Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

မောင်ထင် - မြန်မာ့လယ်ယာ မြေစနစ်

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out
မြန်မာ့လယ်ယာမြေစနစ်
(၁)

          နိုင်ငံရေးသမားတို့က “မြေယာတော်လှန်ရေး” ဟူ၍လည်းကောင်း၊ အုပ်ချုပ် ရေးသမားတို့က “မြေယာစနစ်ပြုပြင်ပြောင်းလဲရေး” ဟူ၍လည်းကောင်း၊တောင်သူလယ်သမားတို့က “တောင်သူလယ်သမား တိုးတက်ကောင်းစား” ဟူ၍လည်းကောင်း အသီးသီး အသကအသက ယနေ့ကြွေးကြော်လျက် ရှိကြသည်။ ထိုပုဂ္ဂိုလ်သုံးဦးတို့၏ ကြွေးကြော်သံတို့သည် စကားအသုံးအနှုန်း အရ ခြားနားချက်ရှိသော်လည်း ရှိပေမည်။ သို့သော် ကြွေးကြော်သံတို့ ပေါ်လာစေသော အကြောင်းရင်းမှာ တစ်ခုတည်းပင်ဖြစ်၏။

          ထိုအကြောင်းရင်းကား မြန်မာ့မြေယာစနစ် ဖြစ်သတည်း။

          ကျွန်ုပ်တို့သည် မိမိတို့၏ ဘဝအခြေအနေ တိုးတက် ကောင်းမွန်လာ အောင် ကြံဆောင်နေကြသည်။ ယင်းသို့ ကြံဆောင်ကြရာ၌ မိမိတို့၏ ဘဝ အခြေအနေမှန်တို့ကို မသိပါဘဲလျက် လုပ်နည်းကိုင်နည်းကို သိနိုင်မည် မဟုတ်ပါ။

          ထို့ကြောင့် ဤလွတ်လပ်သောခေတ်ဝယ် လယ်သမားပင် ဟူလင့် ကစား မိမိ၏ပတ်ဝန်းကျင်နှင့်တကွ မိမိပတ်ဝန်းကျင်နှင့် ဆက်စပ်ရာ ပြဿနာ များကို လေ့လာဖို့လိုပေသည်။

          သူတစ်ပါး လက်အောက်ခံဘဝသို့ ကျရောက်ခဲ့ရသော ရာဇဝင်တစ် လျှောက်လုံးတွင် ကျွန်ုပ်တို့အားလုံး မှီခိုအားထားရာ ဖြစ်သော လယ်သမား တို့သည် ဗြိတိသျှဟူသောအစွဲ၊ ဓနရှင်ဟူသောအစွဲ၊ မြေရှင်ဟူသောအစွဲတို့ကို ဖျောက်၍ အကြောင်းခြင်းရာအမှန်တို့ကို လေ့လာလိုသောဆန္ဒ ရှိခဲ့ကြစေ ကာမူ ထိုဆန္ဒပြည့်ဝအောင် မိမိတို့နှင့် ဆိုင်ရာပြဿနာများကို လေ့လာခွင့် မရခဲ့ကြပေ။

          ကျွန်ုပ်က ဤသို့ဆိုသည်ရှိသော် “ဒီလယ်သမားများကို ဘယ်သူက မလေ့လာရဘူးလို့ ချုပ်ချယ်ထားသလဲ။ လူတစ်ဦးမှာ သူ့ဦးနှောက်ရှိလျှင်၊ ရှိတဲ့အလျောက် လေ့လာနိုင်တာပဲ” ဟု အချို့က စောဒကတက်ကြမည်ကို ကျွန်ုပ် တွေးမိသည်။

          လူသတ္တဝါဟု ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ဝမ်းရေးသည် သူ၏ကံကြမ္မာကို ရှေ့ဆောင်လေတော့သည်။ ဝမ်းရေး ဖူလုံမှုအပေါ်၌ သူ၏ ကျန်းမာရေး၊ ပညာရေး၊ ကုသိုလ်ရေး စသည်တို့သည် တည်လာလေသည်။ ဝမ်းရေး ကျပ်တည်းလာသည်နှင့် တစ်ပြိုင်နက် လယ်သမားသည် ကျန်းမာရေး ကို ဂရုမစိုက်နိုင်တော့ပြီ။ ပညာရေးကိုလည်း စိတ်မဝင်စားနိုင်။ ကုသိုလ်ရေး ကိုလည်း ဘေးချိတ်၍ ရတန်သရွေ့ ဘေးချိတ်ရလေသည်။

