Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - ချစ်ကြွေးမပြေ

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out

အခန်း ()

           လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က “ကီရီလာပက်ထရိုဗစ်ချ် ထရိုရီကူး ရော့ဗ်” အမည်ရှိ မျိုးကြီးရိုးကြီးအနွယ်ဝင်၊ အတွေးအခေါ်အယူအဆ ရှေး ကျကျ ရုရှားအမျိုးသားတစ်ယောက်သည် သူပိုင်ခြံမြေကြီးတစ်ခုပေါ်တွင် အခြေစိုက်နေထိုင်လျက်ရှိသည်။ သူ၏ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝမှု၊ မျိုးရိုးကောင်းမှုနှင့် အဆက်အသွယ်ကောင်းမှုစသည်များသည် သူပိုင်လယ်မြေယာ မြေနှင့် ခြံမြေများတည်ရှိရာနယ်မြေဒေသအတွင်း၌ အလွန်ကြီးကျယ်ထင်ရှား သော ပုဂ္ဂိုလ်ကြီးတစ်ယောက်အဖြစ်သို့ ရောက်စေခဲ့၏။ ထို့ကြောင့်လည်း သူ့အိမ်နီးချင်းများသည် သူ့အားအလွန်တလေးတစား ဆက်ဆံကြသည်။ သူ့နှုတ်မှ ရယ်စရာစကားအနည်းငယ်လောက်ပြောရုံမျှဖြင့် ဟက်ဟက်ပက် ပက်ရယ်ဖို့ ဝန်မလေး။ နယ်မြေအတွင်းရှိ အစိုးရအရာရှိများသည် သူ့နာမည် ကြားရုံမျှဖြင့် တုန်လှုပ်ကြသည်။

           ကီရီလာ ပက်ထရိုဗစ်ချ်ကလည်း ယင်းရိုသေကိုင်းရှိုင်းမှုများသည် သူနှင့်ထိုက်တန်၍ရနေသော အရာများဟု ယူဆထားသဖြင့် များစွာသဘော ကျသည်။ လိုလိုလားလည်းရှိသည်။ သူ့အိမ်သည် အမြဲတစေ ဧည့်သည်များ နှင့် ပြည့်နေလေ့ရှိ၏။ ဧည့်သည်များကလည်း မင်းစိုးရာဇာအထက်တန်းလွှာ များ နှစ်သက်လေ့ရှိသော ပျော်ပါးမှုများတွင် ပါဝင်ဆင်နွှဲလေ့ရှိကြ၏။မည်သို့ပင်ဖြစ်စေ သူကျင်းပပြု လုပ်လေ့ရှိသော ပျော်ပွဲရွှင်ပွဲများသည် အလွန် ကြမ်းတမ်းလေ့ရှိရုံမျှမက တစ်ခါတစ်ရံတွင် အလွန်ရိုင်းစိုင်းလေ့ရှိ၏။

           သူထံမှဖိတ်စာလာလျှင် မလာနိုင်ပါဟု ငြင်းဆန်ရဲသူတစ်ဦးမျှမရှိ။ သူနေထိုင်ရာ “ပေါ့ခ်ရော့ဗ်စကိုးရီး” ရွာထဲ၌အခါကြီးရက်ကြီးများနှင့် ကြုံလာ သည့် အခါများတွင်လည်း ရွာထဲမှ လူများသည် သူ့ထံသွား၍ ဂါရဝမပြုဘဲ မနေဝံ့ကြ။ ကီရီလာပက်ထရိုဗစ်ချ်၏ အိမ်ထောင်သည်ဘဝမှာလည်း ယဉ်ကျေးသိမ်မွေ့မှုဟူ၍ လုံးဝမရှိ။ ဖြစ်ကတတ်ဆန်းစည်းမဲ့ကမ်းမဲ့နေလွန်း အားကြီးသဖြင့် ချို့ယွင်းချက်များဖြင့် ပြည့်လျှံနေသည်။ သူသည် သူ့စိတ်ကို အလွန်အလိုလိုက်သူဖြစ်သည်။ ငယ်စဉ်ဘဝကတည်းက အစစအရာရာ ဇိမ်ခံ၍နေလာသူဖြစ်သဖြင့် သူဆန္ဒရှိလာလျှင် ဘာကိုမှအလေးအနက်ထား၍ စဉ်းစား ဝေဖန်ခြင်းမပြုဘဲ ဇိမ်ခံလေ့ရှိ၏။ ကျပ်မပြည့်သလိုဖြစ်နေသော စိတ်ထဲ၌အာရုံခံစားလိုစိတ်ပေါ်လာလျှင် မဖြစ်မနေရယူခံစားချင်တတ်သော အလေ့အထလည်းရှိ၏။

