မောင်ထွန်းသူ - ကြယ်စင်များကကြည့်နေသည်
(၁)
မာသာ အိပ်ရာမှနိုးလာချိန်တွင် မှောင်မိုက်နေဆဲဖြစ်ရုံမျှမက စူးစူးရှရှ အေးမြနေဆဲ ဖြစ်၏။ မြောက်ပင်လယ်ပေါ်မှ ကျော်ဖြတ်တိုက်ခိုက်လာနေသော လေသည်တစ်ဖက်သို့ ကျနိမ့်စောင်းလျက်ရှိသော အိပ်ခန်းနှစ်ခန်းပါသည့်အိမ်၏ နံရံပေါက်များမှတဆင့် အတွင်းသို့တိုးဝင်လျက် ရှိသည်။ ခပ်ဝေးဝေးမှ လှိုင်းပုတ်သံများကို ကြားနေရ၏။ ထိုမှတစ်ပါး ကျန်အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက် လျက် ရှိလေသည်။
သူသည် မီးဖိုခန်း အိပ်ရာထက်၌ ငြိမ်သက်စွာလဲလျောင်းလျက် ရှိသည်။ တစ်ညလုံး ဘယ်ပြောင်းညာကူး တလူးလူး တလိမ့်လိမ့် ဖြစ်ကာ ချောင်းတဟွတ်ဟွတ် ဆိုးနေသော ရောဘတ်နှင့် ဝေးနိုင်သမျှဝေးအောင် ခွာ၍နေသည်။ တစ်မိနစ်ခန့်မျှ နေ့သစ်တစ်နေ့တွင် ရင်ဆိုင်ရမည့်အရေးကို ဆင်ခြင်စဉ်းစားသည်။ရောဘတ်အပေါ်၌ စက်ဆုတ်သောစိတ်ကို ချိုးနှိမ်သည်။ ထို့နောက် သူ့ကိုယ်သူ အားတင်းကာ အိပ်ရာမှထသည်။
သူ၏ ဖိနပ်မပါသော ခြေဖဝါးများအောက်မှ သမံတလင်းကြမ်းပြင်သည် ရေခဲတမျှ အေးစက်နေသည်။ သူသည် အဝတ်အစားများကို ကပျာကယာဝတ်သည်။ အသက်လေးဆယ်ပင် မပြည့်သေးသော မိန်းမတစ်ယောက်အနေဖြင့် ခွန်အားအပြည့်အဝ ရှိနေသေးသည် ဖြစ်ရာ သူ၏လှုပ်ရှားမှုများသည် လျင်မြန် သွက်လက်နေဆဲ ဖြစ်လေသည်။
သို့တစေလည်း အဝတ်အစား လဲလှယ်ပြီးသွားသည့်အခါတွင် လှုပ်လှုပ် ရှားရှား လုပ်ကိုင်နေသဖြင့် ပင်ပန်းနွမ်းနယ်မှုသည် သူ့တစ်ကိုယ်လုံးတွင် ကျန်ရစ် ခဲ့၏။ သူ့အနေဖြင့် ဆာလောင်မွတ်သိပ်မှု မရှိသေး၊ ဘာကြောင့်ရယ်တော့ မသိ။ မစားချင် မသောက်ချင် ဖြစ်နေခဲ့သည်မှာ ရက်အတန်ကြာခဲ့ပြီ။ အမှန်တော့ သူနေမကောင်း ဖြစ်နေသည်။ ကိုယ်တွေ လက်တွေ မသယ်ချင်လောက်အောင်ပင်နေထိုင်မကောင်းခြင်း ဖြစ်၏။ သူသည် သူ့ကိုယ်သူ အားယူ၍ ကြွေပန်းကန်ဆေး ခွက်ဆီသို့ လျှောက်သွားပြီး ရေဘုံဘိုင်ခေါင်းကို ဖွင့်လိုက်သည်။ ရေတစ်စက်မှ ထွက်မလာ။ ပိုက်တွေ ရေခဲကုန်ပြန်ပြီ။
သူသည် အေးစက်နေသော လက်တစ်ဖက်ဖြင့် ယောင်ယမ်းနေသော နံဘေးတစ်ဖက်ကို နှိပ်ကာ ရပ်နေမိသည်။ ပြတင်းပေါက်မှနေ၍ တွန့်ဆုတ်ဆုတ် လုပ်သလို ဖြစ်နေသော အရုဏ်ဦးအလင်းရောင်ဆီသို့ ငေးကြည့်နေသည်။ သတ္တုတွင်း အလုပ်သမားများ၏ အိမ်တန်းလျားများသည် သူ့မျက်စိအောက်၌ ရောက်နေကြသည်။ အားလုံးသည် မှုန်ဝါးဝါး၊ အိမ်တစ်လုံးပေါ်တစ်လုံး ဆင့်နေ သည့်နှယ်ရှိသည်။