          ရွှေပင်ငွေပင် တည်းဟူသော စပါးဆန်ရေကြွယ်ဝမှုတို့ အကြားတွင် လယ်သမား၏ဘဝမှာ တစ်နေ့လုပ် တစ်နေ့စား ဘဝဖြစ်လေရာ၊ ထိုအရေး ကြီး သုံးပါးကိုမျှပင်လျှင် လျစ်လျူရှုရသောအခြေတွင် လယ်သမားသည် မိမိနှင့်ဆက်စပ်ရာ ပြဿနာတို့ကို ဘယ်မှာ လေ့လာနိုင်အံ့နည်း။

          ထို့ကြောင့် ရှေးခေတ်က အောက်မြန်မာနိုင်ငံရှိ လယ်သမားအဖို့ နံနက် မိုးလင်းသည်နှင့် တစ်ပြိုင်နက် ကဏန်းထောင်ဖို့ ကို အာရုံပြုရသည်။ အလယ်ပိုင်း မြန်မာနိုင်ငံအတွက် ငါးရှဉ့်နှိုက်ဖို့ စိတ်စောရသည်။ အထက် မြန်မာနိုင်ငံအတွက် ပုတတ်လိုက်ဖို့ တွေးရသည်။

          ဤနည်းနှင်နှင် သူတို့၏ပတ်ဝန်းကျင် ပြဿနာရပ်တို့မှာ ကဏန်း၊ ငါးရှဉ့်နှင့် ပုတတ် ပြဿနာများသာ ဖြစ်ခဲ့ကြရသည်။

          ထို့ကြောင့် သည်နှစ်စပါးဈေး ဘာ့ကြောင့်ကျရသည်ကို မတွေးတတ်။ စပါးထွက် လှိုင်ပါလျက်နှင့် ချစ်တီးကြွေး ဘာ့ကြောင့် မဆပ်နိုင်သည်ကို မတွက်တတ်။ မိမိပတ်ဝန်းကျင်၌ စစ်တကောင်းကုလား အူရိယာကုလားတို့ ဘယ်ကရောက်လာသည်ကို မစုံစမ်းတတ်။

          “ဪ ... ငါတို့ လောကကြီးဟာ အရှင်သခင် အင်္ဂလိပ် အစိုးရမင်း တို့ စီမံဖန်တီးတော်မူတဲ့အတိုင်းပါကလား ..”

          လယ်သမားသည် ဤသို့ညည်းတွားခဲ့၏။ ဦးစွာ ယင်းသို့ ညည်းတွား ရင်း ဖြစ်သမျှအကြောင်း အကောင်းချည့်ပဲ”ဝါဒကို လက်ကိုင်ပြုကာ ခေါင်းငံ့ ခံခဲ့ကြ၏။ သို့သော် ၎င်း၏ ကျောပြင်ပေါ်တွင် ကျရောက်နေသော ဖိနှိပ်ခြင်းအင်အားကို တစ်စတစ်စ မသိလိုက် မသိဘာသာ တော်လှန်လာ၏။ ဖိနှိပ်မှု အင်အားကို မခံနိုင်သည့်အဆုံး၌ ကုန်း၍ထ၏။

          ထိုအခါကျမှ မြေယာတော်လှန်ရေးဟူသော အသံလည်း ဝက်ဝက်ကွဲ မြည်လာ၏။ သို့သော် ကျွန်ုပ်တို့ လယ်သမားများအဖို့ မြေယာတော်လှန်ရေး ဟူသည်ကို သဘောနှင့်သရုပ်ပါ ခွဲခြားကြည့်တတ်ဖို့ လိုပေသည်။

