Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - ချစ်မျက်ရည်ဘယ်ခါစဲလေလိမ့်

Regular price 7,000 MMK
Regular price Sale price 7,000 MMK
Sale Sold out

အခန်း []

          ကျွန်မ ဒီစာအုပ်ကို ရေးတော့မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် ကျွန်မခေါင်းထဲကို အတွေးတစ်ခု ဝင်လာခဲ့ပါတယ်။ “ကျွန်မအကြောင်းကို ဘယ်နေရာကစပြီး ရေးရရင်ကောင်းမလဲ”ဆိုတဲ့ အတွေးပါ။ အစပြုပြီး ရေးနိုင်တဲ့ အကြောင်းခြင်းရာတွေကတော့ အများကြီးရှိပါတယ်။ ကျွန်မအနေ နဲ့ အောင်မြင်ကျော်ကြားမှု အထွတ်အထိပ်ရောက်ခဲ့တဲ့ တဒင်္ဂအချိန်ကလေး စပြီး ရေးလိုက်ရရင်ကောင်းမလား။

          အဲဒီအချိန်က ကျွန်မဟာ ဟောလိဝုဒ် ရုပ်ရှင်မြို့တော်မှာ ထိပ်သီး မင်းသမီး ဖြစ်နေပါပြီ။ ကျွန်မ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကား သုံးကားကို နယူးယောက်မြို့တော်ရဲ့ ကမ္ဘာကျော် ဘရော့ဒ်ဝေး လမ်းမကြီး ပေါ်က ရုပ်ရှင်ရုံကြီးမှာ တစ်ပြိုင်တည်း ရုံစတင်တဲ့နေ့ပေါ့။ ရုံဖွင့်ပွဲအခမ်း အနားကို ကျွန်မကိုယ်တိုင် တက်ရောက်ပြီး ဖွင့်လှစ်ပေးရပါတယ်။ အဲဒီနေ့ က ရုပ်ရှင်ကားတွေမှာ ဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ ကျွန်မကို ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဂယ်ရီကူးပါးနဲ့ မောရစ်ချ်မာလီယာတို့ကတွဲပြီး“အခမ်းအနား စင်ပေါ်ကို ပို့ပေးခဲ့ကြပါတယ်။ အဲဒီအချိန်ကဆိုရင် ကျွန်မဟာ မွန်းလွဲပိုင်း တစ်ချိန်လေး အလုပ်လုပ်ပေးရုံနဲ့ ဒေါ်လာ ၃၅၀၀ ရနေတဲ့ဘဝပါ။

          တကယ်တော့ အဲဒီအချိန်ကလေးဟာ ကျွန်မအဖို့ အင်မတန်မှမက်မောစရာ၊ တွယ်တာစရာ၊ မြတ်နိုးစရာကောင်းတဲ့ အချိန်ကလေးပါ။ အဲဒီအဖြစ်ကလေးကသာ စလိုက်မယ်ဆိုရင် သိပ်ကို တခမ်းတနားရှိမှာပဲလို့ ကျွန်မ တွေးမိပါတယ်။ ။

