Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

မောင်ထင် - ဝထ္ထုတိုငါးပုဒ်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

မောင်ထင်

ကောက်ညှင်းကျည်တောက်

စာသင် ဦးလူကလေးသည် မူအားဖြင့် ကန့်ကွက်လို၏။ ဘုရား ပွဲအတွက် ပွဲမိန့်ကို နည်းနည်းမျှ မထောက်ခံလို။

သို့သော် ဤကိစ္စမှာ ဦးလူကလေးအတွက် အတော်ခွကျသည်။ အတော်အစဉ်းစားရကျပ်သည်။

ဦးလူကလေးသည် အင်္ဂလိပ် အရှင်သခင် အစိုးရမင်းတို့၏ လက်အောက်၌ ပုလိပ်အမှုထမ်းအဖြစ်နှင့်အမှုထမ်းလာခဲ့သည်မှာ ရွာခံ တစ်ဦးအနေနှင့် အမှုထမ်းလာခြင်း ဖြစ်သည်။ ဤရွာတွင် သူသည် ရွာမိ၊ ဖ ဖြစ်နေသည်။ တစ်ရွာလုံး၌ သူနှင့် ဆွေရိပ်ရိပ် မကင်း သူချည်းသာ ဖြစ်၏။ ရွာသူကြီးမှာ စာသင်ကတော်ကြီး၏ ဘက်ကနေ ၍ ကြည့်လျှင် စာသင်ကတော်ကြီး၏ မောင်နှစ်ဝမ်းကွဲ တော်စပ်သည်။ ဘုရားလူကြီးများမှာကား ငယ်စဉ်ကပင် ကံ့ကော် ကျောင်းဆရာတော် ဘုရားကြီး၏လက်အောက်၌ အတူတူ ဒိုးထိုးဖက်ဖြစ်သည်။ တစ်ဦးသော ဘုရားလူကြီးမှာ ယောက်ဖပင် တော်သည်။ တခြားတစ်ဦးမှာ အမေ့မောင် အရင်းခေါက်ခေါက်၏သား ဖြစ်သည်။ ကျန်တစ်ဦးမှာ အဖေ့ဘက်က စပ်၍ တော်ရသော ဘထွေး ဖြစ်သည်။

ဆွေရိပ်ရိပ်မကင်းသူတို့က စု၍လုပ်သော ထိုညောင်ပင်သာ ရွာ ဘုရားပွဲကို စာသင် ဦးလူကလေးကမှ မထောက်ခံလျှင် ဆွေမျိုး အများစုက ဝိုင်း၍ ကျိန်ဆဲသည်နှင့်ပင် အလုပ်ပြုတ်စရာ အကြောင်း ရှိသည်။

သို့ရာတွင် ဦးလူကလေးသည် အလုပ်ပြုတ်မည်ကို ဤမျှလောက် မစိုးရိမ်။ ဘုရားပွဲကျင်းပသည့်အခါတိုင်းတွင် ညောင်ပင်သာရွာရှိလောကမာရဇိန်ဘုရား ရင်ပြင်တော်ဝယ် ရပ်ရွာရှိ သမ္ဗုရိသအပေါင်း တို့က အရုဏ်ဆွမ်းကပ်သည့်အခါ သူငယ်ချင်းဖြစ်သူ ဦးဖိုးပန်း၏ ကြေးနောင်ဝိုင်းမှ “ဖိုးခေါင်၊ ကြွေးကြော်၊ ဟိုတောင်ညိုပေါ်က၊ နေပြည် တော် မျှော်လိုက်စမ်းပ၊ လမ်းဘယ်မမြင်။ အိုလေလေ့... မောင်မောင်ရ မျှော်ကိုးယောင်မိသေး...” ဟူသော တေးသွားကို အရုဏ်တက်၌ မကြားလိုက်ရမည်ကို စိုးသည်။ ထို့ထက်ကား ဆွမ်းတော်ကြီးကပ်ပွဲကို တစ်ညကြိုတင် ပြင်ဆင်ကြရာ၌ ဦးလူကလေးကိုယ်တိုင် ဆဒ္ဒန် ဆင်မင်း ပရိတ်မွှန်းကို မရွတ်လိုက်ရမည်ကို ပို၍ စိုးရိမ်မိသည်။

