Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်ထင် - ကျွန်တော်ဘာ့ကြောင့်စာရေးရသလဲ

Regular price 700 MMK
Regular price Sale price 700 MMK
Sale Sold out

[]

         ကျွန်တော်သည် ဤအကြောင်းကို မဂ္ဂဇင်းအစောင် စောင်တို့၌လည်းကောင်း၊ ကျွန်တော်ရေးသော ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးပေါင်းချုပ် စသည်တို့၏ နိဒါန်း ၌လည်းကောင်း အကြောင်းတိုက်ဆိုင်လာသည်နှင့် အမျှ ရေးခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော်၏ စာကို အစဉ် တစိုက် ဖတ်ရှုလေ့လာသောသူတို့အဖို့ ဤအကြောင်း အရာသည် အဆန်းဟုတ်လိမ့်မည် မထင်ပါ။ သို့သော် ယခု ကြိုးကြားကြိုးကြား စကားမစပ်ရေးခဲ့သောအချက် အလက်များကို စည်းရုံးပေါင်းစု တင်ပြလိုပါသည်။

         ဤသို့ တင်ပြရာ၌ မိမိ ရေးပြီးသား စာများကို ပြန်လည်ဖတ်ရှုကိုးကား၍ ပြန်ရေးသည် မဟုတ်၊ မိမိ ၏ မှတ်ဉာဏ်ထဲတွင်ပေါ်သော အကြောင်းကိစ္စကို ဖြည့်စွက်တန်သရွေ့ ဖြည့်စွက်၍ တင်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။

         မှတ်ဉာဏ်ကို အားကိုး၍ ရေးသားသောအခါ ပမာဒလေခသဘောများ ပါချင်လည်း ပါပါလိမ့် မည်။ သို့သော် ပန်းချီဆရာသည် သစ်တောကြီး တစ်ခုလုံးကို ရေးခြယ်သောအခါ သစ်ပင်တစ်ပင်စီ တစ်ပင်စီကို ဝိသေသပြု၍ ရေးခြယ်လိမ့်မည်မဟုတ်။ သစ်တောကြီး တစ်ခုလုံးကိုသာ ခြုံ၍ ရုပ်လုံးဖော်လိမ့်မည်။ အသေးစိတ် တို့၌ ကြည်လင်ပြတ်သားခြင်း မရှိစေကာမူ တစ်ခုလုံး မှာကား သစ်တောကြီးဟူ၍ ပီပီပြင်ပြင် ပေါ်လာလိမ့် မည်။

         ကျွန်တော့်အား ဘာကြောင့် စာရေးရသလဲဟု မေးလျှင် ကျွန်တော်က စာရေးသည်မှာ ရေးချင်လို့ ရေးတာပါ” ဟု ဖြေပါလိမ့်မည်။ ။

         စာတစ်လုံးကိုသော်လည်းကောင်း၊ စကား တစ်ခွန်းကို သော်လည်းကောင်း အဖျားဆွတ်၍ အဓိပ္ပာယ်ကောက်တတ်သော သူတို့က ဤစကားကို ကြားလျှင် ကျွန်တော့်ကို တေ့”သလိုလို၊ ”သလိုလို “စောင်း”သလိုလို အောက်မေ့ကြပါလိမ့်မည်။ အထူး သဖြင့် အကြောင်းကို မစူးစမ်းမီ ကောက်ချက်ချလေ့ရှိသောသူတို့သည် ကိုယ်နှင့်နှိုင်း မရိုင်းဟူသောသဘော ဖြင့် ဤကဲ့သို့ အဖျားဆွတ်၍ အဓိပ္ပာယ် ကောက်တတ် ကြသည်။ ယင်းတို့ကို ဗွေယူစရာဟု မယူဆပါ။

         သို့သော် စာဖတ်သူသည် အဖြောင့်ကိုအဖြောင့်၊ အကောက်ကို အကောက်ဟူ၍ အဓိပ္ပာယ် ရှာတတ်ပါ စေရန် စေတနာဖြင့် ကြို၍ ပြောရခြင်း ဖြစ်ပါသည်။

