သွေးဟုန်
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
[၂]
ဆိုင်၏ ရှေ့ခန်းထဲသို့ အမောတကော ပြေးဝင်လာသူမှာ အသက်ဆယ့်ကိုးနှစ် သာသာခန့် မိန်းကလေးတစ်ယောက် ဖြစ်သည်။ မည်းနက်သော ဆံစအခွေ အလိပ်များသည် သူ့ပခုံးနှစ်ဖက်တွင် ဝဲပျံလျက်ရှိကြ၏။ သူသည် လက်နှစ်ဖက် ကို ရှေ့သို့ဆန့်တန်းထားသည်။ ဆာနင်ကို ရိပ်ခနဲမြင်လိုက်သော မိန်းကလေးသည် ဆာနင်ဆီသို့ ပြေးလာပြီး ဆာနင်၏လက်ကို သူ့လက်ဖြင့်ဖမ်းဆုပ်ကာအတင်း ဆွဲခေါ်သည်။ “မြန်မြန်လာပါ၊ မြန်မြန်လိုက်ခဲ့စမ်းပါ၊ သူ့ကိုကယ်ပါဦး”ဟု အသက်ရှုမှားနေသောအသံဖြင့် ရေရွတ်သည်။
ရုတ်တရက် အံ့အားသင့်ကာ ကြောင်အမ်းအမ်းဖြစ်လျက်ရှိသော ဆာနင် သည် မိန်းကလေးဆွဲခေါ်ရာသို့ ချက်ချင်းမလိုက်။ သူရပ်နေသည့် နေရာတွင် မလှုပ်မယှက် ရပ်နေမိသည်။ သူ့ဘဝတစ်သက်တာတွင် ဤမျှလောက် ရင်သပ် ရှုမော အံ့သြဖွယ်ကောင်းသည့်အလှကို ယခင်က မမြင်ခဲ့စဖူး။ မိန်းကလေးကတော့ ကြက်သေသေကာ သူ့အား ကြည့်နေသည့် ဆာနင်၏အဖြစ်ကို သတိမထား နိုင်။ “လာပါ၊ မြန်မြန်လိုက်ခဲ့စမ်းပါ”ဟူ၍သာ တွင်တွင်ခေါ်လျက်ရှိ၏။
မိန်းကလေး၏ စိုးရိမ်ပူပန်နေသည့်လေသံ၊ မိန်းကလေး၏ ကြောက်လန့် တကြား ဖြစ်နေသည့် မျက်နှာထား၊ မိန်းကလေး၏ တုန်ယင်လှုပ်ရှားနေသည့်လက်၊ မိန်းကလေး၏ ဖြူဖပ်ဖြူရော် ဖြစ်နေသည့် ပါးပြင်၊ ဤအရာအားလုံးကို တစ်ပြိုင်နက်တည်းလိုလို သတိထားလိုက်မိသော ဘုရင်သည် နောက်ထပ် စဉ်းစားခြင်း၊ တုံ့ဆိုင်းခြင်းမဖြစ်တော့ဘဲ ပွင့်နေသည့် တံခါးပေါက်မှ အပြေး အလွှား ဝင်လိုက်သွားသည်။
ဆာနင်ရောက်သွားသော အခန်းထဲရှိ ခေတ်ဟောင်းပုံစံ မြင်းမွေးဆိုဖာ ကုလားထိုင်ပေါ်တွင် အသက် ဆယ့်လေးနှစ်အရွယ်ခန့်ရှိ ယောက်ျားလေး တစ်ယောက် လဲကျလျက်ရှိ၏။ သူ့မျက်နှာသည် မိန်းကလေး၏ မျက်နှာပေါက်နှင့် အတော်ကလေး ဆင်သည်။ ဆာနင်က မြင်မြင်ချင်းပင် မိန်းကလေး၏မောင် ဖြစ်ရမည်ဟု ခန့်မှန်းလိုက်၏။
ကောင်ကလေး၏မျက်နှာမှာ ဖယောင်းသားပမာ ဖြူဖွေးလျက်ရှိ၏။ မျက်လုံးအစုံမှာ ပိတ်နေသည်။ မည်းနက်သော ဆံပင်များသည် ဖွာလန်ကျဲကာ မျက်ခုံးများအပေါ် အုပ်နေကြသည်။ မျက်နှာမှာ ရှုံ့မဲ့နေပြီး သွားများစေ့လျက် ရှိသည်။ တစ်ကိုယ်လုံးတောင့်တင်းကာ မလှုပ်မယှက်ဖြစ်နေသဖြင့် ကြည့်ရ သည်မှာ အသက် ရှူပါလေစဟု ထင်ရ၏။ လက်တစ်ဖက်သည် ကြမ်းပေါ် သို့ တွဲလောင်းကျကာ ကျန်တစ်ဖက်သည် သူ့ဦးခေါင်း၏ အပေါ်ဘက်တွင် ရောက်နေသည်။ ကိုယ်တွင်ဝတ်ထားသည့် ဂျက်ကက်အင်္ကျီကြယ်သီးများကို တပ်ထားသည်။ တင်းကျပ်စွာ စည်းထားသော နက္ကတိုင်သည် သူ့လည်ပင်းအား ညှစ်ထားသလို ဖြစ်လျက်ရှိ၏။ ။