ဦးလူကလေးသည် အသက်ကြီးပြီ။ “မသကာ ဆက်လက်ပြီး အမှုထမ်းနိုင်ရင် လေးငါးနှစ်ပေါ့။ ဒါပြီးရင် ပင်စင်ယူရတော့မယ်” ဟူ၍ ဦးလူကလေးက ခဏခဏ ညည်းတွားဖူးသည်။ ပင်စင်ယူခါနီး၌ အာပတ်ဖြေဖို့ကိစ္စလည်း ရှိနေသည်။ အာပတ်ဖြေရန်မှာ လေးငါးနှစ် ဆက်တိုက်ဖြေရုံမျှနှင့် အနှစ်နှစ်ဆယ်၊ အစိတ်အတွင်းက ကျူးလွန်မိ သော ဒုစရိုက်များ မြတပြေမျှသာ ရှိလိမ့်မည်။ ။

ရွာသူရွာသားတို့မှာ အသိဉာဏ်ခေါင်းပါးသူများက ပို၍ များပြားသည်။ ညောင်ပင်သာမှာ မြို့နယ်ရုံးစိုက်ရာ ဌာနနှင့် ရေလမ်းအားဖြင့် မိုင်ပေါင်းကိုးဆယ်မျှ ဝေးသည်။ သင်္ဘောနှင့် ခရီးသွားလျှင် တစ်နေ ကုန်မှသာ မြို့ကို ရောက်နိုင်သည်။ သင်္ဘောကလည်း တနင်္ဂနွေ တစ်ပတ်မှ သုံးကြိမ်သာ ခုတ်သည်။ ကျေးရွာ၌ လူသတ်မှုများ ဖြစ်ခဲ့ လျှင် သေသူအလောင်းကို မြို့သို့ပို့ရသည့်အခါ လှေသမ္ဗန်နှင့် သုံးလေး ည အိပ်သွားပါမှ မြို့ကို ရောက်နိုင်သည်။ ဤမျှအစွန်အဖျားကျသော ရွာတွင် အစိုးရ အထောက်အပံ့ခံ မြန်မာစာသင်ကျောင်းမျှပင် မရှိ။ ဤရွာရှိ မြေရှင်၊ လယ်သမား၊ သူကြီး၊ ဆယ်အိမ်ခေါင်း၊ မြေတိုင်း စာရေး၊ စာသင်၊ အမှုထမ်း စသည်တို့အားလုံးမှာ ကံ့ကော်ကျောင်း ဘုန်းတော်ကြီး၏တပည့်များသာ ဖြစ်ကြသည်။ ထို့ကြောင့် မင်းစိုး ရာဇာနှင့်ပတ်သက်သော လောကီရေးရာတို့တွင် ဘာဗဟုသုတမျှ မရှိ ကြ။ ရွာ၌ အမှုအခင်းရှိလျှင် ရွာသူကြီးနှင့် စာသင်တို့ အသီးသီး ဆိုင်ရာဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်နာကြရသည်။

ထို့ကြောင့် ဤရွာတွင် အလုပ်လုပ်ရသည်မှာ ဦးလူကလေး အတွက် လာဘ်လာဘ ရွှင်လှသည်။ ခိုးမှု ဟူ၍ မရှိ။ လုယက်မှုကို တစ်နှစ်တစ်ခါလောက်တော့ ကြားဖူးသည်။ ဓားပြမှု၊ လူသတ်မှုတို့ကို နှစ်နှစ်ကြာမှ တစ်ခါဆိုသလို ဦးလူကလေးသည် စုံစမ်းစစ်ဆေးရ သည်။ ရပ်ရွာတွင် ဖြစ်သမျှမှာ ရိုက်မှု၊ ဓားထိုးမှု၊ လောင်းကစားမှု နှင့် အရက်ချက်မှုများသာ ဖြစ်သည်။