           သူ၏ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုကြောင့် သူ သည် သီတင်းတစ်ပတ်လျှင် သုံးရက်၊ လေးရက်မျှအဆမတန် အစားလွန် တတ်သော အကျင့်စရိုက်ရှိသည်။ ညစဉ်ညတိုင်း အရက်အလွန် အကျွံသောက်စားပြီး မူးယစ်နေတတ်သော အကျင့်လည်းရှိ၏။ သူ့အိမ်ကြီးတွင် အဆောင်များစွာရှိရာ တစ်ခုသော အဆောင်တွင် မိန်းကလေးအိမ်စေဆယ့် ခြောက်ဦးကို သီးသန့်ထားသည်။ သူတို့အား ဇာထိုးပန်းထိုးနှင့်အချုပ်အလုပ် တာဝန်များပေးထားသည်ဟု ဆိုသည်။ ထိုအဆောင်၏ ပြတင်းပေါက် အားလုံးကို သစ်သားတိုင်ကလေးများကပ်၍ ကာရံထားသည်။ ဝင်ပေါက် ထွက်ပေါက်တံခါးများကိုလည်း အမြဲတစေ သော့ခတ်ထားသည်။ တံခါး သော့များကိုလည်း သူကိုယ်တိုင်ကိုင်ထားသည်။

           သတ်မှတ်ပေးထားသည့် အချိန်များတွင် မိန်းကလေးများသည် ခြံဝင်း ကြီးအတွင်းရှိ ပန်းဥယျာဉ်ထဲ၌ မိန်းမကြီးနှစ်ဦး၏ စောင့်ရှောက်မှုဖြင့် လမ်းလျှောက်ခွင့်ရကြသည်။ ကီရီလာ ပက်ထရိုဗစ်ချ်သည် အချိန်အခါအလျောက် ဤမိန်းကလေးများအတွက် လင်များရှာပေးလေ့ရှိသည်။ အိမ်ထောင်ချပေး လိုက်၍ လျော့သွားသည့် မိန်းကလေးများနေရာတွင် လူသစ်များရှာ၍အစားထိုးသည်။

           သူသည် သူ့မြေပေါ်ရှိလယ်သမားများ၊ အိမ်ရှိအစေခံများနှင့် ဆက် ဆံရာ၌ တင်းမာခက်ထန်သည်။ နိုင်ထက်စီးနင်းပြုလေ့ရှိသည်။ ညှာတာမှု ကင်းမဲ့စွာဖြင့် တစ်ဖက်စီးနင်းလုပ်တတ်သည်။ သို့သော်လည်း သူ့လက်အောက်ရှိ လူအားလုံးသည် သူ့အားလေးစားချစ်ခင်ကြသည်။ သူတို့အနေ ဖြင့် သူတို့၏မြေပိုင်ရှင်သခင်ကြီး၏ ဥစ္စာဓနကြွယ်ဝမှုနှင့် ထင်ရှားကျော် ကြားမှုများအတွက် ဂုဏ်ယူကြသည်။ သူတို့သခင်၏တန်ခိုးအာဏာကြီးမား သည့် ကာကွယ်မှုအပေါ် ယုံကြည်စိတ်ချစွာဖြင့် အားကိုးကြသည်။ သူတို့ သခင်အားကိုးဖြင့် အနီးအနားရှိလူများကိုပင် ဂရုမစိုက်ဘဲ သူတို့လုပ်ချင်ရာ ကို လုပ်လေ့ရှိကြသည်။