          မြေယာစနစ်ကို ပိုင်းခြား ဝေဖန်ကြည့်ရာ၌ နောက်ကြောင်းတို့ကိုပြန် ၍ ကြည့်ရပေဦးမည်။ ဦးစွာ ပထမ၌ ကျွန်ုပ်တို့၏ ရိုးရာ စီးပွားရေးစနစ်သည် အသို့ ရှိလေသနည်းဟု စိစစ်ကြည့်ဖို့ လိုပေသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ပေါ်ပေါက်နေသမျှ မြေယာစနစ်ဆိုင်ရာ ပြဿနာဟူသမျှတို့သည် လယ်ယာစိုက်ပျိုးရေး စီးပွားရေးစနစ်၌ ကပ်ငြိနေသော ဝေဒနာတို့ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ဝေဒနာကိုသိမှ ဆေးချက် မိပေလိမ့်မည်။

          ဗြိတိသျှအုပ်ချုပ်ရေးခေတ် မတိုင်မီက မြန်မာ့စီးပွားရေးစနစ်သည် လယ်ယာစိုက်ပျိုးမှုအပေါ်တွင် မှီနေသည်ဖြစ်သော်လည်း ယခုခေတ်၌ကဲ့သို့ အသပြာစီးပွားရေးစနစ် မဟုတ်ချေ။ ပြည်တွင်းထုတ်ကုန် ဟူသမျှကို ပြည်သူ ပြည်သား အချင်းချင်း ဖလှယ်၍သုံးစွဲသော စီးပွားရေးစနစ် ဖြစ်သည်။ ထို့ကြောင့် အသပြာရှိဖို့မှာ လူတို့အတွက် ပဓာနမဟုတ်။ စားသုံးကုန်ပစ္စည်းကို ပြည်တွင်းဖူလုံအောင် လုပ်နိုင်ဖို့သာ ပဓာနဖြစ်သည်။ လယ်သမား မောင်ဖြူ အဖို့ ဝမ်းစာစပါး လုံလုံလောက်လောက် ရှိသည့်အပြင်၊ အညာဒေသမှ နှမ်းဆီ စစ်စစ်ကို စားနိုင်အောင် မိမိလိုသလောက် နှမ်းဆီကို စပါးနှင့် လဲလှယ်နိုင် လောက်သော ထုတ်ကုန်လုပ်အားရှိဖို့ လိုလေသည်။

          ထုတ်ကုန်လုပ်ငန်းကို ကြည့်ပြန်လျှင် ပြည်တွင်းဝမ်းစာ ဖူလုံရေး အတွက် အလောတော်ပင် ဖြစ်ခဲ့သည်။ ထို့ကြောင့် လယ်သမား ကိုင်းသမား တို့အတွက် စိုက်ပျိုးရေးဟူသည်မှာ မိမိအဖို့ ဝမ်းစာဖူလုံရုံမျှသာ လုပ်ကိုင်သော စိုက်ပျိုးရေး ဖြစ်သည်။ မြန်မာနိုင်ငံထွက် စိုက်ပျိုးရေးကုန်စည်တို့မှာ မြန်မာနိုင်ငံအဖို့သာ ဖြစ်သည်။ ထိုစိုက်ပျိုးရေးစနစ်ကို အနောက်နိုင်ငံ ဘောဂ ဗေဒ ပညာရှိတို့က Subsistence Agriculture ဟုခေါ်သည်။ မြန်မာလို သက်သက်မှာ ပြည်တွင်းဝမ်းရေးဖူလုံမှုအတွက် စိုက်ပျိုးခြင်း ဖြစ်လေသည်။

          ထိုဝမ်းရေးအတွက် စိုက်ပျိုးမှုသည် အမြတ်ထုတ်ရန် လုပ်ကိုင်သောစိုက်ပျိုးမှုနှင့် လားလားမျှမတူချေ။ အသပြာ စီးပွားရေးစနစ်ကလည်း မပေါ် သေးသဖြင့် ပစ္စည်းအပေါ်မှီသော စီးပွားရေးစနစ်အရ မြန်မာဘုရင်တို့ အခွန် အတုတ် ကောက်ခံရာ၌ပင်လျှင် ပစ္စည်းကို လုံးဝပဓာန ပြုခဲ့သည်။