         စာပေအဖွဲ့၌ ပရိယာယ်များစွာ ရှိပါသည်။ အနုပညာမာယာဟု ခေါ်လိုက ခေါ်နိုင်ပါသည်။ အဖြူ ကို လို၍ အမည်းကိုဆိုခြင်း၊ အမည်းကိုလို၍ အဖြူကို ဆိုခြင်းဟူသော သဘောမျိုးကို စာပေ၌ ဝါသနာ ရင့်လာသူတို့ တွေ့ဖူးကြပါလိမ့်မည်။ စာရေးသူက အတည်ပေါက်ပြောနေသည်မှာ ဟာသကို ရည်ရွယ် ရင်း ဖြစ်နိုင်သည်။ စာရေးသူက အပြောင်အပြက်ကို ဖွဲ့ နွဲ့ သော်လည်း အတည်ပြောတာ ဖြစ်နိုင်သည်။ ထိုကဲ့သို့သောအခါမျိုး၌ စာဖတ်သူစိတ်ထဲတွင် ယောနိသော မနသိကာရတရားကို နှလုံးသွင်းနိုင်လျှင် စာရေးသူ၏ အာဘော်ကို မိမိရရ ယူနိုင်သည်။ သို့မှ သာလျှင် ရယ်စရာထဲမှ အလွမ်းကိုတွေ့ရမည်။ လွမ်း စရာထဲမှ စိတ်ဖြေစရာကို တွေ့ရမည်။ စာရေးသူ၏ အာသီသကိုသိမှ မိမိဖတ်ရှုသော စာထဲ၌ ပါဝင်သော အသိတရားတို့သည် စာဖတ်သူကို ကောင်းစွာ အကျိုးပြုနိုင်ပါလိမ့်မည်။ ယင်းသို့ စာဖတ်တတ်လျှင် အသိ တရားမပါသောစာကို ဖတ်မိသည့်တိုင်အောင် တရား သံဝေဂ ရယူနိုင်ပါမည်။

         ဖန်တီးသောသူသည် ဖန်တီးချင်သောစိတ်ရှိမှ သာလျှင် သူ၏ ဖန်တီးမှုကောင်းနိုင်မည်။ အလုပ် တစ်ခုကို မလုပ်ချင်ဘဲနှင့် ဖျစ်ညှစ်၍ လုပ်နေလျှင် ထိုအလုပ်သည် ရွက်ကြမ်းရေကျိုမျှပင် ထွန်းပေါ်လာ မည် မဟုတ်ချေ။ အထူးသဖြင့် ဖန်တီးခြင်းလင်္ကာနှင့် စပ်ဆိုင်သော အနုပညာ အလုပ်သမားသည် မဖန်တီး ချင် ဖန်တီးချင်နှင့် အလုပ်လုပ်သော် ထိုအလုပ်ကို အရသာခံသော သူတို့၏စိတ်တွင် အရသာပေါ်နိုင်လိမ့် မည် မဟုတ်ချေ။

         ထို့ကြောင့် လုပ်ချင်သည်ဟူသော ဆန္ဒ၊ ပြော ချင်သည်ဟူသော ဆန္ဒ၊ ရေးချင်သည်ဟူသော ဆန္ဒ မပါဘဲနှင့် လုပ်ချင်တာလည်း မဖြစ်နိုင်၊ ပြောချင်တာ လည်း မပြောနိုင်၊ ရေးချင်တာလည်း မရေးနိုင်။ ဆန္ဒ ၏ စွမ်းအားသည်သာလျှင် ဖန်တီးမှုကို အထမြောက် အောင် ဆောင်ကြဉ်းပေးနိုင်သည်။