           ကီရီလာ ပက်ထရိုဗစ်ချ်အနေဖြင့် အဓိကထား၍လုပ်နေသည့်အလုပ် များမှာ သူပိုင်လယ်ယာမြေများ၏ အနီးပတ်ဝန်းကျင်သို့ထွက်၍ အမဲလိုက် ခြင်း၊ လူအများအားဖိတ်၍ ကျွေးမွေးဧည့်ခံခြင်းနှင့် ခင်မင်သိကျွမ်းစလူများ အား ကိုယ်ထိလက်ရောက်နောက်ပြောင်ခြင်းစသည်များဖြစ်သည်။ အမှန် တော့ သူသည် သိကျွမ်းစလူများကိုသာမက ခင်မင်ရင်းနှီးပြီးသား မိတ် ဟောင်း ဆွေဟောင်းအပေါင်းအသင်းများကိုပင် ချမ်းသာပေးသူမဟုတ်။ ကျကျနနစီစဉ်ပြီး ထိထိခိုက်ခိုက်ဖြစ်အောင် နောက်ပြောင်တတ်သူ ဖြစ် လေသည်။

           သူမနောက်မပြောင်ဘဲ ချွင်းချက်ထားသူဟူ၍ တစ်ဦးတည်းသာရှိ ၏။ ယင်းပုဂ္ဂိုလ်မှာ အန်ဒရေးဂါဗရီလိုဗစ်ချ် ဒူဘရောစကီး” ဆိုသူဖြစ်သည်။ ဒူဘရောစကီးသည် လုံခြုံရေးတပ်မှ အငြိမ်းစားအရာရှိတစ်ဦးဖြစ်၍ ကီရီလာ ပက်ထရိုဗစ်ချ်၏ အနီးဆုံးသော အိမ်နီးနားချင်းလည်းဖြစ်၏။ ဒူဘရောစကီး သည် ကျွန်ခုနစ်ဆယ်မျှသာ ပိုင်ဆိုင်သော မြေရှင်တစ်ဦးဖြစ်ပေသည်။

           အမှန်တော့ ကီရီလာပက်ထရိုဗစ်ချ်သည် အလွန်မာနကြီးသူဖြစ် သည်။ မောက်မောက်မာမာဆက်ဆံတတ်သူလည်း ဖြစ်၏။ အဆင့်အတန်း အမြင့်ဆုံးဆိုသည့် လူများကိုပင် သိပ်ပြီးဂရုစိုက်သူ မဟုတ်။ သို့သော်လည်း ငွေကြေးချမ်းသာကြွယ်ဝမှု၌ သူ့ထက်နိမ့်ကျသော ဒူဘရောစကီးနှင့်ကျတော့ တရိုတသေတလေးတစား ဆက်ဆံခြင်းပြုသည်။ ယင်းကဲ့သို့ ဆက်ဆံခြင်းမှာလည်း လုံလောက်သောအကြောင်းရှိသည်။ တကယ်တော့ ကီရီလာပက်ထရို ဗစ်ချ်နှင့် ဒူဘရောစကီးတို့သည် တစ်ချိန်အခါက အတူတူတွဲ၍ အလုပ် လုပ်ခဲ့ဖူးသည့် ရဲဘော်ရဲဘက်များဖြစ်ခဲ့ ကြသည် မဟုတ်ပါလား။