ယင်းသို့ အမှုများ ပေါ်ပေါက်လာလျှင် စာသင် ဦးလူကလေးက အိန္ဒိယ ရာဇသတ်ပုဒ်မ တစ်ပုဒ်မလျှင် အသပြာငွေ တစ်ကျပ်နှုန်းထား ကာ လိုတိုး၊ ပိုလျှော့လုပ်ပေးတတ်သည်။ တစ်ခါတစ်ရံ ဘာမဟုတ်သော အမှုကလေးပင်လျှင် ပုဒ်မ ၅ဝဝ ဖြစ်သွားတတ်သည်။ ထိုအခါ ဦးလူကလေးအား ငွေမျက်နှာဖြင့် ဖျောင်းဖျပြောဆိုနိုင်လျှင် ပုဒ်မ ၅ဝဝသည် တဖြည်းဖြည်း လျော့ဆင်းသွားကာ ၂၉၄ ၌ ထစ်၍ နေတတ် သည်။ တစ်ခါတစ်ရံ ဦးလူကလေး စိတ်ကွက်ခဲ့ပါလျှင် ၅၁ဝ အထိ တက်သွားပြီးမှ ငွေမျက်နှာကြောင့် အတက်ရပ်လေတော့သည်။

သို့ပင်ဖြစ်သော်ငြားလည်း ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ မယ်တော် ပျံပွဲ စသည့်ပွဲများ ကျင်းပသည့်အခါ လာဘ်ရွှင်သည်နှင့် ထုချေလွှာ အတောင်းခံရသည်က မမျှ ဖြစ်တတ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုပွဲတော်များကျင်းပချိန်တွင် အဆိုပါ ရိုက်မှု၊ ဓားထိုးမှု၊ လောင်းက စားမှုနှင့် အရက်ချက်မှုတို့သည် ပို၍များလာတတ်သည်။ ရိုက်မှုတို့ တွင် ဦးလူကလေးသည် ၃၂၃ လောက်ကို အတွက်ရှိသည်ဟု မထင် ချေ။

ပုလိပ်အရေးမပိုင်သည့် ကိစ္စ၌ ဖြစ်ချင်ရာဖြစ်စေ ဘာမျှ ကိစ္စမရှိ၊ သူကြီးက သူ့ဒဏ်စာရင်း စာအုပ်ထဲတွင် သူရေးချင်သော စီရင်ချက် နှင့် ပြစ်ဒဏ်ကို ရေးသွင်းစေဦးတော့ ဦးလူကလေး၏အပူ နှစ်ပြားသား မျှ မပါပါ။ သို့သော် ဘုရားပွဲတော်မျိုး၌ ဖြစ်ပွားတတ်သော ရန်ပွဲ တို့တွင် မန်ကျည်းနှစ်တုတ်၊ ထန်းနှစ်တုတ်၊ ပိတောက်သားတုတ် နှင့် ဝါးရင်းတုတ်များဖြစ်လေရာ မတော်တဆဆိုလျှင် သေလောက်သော လက်နက်များဖြစ်သောကြောင့် ပုဒ်မတို့သည် ၃၂၄ မှသည် ၃၂၅ ကို ကျော်လွန်၍ ၃၂၆ သို့ ရောက်လာသောအခါ ဦးလူကလေးမှာ အလုပ်လည်း များသည်၊ ထုချေလွှာလည်း အတောင်းခံရတတ်သည်။

အထက်ပါ အကြောင်းခြင်းရာတို့ကို သုံးသပ်ကြည့်ခြင်းအား ဖြင့် ဘုရားပွဲသည် စာသင် ဦးလူကလေးအဖို့ အမှုပွေရာရောက်အောင် ဖန်တီးတတ်သောသဘော ရှိခြင်းကြောင့် ဦးလူကလေးသည် မူအား ဖြင့် ကန့်ကွက်သည်။ သို့သော် သူကြီးကတော်နှင့်တကွ ယောက်ဖ ဖြစ်သူ ဘုရားလူကြီးမင်း၏ ကျောင်းအမကပါ ဝိုင်းဝန်းပြစ်တင်ပြောဆိုလေသောအခါ စာသင် ဦးလူကလေးသည် ထိုသုံးတောင်ဝတ်တို့၏ အငြိုအငြင်ကို ခံယူနိုင်သောသတ္တိ မရှိဖြစ်နေရကား ဘုရားပွဲမိန့်ကို ပေးလိုက်ရလေသည်။ ။

