မောင်တင်ဆင့် - ဘဝနှင့်စာပေခဲခြစ်ပုံကြမ်းများ
အဖြူရောင်နှလုံးသားနှင့်လင်းယုန်
လေထန်ကုန်းခေါ် ၃၃ လမ်းထဲက လက်ဖက်ရည်ဆိုင်လေးနားတစ်ဝိုက် ဥရောပဖာ (အတက်ချီကေ့စ်ကို ဘယ်သူက နောက်ပြောင်ခေါ်ခဲ့သည်မသိ)ကိုဆွဲလျက် ရှပ်အင်္ကျီဖြူလက်ရှည်ကို လက်ကြယ်သီးအပြည့်တပ်လျက်၊ လုံချည်ကို ခြေဖျားထိ ဝတ်လျက်၊ အသားဖြူဖြူပုပုသေးသေး၊ခါးအနည်းငယ်ကိုင်းလျက်လမ်းသလားနေတတ်ကာ မိတ်ဆွေသူငယ်ချင်း တပည့်တပန်း၊ ကြီးကြီးငယ်ငယ်၊ ခေါ်ခေါ် မခေါ်ခေါ် တွေ့သည့်လူ၊ တွေ့သည့် စားပွဲဝိုင်းတွင် ဝင်ထိုင်တတ်သော၊လင်းယုန်ငှက်လိုနှာခေါင်းတစ်ခုပိုင်ဆိုင်သော၊ဆံပင်တွေတစ်ခေါင်းလုံးဖွေးဖွေးလှုပ်ဖြူနေပြီဖြစ်သော ထိုပုဂ္ဂိုလ်မှာ (ကျွန်တော့်ဆရာ) မောင်လင်းယုန်(ရှမ်းပြည်) ဖြစ်ပါသည်။
၁၉၉၃၉၄ခုနှစ်ပိုင်းတွေမှာဆရာရှမ်းကိုအဲဒီ၃၃လမ်းပေါ်နှင့်လေထန်ကုန်းကဖီးမှာသိပ်မတွေ့ရတော့ပါ။လူတွေ(အထူးသဖြင့်ကျွန်တော်ပြောလိုသည်မှာအနုပညာနယ်ပယ်ကလူတွေ)ကာလအပိုင်းအခြား အတို ကလေးမှာပင် အများကြီးမဟုတ် အများကြီးမဟုတ်တောင် ပြောင်းလဲသွားနေ ကြသည်။ မြေချစ်သူ၊ မောင်လူမွန်၊ ဇောင်းထက် စသည်ဖြင့် လေထန်ကုန်း ကဖီးမှာ တဝဲဝဲလည်ရှိသောကဗျာဆရာ၊ စာရေးဆရာတချို့လွင့်ပါးပျောက်ကွယ်သွားကြသည်။သို့မဟုတ်သေဆုံးခဲ့ကြပြီ။တချို့ပျောက်ကွယ်နေသည်။တချို့ ကိုယ့်ပရောဂမပါဘဲပျောက်ကွယ်နေခဲ့သည်။တချို့ကိုယ်တိုင်ဆန္ဒဖြင့်ပျောက်ကွယ်နေသည်။ တချို့ပြောင်းလဲသွားကြသည်။ သည်လိုပဲနေရာလွတ်တွေတွင် လူငယ်လူသစ်တွေလည်း တဖွဲဖွဲတိုးဝင်လာနေကြသည်။ ဆိုလိုသည်မှာ အနုပညာနယ်ပယ်ထဲတွင်လည်း ကြွေလွင့်သူ၊ ပျောက်ကွယ်သူများရှိသလို အသစ်အသစ်သော အပွင့်အဖူးတွေလည်း ဝေဆာဖူးပွင့်နေကြသည်။ အစမှအဆုံး(ယခုကာလ အထိ)မပြောင်းမလဲ ရှိနေ၊ ထိုင်နေ၊ ဝဲလှည့်နေ၊ ရပ်တည်နေသူတွေလည်း ရှိပါသည်။
ဒီနှစ်ပိုင်း ဆရာလင်းယုန်(ရှမ်းပြည်) (ကျွန်တော်တို့တပည့်တွေက တော့ “ဆရာရှမ်းဟုပဲ ခေါ်ကြပါသည်။ ဆရာနှင့် ရင်းနှီးသူများကတော့ ရှမ်းကြီး ဟု ခေါ်ကြ၏။) ထိုလေထန်ကုန်းတစ်ဝိုက်တွင် မတွေ့ရတော့သလောက် ဖြစ်သွား သည်။ တခြားကြောင့် မဟုတ်ပါ။ ကျန်းမာရေး ချို့ယွင်းမှုကြောင့်သာ။