           ကီရီလာ ပက်ထရိုဗစ်ချ်သည် သူ့သူငယ်ချင်း ဒူဘရောစကီး၏ စိတ် နေသဘောထားကို ကောင်းစွာသိသည်။ ဒူဘရောစကီးသည် စိတ်နေစိတ် ဓာတ်တည်ကြည်ကြံ့ခိုင်သော်လည်း စိတ်ဓာတ်အလွန်ပြင်းထန်သူဖြစ်၏။ အချိန် အခါနှင့်အခြေအနေအရ လူချင်းကွဲကွာသွားကြသော သူတို့နှစ် ယောက်သည် နှစ်ပေါင်းများစွာကြာမှ ပြန်လည်ဆုံမိခဲ့ကြခြင်းဖြစ်သည်။ သူတို့ချင်းကွဲကွာနေကြသည့် ကာလအတွင်း၌ ဒူဘရောစကီးသည် စီးပွားရေး ပျက်ပြားကျဆင်းကာ အခြေအနေယိမ်းယိုင်သွားခဲ့၏။ သူပိုင်လယ်မြေများ ရှိရာရွာသို့ပြန်ပြီး အခြေစိုက်ရသည်အထိ ဖြစ်သွားခဲ့ရ၏။ ထိုသတင်းကိုကြား သိရသော ကီရီလာပက်ထရိုဗစ်ချ်သည် သူ့မိတ်ဆွေအတွက် စိတ်မကောင်း ဖြစ်သည်။ သူတတ်အားသရွေ့ ကူညီလိုကြောင်း၊ သူပိုင်ဆိုင်သော မြေပေါ်သို့ သွား ရောက်နေထိုင်လိုပါကလည်း အချိန်မရွေးသွားရောက် နေထိုင်နိုင် ကြောင်း ဒူဘရောစကီးထံအကြောင်းကြားခဲ့သည်။ ဒူဘရောစကီးကလည်း သူငယ်ချင်း၏ကမ်းလှမ်းချက်အတွက် ကျေးဇူးတင်ကြောင်း ပြန်ကြားခဲ့သော် လည်း ပေးသည့်အကူအညီကိုမူ မယူခဲ့ပေ။

           နောက်ပိုင်း နှစ်အနည်းငယ်မျှအကြာတွင် ကီရီလာပက်ထရိုဗစ်ချ် သည် တပ်မှအနားယူပြီး အငြိမ်းစားဗိုလ်ချုပ်အဖြစ်ဖြင့် သူ့နယ်မြေသို့ ပြန် လည်ရောက်ရှိလာခဲ့ကြသည်။ ထိုအခါ မိတ်ဆွေနှစ်ယောက် ပြန်လည်ဆုံမိ ခဲ့ကြသည်။ ထိုအချိန်မှစ၍ နှစ်ယောက်သား မဆုံမိသည့်နေ့ဟူ၍တစ်နေ့မှ မရှိ။ ဘယ်သူ့အိမ်ကိုမှ သွား၍လည်လေ့ရှိခြင်း မရှိသော ကီရီလာပက်ထရို ဗစ်ချ်သည် သူ့သူငယ်ချင်း ဒူဘရောစကီး၏အိမ်သို့ အမြဲတစေသွားရောက် လည်ပတ်လေ့ရှိသည်။

           သူတို့နှစ်ယောက်သည် သက်တူရွယ်တူများဖြစ်သည်။ တူညီသော လူတန်းစားမှ မွေးဖွားလာကြသူများဖြစ်၍ ကြီးပြင်းလာခဲ့ရသည့် ပတ်ဝန်း ကျင်လည်း တူညီသည်။ အချို့နေရာများတွင် စိတ်နေစိတ်ထားနှင့်ကြိုက်ပုံ ခြင်းလည်း တူညီကြသည်။ အချို့ နေရာများတွင် ကံကြမ္မာ၏ဒဏ်ခံရပုံခြင်း//လည်း တူညီကြသည်။