          ဒါပေမဲ့ ကျွန်မမှာ အစပြုလို့ကောင်းမယ့်အဖြစ်တွေက ရှိနေပါ သေးတယ်။ တကယ်ဆို ကျွန်မအနေနဲ့ အလွန်ကြောက်စရာကောင်းတဲ့ အဖြစ်က စရင်ကော မရနိုင်ဘူးလား။ ရနိုင်တာပါပဲ။ အဲဒီအချိန်က ကျွန်မ ဟာ ပွင့်နေတဲ့ ပြတင်းပေါက်တစ်ပေါက်နားမှာ ရပ်နေပါတယ်။ ကျွန်မရဲ့ နောက်မှာ ကျန်ရစ်ခဲ့တဲ့ နှစ်များစွာအတွက်က ကျွန်မ ရင်ဆိုင်ခဲ့ရတဲ့ ကြောက် စရာ အရက်ရောဂါနဲ့ အဲဒီအရက်ကြောင့် အဘက်ဘက်က နိမ့်ကျသွားခဲ့ရတဲ့ ကိုယ့်ဘဝကိုယ် ပြန်တွေးပြီး စိတ်ထိခိုက်နေပါတယ်။ အထပ်ပေါ့လေ ဆယ့်တစ်ထပ်မြင့် ဒီပြတင်းပေါက်ကနေပြီး အောက်ဘက် ပလက်ဖောင်း ပေါ်ကို ခုန်ချလိုက်ဖို့ စဉ်းစားစိတ်ကူးနေတဲ့ အချိန်ပါ။ အဲဒီအဖြစ်ကသာ စလိုက်မယ်ဆိုရင်တော့ သိပ်ပြီး ဇာတ်ဆန်သွားလေမလား။ ဒါမှမဟုတ် သိပ်ပြီး ပိုရာရောက်သွားလေမလား။

           ဒါမှမဟုတ်လည်း ကျွန်မ အသက်သုံးဆယ့်လေးနှစ်အရွယ်က အဖြစ်နဲ့ စလိုက်ရရင် ကောင်းမလား။ အဲဒီတုန်းကဆိုရင် ကျွန်မဟာ စိတ် ရောဂါအထူးကုဆေးရုံက ဆင်းလာစပေါ့။ အပြင်လောကမှာ ဘဝသစ် တစ်ခု အစပြုဖို့ဆိုပြီး ဆေးရုံက ပြန်လွှတ်လိုက်တဲ့အချိန်ပါ။ ဒါပေမဲ့ အဲဒီ အချိန်ကအဖြစ်နဲ့ ကျွန်မဇာတ်လမ်းကို စလိုက်ရင် တချို့လူတွေအတွက် နားလည်ဖို့ ခက်ခဲသွားနိုင်တဲ့ အခြေအနေတွေက ရှိနေပါတယ်။ ။

          ကျွန်မယောက်ျား ဘတ် အကြံပေးသလို ကျွန်မအဖြစ်ကို ပြောတဲ့ နေရာမှာ ဖြစ်ခဲ့ပျက်ခဲ့တဲ့အတိုင်း ရှေ့နောက်စဉ်းစားပြီး အလိုက်သင့် ပြော သွားရင် ကောင်းမလား။ အမှန်တော့လည်း ကျွန်မတို့အားလုံးဟာ ကိုယ့်ဘဝ နဲ့ ဆက်စပ်ယှက်နွယ်နေတဲ့ ပတ်ဝန်းကျင်ပေါ်မှာ အများကြီးတည်မှီပြီး နေခဲ့ ကြရတာပါ။ အဲဒီ ပတ်ဝန်းကျင်ထဲမှာရှိနေတဲ့ လျှို့ဝှက်နက်နဲလှတဲ့ ဖိအား တွေနဲ့ တွန်းအားတွေကြောင့်ပဲ ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးနဲ့ ပင်ကိုစရိုက် လက္ခဏာတွေကို ပိုင်ဆိုင်နေကြတဲ့လူတွေ ဖြစ်လာကြရတာ မဟုတ်လား။

          မင်းအကြောင်း ပြန်ပြောမယ်ဆိုရင် အကောင်းဆုံးနည်းက အဲဒီ တစ်နည်းပဲရှိတယ်လို့ ဘတ်က ဆိုပါတယ်။ “ဖြစ်ခဲ့ပျက်ခဲ့တဲ့အတိုင်းသာ ၊ အစဉ်လိုက်ပြောသွားပါ”တဲ့။

          ဒီလိုဆိုတော့လည်း ကျွန်မအနေနဲ့ ကျွန်မအကြောင်းကို ပြောပြ တဲ့နေရာမှာ သူ အကြံပေးတဲ့အတိုင်းပဲ ပြောပြရတော့မှာပေါ့။