သူ့ညာဘက်တွင် မည်းမှောင်နေသည့် စလီစကေးမြို့။ ဆိပ်ကမ်းမြို့တစ် မြို့ ဖြစ်၍ အခြားတစ်ဖက်တွင် အေးမြသော ပင်လယ်ပြင် တည်ရှိသည်။ ဘယ်ဘက်တွင်မူ နက်ပ်ကျွန်းနံပါတ်စဉ် (၁၇) သတ္ထုတွင်း၏ ဦးခေါင်းပိုင်းသည် ပင်လယ်ဆိပ်ကမ်းနှင့် ပင်လယ်ပြင်တို့ကို အုပ်မိုးကာ အရှေ့ဘက် မိုးကောင်းကင် ပြင်ကို ကျောပေးပြီး လူသတ်ဝင်းကြီးတစ်ခုသဖွယ် မားမားမတ်မတ်ကြီး ရပ်တည် လျက်ရှိ၏။
မာသာ၏ မျက်ခုံးများသည် တွန့်လျက်ရှိကြ၏။ အခုဆိုလျှင် အလုပ် သမားများ သပိတ်မှောက်နေကြသည်မှာ သုံးလပင် ရှိခဲ့ပြီ။ ထိုသပိတ်၏ ဆင်းရဲ ဒုက္ခကို တွေးလိုက်မိသည့်အခါ သူ့ စိတ်သည် တစ်မျိုးဖြစ်သွားသည်။ ပြတင်း ပေါက်အနီးမှ ချာခနဲလှည့်ကာ မီးဖိုဆီသွား၍ မီးမွှေးသည်။ မီးမွှေးရသည်မှာ ခက်လှပါဘိခြင်း၊ သူ့တွင် တမြန်နေ့က ဆင်မီ ဆယ်ယူလာသော ရေမျောထင်း များနှင့် ဟူးဂီး ကောက်ယူလာသည့် ကျောက်မီးသွေးထိပ်ဖျားမှ ချေးများသာ ရှိ၏။ ယင်းပစ္စည်းများနှင့် မီးမွှေးရသည်မှာ အလုပ်မဖြစ်၊ မာသာဖင်းဝစ်သည် အမြဲတစေ ကောင်းပေ့ဆိုသည့် ကျောက်မီးသွေးစစ်စစ်များကို အသုံးပြုနေသူ ဖြစ်သည်။ ကျောက်မီးသွေးစစ်စစ်နှင့် မီးမွှေးရသည်မှာ အလွန်လွယ်၍ ချက်ရာ ပြုတ်ရာ၌လည်း အလွန်မြန်သည်။ ယင်းကဲ့သို့ လုပ်ကိုင်နေထိုင်လာခဲ့ရသူတစ်ဦး အဖို့ အစုလို ခက်ခဲပင်ပန်းစွာ လုပ်ကိုင်နေရသည့်အခါ စိတ်ညစ်လာသည်။ စိတ်ရှုပ်လာသည်။ သို့သော်လည်း နောက်ဆုံးကျတော့ မီးကိုမွှေးလို့ရလာသည်။ သူသည် နောက်ဖေးတံခါးမှ ထွက်သွားပြီး ခဲနေသော ရေခဲတုံးကို ဒေါသတကြီး နှင့် ထုခွဲလိုက်သည်။ ထို့နောက် ရေနွေးအိုးထဲထည့်ကာ ပြန်ယူလာပြီး မီးဖိုပေါ် တင်၍ ရေနွေးကျိုသည်။ ရေနွေးကျိုရသည်မှာ အချိန်ကုန်လှ၏။ တော်တော်နှင့် မဆူ၊ ဆူလာသည်နှင့် တစ်ပြိုင်နက် သူသည် ရေနွေးကို ပန်းကန်တစ်လုံးထဲ ထည့်ကာ မီးဖိုရှေ့၌ထိုင်၍ ရေနွေးခွက်ကို လက်နှစ်ဖက်နှင့် ကိုင်ပြီး တစ်ငုံနှစ်ငုံမျှသောက်လိုက်သည်။ ထုံကျင်နေသော ကိုယ်တစ်ခုလုံး အသက်ဝင် လှုပ်ရှား သွားသည်။ ရေနွေးအဖြူသက်သက်ချည်း သောက်ရခြင်းဖြစ်၍ လက်ဖက်ရည် လောက်တော့ အရသာမရှိ။ သို့သော်လည်း လောလောဆယ် အခြေအနေ အရ တော့ ရေနွေးချည်းသက်သက် သောက်လိုက်ရသဖြင့် သူ့တွင် အားတော့ရှိသွား သည်။