ညောင်ပင်သာရွာ လောကမာရဇိန်ဘုရားမှာ ကိုးတောင်ပြည့် ဘုရား ဖြစ်သည်။ ရွာ၏မြောက်ဘက် ဇရပ်ကြီး၏အလွန်တွင် မြေရှင် ဦးသာဦး၏ လယ်ထိပ်၌ တည်ထားသည်။ မူလက ထိုနေရာတွင် အုတ်ခုံဆွေးဆွေးတစ်ခုံ ရှိသည်။ တစ်နေ့သောအခါ ဦးသာဦး၏ သူရင်းငှားတစ်ဦးက လယ်ထွန်ရင်း အုတ်ခုံနှင့် ဝင်၍ တိုးမိသည်။ အုတ်ခုံပဲ့ကျလာသောအခါ မြေအိုးတစ်ခုကို တွေ့ရသည်။ ထိုမြေအိုး မှာ ယခုခေတ်သုံး မြေအိုးမဟုတ်။ စလယ်ဝင်သာသာ မကျတကျ ဖြစ်သည်။ အိုးမှာသပိတ်ကဲ့သို့ မြေနက်စေးနှင့် ဖုတ်ထားဟန်တူသည်။ ၎င်းအိုးထဲတွင် ပြာလိုလို၊ မြေဆွေးလိုလို တွေ့ရသည်။ ၎င်းပြာနှင့် ရောလျက်နေသော အိမ်မြှောင်ဥ ပမာဏမှသည် ဆန်ကွဲပမာအထိရှိ သော အစေ့ကလေးများကိုလည်း တွေ့ရသည်။

ဦးသာဦး၏ သူရင်းငှားက ၎င်းအစေ့ကလေးများကို ခြေမွကြည့် ၏။ မကြေ။ ထို့ကြောင့် ထိုမြေအိုးကို ကံ့ကော်ကျောင်း ဘုန်းတော် ကြီးထံသို့ ယူ၍ ပြသည်။ ကံ့ကော်ကျောင်းဘုန်းတော်ကြီးက ၎င်း တို့သည် ဓာတ်တော်ဖြစ်သည်ဟု အဆုံးအဖြတ်ပေးသည်။

ဓာတ်တော်ဟူ၍ သိရသည့် နေ့ နောက်တစ်ည၌ ကံ့ကော် ကျောင်းဘုန်းတော်ကြီး၏ ဂန္ဓကုဋိတိုက် အပေါ်တည့်တည့်ရှိ ပြာသာဒ် မှ ရောင်ခြည်တော်များ ကွန့်မြူးသည်။ ထိုညတွင် ရွာသူရွာသား အားလုံးတို့က သဒ္ဓါလှသဖြင့် လှူဒါန်းကြရာ ငွေပေါင်း ၃၆၅ ကျပ်၊ ၅ မူး၊ ၂ပြား” ရသည်ဟု ဘုန်းတော်ကြီး၏ စာရင်းအရ သိရသည်။

ထိုနေ့မှစ၍ ကိုးတောင်ပြည့်ဘုရားတည်ရန် လုပ်ငန်းကို ဘုန်းတော်ကြီးကိုယ်တိုင် ဦးစီး၍ လုပ်ခဲ့ရာ ပန်းရန်ဆရာနှစ်ဦး ငွေလိမ်၍ ပြေးသောကြောင့် နှစ်ချင်းပေါက် ဘုရားတည်၍ မပြီးခဲ့ပေ။ သို့သော် တတိယ ပန်းရန်ဆရာကို ငှား၍ စာသင် ဦးလူကလေးကိုယ်တိုင်စောင့်ကြပ် ကြည့်ရှုခါမှပင်လျှင် ဘုရားတည်ခြင်းကိစ္စ ကောင်းစွာ အထမြောက်လေတော့သည်။

