Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - ကင်မီလီ

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out

[]

          ဘာသာစကားတစ်ခုကို ကျကျနန အချိန်ယူ၍ လေ့လာသင်ယူခြင်း မပြုပါဘဲ လျက်နှင့် ထိုဘာသာစကားကို သွက်သွက်လက်လက် ပြောနိုင်ဖို့ဆိုသည်မှာ မလွယ်ကူပါ။ ထို့အတူပင် လူတို့၏ အကျင့်စရိုက်နှင့် သဘောသဘာဝများကို အချိန်ကာလ ကြာမြင့်စွာ လေ့လာခွင့်မရခဲ့ပါဘဲလျက်နှင့် စရိုက်ပီပြင်၍ အသက် ဝင်သော ဇာတ်ကောင်များကို ဖန်တီးနိုင်ဖို့မှာ မဖြစ်နိုင်ဟု ကျွန်တော်ယူဆပါသည်။

          ကျွန်တော်သည် ကိုယ်စိတ်ကူးနှင့်ကိုယ် စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်ကောင်တစ်ကောင် ဖန်တီးနိုင်လောက်အောင် အတွေ့အကြုံ ရင့်ကျက် သေးသူမဟုတ်ပါ။ သို့ဖြစ်၍လည်း ကျွန်တော့်အနေဖြင့် ဖြစ်ပျက်သမျှကို သိရ ကြားရသည့်အတိုင်းသာ တစ်ဆင့်ပြန်လည် ဖောက်သည်ချခြင်းဖြင့် ကျေနပ် နှစ်သိမ့်ရခြင်း ဖြစ်ပါသည်။

          စာဖတ်သူအား တစ်ခုတော့ဖြင့် တောင်းပန်လိုပါသည်။ ယခု ကျွန်တော် တင်ပြသည့် အဖြစ်အပျက်သည် တကယ့် ဖြစ်ရပ်မှန်တစ်ခုကို ပြန်ပြောင်း ပြောနေခြင်း ဖြစ်ပါသည်ဟူသော အချက်ကို ယုံကြည်လက်ခံရန်ပင် ဖြစ်ပါသည်။ ဤဖြစ်ရပ်တွင် ပါဝင်ခဲ့ကြသူများအနက် အဓိက ဇာတ်ကောင်ဖြစ်သူ အမျိုးသမီး မှတစ်ပါး အခြား ဇာတ်ကောင်အားလုံးသည် ယနေ့ထက်တိုင် အသက်ထင်ရှား ရှိနေကြပါသည်။ ဤဖြစ်ရပ်ကို ပြန်လည်တင်ပြနိုင်အောင် ကျွန်တော့်အား အချက် အလက်များ ရှာဖွေပေးခဲ့ကြသည့် မျက်မြင်သက်သေများကိုလည်း ပါရီမြို့ပေါ် တွင် တွေ့နိုင်ပါသည်။ အကယ်၍များ ကျွန်တော်ပြောပြသမျှကို မယုံကြည်နိုင်ဟု ဆိုခဲ့ပါမူ မျက်မြင်သက်သေ အားလုံးကိုခေါ်၍ သက်သေထူနိုင်ပါသည်။

          ဤဖြစ်ရပ်ကို ကျွန်တော် တစ်ဦးတည်းကသာ အသေးစိတ် ပြန်လည်တင် ပြနိုင်အောင် ဖန်တီးပေးခဲ့သော အခြေအနေတစ်ရပ်ကိုတော့ဖြင့် ကျွန်တော် ကျေးဇူး မတင်၍ မဖြစ်ပါ။ ကျေးဇူးတင်ရပါလိမ့်မည်။ ယင်းအခြေအနေတစ်ရပ် ပေါ် မလာခဲ့ပါမူ ကျွန်တော့်အနေဖြင့် ဤဖြစ်ရပ်တစ်ခုလုံးကို လူအများ ချက်ချင်း စိတ်ဝင်စားအောင် ပြည့်ပြည့်စုံစုံ တင်ပြနိုင်လိမ့်မည် မဟုတ်ပါ။