          ထိုခေတ်က အခွန်တော်ခွဲပုံစာရင်းကို ကြည့်မည်ဆိုလျှင် ငသရောက် ရွာမှ ထန်းလျက်၊ မကွေးမှ ဖန်ခါးသီး၊ ပုပ္ပားတောင်ကလပ်မှ ပန်းမျိုးစုံ၊ ဒလမှ ကွမ်းရွက်၊ ရေး-မြိတ်-ထားဝယ်မှ ဒူးရင်းသီး၊ တောင်ငူ ပုသိမ်နှင့် ရွှေကျင်မှ သဇင်ပန်း၊ ရခိုင်ပြည်မှ ကွမ်းသီး၊ ချင်းနယ်မှ စောင်ဖြူ စသည် တို့ကို တွေ့ရပေလိမ့်မည်။

          ရှေးသူဟောင်းတို့၏ခေတ်၌ ယခုကဲ့သို့ အမြတ်ထုတ်စနစ် များစွာ မရှိဘဲ ဝမ်းရေးဖူလုံရုံသာ ထုတ်ကုန်လုပ်ငန်းကို လုပ်ဆောင်ခြင်းဖြစ်သောကြောင့် ယခုခေတ်အခေါ် မြေရှင်ကြီးစနစ်- အရင်းရှင်စနစ်တို့မှာ အခြေ မစိုက်နိုင်ကြသေးချေ။

          စင်စစ် ထိုခေတ်က လယ်ယာဟူ၍ များများစားစားမျှပင် မရှိသေး။ အင်္ဂလိပ် ရာဇဝင်ဆရာတို့၏ မှတ်တမ်းများအရ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်သည့်ခေတ်တွင် တနင်္သာရီနယ်မှာ မြန်မာယိုးဒယားစစ်ပွဲတို့ကြောင့် အသီးအနှံမဖြစ်သော တောကြီးမျက်မည်း ဒေသများသာ ဖြစ်သည်။ ပဲခူးနယ် ကိုပင်လျှင် အင်္ဂလိပ် ရာဇဝင်ဆရာတို့က တောကြီးမျက်မည်း ကန္တာရကြီး ပမာ ဖြစ်နေပြီဟု အဆိုရှိသည်။ အထက် မြန်မာနိုင်ငံ၌ကား ယခုကဲ့သို့မဟုတ်၊ စိမ်းလန်းစိုပြည်သော စိုက်ပျိုးရေးလုပ်ငန်းမှာ များစွာ ဖွံ့ဖြိုး၍ လူနေအိမ်ခြေ အလွန်များပြားသည်။

          သို့သော် စိုက်ပျိုးရေးစနစ်မှာ ဝမ်းရေးအတွက် စိုက်ပျိုးသောစနစ် ဖြစ်၍ ပြည်တွင်းဖူလုံမှုရှိခဲ့သည်။ ထိုခေတ်ကို ဘုရင်စနစ်ခေတ်ဟု ခေါ်တွင် ကြရစေကာမူ ရှေးမြန်မာဘုရင်တို့၏ သဘာဝသည် အနောက်နိုင်ငံ မြေရှင်ကြီး၊ အရင်းရှင်ကြီး၏ သဘာဝနှင့် အလုံးစုံ ထပ်တူထပ်မျှ မဟုတ်ခဲ့ချေ။ အာဏာ ၌သာ ယစ်မူးနေသော ဧကရာဇ် သဘာဝသည်သာ ပိုမို၍ ပေါ်လွင်ခဲ့လေ သည်။

          ဗြိတိသျှတို့ မြန်မာနိုင်ငံတွင်းသို့ ချဉ်းနင်း ဝင်ရောက်၍ နိုင်ငံခြားသား အုပ်ချုပ်ရေးကို စတင် ထူထောင်လိုက်သောအခါ အခြေအနေမှာ ရုတ်ခြည်း လိုလို ပြောင်းလဲသွားခဲ့လေသည်။ ထိုခေတ်က အုပ်ချုပ်ရေးစနစ်မှာ ဘုရင့် စနစ် ဖြစ်စေကာမူ နေပြည်တော်မှတစ်ဆင့် သက်ဆင်းလာသော အုပ်ချုပ်ရေး အာဏာတို့သည် မြို့သိမ် ရွာသိမ်များ၌ပင်လျှင် သက်ဆိုင်ရာ မြို့သူကြီး ရွာ သူကြီးတို့ထံ ကိန်းအောင်းလျက်ရှိလေရာ၊ မြို့နယ်ကျေးရွာ စသည်တို့၌ ယခု ခေတ် ခေါ်ဝေါ်လေ့ရှိသော ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရပြီးဖြစ်ခဲ့၏။