မိန်းကလေးကတော့ ဆာနင်အား ဆွဲကာ “လုပ်ပါဦး၊ သူသေတော့မယ်။ မြန်မြန်လုပ်ပါ” ဟု အော်လျက်ရှိသည်။ “သူ လွန်ခဲ့တဲ့ တစ်မိနစ်လောက်က ကျွန်မနဲ့ စကားပြောနေတာ အကောပဲ။ ရုတ်တရက် လဲကျသွားပြီး အခုလို မလှုပ်မယှက် ဖြစ်သွားတာ၊ ကျွန်မတို့ သူ့ကို ဘာမှလုပ်မပေးနိုင်တော့ဘူးလား။ လုပ်ပါဦး၊ မေကေလည်း အပြင်သွားနေတယ်။ ပန်တာလီယွန်၊ ပန်တာလီယွန်ရေ ဘယ်လိုလုပ်ကြမလဲ။ ဆရာဝန်ခေါ်ကြပါဦး” အပူမီးတောက်ကာ ပျာယာခတ် လျက်ရှိသော မိန်းကလေးသည် အီတလီဘာသာဖြင့် “ရှင် ဆရာဝန်သွားမခေါ် ဘူးလား”ဟု အော်သည်။
“ကျုပ်ကိုယ်တိုင်တော့မသွားဘူး ဆီလျှော်ရီနာ*၊ လူစီကို လွှတ်လိုက်တယ်” တံခါးဝ၌ ရပ်နေသော ခပ်ပိန်ပိန်ပုပု အဘိုးကြီးတစ်ယောက်က အသံ စာစာဖြင့် အဖြေပေးသည်။ အဖြေပေးပြီးသည်နှင့်တစ်ပြိုင်နက် ကြယ်သီးအနက်ရောင်များ တပ်ထားသည့် ဖရောကုတ်အင်္ကျီ ခရမ်းရောင်၊ ဒူးဖုံး ဖျင်ကြမ်းဘောင်း ဘီနှင့် အပြာရောင် နှစ်ဖက်ခြေအိတ်များ ဝတ်ဆင်ထားသည့် အဘိုးအိုသည် ခြေခွင်တင်တင်ဖြင့် အခန်းထဲသို့ ဝင်လာသည်။ ရှည်လျားသန်စွမ်းသော ဖြူမွဲမွဲ ဆံပင်များကြောင့် မျက်နှာကို ကောင်းစွာမမြင်ရ။ နောက်ဘက်နှင့် ဘေးတစ်ဖက် တစ်ချက်တွင်ကျနေသော ဆံပင်အခွေအလိပ်များ၊ ချွန်ထွက်နေသော နှာခေါင်းနှင့် အဝါရောင် မျက်လုံးအစုံတို့ကြောင့် အဘိုးအို၏ ပုံသဏ္ဌာန်သည် အမွေးအမှင် အလွန်ထူသော ကြက်တစ်ကောင်နှင့် တူနေသည်။
“ကျုပ်က မပြေးနိုင်ဘူး ဆီလျှော်ရီနာ၊ လူစီကတော့ ဆရာဝန်ဆီကို မြန် မြန်ရောက်သွားမှာပါ”
ဟု အဘိုးအိုက အီတလီဘာသာဖြင့် ဆက်ပြောသည်။
“ကျုပ် ရေယူလာတယ်” ။
အဘိုးအို၏ လက်တစ်ဖက်သည် လည်ပင်းရှည်ရှည် ရေတစ်ပုလင်းကို ဆုပ်ကိုင်ထားသည်။
“ဒါပေမဲ့ ဆရာဝန်ရောက်မလာခင် အင်မလီ သေသွားမှာ။ ဘယ်လို လုပ်ကြမလဲ”ဟု မိန်းကလေးက ရေရွတ်သည်။ သူ့လက်နှစ်ဖက်ကို ဆာနှင့်ဘက် သို့ ဆန့်တန်းပြီး “ကူညီပါဦးရှင်၊ သူ့ကို ဘာမှလုပ်မပေးနိုင်ဘူးလား”ဟု ပြော သည်။
“လေဖြတ်တာနဲ့တူတယ်၊ သွေးစုပ်ထုတ်မှဖြစ်မှာပဲ”ဟု မိန်းကလေးက ပန်တာလီယွန်ဟု အခေါ်ခံရသူ အဘိုးအိုက ထင်မြင်ချက်ပေးသည်။