          ကျွန်တော် ဤဖြစ်ရပ်ကို သိခွင့်ရလာခဲ့ပုံမှာ ဤသို့ဖြစ်ပါသည်။ ၁၈၄၄ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် အိမ်ထောင်ပရိဘောဂများနှင့် စိတ်ဝင်စားဖွယ်ရာ အထူးအဆန်းပစ္စည်းများ လေလံတင် ရောင်းချမည်ဟု ကြော်ငြာထားသော အဝါရောင်ဆိုင်းဘုတ်ကြီးတစ်ခုကို လာဖစ်ဟီလမ်းထဲ၌ ကျွန်တော် မြင်ရပါသည်။ ပိုင်ရှင်ကွယ်လွန်၍ ပစ္စည်းများကို လေလံတင်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြ ထားပါသည်။ ပိုင်ရှင်အမည်ကို ဖော်ပြမထားသော်လည်း လေလံပွဲကို မတ်လ ၁၆ ရက်နေ့၊ နေ့လယ် ၁၂ နာရီမှ ၅ နာရီအတွင်း အမှတ် ၉၊ ဒီအန်တင်လမ်း၌ ပြုလုပ်မည်ဟု ရေးထားပါသည်။ ကြော်ငြာတွင် ဖော်ပြထားသည့်အတိုင်းဆိုလျှင် လေလံတင်မည့် ပစ္စည်းများနှင့် အိမ်ခန်းများကို မတ်လ ၁၃ ရက်နေ့ ၁၄ ရက် နေ့များတွင် စိတ်ဝင်စားသူတိုင်း လာရောက်ကြည့်ရှုနိုင်ကြောင်း သိရပါသည်။

          အထူးအဆန်း ပစ္စည်းများပေါ်တွင် စိတ်ဝင်စားတတ်သော ကျွန်တော် သည် ဤပွဲကိုတော့ဖြင့် လက်လွတ်ခံ၍မဖြစ်ဟု ဆုံးဖြစ်ခဲ့ပါသည်။ အကယ်၍ ကျွန်တော့်အနေဖြင့် ပစ္စည်းတစ်စုံတစ်ရာ မဝယ်ဖြစ်သည့်တိုင်အောင် ဤပွဲ၌ ကြုံရတတ်သည့် စိတ်ဝင်စားဖွယ်ရာ မြင်ကွင်းကိုတော့ လေ့လာခွင့် ရနိုင်ပါသည်။

          နောက်တစ်နေ့တွင် အမှတ် ၉၊ ဒီအန်တင်လမ်းသို့ ကျွန်တော် ရောက် သွားပါသည်။

          အချိန်စောနေသော်လည်း အမျိုးသား အမျိုးသမီး ဧည့်ပရိသတ် အတော် များများ ရောက်နှင့်နေကြပါပြီ။ အမျိုးသမီးများသည် အကောင်းဆုံးနှင့် အဆန်းဆုံး အဖိုးတန် အဝတ်အစားများကို သားသားနားနား ဝတ်စားဆင်ယင် ထားကြပါ သည်။ ထည်ဝါခံညားလှသော သူတို့၏ ကိုယ်ပိုင် မြင်းရထားများသည် အိမ် ရှေ့တံခါးဝ၌ ဆိုက်ရပ်ကာ သခင်မများ ပြန်ရောက်အလာကို ငံ့လင့် ကြိုဆိုလျက် ရှိနေကြပါသည်။

          ဤအခြေအနေကို မြင်ရုံမျှဖြင့် ဤအမျိုးသမီးများသည် အထက်လွှာ လူကုံထံ အသိုင်းအဝိုင်းမှ ထိတ်ထိတ်ကြဲများဖြစ်ကြောင်း သိသာပါသည်။ သို့ပါသော်လည်း အမျိုးသမီးများသည် သူတို့၏ မျက်စိအောက်၌ မြင်တွေ့နေ ရသော အသုံးအဆောင် ပစ္စည်းများကို ငေးမောရင်း လူကုံထံတို့ ပြုနေကျဖြစ်သည့်ဟန်ဆောင်မှုကိုမျှ မပြုနိုင်လောက်အောင် အံ့အားသင့်ခြင်း၊ အံ့သြခြင်း ဖြစ်နေကြ ပါသည်။

          ကျွန်တော်ကိုင်တိုင်လည်း အသုံးအဆောင် ပစ္စည်းများကို အထူးသတိပြု၍ ဂရုတစိုက် လေ့လာမိပါသည်။ ထိုအခါကျမှပင် အမျိုးသမီးများ တအံ့တသြ ဖြစ်နေရခြင်း၏ အကြောင်းရင်းကို မြင်လာရပါသည်။ ထိုအခါကျမှပင် အမြှောင် မယားတစ်ယောက်၏ နေအိမ်အတွင်း၌ ရောက်နေရသော ကျွန်တော်၏ အခြေ အနေမှန်ကိုပါ သတိထားမိလာပါသည်။