          သို့သော် ဗြိတိသျှ အုပ်ချုပ်ရေးခေတ်ရောက်သော် မြို့နယ်ကျေးရွာ တို့၌ ပျံ့နှံ့၍တည်နေသော အာဏာတို့ကို ရန်ကုန်မြို့ ဗဟိုအစိုးရအဖွဲ့က အားလုံး ချုပ်ကိုင်လာတော့သည်။ ထင်မြင်လွယ်အောင် ပြောရမည်ဆိုလျှင် မြန်မာဘုရင်လက်ထက်က အုပ်ချုပ်ရေး အာဏာတို့သည် ဘုရင့်ထံမှ လက် ဆင့်ကမ်း၍ မြို့နယ်ကျေးရွာတို့၌ ပျံ့နှံ့ တည်ခဲ့သည်။ ဗြိတိသျှတို့ ရောက်လာသောအခါ၌ကား မြို့နယ်ကျေးရွာ အုပ်ချုပ်ရေး အာဏာတို့သည် ဗဟိုချက်မ ဖြစ်သော အစိုးရ ဌာနချုပ်၌ လာ၍ စုနေသည်။ (ယခုခေတ်၌ ဒေသန္တရ အစိုးရအား အာဏာ လွှဲပြောင်းပေးရေးဟု ပြောဆိုနေကြသည်မှာ ဗဟိုအစိုးရ ၌ လာ၍စုနေသော အာဏာတို့ကို ရှေးနည်းအတိုင်းထက်ပို၍ မြို့ရွာ၊ နယ်ပယ် တို့ကို ဖြန့်ပေးစေလိုသော သဘောဖြစ်ချေသည်။) ရှေးခေတ်က ဘုရင်၏ အသက်ဦးဆံပိုင် အာဏာတို့သည် မြို့စား ရွာစားတို့ထံ သက်ဆင်းခဲ့သည်။ ထို့ကြောင့် မြို့စား ရွာစားတို့သည် “ဓားပိုင်” များဖြစ်ခဲ့သည်။ ဗြိတိသျှ အုပ်ချုပ်ရေး၌ကား ဗဟိုအစိုးရသည်သာလျှင် “ဓားပိုင်” ဖြစ်သည်။

          အုပ်ချုပ်ရေးမူ ပြောင်းသည်နှင့်အမျှ စီးပွားရေးမူလည်း ပြောင်းခဲ့လေ ပြီ။ ဗြိတိသျှ နယ်ချဲ့စစ်တပ်၏ နောက်တော်ပါး၌ စစ်တပ်အား အထောက် အပံ့ပြုရသူ အိန္ဒိယတိုင်းရင်းသားများ လိုက်ပါလာကြသည်။ ထို နောက်တော်ပါ အခြွေအရံတို့အတွက် ဆုတော် လာဘ်တော်တို့မှာ ရခိုင်ပြည်နှင့် တနင်္သာရီ ပြည်ရှိ များစွာသော မြေရိုင်းများ ဖြစ်သည်။ ဗြိတိသျှတို့သည် ထိုမြေရိုင်းများ ကို တစ်ဧကလျှင် တစ်မတ်၊ ငါးမူး၊ တစ်ကျပ်နှုန်းဖြင့် အခွန်အကောက်ကို ယူကာ၊ နောက်တော်ပါတို့နှင့်တကွ ဗြိတိသျှတို့အား ကူညီသော တိုင်းရင်းသား တို့အား ဂရန်မြေအဖြစ်နှင့် လည်းကောင်း၊ ပတ္တာခံ မြေအဖြစ်နှင့် လည်းကောင်း ပေးကမ်းကြလေသည်။