၁၉၉၃ ခုနှစ်ထဲတွင် ဆရာရှမ်း ကျောက်ကပ်ရောဂါဖြင့် ဆေးရုံတက်ရ သည်ဟု ကြားကြားချင်း ကျွန်တော် ချက်ချင်းရောက်မသွားခဲ့ပါ။ ဆင်ခြေပေးသလိုဖြစ်သော်လည်း တကယ်ပါ။ ကိုယ့်ဘဝ အသက်ရှင်ရပ်တည်ရေး အတွက်(မည်သူမဆိုမပြောဝံ့ပါ)လူတိုင်းနီးပါး(အောက်ခြေမှလူတွေဆိုပိုမှန်မည်)အသေအလဲမဟုတ်တောင်အတော်ပြင်းပြင်းထန်ထန် ရုန်းကန်လှုပ်ရှားနေကြရ သည်။ဒါကြောင့်လူမှုရေးကိစ္စတွေမှာကျွန်တော်တို့တော်တော်များများ ပျက်ကွက်ခဲ့ကြရပါသည်။
သို့သော်လည်းတစ်ရက်တွင်တော့ရန်ကုန်ဆေးရုံကြီးကျောက်ကပ်အထူးကုဆေးရုံသို့ကျွန်တော်ရောက်သွားပါသည်။ ရောက်သွားပေမယ့် ဆရာဘယ်အထပ်၊ဘယ်အခန်းမှာ တက်ရောက်နေတယ် ကျွန်တော်မသိပါ။ အဲဒီကျောက်ကပ်ဆေးရုံကြီးရှေ့က ဓာတ်ခွဲခန်းမှာ စာရေးဆရာ မောင်ညိုပြာ (ဓာတ်ခွဲ ခန်းမှူး)ရှိနေသည်ဟု ဆိုသည်။ မောင်ညိုပြာနှင့်တွေ့လျှင် လိုက်ပို့လိမ့်မယ်ဟု လေထန်ကုန်းက ဘယ်သူလဲမသိပြောလိုက်သည့် သဲလွန်စတော့ ရှိသည်။
အဲဒီဓာတ်ခွဲဆောင်မှာ ဟိုမေးသည်မေးနှင့် ထိတ်လန့်ချောက်ချားစရာ ကောင်းသော လူပြတ်လပ်သည့် လှေကားအဆစ်ချိုးများမှတက်ကာ (သည် နေရာတွေမှာ ချောက်ချားထိတ်လန့်ဖွယ်ရုပ်ရှင်မျိုး ရိုက်ကူးလျှင် ကောင်းမည်ဟု ထိုစဉ်က ကျွန်တော်လှေကားမှတက်ရင်းတွေးနေမိတာကို ယခုပြန်သတိရသေးသည်။) ဆရာမောင်ညိုပြာရှိရာအခန်းကို ရောက်သွားသည်။ မောင်ညိုပြာမရှိပါ။အပြင်ခဏထွက်သွားသည်ဆို၍ချောက်ချားဖွယ် လှေကားအဆစ်အချိုးများကပြန်ဆင်းကာမြေညီထပ်အတက်အဆင်းအပြင်လှေကားငယ်တစ်ခု၏ဘောင်ပေါ်ထိုင် ပြီးကိုညိုပြာကိုပဲ စောင့်နေခဲ့ရသည်။
ကိုညိုပြာ တကယ်လို့ ဒီကို ပြန်ရောက်မလာဘူးဆိုရင် အချိန်လုကာ တကူးတကဆရာရှမ်းဆီလာခဲ့ရသော အစီအစဉ်ပျက်ပေတော့မည်။ ဒီလောက်ဆေးရုံကြီးမှာဦးမြင့်ဦး(ဆရာရှမ်းငယ်နာမည်ရင်း) ဘယ်အဆောင်၊ ဘယ်အခန်း၊ ဘယ်ခုတင်မှာ ရှိပါသလဲလို့ လိုက်မေးလို့ ဘယ်လွယ်မလဲ၊ ဦးမြင့်ဦးတွေက အများကြီးမဟုတ်လားဗျာ။
ထားပါတော့။ ကျွန်တော်အဲဒီမှာ ထိုင်ရင်းအားအားရှိသည်နှင့် ဝတ္ထုထဲကလို ဆရာရှမ်းအကြောင်းနောက်ကြောင်းပြန်တွေးခဲ့မိသည်။ (အဲဒီ တုန်းက တွေး၊ မတွေး ကျွန်တော်မမှတ်မိတော့ပါ။စာတစ်ပုဒ်ဖတ်ကောင်းအောင် အဲဒီလို ပဲ အကွက်ဆင် ရေးသားရတာပဲ။ ဒါပေမဲ့ ဒီနေရာမတွေလည်း တစ်နေရာရာမှာတော့ တွေးရမှာပါ။ ဒါပေမဲ့ အဲဒီအဖြစ်အပျက်တွေက တကယ့် အဖြစ်အပျက်တွေပါ။ ဒါမှလည်း ဆရာရှမ်းနှင့်ကျွန်တော်နှင့် ထိတွေ့မိရာ ဆရာ့ရုပ်ပုံ သို့မဟုတ် ဆရာ့စရိုက်ပုံ ပေါ်လာမယ် မဟုတ်လားဗျာ။