          အကယ်၍သာ အထက်တန်းလွှာဆိုသည့် အမျိုးသမီးများ စပ်စပ်စုစုနှင့် ကြည့်လို မြင်လိုသော အရာတစ်ခု ရှိပါသည်ဆိုငြားအံ့။ (ဤနေရာ၌ ယနေ့ စုဝေးရောက်ရှိနေကြသော အမျိုးသမီးအားလုံးမှာ အထက်တန်းလွှာများ ဖြစ်ပါ သည်။) ထိုအရာသည် နေ့စဉ်နေ့တိုင်း သူတို့၏ မြင်းရထားများနှင့် ရထားချင်း ယှဉ်၍ သွားလာနေသော အမျိုးသမီးများ၊ သူတို့နှင့် ပခုံးချင်းယှဉ်၍ သွားလာ နေကြသော အမျိုးသမီးများ၊ ပြဇာတ် ကဇာတ်ရုံများ၌ သူတို့နှင့် တန်းတူရည်တူ သီးသန့်နေရာ ဝယ်ယူကြည့်နေကြသော အမျိုးသမီးများ၊ ပါရီမြို့၏ လမ်းများ ပေါ်ဝယ် သူတို့နှင့် အလှချင်းပြိုင်နေကြသော အမျိုးသမီးများ၊ လက်ဝတ်လက် စား၊ စိန်ရွှေရတနာချင်း ပြိုင်နေကြသော အမျိုးသမီးများ၊ အရှက်အကြောက် ကင်းမဲ့သည့် လော်သည်ဖောက်ပြားမှုများကို ပြုရာ၌ သူနိုင်ငါနိုင် အပြိုင်ကျဲ နေကြသော အမျိုးသမီးများ၏ နေအိမ်သာလျှင် ဖြစ်ပါသည်။

          ဤ အိမ်ပိုင်ရှင်ကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ သူမ၏ အိမ်ပေါ်၌ ရောက်နေကြသော အမျိုးကောင်းသမီးကြီးများသည် သူမ၏ အိပ်ခန်းထဲအထိ ပိုင်စိုးပိုင်နင်း ဝင်ရောက်ကြည့်ရှုနိုင်ခွင့် ရှိနေကြပြီ ဖြစ်သည်။ သေခြင်းတရား သည် ဤအိမ်အတွင်းရှိ မနှစ်မြို့ဖွယ်ကောင်းသော အနံ့အသက်များဖြင့် ပြည့် လျှံနေသည့် လေကို သန့်စင်အောင် လုပ်ထားပြီးခဲ့ပြီဖြစ်ရာ အမျိုးသမီးကြီးများ ကတော့ အိတ်သွန်ဖာမှောက် စပ်စုကြတော့မည် ဖြစ်သည်။

          သူတို့တွင် ဆင်ခြေပေးစရာ အချက်အလက်တွေကလည်း တစ်ပုံကြီး ရှိနေသည်။ အကယ်၍ မေးသူက မေးလာသည်ဆိုပါက “ကျွန်မတို့ကတော့ ပစ္စည်းတွေ ရောင်းမယ်ဆိုလို့ လာကြည့်တာပါ၊ ပစ္စည်းပိုင်ရှင် ဘယ်သူဘယ်ဝါ ဆိုတာတောင် မသိပါဘူး” ဟု အဖြေပေးကြမည် ဖြစ်သည်။ သူတို့အနေဖြင့်ကြော်ငြာကို မြင်ခဲ့သည်။ ဖတ်ခဲ့သည်။ ကြော်ငြာထဲပါသည့်အတိုင်း ဟုတ် မဟုတ်၊ မှန်မမှန် သိလိုသည်။ ပစ္စည်းတွေကို ရောင်းမည့်ရက်မတိုင်မီ ကြိုတင်ကြည့်ပြီး လိုချင်တာကလေးတွေ ရွေးချယ်ထားချင်သည်။ ထို့ကြောင့် ဤနေရာ သို့လာ၍ ယခုလို ကြည့်ကြသည်။