          ကျွန်မအဖြစ်က ဒီလိုပါ...

x          x          x

          ကျွန်မဟာ ကျွန်မရဲ့ ဘဝကို ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ပါဘူး။ ကျွန်မကို မမွေးခင်ကတည်းက ကျွန်မဘဝ ဘယ်လိုဖြစ်ရမယ်ဆိုတာ အစီအစဉ်တွေ ရေးဆွဲချမှတ်ပြီးသားပါ။

          ကျွန်မရဲ့ မိဘတွေဟာ ဇာတ်ပွဲကို အလွန်ဝါသနာကြီးကြပါတယ်။ ဒါ့ကြောင့်မို့ ကျွန်မဟာ အမေ့ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ဇာတ်ရုံထဲမှာ ရှေ့ဆုံးကဝင်နိုင်ဖို့ တန်းစီပြီး စောင့်နေခဲ့ရပါတယ်လို့ပြောရင် လွန်မယ်မထင် ဘူး။ ကျွန်မအမေဟာ ဇာတ်ပွဲ အလွန်ကြိုက်ပါတယ်။ အချိန်ရှိသမျှ ဇာတ်ရုံ တွေထဲမှာပဲ ရောက်နေလေ့ရှိပါတယ်။ ပြီးတော့ အမေဟာ ကလေးတစ် ယောက်ကို ဝမ်းနဲ့လွယ်ထားရတဲ့ မိခင်ရဲ့ ပြင်းထန်တဲ့ လိုအင်ဆန္ဒနဲ့ အတွေး အခေါ်တွေဟာ သန္ဓေသားအပေါ် သြဇာသက်ရောက်မှုရှိတတ်တယ်ဆိုတဲ့ အယူအဆကိုလည်း လက်ခံတဲ့လူပါ။

          အမေဟာ သူ့ခေတ်က နာမည်ကြီး ပြဇာတ်မင်းသား၊ မင်းသမီး တွေဖြစ်ကြတဲ့ “အီဗာတန်ငွေ၊ နိုရာဘေးရီးစ်၊ ဆာရာဘန်သာတ်”တို့ကို ကြည့်ပြီး သူတို့ရယ်ရင် လိုက်ရယ်၊ သူတို့ငိုရင် လိုက်ငိုလိုက်နဲ့ အချိန်ဖြုန်း ခဲ့တဲ့လူပါ။ ဇာတ်ပွဲကို စွဲစွဲလမ်းလမ်းကြည့်နေရင်းကပဲ ဗိုက်ထဲက ကလေး ဟာလည်း သူနဲ့အတူတူ စိတ်သာယာပျော်ရွှင်မှုကို မျှဝေခံစားနေလိမ့်မယ်လို့ တွေးပြီး စိတ်ချမ်းသာမှုရနေခဲ့တဲ့လူပါ။

          အမေဟာ ကျွန်မကို အဆိုတော်တစ်ယောက် ဖြစ်စေချင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူ အလွန်အားကျပြီး အမြတ်တနိုး ကိုးကွယ်လုနီးပါးလောက် လေးစားကြည်ညိုတဲ့ အဆိုတော်တစ်ယောက် ရှိနေလို့ပါ။ အဲဒီအဆိုတော်ဟာ အခြားလူမဟုတ်ပါဘူး။ အမေတို့ခေတ်က အလွန် ထင်ရှားကျော်ကြားခဲ့တဲ့ “လီလီယံရပ်ဆဲလ်”ပါ။ အမေဟာ သူ့ကို သိပ်ပြီး အားကျခဲ့ပါတယ်။ ၁၉၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ ကျွန်မကို မွေးတော့ ချက်ချင်းပဲ ကျွန်မကို “လီလီယံရပ်ဆဲလ်”လို့ နာမည်ပေးခဲ့ ပါတယ်။