           နှစ်ဦးစလုံးချစ်ခြင်းမေတ္တာကို အခြေခံ၍လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ လက်ထပ်ပြီး မကြာခင်မှာပင် ဇနီးသည်များရှေ့ဆင့်နောက်ဆင့် ကွယ်လွန် ခဲ့ကြသည်။ နှစ်ဦးစလုံးတွင် သားသမီးတစ်ယောက်စီကျန်ရစ်ခဲ့ကြသည်။ ဒူဘရော့စကီး၏သားသည် ပီတာစ်ဘတ်မြို့သို့သွားရောက်၍ ပညာသင် ကြားလျက်ရှိပြီး ကီရီလာပက်ထရိုဗစ်ချ်၏သမီးမှာ ဖခင်နှင့်အတူတူနေထိုင် လျက် ရှိကြ၏။ ဘဝအကျိုးပေးပုံတူညီနေသည်ကိုကြည့်ကာ ကီရီလာပက် ထရိုဗစ်ချ်က ဒီမယ်... ဒူဘရော့စကီး... ခင်ဗျားသား ဗိုလ်လိုဒီယာ အရွယ် ရောက်လာရင် ကျွန်တော့်သမီး မာရှာနဲ့ လက်ထပ်ပေးမယ်။ သူ့အနေနဲ့ ဘုရားရှိခိုးကျောင်းက ကြွက်တစ်ကောင်လောက် ဆင်းရဲချင်ဆင်းရဲပါစေ။ ကျွန်တော်ကတော့ လက်ထပ်ပေးဖို့အသင့်ပဲ”ဟု ဒူဘရော့စကီးအား မကြာ ခဏပြောလေ့ရှိသည်။

           ဒူဘရောစကီးကလည်း ထိုစကားကိုကြားသည့်အခါတိုင်း “မဖြစ်နိုင် ဘူး၊ ကီရီလာ ပက်ထရိုဗစ်ချ်” ဟု ခေါင်းတခါခါလုပ်၍ ပြန်ပြောလေ့ရှိ သည်။ ကျွန်တော့်သား ဗိုလ်လိုဒီယာဟာ မာရှာနဲ့ မထိုက်တန်ပါဘူး။ သူ့လို ဆင်းရဲသားတစ်ယောက်ဟာ သူလိုဆင်းရဲတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်မှ အကောင်းဆုံးဖြစ်မှာပါ။ သူ့အနေနဲ့ငယ်ငယ်ကတည်းက အလို လိုက်ထားလို့ ပျက်စီးနေတဲ့ မိန်းမချောလေးတစ်ယောက်ရဲ့ ဘဏ္ဍာစိုးဖြစ်ရ တာထက် ဆင်းရဲတဲ့မိန်းမနဲ့ရပြီး အိမ်ထောင်အကြီးအကဲဖြစ်လာရတာက ပိုကောင်းပါလိမ့်မယ်”မာန်မာနအလွန်ကြီးသော ကီရီလာ ပက်ထရိုဗစ်ချ်နှင့် သူ့အိမ်နားနီး ချင်းဆင်းရဲသား ဒူဘရောစကီးတို့ကြား၌ တည်ရှိနေသည့် ခင်မင်ရင်းနှီးမှု အပေါ်တွင် လူတိုင်းလိုလိုက မနာလိုတိုရှည်ဖြစ်ကြသည်။ အံ့သြခြင်းလည်း ဖြစ်ကြသည်။ အထူးသဖြင့် ဒူဘရောစကီး၏ရဲတင်းသော ပြောဆိုဆက်ဆံမှု များကို မြင်ရသည့်အခါ အလွန်အံ့အားသင့်ကြသည်။

           တစ်ခါတစ်ရံ ကီရီလာပက်ထရိုဗစ်ချ်၏စားပွဲ၌ ဧည့်သည်အများနှင့် ရောထိုင်နေသော ဒူဘရောစကီးသည် ကီရီလာပက်ထရိုဗစ်ချ်နှင့် အမြင်ချင်း မတူသောအယူအဆကို ရဲရင့်ပြတ်သားစွာ ထုတ်ဖော်ပြောလေ့ရှိသည်။