          ဤစကားများထက် ပို၍ သဘာဝကျသော စကားများ ရှိနိုင်ပါဦးမည်လား ။

          အမှန်တော့ အလှအပ ပစ္စည်းများ၏ အလယ်တွင် ရောက်ရှိနေကြသော အမျိုးသမီးများ၏ စိတ်ဝယ် ဤအိမ်ပိုင်ရှင် အထက်တန်းစား ကြေးကြီးပြည့်တန် ဆာမတစ်ဦး၏ ကန့်လန့်ကာနောက်ကွယ်မှ အဖြစ်အပျက်များကို နှိုက်နှိုက် ချွတ်ချွတ် လေ့လာလိုသော ဆန္ဒပြင်းပြလျက် ရှိကြသည်။ သူမ၏အကြောင်း တစ်စွန်းတစ်စကို လူပြောသူပြောဖြင့် ကြားခဲ့ရဖူးပြီ။ အသေးစိတ် ထပ်၍သာ ကြားရဦးမည်ဆိုလျှင် အလွန်ထူးဆန်းသော ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းများ ကို သိလာနိုင်သည်။ သံသယပင် ဖြစ်နေစရာမလိုဟု ထင်နေကြသည်။

          ကံမကောင်း အကြောင်းမသင့်ပြန်တော့လည်း စိတ်ဝင်စားဖို့ ကောင်းမည့် လျှို့ဝှက်သည်းဖို ဇာတ်လမ်းများသည် နတ်မိမယ်နှင့်အတူ ပျောက်ကွယ်သွား ခဲ့ရပြီ ဖြစ်၏။ သူတို့ ဘယ်လောက် ကြိုးစားကြိုးစား နတ်မိမယ်သေပြီးမှ ရောင်းချနေသည့် ပစ္စည်းများကိုသာ မြင်တွေ့ရတော့သည်။ နတ်မိမယ် အသက် ထင်ရှား ရှိနေစဉ်က ဘယ်လိုပစ္စည်းတွေ ရောင်းချခဲ့သည်ကို သူတို့ သိနိုင်တော့ မည်မဟုတ်။

          မည်သို့ပင်ဖြစ်စေ ဝယ်ချင်စရာကောင်းသည့် အဖိုးတန်ပစ္စည်းတွေကတော့ အများကြီးရှိနေသည်။ အိမ်ထောင်ပရိဘောဂ ပစ္စည်းများကို ကြည့် ပါ။ ခမ်းနား ထည်ဝါလှပါပေသည်။ အလွန်လှပခိုင်ခံ့၍ တန်ဖိုးကြီးလှသော သစ်များနှင့် လုပ်ထားသည့် စားပွဲများ၊ ဗီရိုများ၊ ကြောင်အိမ်များမှာ လက်ရာကလည်း သန့် ၊ ပုံကလည်း ဆန်းသဖြင့် မက်မောစရာ ကောင်းလှသည်။ တရုတ် ကြွေပန်းအိုးတွေကလည်း ပုံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး၊ လှပါပေ့ ယဉ်ပါပေ့ ဆန်း ပါပေ့ဟု ဆိုနိုင်လောက်သည်။ ခင်းကျင်းထားသည့် ကော်ဇောများ၊ စားပွဲခင်းများ၊ တပ်ထားသည့် ဇာခန်းဆီးများနှင့် လိုက်ကာများကျတော့လည်း တော်ရုံတန်ရုံ လူတန်းစားများ ဝယ်ယူသုံးစွဲနိုင်မည့် အမျိုးအစားများ မဟုတ်။ ဘယ်နေရာက ပစ္စည်းဖြစ်ဖြစ် တန်ဖိုးသေးသည့်ပစ္စည်းများဟု လုံးဝမတွေ့ ရ။ ပစ္စည်းအားလုံးက အဆမတန် ကြေးထိုက်တန်သည့် ပစ္စည်းများချည်း ဖြစ်သည်။

          ကျွန်တော်သည် ဂုဏ်သရေရှိ ဒေါ်စပ်စုကြီးများ၏ နောက်မှ ကပ်၍ လိုက်ကာ တစ်ခန်းဝင် တစ်ခန်းထွက် လှည့်လည် ကြည့်ပါသည်။ တစ်နေရာ အရောက်တွင် သူတို့သည် ပါရှင်းပြည်လုပ် အဖိုးတန်လိုက်ကာများ ကာရံထားသော အခန်းတစ်ခန်းထဲသို့ ဝင်သွားကြသည်။ သူတို့အားလုံး ချက်ချင်းပင် ပြန်ထွက်လာကြသည်။ ကျွန်တော်နှင့် သူတို့ အဝင်နှင့်အထွက်တွင် ဆုံမိကြသည်။ သူတို့အားလုံး ပြုံးစနဲ့နဲ့ ဖြစ်လာကြသည်။ ဤအခန်းထဲ ဝင်ကြည့်မိသည့် အတွက် သူတို့ဘာသာ သူတို့ လိပ်ပြာမသန့်သလိုလို၊ ရှက်သလိုလို၊ ကြောက် သလိုလို ဟန်ပန်အမူအရာများကိုလည်း ဖော်ပြလာကြသည်။ သူတို့၏ မလုံမလဲ မျက်နှာပေးများကြောင့် ဤအခန်းအပေါ်တွင် ကျွန်တော် ပို၍ စိတ်ဝင်စား လာမိသည်။ အခန်းမှာ အလှပြင်ရာအခန်းဖြစ်သည်။ သူ့ နေရာနှင့်သူ စနစ်တကျ ပြင်ဆင်ထားသည့် အလှပြင်ပစ္စည်းများမှာ နည်းနည်းနောနော မဟုတ်၊ အမည် ပေါင်း အမျိုးပေါင်း စုံလှသည်။ ဤပစ္စည်းများကို မြင်လိုက်ရုံမျှဖြင့် ကွယ်လွန် သွားရှာပြီဖြစ်သော အမျိုးသမီး၏ အသုံးအဖြုန်းကြီးပုံကို ချက်ချင်း သတိပြုမိ နိုင်ပါသည်။