စိုနေသော ထင်းများဆီမှ မီးတောက်များကို မြင်ရသည်။ သတင်းစာ ဟောင်း တစ်စောင်ကို ဆုတ်ဖြဲပြီး ထိုးထည့်ထားခြင်းကြောင့် ဖြစ်၏။ သတင်းစာ တစ်ပိုင်းတစ်စသည် မီးဖိုပေါ်၌တင်ထားသည်။ သူသည် ရေနွေးကိုသောက်ရင်းက သတင်းစာအစုတ်ပေါ်မှ စာကြောင်းများကို စိတ်မပါ့တပါဖြင့် ဖတ်နေမိသည်။
အောက်လွှတ်တော်တွင် ပြည့်သူ့ကိုယ်စားလှယ်အမတ် မစ္စတာကီယာဟာဒီက ခိုကိုးရာမဲ့ ကလေးသူငယ်များ ပြဿနာမှာ တစ်နေ့တစ်ခြား ကြီးမား လာနေသဖြင့် ပညာရေးဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ယင်းတို့အား စောင့် ရှောက်ကျွေးမွေးရန် တာဝန်ယူသွားရေးအတွက် သက်ဆိုင်ရာအစိုးရက အရေးယူဆောင်ရွက်ခြင်း ပြုလုပ်ပေးရန် အစီအစဉ်ရှိပါသလားဟု မေးသည်။ အစိုးရက သက်ဆိုင်ရာ တာဝန်ရှိသူများအား တစ်စုံတစ်ရာတာဝန်ပေးရန် အစီ အစဉ် မရှိပါဟု ဖြေကြားသွားသည်။
မာသာ၏ ပိန်ချောင်နေသောမျက်နှာသည် သတင်းအပေါ်တွင် စိတ်ဝင် စားဟန်လည်း မပြ၊ မနှစ်သက်သည့် လက္ခဏာကိုလည်း မပြ၊ သူ့မျက်နှာတွင် ဘယ်လို ထူးခြားမှုကိုမှ မမြင်ရ။ ဖျတ်ခနဲ နောက်လှည့်ကြည့်သည်။ သူ ထင်သည့် အတိုင်း ဖြစ်၏။ သူ့ယောက်ျား အိပ်ယာမှနိုးနေပြီး မိမိဘက်သို့ စောင်း၍ ပါး တစ်ဖက်ကို လက်ဖဝါးပေါ်တင်ထားပြီး မိမိအား လှမ်းကြည့်နေသည်။ ချက်ချင်း ပင် မာသာ၏ စိတ်ထဲ၌ သူ့ယောက်ျားအပေါ် ရွံရှာစက်ဆုတ်သော ခံစားမှသည် အစိုင်အခဲနှင့် ဝင်ရောက်လာသည်။ သူ့စိတ်သည် ပူလောင်လာသည်။ အရာရာ တိုင်းသည် ကျေနပ်စရာမရှိ။ သူလုပ်ကိုင်နေသမျှ အရာရာတိုင်းသည် လက်ခံနိုင် စရာ လုံးဝမရှိ။
ထို့နောက် သူ့ထံမှ ချောင်းဆိုးသံ ကြားရသည်။ ဤချောင်းဆိုးသံသည် မိမိအား ကြောက်၍ တမင်သက်သက်လုပ်၍ ဆိုးလိုက်သော ချောင်းဖြစ်သည် ထင်၏။ အမှန်ကတော့ ချောင်းဆိုးမှသည် သူနှင့် ခွဲခွာ၍ရသည်မဟုတ်။ ချောင်းဆိုးပြီ ဆိုပါကလည်း သူ့လည်ချောင်း၊ သူ့ပါးစပ်ထဲတွင် ချွဲသလိပ်တွေ အပြည့်။ သူသည် လှဲနေရာမှ တံတောင်နှင့်ဆောက်၍ ထကာ တစ်ဘစ်ဂျာနယ်မှ ဖြတ်ယူထားသည့် သတင်းစာစက္ကူပေါ်သို့ ထွေးချလိုက်သည်။