         သို့သော် ဆန္ဒဆိုသည်မှာလည်း ဓမ္မတာနှင့် မဆန့်ကျင်ရချေ။ တရားသဖြင့်လည်း ဖြစ်ရမည်။ မိမိတွင် ခြေလက်အင်္ဂါ မစုံပါဘဲနှင့် ရေကူးချန်ပီယံဖြစ်လိုသော် စိတ်မောရုံသာ ရှိမည်။

         ကကြီး ခခွေး မရေးတတ်ဘဲနှင့် စာရေးဆရာ ဖြစ်လိုသည်။ အရောင်းအဝယ် မတတ်ဘဲနှင့် သူဌေး ဖြစ်လိုသည်။ မိမိအိမ်သူအိမ်သားကိုမျှ နိုင်အောင် မအုပ်ချုပ်တတ်ဘဲနှင့် သူကြီးဖြစ်လိုသည်။ ယင်းတို့ သည်လည်း အလိုဆန္ဒဖြစ်ကြပါ၏။ သို့သော် တရား သဖြင့် လိုချင်တာ ဟုတ်ပါရဲ့လား။ တရားသဖြင့် မဟုတ်လျှင် လိုတာမရဖြစ်၍ စိတ်ဆင်းရဲရလိမ့်မည်။

         တကယ်လိုချင်လျှင် တကယ်ဖြစ်အောင် ကြိုးစားကြရမည်။ စာမတတ်သေးသူက စာတတ်အောင် ကြိုးစားလျှင် စာရေးဆရာဖြစ်ချင် ဖြစ်နိုင်မည်။ အရောင်းအဝယ် မတတ်သူက တတ်အောင် ကြိုးစား လျှင် သူဌေးဖြစ်ချင် ဖြစ်နိုင်မည်။ မအုပ်ချုပ်တတ်သူက စီမံအုပ်ချုပ်တတ်အောင် ကြိုးစားလျှင် အကြီးအကဲ ဖြစ်ချင်ဖြစ်နိုင်သည်။

         ဝါသနာဘာဂီ ဆက်တိုင်းမှီဟူသော စကား အတိုင်း စိတ်ဆန္ဒ၏ အရင်းခံဖြစ်သော ဝါသနာသည် အလွန်အရေးကြီးပါသည်။ လွတ်လပ်ရေးရပြီးစခေတ် က ရှုမဝမဂ္ဂဇင်းတွင် “ဝါသနာ” ဟူသော ဆောင်းပါး ကို ရေးခဲ့၏။ ထိုဆောင်းပါး၌ ကျွန်တော်သည် ဝါသနာမပါသောအလုပ်ထဲ၌ တဝဲလည်လည်နေခဲ့ရာမှ ဝါသနာပါသော အလုပ်သို့ ရှေးရှုလာပုံကို တစေ့ တစောင်း ဖော်ပြခဲ့၏။

         သို့သော် ကျွန်တော်၏ မူလဝါသနာမှာ စာရေး ခြင်းမဟုတ်ပါ၊ စာဖတ်ခြင်းသာ ဖြစ်ပါသည်။

         စာဖတ်တတ်စအရွယ်၌ ကျွန်တော်သည် မြန်မာ့အလင်း မဂ္ဂဇင်း၊ သူရိယသတင်းစာ၊ မစ္စတာ မောင်မှိုင်းမှာတော်ပုံ၊ အန်တိုနီယိုကုန်သည်ဝတ္ထု၊ မောင်သောကအိပ်မက်ခန်း၊ ရူပနန္ဒီ၊ ခင်မြင့်ကြီး၊ ရတနာပုံ၊ တစ်ကိုယ်တော် စသည့် စာပေတို့နှင့် ကံအားလျော်စွာ ဝင်၍တိုးခဲ့၏။ ကံအားလျော်စွာဟုဆိုရာ၌ အလွန်ကံကောင်း၍ဟု ဆိုချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုခေတ်ကာလက ဇနပုဒ်သာသာရှိ သော ကျွန်တော်၏ မွေးရပ်မြေ၌ ထိုစာပေ ဗဟုသုတ တို့ကို ရန်ကုန်မှ မှာယူဖတ်ရှုသူများမှာ ကျွန်တော်၏ ဖခင်တစ်ဦးတည်းသာ ရှိသည်။ စင်စစ် ဖခင်၏ကျေးဇူးကြောင့်သာလျှင် စာဖတ်ဝါသနာပါရခြင်း ဖြစ်သည်။ ။