          အခန်း၏ တစ်ဖက်သောနံရံတွင် ကပ်၍ချထားသော စားပွဲကြီးတစ်လုံး ရှိသည်။ စားပွဲအရွယ်အစားမှာ အနံ သုံးပေ၊ အလျား ခြောက်ပေခန့် ရှိသည်။ ထိုစားပွဲထက်၌ တင်ထားသည့် အလှပြင်ပစ္စည်း အသုံးအဆောင်များမှာ အလင်း ရောင်အောက်တွင် ဝင်းလက်နေကြသည်။ စုဆောင်းထားသည့် ပစ္စည်းများမှာ စုံလွန်း များလွန်းသဖြင့် တအံ့တဩ ဖြစ်လောက်ပါပေသည်။ ဤမိန်းမစားမျိုး သည် ရွှေထည် ငွေထည်မဟုတ်သော ဤပစ္စည်းများကို ဤမျှလောက် များများ စားစား လိုအပ်မည်မဟုတ်ပါ။ ဤအသုံးအဆောင်များသည် ချစ်သူတစ်ဦးတည်းက တစ်ကြိမ်တည်းနှင့် အစုလိုက် အပြုံလိုက် ဝယ်ပေးခဲ့ခြင်းမျိုးလည်း မဖြစ်နိုင်ပါ။ ချစ်သောသူ တစ်ဦးချင်းစီက အခါအခွင့်သင့်လျှင် သင့်သလို ဝယ်လာပြီး ချစ်သက် လက်ဆောင်အဖြစ် ပေးခဲ့ရာမှ တဖြည်းဖြည်းနှင့် ယခုလို အစုလိုက် အပုံလိုက် ဖြစ်လာခခဲ့ဟန် တူပါသည်။

          အထက်တန်းစား ပြည့်တန်ဆာမတစ်ဦး၏ အလှပြင်ရာ အခန်းကို ကြည့်ခြင်းသည် ရှက်စရာအလုပ် မဟုတ်ပါ။ ထို့ကြောင့်လည်း ကျွန်တော်သည် ပစ္စည်းများကို တစ်ခုချင်းစီယူ၍ စေ့စေ့စပ်စပ်ကြည့်ကာ ကျေနပ်နှစ်သိမ့်နေမိပါ သည်။ ပစ္စည်းတိုင်းတွင် လက်ဆောင်ပေးသူများ၏ အမည်နာမ အတိုကောက် များနှင့် အမှတ်အသားများ ရေးထိုးထားသည်ကို တွေ့ရပါသည်။ ပစ္စည်းတစ်ခုစီ၏ နောက်ကွယ်တွင် ရှက်စရာကောင်းသည်ဟု ယူဆနိုင်လောက်သည့် အကြောင်း ခြင်းရာကလေးများ ရှိကောင်း ရှိနိုင်ပါသည်။

          ဘုရားသခင်သည် ဤအမျိုးသမီးအပေါ်၌ ကရုဏာတရား ထားတော်မူ သည်ဟု ကျွန်တော်၏ စိတ်ထဲမှ ကျိတ်၍ပြောမိပါသည်။ ဘုရားသခင်သည်ဘုရားသခင်သည် အလွန် ကြေကွဲဝမ်းနည်းဖွယ်ကောင်းသော ဘဝတွင် နစ်မြုပ် သွားရရှာသည့် လူစီအား စောင့်ရှောက်ကယ်တင်ခြင်း အလျှင်းမပြုတော့ဘဲ စွန့်ခွာသွားသည်မှာ သင့်တော်ပါ၏လော။