          ကျွန်မအဖေကတော့ ကျွန်မရဲ့ အနာဂတ်ဘဝကို အမြင်တစ်မျိုးနဲ့ စိတ်ကူးယဉ်အိပ်မက် မက်ခဲ့ပါတယ်။ သူကတော့ ကျွန်မကို အလွန် အောင် မြင်ကျော်ကြားတဲ့ “ပြဇာတ်မင်းသမီး”တစ်ယောက် ဖြစ်စေချင်ခဲ့ပါတယ်။ ကျွန်မအဖေ “အာသာရပ်စတိန်း”ဟာ ရုရှားနိုင်ငံမှာ မွေးခဲ့ပေမဲ့ လေးနှစ်သား ကတည်းက ကျွန်မအမေရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ဘော်စတွန်မြို့ကို ရောက်လာ ခဲ့တာပါ။

          အဖေဟာ လူချောတစ်ယောက်ပါ။ ဘာကိုမှ သိပ်အလေးမထားဘဲ ပျော်ပျော်နေတတ်တဲ့ အကျင့်စရိုက်ရှိပါတယ်။ သူ့မှာ တစ်ဖက်သားက ခင်မင်လာအောင် ဆွဲဆောင်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ သူ ဆယ့်ခြောက်နှစ် အရွယ်တုန်းက “ဖက်၏ လူဆိုးကလေး”ဆိုတဲ့ ပြဇာတ်တစ်ခုမှာ ပါဝင်ကပြ ခဲ့ဖူးတယ်လို့ မကြာခဏ ပြောပြတတ်ပါတယ်။

          အမေကတော့ ပြဇာတ်မင်းသားဖြစ်အောင် ဆက်ပြီးမကြိုးစား ခဲ့ရကောင်းလားလို့ အဖေ့ကို အပြစ်တင်လေ့ရှိပါတယ်။ ဒီကြားထဲကပဲ အဖေ့ ရဲ့အသံအကြောင်းပြောပြီး ပြောင်တတ်နောက်တတ်ပါတယ်။ အဖေ့အသံက ဘယ်လိုမှ ကီးမကိုက်တဲ့ အသံပါ။ ဒါပေမဲ့ အကော်ဒီယံ တီးတတ်တဲ့ သူငယ်ချင်းတစ်ယောက်က သီချင်းဆိုဖို့ခေါ်သွားရင် လိုက်သွားတာပဲတဲ့။ သူနဲ့ သူငယ်ချင်းဟာ ဘော်စတွန်မြစ်ဆိပ်မှာ သွားသွားပြီး သီချင်းဆိုကြ တီးကြတယ်။ အဲဒီအခါကျရင် သင်္ဘောစီးခရီးသည်တွေက သင်္ဘောပေါ် ကနေပြီး ပိုက်ဆံတွေ ပစ်ချပေးတတ်ကြသတဲ့။

          အဖေက အမေ့ကို လူပျိုလှည့်ပြီး ပိုးပန်းနေချိန်မှာ တစ်ခါတလေ သူတို့နှစ်ယောက်ချိန်းပြီး အပြင်ကို အလည်ထွက်ကြတယ်။ အဲဒီအခါကျရင်ဘယ်ခါစဲလေလိမ့် အမေက သင်္ဘောဆိပ်မှာ သီချင်းသွားဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ အပြစ်တင် တာပေါ့ ။ အဖေကတော့ သူ့အနေနဲ့ အမေ့ကို “ဖိုသံပေးတာပါ” လို့ ပြော လေ့ရှိသတဲ့။