ကိုးတောင်ပြည့်ဘုရားရှင်ပေါ်တွင် ဤမျှ သံယောဇဉ်ကြီးရှာသူ စာသင် ဦးလူကလေးသည် သူ၏ ရွာသူရွာသားတို့ကိုလည်း စိတ်မချ ချေ။

ညောင်ပင်သာရွာ မြောက်ဘက်ထိပ် ဇရပ်ကြီးမှ တစ်မိုင်ကျော် ခန့်ဝေးသော နေရာတွင် မြောက်ချောကုန်းရွာကလေး ရှိသည်။ ထိုရွာ၌ အပျိုချောချော ပေါသည်။ ညောင်ပင်သာမှ လူပျိုတို့သည် မြောက်ချော ကုန်းမှ အပျို တို့ကို ကမ္ဘာ့နိယာမအတိုင်း ပိုးကြသည်။ သို့သော် ထို အပျို လူပျိုတို့၏ အချစ်ဇာတ်လမ်းမှာ ရိုက်ပွဲများနှင့်သာ အဆုံးသတ် တတ်သည်။

ထို့ကြောင့် ဘုရားပွဲဟြေဟုဆိုလျှင် စာသင် ဦးလူကလေးသည် ဦးခေါင်းကြီးမိသည်။ ယခုမှာမူ ပွဲမိန့်ပေးမိပြီဖြစ်သောကြောင့် မတတ် သာတော့ပြီ။ ခပ်စောစောကပင် ပွဲခင်းရှိရာသို့ သွား၍ ကြီးကြပ်မှတော်လိမ့်မည်။ ဤစိတ်ကူးနှင့် ဦးလူကလေးသည် ပွဲဈေးသို့ ရောက် ခဲ့သည်။ ညဉ့်ဦး၌ ဈေးမှာ စည်ကားလှပေသည်။ ။

ပွဲဈေးသို့ ဝင်လျှင်ဝင်ချင်း မုန့်လေပွေဆိုင်ကို တွေ့ရသည်။ ဆိုင်ရှင် မုဆိုးမကြီးက မုန့်လေပွေတစ်ချပ်နှင့် လောကွတ်ပြုသေးသည်။ သို့သော် ခပ်လှမ်းလှမ်းက ကောက်ညှင်းကျည်တောက်ဆိုင်၌ ကာလ သားတွေ တရုန်းရုန်း၊ လက်ပံပင် ဆက်ရက်ကျသလို ကျနေကြသည်။ ကောက်ညှင်းကျည်တောက်ရောင်းသော ကောင်မလေးမှာ ဆံရစ်ဝိုင်းကလေးနှင့် အတော်ချစ်စရာကောင်းသော အရွယ်ပင် ဖြစ်သည်။

သည်ကောင်မကလေးအကြောင်းကို ဦးလူကလေး ကောင်းစွာ သိသည်။ ကောင်မကလေးက ရိုးသည်။ သူ့မိဘက ပင်ပန်းဆင်းရဲ သည်။ အပျိုဖော်ဝင်စမှာ ညောင်ပင်သာက လူပျိုကာလသားများ အဝိုင်းခံရလျှင် ပျားပိတုန်းတွေဝိုင်း၍ အစုပ်ခံရသော စံပယ်ပန်းက လေးလို နေမညိုခင် နွမ်းရဖို့ ဖြစ်သည်။

ထို့ကြောင့် စာသင်ဦးလူကလေးသည် မုန့်လေပွေသည်မကြီး လောကွတ်လုပ်သည်ကို ကျေးဇူးတင်စကားတစ်ခွန်းနှင့် ပြန်ချေပြီးသော် ကောက်ညှင်းကျည်တောက်ဆိုင်သို့ သွားလေသည်။ ကောင်ကလေး တွေက ဦးလူကလေးထက် ပါးသည်။ ဦးလူကလေးကို မြင်လျှင်ပင် ကောက်ညှင်းကျည်တောက် တစ်ယောက်တစ်ချောင်းစီ ခပ်မြန်မြန်ဆွဲ ကာ ဈေးသည်အား ခပ်သုတ်သုတ် ပိုက်ဆံပေးပြီးနောက် လစ်ကြလေ သည်။ ။