          တစ်နေ့သောအခါတွင် လူစီသည် သူမ၌ သားသမီးရှိနေပြီဖြစ်ကြောင်း သိလာသည်။ လူစီအတွက်တော့ဖြင့် သားသမီးရှိခြင်းသည် အလွန်ဝမ်းသာစရာ

ကောင်းသောကိစ္စ ဖြစ်နေသည်။ ထို့ကြောင့်လည်း သူ စောစောပိုင်းက ခံစား လာခဲ့ရသော ဒုက္ခအားလုံးကို သူ မေ့သွားသည်။ လူ့စိတ်သည် သူ့နည်းနှင့်သူ စိတ်ဖြေစရာကလေးများ ရှာဖွေတွေ့ ရှိတတ်သဖြင့် ထူးခြားဆန်းကြယ်လှပါသည်။

          လူစီသည် သူ့ အမေထံ အပြေးအလွှားသွား၍ သတင်းကောင်းအဖြစ် ပေးရှာသည်။ အမှန်တော့ ဤကိစ္စမျိုးကို ပြောရသည်မှာ ရှက်စရာကောင်းပါ သည်။ သို့တစေလည်း ကျွန်တော်တို့သည် စိတ်၏ သာယာကြည်နူးမှုကို ဖြစ် စေနိုင်သော မကောင်းမှုများအကြောင်းကို ပြောနေကြခြင်းမဟုတ်ပါ။ အဖြစ်မှန် ကို အရှိအတိုင်း ပြောပြနေခြင်းသာဖြစ်ပါသည်။ တစ်ခုတော့ ရှိပါ၏။ ဤကိစ္စ မျိုးကို ပြောရာ၌ ကိုယ့်နီးစပ်သူချင်း တိတ်တဆိတ် ကျိတ်၍ ပြောခြင်းသာလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ထိုကဲ့သို့ ပြောမှလည်း အဖြစ်မှန် အခြေအနေမှန်ကို ဂဃနဏ ခရေစေ့တွင်းကျ မသိပါဘဲလျက်နှင့် ဝေဖန်ပြစ်တင် နှာခေါင်းရှုံ့ချင် ကြသော လူများ၏ဘေးမှ ကင်းဝေးစရာရှိပါသည်။

          မည်သို့ပင်ဖြစ်စေ ရှက်စရာကောင်းသော ကိစ္စကို သမီးလူစီက သူ့မိခင် အား ဖွင့်ဟ၍ပြောပြသည်။ လူစီ၏ အရေးကိစ္စအပေါ်တွင် ထားရှိသည့် မိခင် လုပ်သူ၏ သဘောထားကလည်း ရှင်းပါသည်။ လူစီ၏ မိခင်က သူတို့ သား အမိ၏ဘဝမှာ နှစ်ယောက်တည်း ဝဝလင်လင် လုံလုံလောက်လောက် စားနိုင်သော ဘဝဖြစ်သည်။ သုံးယောက်အတွက်သာဆိုလျှင် လုံလောက်တော့မည် မဟုတ်။ ယခုလို ဖအေမပေါ်ဘဲ မွေးရမည့်ကလေးမျိုးမှာ လုံးဝတန်ဖိုးရှိသည် မဟုတ်။ ဤကလေးမျိုးကို မွေးနေကျွေးနေခြင်းအားဖြင့် တန်ဖိုးရှိသောအချိန်များ အလ ဟဿ ဖြုန်းတီးပစ်သလို ဖြစ်ရုံသာရှိမည်။ သို့ဖြစ်၍ ဤကလေးကို အမွေးမခံ နိုင်ဟု ဆိုသည်။

          နောက်တစ်နေ့ကျတော့ သူ့အမေ၏ မိတ်ဆွေဟုဆိုသော ဝမ်းဆွဲဆရာမ တစ်ဦး ရောက်လာပြီး လူစီကို စမ်းသပ် စစ်ဆေးကြည့်သည်။ လူစီခမျာ ရက် အနည်းငယ်ကြာမျှ အိမ်ထဲက အိမ်ပြင် မထွက်နိုင်တော့ဘဲ အိပ်ရာထဲ လဲနေရှာ သည်။ နောက်ပိုင်းမှာတော့ ယခင်ကလိုပင် သွားသွားလာလာ ပြန်ဖြစ်လာသည်။ သို့သော်လည်း ယခင်ကနှင့် မတူ။ သူ့ အသားအရေမှာ ယခင်ကထက် ပို၍ဖြူဖပ်ဖြူရော် ဖြစ်လာသည်။ ကိုယ်ခန္ဓာမှာလည်း ယခင်ကထက်ပို၍ ချည့်ချည့် နဲ့နဲ့ ဖြစ်လာသည်။