          အမေဟာ ဒီအကြောင်းတွေကို ပြောပြနေရင်းက သက်ပြင်းချ တယ်။ “ဂျူးလီးယက်အနေနဲ့ သူ့ရဲ့ ချစ်သူ ရိုမီယိုကို ရသွားသလို အမေ လည်း အမေ့ရဲ့ ချစ်သူ အာသာကို ရခဲ့ပါတယ်။ ဒါပေမဲ့ အမေ စိတ်ဆင်းရဲ ရတာကတော့ ဂျူးလီးယက်ထက် ပိုလိမ့်မယ်လို့ ထင်မိတယ်” လို့ ပြော တယ်။ ဒါပေမဲ့ တကယ်တမ်း ဆန်းစစ်ကြည့်လိုက်ရင်တော့ ဒီကိစ္စမှာ အမေဟာ သိပ်ပြီး အလေးနက်ထားခဲ့ပုံတော့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စကို အကြောင်းပြုပြီး ငွေပိုရမယ်၊ ငွေများများရရင် အမေ့အတွက် ဇာတ်ပွဲ တွေ များများကြည့်ရမယ် မဟုတ်လား။

          ကျွန်မရဲ့ အဖေ အာသာက ကျွန်မရဲ့ အမေ ကေတီဆစ်လ်ဗားမင့် ကို စတွေ့ချိန်မှာ သူ့အသက်ဟာ နှစ်ဆယ့်လေးနှစ် ရှိနေပါပြီ။ အဲဒီအချိန်က အဖေဟာ သူ့အဖေရဲ့ ဈေးဆိုင်မှာ နေ့ခင်းဘက် အလုပ်လုပ်၊ ညပိုင်းကျတော့ ဇာတ်ရုံတွေထဲဝင်ပြီး ဇာတ်တွေကြည့်၊ အဲသလိုနေရင်း အမေနဲ့ အမှတ်မထင် ဆုံမိကြတာပါ။ လူချင်းဆုံမိပြီးတဲ့နောက် မကြာခင်မှာပဲ သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြပါတယ်။

          ကျွန်မအနေနဲ့ အဖေနဲ့အမေတို့ဟာ ဘာကြောင့် ဒီလောက်ပွဲကြိုက် ကြတာပါလိမ့်လို့ မကြာခဏ အဖြေရှာခဲ့ဖူးပါတယ်။ ကျေနပ်လောက်တဲ့ အဖြေမရပါဘူး။ အမေဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းမတစ်ယောက်ပါ။ ဒါပေမဲ့ စိတ်ထိခိုက်လွယ်ပါတယ်။ ဝေဖန်သုံးသပ်တဲ့နေရာမှာတော့ အမေဟာ အလွန်ရဲရင့်ပြတ်သားပါတယ်။ ဇာတ်သဘင်လောကထဲက ထူးချွန်တဲ့လူတွေ ကို ပါရမီရှင်တွေလို့ သူက ပြောလေ့ရှိပါတယ်။ ဒီအလုပ်အတွက် ဘုရား သခင်က ရွေးချယ်ပေးထားတဲ့ လူတွေလို့လည်း ပြောလေ့ရှိပါတယ်။ ကျွန်မ သိနားလည်တတ်တဲ့အရွယ်ရောက်တဲ့အခါမှာ အမေက ပြောခဲ့ဖူးပါတယ်။

          “ငါ့သမီး ငယ်ငယ်ကတည်းက အမေတို့က တကယ့် ထိတ်ထိတ် တဲ့ သရုပ်ဆောင်မင်းသမီးတွေပါတဲ့ ဇာတ်ပွဲတွေကို ခေါ်ခေါ်သွားပြီး ကြည့်ခိုင်းခဲ့တာ သမီးမှတ်မိမှာပေါ့။ ပါရမီရှင်လို့ ခေါ်လောက်တဲ့ အနုပညာသည် တွေဆီမှာ လူတွေကို ပေးစရာတွေရှိတယ်။ သူတို့မှာသာ ပေးစရာ ဘာ တစ်ခုမှမရှိဘူးဆိုရင် သူတို့အနေနဲ့ အခုလို ဇာတ်စင်ပေါ်တက်ပြီး လူတွေကို ရယ်အောင်၊ ငိုအောင် လုပ်နိုင်ပါ့မလား”တဲ့။ ။