           အများအားဖြင့် ကီရီလာပက်ထရိုဗစ်ချ်အား ဆန့်ကျင်၍ပြောဝံ့သူဟူ၍တစ်ဦး မျှရှိသည်မဟုတ်။ ကီရီလာပက်ထရိုဗစ်ချ် ကိုယ်တိုင်ကလည်း သူ့အယူအဆ နှင့် မတူသည့်အမြင်တင်ပြလာလျှင် လုံးဝသည်းခံလေ့မရှိ။ တင်ပြလာသူရှိ လျှင် ထိုလူအား ရိုင်းစိုင်းကြမ်းတမ်းစွာ ဆက်ဆံလေ့ရှိ၏။ ထို့ကြောင့်လည်း လူတိုင်းက သူ့အရိပ်အကဲကိုကြည့်၍ သူ့အလိုသို့လိုက်ကာ ပြောဆိုဆက်ဆံ ကြသည်။ ဒူဘရောစကီးကတော့ ထိုသို့မဟုတ်၊ ကီရီလာပက်ထရိုဗစ်ချ် ၏အကြိုက်ကိုလိုက်၍ ပြောလေ့မရှိ။ ကီရီလာပက်ထရိုဗစ်ချ်နှင့် အယူအဆ ခြင်း တူသည်မတူသည်ကို အဓိကမထား။ ကီရီလာပက်ထရိုဗစ်ချ် ကြိုက် မကြိုက်သည်ကိုလည်း ဂရုမစိုက်၊ သူ့ရင်ထဲရှိသည့်အတိုင်း လွတ်လပ်ရဲရင့် စွာ ပြောလေ့ရှိ၏။

           အမှန်တော့ ထိုအလုပ်မျိုးလုပ်ဝံ့သူမှာ ဒူဘရောစကီးတစ်ယောက် တည်းသာရှိ၏။ ကီရီလာပက်ထရိုဗစ်ချ်ကလည်း ဒူဘရောစကီးနှင့်ကျတော့ ငြိမ်ခံသည်။ တစ်ဦးနှင့်တစ်ဦး ပဋိပက္ခဖြစ်အောင် တုံ့ပြန်ခြင်းမပြု၊ သို့တစေ လည်း အရာရာတိုင်းကို ပြောင်းလဲသွားစေသည့် ဖြစ်ရပ်တစ်ခုသည် မမျှော် လင့်ဘဲနှင့် ပေါ်ပေါက်လာခဲ့ရလေ၏။

           ဆောင်းဦးပေါက်စတစ်ရက်တွင် ကီရီလာပက်ထရိုဗစ်ချ်သည် အမဲ လိုက်ထွက်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သည်။ သူသည် အမဲလိုက် မထွက်မီ တစ်ရက်ကြိုတင်၍ သူ၏ မြင်းထိန်းများနှင့် မုဆိုးများအား နောက် နေ့မနက်ငါးနာရီတွင် အဆင်သင့်ဖြစ်ရမည်ဟု အမိန့်ပေးထားသည်။ ရွက် ထည်တဲတစ်လုံးနှင့် မီးဖိုချောင်သုံးပစ္စည်းကိရိယာများကိုမူ သူညစာစား မည်ဟု သတ်မှတ်ထားသည့်နေရာသို့ကြို၍ ပို့ထားခဲ့ပြီးပြီဖြစ်၏။

           အမဲလိုက်မထွက်မီ တစ်ညတွင် အိမ်ရှင်နှင့်ဧည့်သည်များသည် ခွေး လှောင်အိမ်များဆီသို့သွားကြသည်။ ခွေးအားလုံး အကောင်ငါးရာကျော်ခန့် ရှိ၍ အမဲလိုက်ခွေးမှာ မျိုးစုံရှိသည်။ ပိုင်ရှင်ကီရီလာပက်ထရိုဗစ်ချ်၏ ရက် ရက်ရောရောကျွေးမွေးမှုကြောင့် ခွေးများသည် ဝဖီးနေကြသည်။ နေထိုင် မကောင်းဖြစ်သော ခွေးများအတွက် ခွေးဆေးရုံငယ်”တစ်ခုလည်းရှိသည်။ ခွေးများ၏ကျန်းမာရေးကိုစောင့်ရှောက်တာဝန်ယူရသူမှာ တိရစ္ဆာန်ဆေးကု ဆရာဝန် တီမော့ရှကာ ဆိုသူဖြစ်သည်။ ခွေးဆေးရုံတွင် မီးဖွားနေသောခွေးမများနှင့် ခွေးသားသမီးများအတွက် သီးသန့်အဆောင်တစ်ဆောင်ရှိ သည်။ ဤအဆောင်ထဲတွင် နို့စို့နေကြသော ခွေးပေါက်စအများအပြားကို မြင်နေကြရလေသည်။