ဆာနင်သည် ဆေးဝါးကုသမှုနှင့် စပ်လျဉ်း၍ အတွေ့အကြုံဗဟုသုတ နည်းနည်းကလေးမှ ရှိသူတစ်ဦး မဟုတ်ပေ။ သို့သော်လည်း သူသေချာပေါက် နားလည်ထားသည့်အချက်တစ်ချက်ကတော့ ရှိ၏။ အသက်ဆယ့်လေးနှစ်အရွယ် သူငယ်လေးများ လေဖြတ်ဖို့ဆိုသည်မှာ အလွန်ဖြစ်နိုင်ခဲသောကိစ္စ။
“သူမေ့လဲသွားတာဖြစ်မယ်။ လေဖြတ်တာတော့ မဖြစ်နိုင်ဘူး”
ဟု ဆာနင် က ပန်တာလီယွန်အား လှမ်းပြောသည်။
“ဝက်မှင်ဘီးရှိသလား” အဘိုးအိုက အံ့သြနေသည့် မျက်နှာထားဖြင့် မော့ကြည့်သည်။
" ဘာ"
“ဝက်မှင်ဘီး...ဝက်မှင်ဘီး” ဆာနင်က ပထမတွင် ဂျာမန်ဘာသာဖြင့် ကပ်ပြောသည်။ “ဝက်မှင်ဘီးပြောတာဗျ”ဟု ထပ်ပြောကာ သူ့ကုတ်အင်္ကျီကို လက်နှင့် ပြုံးပြသည်။
နောက်ဆုံးတွင် အဘိုးအိုသည် ဆာနင်ပြောသည့် စကားကို နားလည်သွား သည်။
“အီး...အား၊ ဘယ်မရှိဘဲနေမလဲ၊ ရှိတာပေါ့”
“ မြန်မြန်သွားပြီးယူခဲ့ဗျာ၊ ကျွန်တော်တို့ သူ့အင်္ကျီတွေချွတ်ပြီး တစ်ကိုယ် လုံး တိုက်ပေးရမယ်” ။
“ကောင်းသားပဲ၊ ဒါပေမဲ့ သူ့ခေါင်းကို ရေလောင်းရင် ပိုကောင်းမလားလို့”
“မဖြစ်ဘူး၊ ပြီးမှလောင်းမယ်၊ ဘီးသာသွားယူ၊ မြန်မြန်သွား”
ပန်တာလီယွန်သည် လက်ထဲမှ ရေပုလင်းကို ကြမ်းပေါ်ချကာ အခန်းထဲမှ ပြေးထွက်သွားသည်။ နောက် တစ်ခဏအတွင်းမှာပင် ခေါင်းပြီးသော ဝက်မှင် ဘီး တစ်ချောင်းနှင့် အဝတ်ပြီးသော ဝက်မှင်ဘီးတစ်ချောင်းကိုင်ပြီး ပြန်ရောက် လာသည်။ သူ့နောက်မှ အမွေးဖွားဖွားနှင့် ခွေးကလေးတစ်ကောင် ပြေးလိုက် လာသည်။ ခွေးငယ်သည် အမြီးတနန့်နန့်လုပ်ကာ အဘိုးအိုအား ကြည့်သည်။ မိန်းကလေးနှင့် ဆာနင်ကိုပင် မော့ကြည့်သည်။ ခင်ဗျားတို့ ဘာတွေယျာယာခတ်ပြီး အလုပ်ရှုပ်နေကြတာလဲဟု သိလိုဟန်မျိုး ဖြစ်သည်။
ဆာနင်သည် လဲကျနေသော လူငယ်၏ ကုတ်အင်္ကျီကို ချွတ်ပစ်လိုက်သည်။ ရှပ်အင်္ကျီကော်လာကြယ်သီးကိုပါ ဖြုတ်ပစ်လိုက်သည်။ သူ၏ အင်္ကျီလက်မောင်း များကို ပင့်တင်ပြီး ဝက်မှင်ဘီးတစ်ချောင်းဖြင့် သူငယ်၏ ရင်ဘတ်နှင့် လက် မောင်းများကို တအားကုန် ပွတ်တိုက်ပေးသည်။ ပန်တာလီယွန်ကလည်း သူ့ အတုကို ယူကာ ဆံပင်ပြီးသော ဝက်မှင်ဘီးဖြင့် သူငယ်၏ ခြေထောက်များကို ပွတ်တိုက်ပေးသည်။ မိန်းကလေးကတော့ ဆိုဖာဘေးတွင် ဒူးနှစ်ဖက်ထောက်၍ ထိုင်ချလိုက်ကာ သူ့မောင်၏မျက်နှာကို မျက်တောင်ပင်မခတ်ဘဲ ကြည့်နေသည်။
ဝက်မှင်ဘီးတစ်ချောင်းဖြင့် အလုပ်များနေသည့်ကြားမှ ဆာနင်သည် မိန်းကလေးအား ဘေးတိုက်လှမ်းကြည့်မိသည်။
ဘုရား...ဘုရား အတော့်ကိုချစ်စရာကောင်းတဲ့ မိန်းကလေးပါလား။
Share
