          ပြီးတော့လည်း အမေဟာ သီချင်းဆိုရင် အသံကောင်းပါတယ်။ အေးအေးသာသာနဲ့ နားထောင်လို့ကောင်းတဲ့ အသံရှင်ပါ။ ဒါပေမဲ့ အသံက သိပ်တိုးတယ်။ အော်လို့ သိပ်မရဘူး။ အဲဒါနဲ့ ပတ်သက်လို့လည်း အမေက “အမေ့မှာ အသံကတော့ ဒီလောက်ပဲရှိတယ် လီလီရဲ့။ ဒါပေမဲ့ အမေ့စိတ်ထဲ မှာကတော့ အများကြီး ရှိထားပါတယ်။ စိတ်ထဲမှာ ရှိနေသမျှအားလုံးကို အမေက သမီးကို ပေးထားပါတယ်”လို့ ပြောခဲ့ဖူးပါတယ်။

          ဘယ်လိုပဲဖြစ်ဖြစ် အဖေကတော့ တစ်ဘာသာပါ။ သူကတော့ အမြဲတစေ သရုပ်ဆောင်ပြရမှ ကျေနပ်တဲ့လူပါ။ သီချင်းလေးတစ်ပုဒ်လောက် ဆိုပြရင်တောင်မှ သူ့ဘယ်ဘက်လက်ကို နှလုံးသားရှိရာ ရင်ဘတ် ပေါ်အုပ်ကိုင်ပြီး ညာဘက်လက်ကို သူ့ရှေ့တည့်တည့်မှာ ဆန့်ထုတ်ထားလေ့ ရှိပါတယ်။ သူ့အမူအရာကလည်း ကိုယ်ချင်းစာ တရားကင်းမဲ့ပြီး ရက်စက် ကြမ်းကြုတ်လွန်းလှတဲ့ ကမ္ဘာလောကကြီးဆီမှာ အသနားခံနေသလိုပါပဲ။ သူ့ ရဲ့ ပါးပြင်တွေမှာလည်း မျက်ရည်ပေါက်တွေက တလိမ့်လိမ့် စီးကျနေကြ ပါတယ်။

          ကျွန်မ မမေ့သေးပါဘူး။ ဧည့်ခန်းရဲ့ တစ်ဖက်မှာရှိနေတဲ့ အခန်း ဟာ ကျွန်မရဲ့ အိပ်ခန်းပါ။ ကျွန်မဟာ အဲ့ဒီအခန်းထဲက အိပ်ရာလေး ပေါ်မှာ အဖေ့သီချင်းကို နားထောင်ရင်း စည်းချက်ကျကျ ခုန်လိုက် ပေါက်လိုက် လုပ်လေ့ရှိပါတယ်။ အမှန်တော့လည်း ကျွန်မကို အဆို စသင်ပေးတာ အဖေ ပါ။ အဖေက ကျွန်မကို သီချင်းတွေ အလွတ်ဆိုတတ်လာအောင် နှုတ်တိုက် သင်ပေးခဲ့ပါတယ်။ ပြီးတော့ ရှက်စိတ်ကြောင့် လူတောမတိုးဝံ့ဖြစ်နေတဲ့ ကျွန်မကို တနင်္ဂနွေကျရင် အလည်ရောက်လေ့ရှိတဲ့ သူ့အပေါင်းအသင်း တွေရဲ့ ရှေ့ကို ပွဲထုတ်ပြီး အဆိုခိုင်းလေ့ရှိပါတယ်။

          ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ၊ တကယ်တမ်း ဆန်းစစ်ကြည့်လိုက်တော့ ဇာတ်ခုံဟာ ကျွန်မဘဝပါ။ ကျွန်မကို မွေးပြီးတဲ့နောက် နှစ်နှစ်ခွဲ အကြာမှ မွေးခဲ့တဲ့ ကျွန်မရဲ့ ညီမ အန်းရဲ့ ဘဝဟာလည်း ကျွန်မ မှတ်မိ သလောက်ပြောရရင် ဇာတ်ခုံပါပဲ။