ဤစာရွက်များကို သူသည် အမြဲတစေ ဂျာနယ်မှ ယူထားလေ့ရှိ၏။ ဖြတ်သည့် အခါတိုင်းလည်း မိမိ အာလူးအခွံခွါသောဓားကို အသုံးပြုလေ့ရှိသည်။ သူသည် ချောင်းဆိုး၍ ချွဲသလိပ်တွေ ပြည့်လာတိုင်း ဤစက္ကူများပေါ်သို့ ထွေး သည်။ ပြီးတော့ ထိုစက္ကူများကိုစု၍ မီးဖိုထဲထည့်ပြီး မီးရှို့ပစ်လေ့ရှိ၏။ အခုလည်း သူသည် အိပ်ရာပေါ်မှ ဆင်းသည့်အခါ စက္ကူများကိုယူပြီး မီးဖိုထဲထည့်သည်။
မာသာ၏စိတ်တွင် သူ့အား မုန်းတီးစိတ်သည် ထပ်မံဖြစ်ပေါ်လာပြန်သည်။ သူ့ကိုသာမက သူ့ ချောင်းဆိုးသံကိုပါ မုန်းသည်။ သို့သော်လည်း သူမသည် ပန်းကန်တစ်လုံးတွင် ရေနွေးပူပူထည့်ကာ သူ့အား လှမ်းပေးသည်။ သူသည် ပန်းကန်ကို ဆီးယူသည်။
အလင်းရောင် ဝင်လာပြီ။ နာရီက မရှိ။ ပထမဦးဆုံး ပေါင်ခဲ့ရသည့်ပစ္စည်း မှာ နာရီ ဖြစ်၏။ ဘိုးလင်းကစားပွဲတွင် သူ့ အဖေ အနိုင်ရ၍ ဆုအဖြစ် ချီးမြှင့် ပေးအပ်ခဲ့သောနာရီ ဖြစ်သည်။ နာရီသည် တကယ့်အကောင်းစားနာရီ ဖြစ်၏။ သူ့ အဖေသည် လူတော်တစ်ယောက် ဖြစ်၍ ဘိုးလင်းကစားရာ၌လည်း ချန်ပီယံ ဖြစ်ခဲ့သည် မဟုတ်ပါလား....။
သူသည် အချိန်ကို ခန့်မှန်းကြည့်သည်။ ခုနစ်နာရီခန့်ရှိပြီ ထင်၏။ သူသည် ဒေးဗစ်၏ အိတ်တစ်ခုကိုယူ၍ လည်ပင်းတွင် ပတ်လိုက်သည်။ သူပိုင် ဖြစ်နေသည့် ယောက်ျားဆောင်း အဝတ်ကက်ဦးထုပ်ကို ယူ၍ ခေါင်းတွင် ဆောင်း လိုက်သည်။ ထို့နောက် စုတ်ပြနေပြီဖြစ်သော အနက်ရောင်ကုတ်အင်္ကျီကို ယူဝတ် သည်။ ဘာပစ္စည်းမှ မည်မည်ရရ မရှိချိန်တွင် ဤကုတ်အင်္ကျီစုတ် တစ်ထည်သည် အရာရောက်သော ပစ္စည်းတစ်ခုပင် ဖြစ်၏။ သူသည် ပဝါခြုံတတ်သည့် မိန်းမစား မဟုတ်။ သူ ဘယ်တော့မှ ဒါမျိုး ဝါသနာမပါ။ သူသည် ဂုဏ်သိက္ခာရှိသော မိန်းမတစ်ယောက် ဖြစ်သည်။ သူ့ဘဝတစ်လျှောက်လုံး သူသည် ဂုဏ်သိက္ခာ မြင့်မားအောင် နေခဲ့သည် မဟုတ်ပါလော။
သူသည် စကားလည်း မပြော၊ သူ့ယောက်ျားကိုလည်း လှည့်မကြည့်ဘဲ အိမ်ရှေ့တံခါးပေါက်မှ အပြင်သို့ ထွက်လာခဲ့သည်။ သူသည် ပြင်းထန်စွာ တိုက်ခတ်လျက်ရှိသောလေကို ရင်ဆိုင်ကာ ကောင်းပင်လမ်းအတိုင်း မြို့ ဘက်သို့လျှောက်လာခဲ့သည်။ အပြင်ဘက်တွင် အအေးဓာတ်သည် ပိုမို၍ ပြင်းထန်သည်။ ကြောက်ဖွယ်ကောင်းလောက်အောင်ပင် အေးလှပေသည်။ ဆင်ခြေလျှော ကုန်းတန်းများတစ်လျှောက်တွင် တည်ရှိနေကြသည့် အိမ်တန်းများတွင် လူရိပ် လူခြည်ဟူ၍ မတွေ့ရသူသည် ဆယ်လူရှင်း၊ မစ်ဒယ်လ်ရစ် လမ်းများကို ကျော်ဖြတ်ကာ သိပ္ပံကျောင်းရှေ့မှ ဖြတ်လာခဲ့သည်။