         ရူပနန္ဒီနှင့် ရတနာပုံဝတ္ထုတို့မှာ စာပေအဖွဲ့ အနွဲ့ အားဖြင့် ရိုးသားရှင်းလင်း၍ ဖတ်သမျှကို ကျွန်တော် နားလည်သည်ဟု ဆိုနိုင်ပါသည်။ ယင်းတို့ကို ဖတ်ပြီး သော် စိတ်ကူးအမျိုးမျိုး ကူးတတ်သည်။ တစ်ခါတစ်ရံဖတ်ရင်းဖတ်ရင်းနှင့် မည်သူ့ကို လွမ်းရမှန်းမသိဘဲ နှင့် လွမ်းခဲ့၏။ သို့သော် စာရေးဆရာကြီးတို့၏ အာဘော် ဆိုသည်ကိုမူ ဉာဏ်မမီသေးပါ။

         ထမင်းချက်ရင်း စာဖတ်သောကြောင့် ထမင်း အိုး တူး၏။ ကလေးထိန်းရင်း စာဖတ်သောကြောင့် ကလေးလိမ့်ကျ၏။ အိမ်စောင့်ရင်း ဖတ်သောကြောင့် မီးဖိုချောင်ထဲ ခွေးဝင်၍ ဟင်းအိုးလျက်၏။

         ရွာကျောင်းမှ မြို့ကျောင်းသို့ပြောင်း၍ အင်္ဂလိပ် စာသင်ယူစဉ်အခါ ကျောင်းစာကို ချည်း သင်အံ လေ့ကျက်သည် မဟုတ်။ နံပါတ် ၄ဝ၊ နံပါတ် ၈ဝ ပြဇာတ်စာအုပ်များမှအစ မုန့်ဖိုးထဲမှ ပိုက်ဆံစုပြီး ဝယ်ရသော ဒဂုန်မဂ္ဂဇင်းအထိ လက်လှမ်းမီသမျှကို ဖတ်၏။ နံပါတ် ၄ဝ၊ နံပါတ် ၈ဝ ဆိုသည်မှာ စာမျက် နှာ ၄၀၊ စာမျက်နှာ ၈ဝ ကို အကြောင်းပြု၍ ကျူလယာ ဆိုင်က စာအုပ်ရောင်းကုလားပေးသော နာမည်များ ဖြစ်ပါသည်။

         မြောင်းမြမြို့၊ စာရေးကုန်းလမ်းတွင် သုစရိတ ယုဝအသင်း တည်ထောင်သောအခါ စာဖတ်ခန်း တစ်ခုကို ဖွင့်သည်။ ထိုစာဖတ်ခန်းသည် ကျွန်တော့် ဦးနှောက်ထဲတွင် နိုင်ငံရေးအသိတရားတို့ကို မျိုးစေ့ ချပေးသော စာဖတ်ခန်းဖြစ်ပါသည်။