           ကီရီလာပက်ထရိုဗစ်ချ်သည် သူတည်ဆောက်ထားသည့် ခွေးဂေဟာ အတွက် များစွာဂုဏ်ယူသည်။ ဧည့်သည်များလာကြည့်လျှင်လည်း ခေါင်း တစ်ထောင်ထောင် လုပ်ကာကြွားဝါတတ်သည်။ ယခုရောက်လာသည့် ဧည့် သည်တိုင်းလိုလိုပင် ဤခွေးဂေဟာကိုကြည့်၍ ပိုင်ရှင်၏ဝါကြွားသောစကား များကို နားထောင်ခဲ့ဖူးသည်မှာ အနည်းဆုံးအကြိမ်ပေါင်း နှစ်ဆယ်မက ရှိခဲ့ပြီ။

           အခုလည်း ကီရီလာပက်ထရိုဗစ်ချ်လည်း ဧည့်သည်များနှင့်အတူတူ ဆရာဝန် တီမော့ရှကာနှင့် ခွေးထိန်းများ ခြံရံကာ ခွေးဆေးရုံကို လိုက်လံ ကြည့်ရှုစစ်ဆေးလျက်ရှိသည်။ အချို့သော ခွေးလှောင်အိမ်များရှေ့၌ရပ်ကာ ခွေး၏ကျန်းမာရေးအခြေအနေကို စုံစမ်းသည်။ သူသဘောကျသည့် ခွေးများ နှင့် ကြုံသည့်အခါ လက်ဖျောက်တီးလိုက်၊ လေချွန်လိုက်လုပ်ကာ အရေးတ ယူပြုသည်။ ချိုသာအေးဆေးသော လေသံဖြင့် စကားပြောသည်။ ဧည့်သည် အားလုံးသည် ထုံးစံအတိုင်း သူတို့တွေ့ ဖူးမြင်ဖူးနေသော ခွေးဆေးရုံကို ကီရီလာ ပက်ထရိုဗစ်ချ်၏ အကြိုက်လိုက်၍ အခုမှမြင်ရတွေ့ရသည့်နှယ် ရင်သပ်ရှုမော အံ့ဩကြသည်။ အထူးအဆန်းလုပ်၍ ချီးမွမ်းစကားပြောကြ သည်။

           ဧည့်သည်အုပ်စုထဲတွင် ဘာစကားမှမပြောဘဲ မျက်မှောင်ကုတ်၍ နှုတ်ဆိတ်နေသူမှာ ဒူဘရောစကီးတစ်ဦးတည်းသာ ရှိ၏။ တကယ်တော့ အမဲလိုက်ခြင်းသည် ဒူဘရော့စကီးအနှစ်သက်ဆုံး အလုပ်တစ်ခုဖြစ်၏။ သို့သော်လည်း သူသည် ငွေကြေးချမ်းသာသူ တစ်ဦးမဟုတ်သဖြင့် အမဲလိုက် ခွေးများများမွေးမထားနိုင်။ လမ်းပြခွေးနှစ်ကောင်နှင့် အမဲလိုက်ခွေးတစ်စုံ သာလျှင် မွေးထားနိုင်သည်။ ထို့ကြောင့်လည်း သူမြင်တွေ့ရသော ခွေးများနှင့် တခမ်းတနားရှိလွန်းလှသည့် ခွေးလှောင်အိမ်များကို ကြည့်ကာမနာလို စိတ်ကို မျိုသိပ်၍ မရနိုင်လောက်အောင် ဖြစ်လျက်ရှိလေသည်။

           “ဘယ်လိုလဲ သူငယ်ချင်းရဲ့ ၊ ဘာဖြစ်လို့ မှုန်တေတေအောက်သိုးသိုးဖြစ်နေရတာလဲ”ဟု ကီရီလာပက်ထရိုဗစ်ချ်က မေးသည်။ “ဘာလဲ...၊ ကိုယ့် လူက ကျွန်တော့်ရဲ့ ခွေးလှောင်အိမ်ကို သဘောမကျလို့လား”