          အန်းနဲ့ ကျွန်မဟာ စိတ်နေစိတ်ထားချင်း မတူကြပါဘူး။ စိတ် ဆင်းရဲစရာတွေ၊ စိတ်ညစ်စိတ်ရှုပ်စရာတွေ ဘယ်လောက်ပဲရှိရှိ ဧည့်သည် တွေရှေ့မှာ သီချင်းဆိုပြဖို့ အဖေကခေါ်လိုက်ရင် ကျွန်မ ငြင်းလေ့မရှိပါဘူး။ အဖေကလည်း “လီလီယံဟာ သိပ်လိမ္မာတယ်၊ အဖေကို သိပ်ဂရုစိုက်တယ်။ ကဲ.. မတ်တတ်ရပ်ပါဦး သမီးရယ်။ အဖေတို့အတွက် သီချင်းလေး ဆိုပြ ပါဦး” လို့ ပြောလေ့ရှိပါတယ်။

          အန်းကတော့ အဲသလိုမဟုတ်ပါဘူး၊ သူ့ကိုခေါ်ခိုင်းရင် အကြောက် အကန် ငြင်းတတ်ပါတယ်။ တစ်ခါတလေ အဖေက ချော့မော့ပြီး ခိုင်းတတ် ပါတယ်။ တစ်ခါတလေကျတော့လည်း စိတ်မရှည်ဖြစ်ပြီး ခြောက်လား၊ က်လား၊ အော်လား၊ ဟစ်လားနဲ့ ခိုင်းတတ်ပါတယ်။ ဘယ်လိုပဲပြောပြော အန်းကတော့ မကြုံပါဘူး။ လုံးဝ ခိုင်းလို့မရပါဘူး။

          ကျွန်မဟာ ငယ်ငယ်က အလွန်ငြိမ်ငြိမ်ဆိတ်ဆိတ် နေတတ်ပါ တယ်။ ကျွန်မဘာသာကျွန်မ တစ်ယောက်တည်းနေတာလည်း များပါတယ်။ တစ်ခါတစ်ရံကျရင် အဖေဟာ ကျွန်မအတွက် စိတ်သောက ရောက်တတ် ပါတယ်။ “မင့်သမီး လီလီက သိပ်ပြီး ငြိမ်လွန်းအေးလွန်းတယ် ဘေဘီရယ်။ သူ ဘာတွေတွေးနေသလဲဆိုတာ သိအောင် လုပ်ပါဦး” လို့ အဖေက ပြော တတ်ပါတယ်။ အဲဒီအခါကျရင် အမေက ကျွန်မကို ချီပြီး သူ့ရင်ခွင်ထဲမှာ ပွေ့ ထားတတ်ပါတယ်။ ပြီးတော့ “အို... အာသာရယ်...သူ့ခမျာ ကလေးပဲ ရှိသေးတာ။ ဘာတွေကို တွေးနိုင်ဦးမှာလဲ”လို့ ပြန်ပြောတတ်ပါတယ်။

          အမှန်တော့ ကျွန်မဟာ အများကြီးတွေးပြီး အများကြီး ခံစား ခဲ့ရပါတယ်။ နောက်ကြောင်းကို ပြန်ကြည့်လိုက်တဲ့အခါမှာ ကျွန်မရဲ့ ကလေး ဘဝဟာ ကြောက်စိတ်နဲ့ အထီးကျန်စိတ်တွေ လွှမ်းမိုးခြင်း ခံနေရတဲ့ဘဝပါ။