         သင်ပုန်းကြီးကုန်သောအခါ စာမှန်သမျှကို ဖတ်တတ်ပြီဟု အထင်ကြီးခဲ့၏။ သို့ရာတွင် တကယ် ဖတ်ကြည့်သောအခါ ဒွေးချိုးကိုမျှပင် ဌာန်ကရိုဏ်း ကျအောင် မဖတ်တတ်ပါတကားဟု နားလည်လာ သည်။ သို့ရာတွင် အရှုံးမပေးပါ။ နားမလည်လျှင် လည်အောင်ဆို၍ မစ္စတာမောင်မှိုင်းရေးသမျှ ဋီကာ ဂဏ္ဍိတို့ကို ထပ်ကာထပ်ကာ ဖတ်ရှုခဲ့၏။ ကျွန်တော် ၏ ဖခင်က ၎င်းဋီကာဂဏ္ဍိတို့ကို လက်ဖက်ရည်ကြမ်း ဝိုင်း၌ သူတစ်ပါးတို့ အား ဖတ်ပြသည်ကိုလည်း နားထောင်ခဲ့၏။ မျက်စိယဉ်၊ နားယဉ်ဖြစ်လာသော အခါကျမှ လေးချိုးကြီးမှအစ ရာဇဝင်၊ မဟာဝင်၊ အာဒိကပ္ပကျမ်းစသည်တို့ကို ဖတ်ရှု၍ အဓိပ္ပာယ် ရေးတေးတေးရှိလာ၏။ ထိုအခါ၌ ခေတ်ပေါ်ဖြစ်သော စာပေများအထဲမှ ပီမိုးနင်း၏ လောကဓာတ်ကျမ်းကို လည်း ဖတ်၏။ ဦးတုတ်ကြီး၏ သရာဇကျမ်းကို လည်း ဖတ်၏။ ဆရာတော် ဦးဥတ္တမ၏ ဂျပန်ပြည် အကြောင်းကိုလည်း ဖတ်၏။ မြင်းခြံဦးနီ၏ အုပ်ချုပ် ရေး ဥပဒေအကြောင်းကိုလည်း ဖတ်၏။ ဦးဘ၏ တိုင်းရေး ပြည်ရေး ပညာအကြောင်းကိုလည်း ဖတ်၏။

         ဖတ်လေဖတ်လေ မသိတာတွေ များလှပါက လားဟု နားလည်လာလေလေ။ မသိတာကို သိအောင်ဖတ်၏။ တစ်ခုသိသောအခါ မသိတာ နှစ်ခု တိုးလာ ၏။ ထို့ကြောင့် ထပ်ပြီးသိအောင် ဖတ်၏။ ယနေ့တိုင် ဖတ်လို့မဆုံးပါ။

         ကျွန်တော်တို့ခေတ်က ကျောင်းသူ ကျောင်း သားတိုင်း ဂန္ထဝင်မြောက်စာပေကို အခြေခံ၍ သင်ယူ ခဲ့ရ၏။ မြန်မာစာပေကို လေ့လာသည်ဖြစ်စေ၊ အင်္ဂလိပ် စာပေကို လေ့လာသည်ဖြစ်စေ အတိတ်ကာလက ထွန်းကားခဲ့သော စာပေဉာဏ်ကြီးရှင်တို့နှင့် အဆက် မပြတ်ရအောင် သင်အံလေ့လာ ကျက်မှတ်ကြရသည်။ မျက်မှောက်ခေတ်စာပေတို့နှင့်လည်း ရင်းနှီးလျက် ရှိသောကြောင့် ရှေးခေတ်နှင့် နှောင်းခေတ်တို့၏ ကွင်း ဆက်ကို ကျွန်တော်တို့ ကောင်းစွာမြင်ခဲ့ရ၏။

         တက္ကသိုလ်တွင် ပညာဆည်းပူးသောအခါ အလွန်အပြောကျယ်သော အနောက်တိုင်း ဝိဇ္ဇာသိပ္ပံ ပညာရပ်တို့၏ တန်ဖိုးကို တစ်စတစ်စ သိရှိနားလည်ရ ၏ ။

         သိပ္ပံပညာရပ်နှင့် နဖူးစာဆုံသောအခါ ကျွန်တော် သည် ဆရာဝန်ဖြစ်လေမလားဟု ဖားကိုခွဲ ကြည့်ရင်းနှင့် ခွေးဋီကာကို အော်၍ဖတ်၏။ ဆရာကြီး သခင်ကိုယ် တော်မှိုင်း၏ စာများမှာ အော်ဖတ်မှ အရသာရှိသည်။

         ထို့နောက် သိပ္ပံနှင့်ကွဲ၍ ဝိဇ္ဇာနှင့် ညားရပြန်//