           “ခင်ဗျားရဲ့ ခွေးလှောင်အိမ်တွေက ပထမတန်းစားတွေပဲ၊ ကျွန်တော် သဘောမကျစရာဘာရှိမှာလဲ”ဟု ဒူဘရောစကီးက ခြောက်ကပ်ကပ်လေသံ ဖြင့် အဖြေပေးသည်။ ခင်ဗျားရဲ့ အစေခံတွေတောင်မှ ခင်ဗျားရဲ့ ခွေးတွေနေ သလို မနေရဘူးဆိုတာ သိနေတာပဲ”

           ထိုစကားကိုကြားသည့်အခါ ခွေးထိန်းများထဲမှ တစ်ဦးသည် မခံချိ မခံသာဖြစ်သည်။ “ကျွန်တော်တို့ကတော့ အဲဒီအတွက် မကျေမနပ်မဖြစ်ကြပါ ဘူး”ဟု ဝင်ပြောသည်။ “ကျွန်တော်တို့အနေနဲ့ အခုလိုနေရတဲ့အတွက် ဘုရား သခင်ကိုရော ကျွန်တော်တို့သခင်ကြီးကိုပါ ကျေးဇူးတင်လို့မဆုံးဖြစ်နေကြ ပါတယ်။ လူကြီးလူကောင်း အတော်များများတောင်မှ သူတို့နေတဲ့အိမ်နဲ့ ကျွန်တော်တို့၏ခွေးလှောင်အိမ်တွေလဲမယ်ဆိုရင် ဝမ်းသာအားရလဲကြမှာပဲ လို့ထင်တယ်။ အဲဒါဆိုရင် သူအစာလည်း ဝဝလင်လင်စားရမယ်၊ ပိုပြီး နွေးနွေးထွေးထွေးလည်းနေရမှာ သေချာတယ်”

           ကီရီလာပက်ထရိုဗစ်ချ်က သူ့တပည့်စကားကြားသည့်အခါ တအား အော်၍ ရယ်ကြသည်။ သူရယ်သည့်အခါ ဧည့်သည်များကလည်း ဝိုင်း၍ ရယ်ကြသည်။ အမှန်တော့ ခွေးထိန်းသမား၏ပြက်လုံးသည် သူတို့အားလုံးကို ထိခိုက်မှန်းသိကြ၏။ သို့ပါလျက်နှင့် ကီရီလာပက်ထရိုဗစ်ချ်၏အကြိုက်ကို လိုက်၍ ရယ်မောကြခြင်းဖြစ်သည်။ ဒူဘရော့စကီးကတော့ ရယ်လည်းမရယ်၊ ပြုံးလည်းမပြုံး၊ စကားလည်း တစ်ခွန်းတလေမှ မပြော။

           ထိုအခိုက်တွင် ခွေးထိန်းတစ်ယောက်သည် မွေးခါစခွေးပေါက်စ လေးများကို ခြင်းတစ်လုံးဖြင့် ထည့်ယူလာပြီး ကီရီလာ ပက်ထရိုဗစ်ချ်အား ပြသည်။ ကီရီလာ ပက်ထရိုဗစ်ချ်သည် ခွေးပေါက်စများအပေါ် အာရုံစူးစိုက် နေသဖြင့် စောစောကအဖြစ်ကို မေ့သွားလေပြီ။ သူသည် ခွေးကလေးများ ထဲက သူအကြိုက်ဆုံးနှစ်ကောင်ကို ရွေးလိုက်ပြီး ကျန်အကောင်များကို ရေနှစ် ၍သတ်ပစ်ရန် အမိန့်ပေးသည်။ ဤအခိုက်တွင် ဒူဘရောစကီးသည် ဧည့်သည်များကြားမှ ပျောက်သွားသည်။ သူထွက်သွားသည်ကို မည်သူမျှ သတိမပြုမိလိုက်ကြ။