          ကျွန်မအနေနဲ့ ကျွန်မရဲ့ အမေ မကြိုက်တာကို လုပ်မိမှာ အမြဲ ကြောက်ရွံ့နေမိပါတယ်။ အမေဟာ ကျွန်မကို ချစ်ပါတယ်။ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ ခက်တာက အမေဟာ အစစ အရာရာမှာ အကောင်းဆုံးနဲ့ အပြစ်အနာဆာ အကင်းဆုံးကိုသာ ရယူလိုတဲ့လူပါ။ ဒါ့ကြောင့်မို့လည်း ကျွန်မဟာ သူ မကြိုက်တာကို လုပ်မိမှာ အမြဲကြောက် နေရပါတယ်။

          အမေဟာ စိတ်ကလည်း အလွန်မြန်သလောက် ခြေမြန်လက်မြန် လည်း ရှိပါတယ်။ ကျွန်မကို ဖျတ်ခနဲ နမ်းလိုက်ဖို့ ဝန်မလေးသလို စိတ်နဲ့ မတွေ့တဲ့အခါ ပါးကို ဖြန်းခနဲနေအောင် ရိုက်ဖို့လည်း ဝန်မလေးပါဘူး။ ကျွန်မရဲ့ ဘဝလမ်းကြောင်းနဲ့ပတ်သက်လို့ကတော့ အမေ့ရည်မှန်းချက်ဟာ တစ်ခုတည်းပဲ ထားပါတယ်။ သူ့အဖို့ ဇာတ်ရုံဟာ သူ့သမီး လီလီအတွက် အဓိကအကျဆုံး တံခါးပေါက်ပါ။ အဲဒီတံခါးပေါက်ဆီ သွားရာလမ်းပေါ် မှာ အပိတ်အဆို့ အတားအဆီးရှိလာရင် အားလုံးကို ဖယ်ရှားပစ်ဖို့ ဝန်မလေး ပါဘူး။

          ကျွန်မရဲ့ အထီးကျန်နိုင်စိတ်နဲ့ပတ်သက်လို့ကတော့ နားလည် အောင် ရှင်းပြဖို့ ခက်ခဲလှပါတယ်။ ကျွန်မ ဘာကြောင့် အထီးကျန်ဖြစ်နေ တာလဲ။ ကျွန်မ မသိပါဘူး။ ကျွန်မရဲ့ ရင်ထဲမှာ တစ်ခုခုလိုနေသလို အမြဲ ခံစားနေရပါတယ်။ ဘာလိုနေတယ်ဆိုတာလည်း ကျွန်မ မပြောတတ် ပါဘူး။ ကျွန်မစိတ်ထဲမှာ ကလေးတိုင်းဟာ ကျွန်မထက် ပိုပြီးလှကြတယ်၊ ပိုပြီး ချစ်စရာကောင်းကြတယ်၊ ပိုပြီး ခင်စရာကောင်းကြတယ်လို့ အမြဲ ထင်နေမိပါတယ်။ ကျွန်မအနေနဲ့ ကျွန်မကိုယ်ကျွန်မ လုံးဝမကြိုက်ပါဘူး။ နောက်ပိုင်းမှာ ကျွန်မ မကြိုက်တဲ့လူဆီက ထွက်ပြေးနိုင်အောင် အရက်က ကူညီနိုင်တာကို တွေ့ခဲ့ရပါတယ်။

x           x          x

          ၁၉၁၆ ခုနှစ်မှာ ကျွန်မတို့မိသားစုဟာ နယူးယောက်မြို့ကို ရွှေ့ခဲ့ ကြပါတယ်။ ကျွန်မတို့တိုက်ခန်းဟာ ၉လမ်းနဲ့ ၁ဝ လမ်း၊ လမ်းသွယ်နှစ်ခု ကြားက ၄၃ လမ်းပေါ်မှာပါ။ ကျွန်မအဖေ အာသာကတော့ သူ့ကိုယ်သူ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ အမြဲစိတ်ကူးယဉ်နေတဲ့ လူပါ။ အခု