ဟဲ့ ကောင်မလေး၊ နှင့်ဆိုင် လူစည်လှချည်လား”

ဦးလူကလေးက စကားစပ်မရှိဘဲ ကောက်ညှင်းကျည်တောက် ရောင်းသူ ကောင်မကလေးကို တုံးတိတိမေးသည်။ ကောင်မလေးက ရှက်သလိုလို အမူအရာပြသည်။

ဈေးရောင်းကောင်းတာကိုး ဘကြီးရဲ့။ ဒါပေမဲ့ အကြွေးရောင်း ရတာ များပါတယ်”

ကောင်မလေးက နောက်ဆုံးဝါကျကို မသက်မသာ ညည်းတွား သံနှော၍ ပြောသည်။

ဟဲ့ ဟိုအကောင်တွေဟာ နှင့်ဆီကကို အကြွေးယူသလား။ နင့်ကို ဘာစကားတွေများ ပြောသွားသေးသလဲ”

ဟု ဦးလူကလေးက မသင်္ကာသောသဘောနှင့် မေးပြန်သည်။

ကောင်မကလေးသည် ပို၍ ရှက်သွားသည်။

“အို.. သူတို့ ဘာမှမပြောပါဘူး။ ကောက်ညှင်းကျည်တောက် အားလုံးကို ခြုံဝယ်မယ်ဆိုပြီး ဈေးဆစ်နေတာပါ။ သူတို့ဆီက လက်ငင်းပိုက်ဆံ ရပါတယ်။ အကြွေးကျတာက သူများဆီမှာပါ”

အင်း... ဟင်... ဒီကောင်တွေ ဒီလောက် အစားကြီးရော့လား ဟယ်၊ နို့ ဘာလို့ အကုန်ဝယ်မသွားတာလဲ”

ပြောတတ်ပါဘူး ဘကြီးရယ်၊ ဘကြီးလာတာ မြင်တော့ ခုလိုပဲ ချာခနဲ လှည့်ထွက်သွားကြတာပဲ”

စာသင်ဦးလူကလေးသည် အထက်ပါ အချီအချ စကားပြောပြီး စဉ်းစားသည်။ သက်သက် နောက်ပိုးပိုးချင်လို့ ကောင်မလေးဆီမှာ လာပြီး ဈေးဆစ်နေကြလေသလော။ သူလာမိ၍ ကောင်မလေးအတွက် လာဘ်ပိတ်သွားလေသလော။ သည်ခွေးမသား လေးငါး ဆယ်ယောက် က ကောက်ညှင်းကျည်တောက် အချောင်းပေါင်း လေးငါးဆယ်ကို ဘယ်ပုံ အပင်းဆို့ကြမှာလဲ။

စာသင် ဦးလူကလေးသည် စိတ်ကူးရင်း ပွဲဈေးတန်းရှိ အုန်း ထမင်းနှင့် ကြက်သားဆိုင်၊ ကော်ပြန့်ကြော်ဆိုင်၊ ထမင်းသုပ်ဆိုင်၊ သင်္ဘောသီး လက်သုပ်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ရှလပတ်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ လက်ဖက်ချင်းသုပ်ဆိုင်၊ မုန့်ကျွဲသဲဆိုင်၊ ကျောက်ကျောဆိုင်၊ ဆေးလိပ် မီးခြစ် ကွမ်းယာဆိုင်တို့ကို တစ်ဆိုင်ပြီး တစ်ဆိုင် ဖြတ်သွားသည်။ ဘာမျှ မစဉ်းစားတတ်အောင် ဖြစ်သွားသည်။

ဟော... စာသင်ကြီး ကြွလာပြီကိုး”

ဟု ဘုရားလူကြီးများက ဆီးကြိုနှုတ်ဆက်တော့မှ ဦးလူကလေး အစဉ်းစားရပ်တော့သည်။ ။

တောဘုရားပွဲကလေးပင် ဖြစ်လင့်ကစား ညောင်ပင်သာရွာမှ