          သုံးလခန့်အကြာတွင် ယောက်ျားတစ်ယောက်က လူစီအား သနားသဖြင့် ကိုယ်ရောစိတ်ပါ ပြန်လည် ကျန်းမာလာအောင် ပြုစုကုသပေးဖို့ ကြိုးစားသည်။ မရတော့ပါ။ နောက်ဆုံးရင်ဆိုင်ခဲ့ရသော ဒဏ်သည် လူစီအတွက် အလွန်ပြင်းထန် သည်ဖြစ်ရာ ထိုဒဏ်ကြောင့်ပင် လူစီ သေဆုံးခဲ့ရရှာ၏။ သူ့အမေ အဘွားကြီး ကတော့ဖြင့် ယနေ့အထိ အသက်ရှင်ဆဲဖြစ်သည်။ အဘွားကြီး မည်မျှကြာကြာ အသက်ရှင်၍ နေဦးမည်နည်း။ ဒါကိုတော့ ဘုရားသခင်သာ သိပါသည်။

          ငွေထည်ပစ္စည်း အသုံးအဆောင်များကို ကြည့်နေခိုက်တွင် ကျွန်တော်၏ စိတ်သည် တစ်ချိန်သောအခါက ကြုံခဲ့ရဖူးသည့် ဖြစ်ရပ်တစ်ခုဆီသို့ ပျံ့လွင့် သွားပါသည်။ ဤဖြစ်ရပ်ကို ပြန်လည် တွေးတောနေမိသဖြင့် အတော်ကလေး အချိန်ကုန်သွားသည်။ အခန်းထဲတွင် အခြားဧည့်ပရိသတ်များ မရှိတော့ပါ။ အခန်းစောင့်နှင့် ကျွန်တော် နှစ်ယောက်တည်းသာ ကျန်ခဲ့ပါသည်။ အခန်းစောင့် သည် တံခါးဝမှရပ်ကာ ကျွန်တော့်အား မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။ ကျွန်တော် တစ်စုံတစ်ခု လစ်သွားမည်ကို စိုးရိမ်ဟန်တူပါသည်။

          ကျွန်တော့်အတွက် သောကရောက်နေရရှာသော အစောင့်ထံသို့ ကျွန်တော် ကပ်သွားပြီး မေးမိသည်။

          “ဒီမှာ ခင်ဗျာ၊ အရင်က ဒီအိမ်မှာနေသွားတဲ့ ပုဂ္ဂိုလ်ရဲ့ နာမည်ကို ခင်ဗျား သိပါသလား”

          “မဒမ် မာဂရက် ဂေါတီးယား”

          ကျွန်တော် သူမ၏နာမည်ကို သိသည်။ လူကိုလည်း မြင်ဖူးသည်။

           “ဘာဗျ၊ မာဂရက် ဂေါတီးယားသေပြီလား”

          ဟု ရေရွတ်လိုက်မိသည်။

          “ဟုတ်ပါတယ် ခင်ဗျာ” ဟု အစောင့်ကဖြေသည်။

          “ဘယ်တုန်းက ဆုံးတာလဲဗျာ”

          “ကျွန်တော့်စိတ်ထင် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆုံးရှာပါတယ်”

           “ဒါနဲ့ နေပါဦး၊ ဒီအခန်းတွေကို ဘာကြောင့် အခုလို ပြနေရတာလဲ”

          “ကြွေးရှင်တွေက ဈေးကောင်းပိုရအောင်လို့ ပြနေတာပါ၊ လူတွေအနေ နဲ့ ပစ္စည်းကို ကြိုတင်ပြီး ကြည့်ထားနိုင်ရင် တစ်မျိုး စိတ်ဝင်စားနိုင်တာပေါ့၊ ပြီးတော့လည်း လူကြီးမင်းသိတဲ့အတိုင်း ပစ္စည်းကလည်း လူတွေကို ဝယ်ချင် လာအောင် သွေးဆောင်နိုင်တယ် မဟုတ်လား”

          “ဒီလိုဆိုတော့ မာဂရက် ဂေါတီးယားမှာ အကြွေးတင်နေတယ် ဆိုပါတော့၊ ဟုတ်လား”

          “အထိုက်အလျောက်တော့ တင်နေပါတယ် ခင်ဗျာ”

           “ဒါပေမဲ့ ဒီပစ္စည်းတွေရောင်းရတဲ့ ငွေက လုံလောက်ပါ့မလား”

          “အကြွေးဆပ်ဖို့ လုံလောက်တဲ့အပြင် ပိုပါလိမ့်ဦးမယ်”

          “ပိုငွေကို ဘယ်သူက ရမတဲ့လဲ”

          “သူ့ဆွေမျိုးထဲက ရပါလိမ့်မယ်”

           “သူ့မှာ ဆွေမျိုးဉာတိ ရှိလို့လား”

          “ရှိပုံရပါတယ်”

          အစောင့်သည် ကျွန်တော်၏ စူးစမ်းမှုကြောင့် ကျွန်တော့်အပေါ်တွင် သံသယ ရှင်းသွားပုံရသည်။ ကျွန်တော် အခန်းထဲမှ ပြန်အထွက်တွင် တလေးတစား နှုတ်ဆက်သည်။

          “သူ့အဖြစ်က သနားစရာပါလား”

          အိမ်အပြန်လမ်းတွင် ကျွန်တော့်ဘာသာ ကျွန်တော် တစ်ကိုယ်တည်း ပြောမိသည်။

          “သူ့ သေခြင်းဟာ ဝမ်းနည်းစရာကောင်းတဲ့ သေခြင်းမျိုးပဲဖြစ်မှာပဲ၊ ဘာ ကြောင့်လဲဆိုတော့ သူ့ပတ်ဝန်းကျင်က ကျန်းကျန်းမာမာ ဖြစ်နေတုန်းမှာသာ မိတ်ဆွေရှိတတ်တဲ့ ပတ်ဝန်းကျင်”

          ကျွန်တော်သည် မာဂရက်ဂေါတီးယား၏ကံကြမ္မာကိုတွေးကာ သူ့အတွက် စိတ်မကောင်း ဖြစ်နေမိသည်။

          လူအများကတော့ ကျွန်တော့်စကားကြားလျှင် မိုက်မဲခြင်းတစ်ရပ်ဟု ယူဆကြပေလိမ့်မည်။ အမှန်အတိုင်း ဝန်ခံရမည်ဆိုပါမူ ကျွန်တော်သည် မာဂရက် ဂေါတီးယားလို မိန်းမများအပေါ်၌ အတိုင်းအဆမရှိ သနားကရုဏာ ဖြစ်တတ် ပါသည်။ ယင်းကဲ့သို့သော သနားကရုဏာ ဖြစ်မိသည့်အတွက် ကျွန်တော့်အား ခွင့်လွှတ်ကြဖို့ တောင်းပန်စရာ လိုမည်မထင်ပါ။

          တစ်နေ့က နိုင်ငံကူးလက်မှတ် ရရှိရေးကိစ္စနှင့်ပတ်သက်၍ ပါရီမြို့တော် ရဲချုပ်ရုံးသို့ ကျွန်တော် သွားခဲ့ပါသည်။ ထိုစဉ်က ရဲချုပ်ရုံးအနီးရှိ လမ်းတစ်လမ်း ပေါ်တွင် ရဲသားနှစ်ယောက်က ဘေးတစ်ဖက်တစ်ချက်စီမှညှပ်၍ ဖမ်းဆီးခေါ်ဆောင်လာသော မိန်းကလေးတစ်ယောက်ကို မြင်ခဲ့ရသည်။ ထိုမိန်းကလေးအား ဘာကြောင့် ဖမ်းလာသည်ကိုတော့ ကျွန်တော် မသိ။ ကျွန်တော် သိသမျှမှာ မိန်းကလေးသည် လသားအရွယ် နို့စို့ကလေးငယ်တစ်ဦးအား နမ်းရှုပ်၍ ရိုက်ကြီးတငင် ငိုကြွေးလျက် ရှိနေပါသည်။ ရဲက ဖမ်းဆီးထားပြီ ဖြစ်သဖြင့် ကလေး ငယ်နှင့် ခွဲခွာနေရတော့မည့်အဖြစ်ကို တွေးကာ ပူဆွေးသောက ရောက်နေခြင်း ဖြစ်ပါသည်။ ကျွန်တော့်အဖို့တော့ ထိုနေ့မှစ၍ တစ်ကြိမ်တစ်ခါလောက် တွေ့ဖူး မြင်ဖူးရုံမျှဖြင့် အမျိုးသမီးတစ်ယောက်အပေါ်၌ အထင်အမြင်သေးဝံ့သောစိတ် မရှိတော့ပါ။