ဆရာရှမ်းကို ကျွန်တော် ပထမဆုံး တွေ့ဆုံခဲ့မိသည်မှာကျွန်တော်တို့ရပ်ကွက်ရှိမူလတန်းကျောင်းကလေးရဲ့ ဟောပြောပွဲမှာဖြစ်သည်။ အဲဒီတုန်းက ကျွန်တော်ကအင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် ကလေးမှာ နေထိုင်ခဲ့သည်။ ထိုနေ့ ဟောပြောပွဲက ပြည်ထောင်စုနေ့ အထိမ်းအမှတ်လား၊ အမျိုးသားနေ့အထိမ်းအမှတ်လားကျွန်တော် မမှတ်မိတော့ပါ။ ကျောင်းသားလေးတွေ ဆုပေးပွဲ နှင့် ဟောပြောပွဲ ပူးတွဲပြုလုပ်ဟန် ရှိပါသည်။ ထိုအချိန်က ထိုကျောင်းမှကျောင်းအုပ်မှာ ကဗျာဆရာမောင်လှိုင်သွင်(အင်းစိန်)ဖြစ်သည်။ ကဗျာဆရာကျောင်းအုပ်ဖြစ်တဲ့အတွက််ဒီလိုဟောပြောပွဲဖြစ်မြောက်လာတာဖြစ်မှာပေါ့။ဟောပြောပွဲမှာညဘက်ပြုလုပ်တာဖြစ်ပြီးကျောင်းရှေ့ကွက်လပ် လေဟာပြင် တွင် လုပ်တာလည်း ဖြစ်သည်။
သည်တုန်းကဟောပြောမည့်ဆရာများမှာ မောင်လှိုင်သွင်(အင်းစိန်)၊မောင်လင်းယုန်(ရှမ်းပြည်)နှင့် မုံရွာဝင်းဖေတို့ ဖြစ်ကြ၏။
ကျွန်တော့်မှာ ထိုစဉ်က ကြံခင်းဘိလပ်မြေစက်ရုံမှအုတ်စက်(တညင်းကုန်း)သို့ပြောင်းရွှေ့လာခါစဖြစ်သည်။ စာပေအပေါင်းအသင်း အသိအကျွမ်းလည်းအတော်နည်းသေးသည်။ သုဝဏ္ဏရန်ကုန်သစ်ဘက်ရှိ ကျွန်တော်တို့အုပ်စုလေးဖြစ်သောကိုထွေးညို(ပုသိမ်မောင်ထွေးညို)၊ကိုမြတ်လွန်း၊ကိုပေသီး၊ ကိုပိုက်ခြုံ၊ သဲအိမ်မောင်နေဝါစသည်တို့လောက်သာ ရှိပါသည်။ အင်းစိန်ဘက်မှာ တော့ သိပ်မရှိလှသေး။ကိုကြည်နိုင်၊ကိုတင်ငွေနှင့်ကိုစိုးညွန့်(စိုးမြင့်လတ်) တို့ လောက်သာ ရှိသေးသည်။
သို့သော်လည်း ကိုပေသီးတို့နှင့်ပတ်သက်ပြီး မုံရွာဝင်းဖေနှင့်ကတော့ ခင်မင်သိကျွမ်းနေခဲ့ရပါပြီ။ ထိုစဉ်က မုံရွာဝင်းဖေမှာ အင်းစိန်စာပေလုပ်သားအဖွဲ့၏အတွင်းရေးမှူးဖြစ်ပြီး ဆရာရှမ်းမှာ အမှုဆောင်ထဲပါနေပြီဟု ထင်ပါသည်။ မောင်လှိုင်သွင်(အင်းစိန်)မှာလည်း အမှုဆောင်ဟု ထင်ပါသည်။ ကျွန်တော်ကစာပေလုပ်သားအဖွဲ့ကိုဝင်ခါစ ဖြစ်မည်။ ကိုဝင်းဖေနှင့် ဆက်သွယ်ပြီး ဝင်ခဲ့ခြင်း ဖြစ်သည်။
ဟောပြောမည့် စာရေးဆရာများက မီးရောင်ထိန်ထိန်လင်းသော စင်ပေါ် တွင် နေရာယူပြီးဖြစ်သည်။ ထိုစဉ်က ဆရာရှမ်းကို စင်ပေါ်မှာ ပထမဆုံးတွေ့ဖူးသော်လည်း ဆရာရှမ်း၏စာများနှင့် ကျွန်တော်တို့ ရင်းနှီးပြီး ဖြစ်သည်။အထူးသဖြင့်ဆရာရှမ်း၏ကဗျာများနှင့်ဂျက်လန်ဒန်၏ဝတ္ထုကိုဘာသာပြန်ထုတ်ဝေသောစွမ်းသူ့အားမာန်”ငုယင်ဗန်ထရွိုင်းနှင့်ပင်ကိုရေးပြဇာတ်များဖြစ်သော‘အားသစ်အင်သစ်စွမ်းမာန်သစ်”'ပွင့်ဦးမြေခကြွေလွင့်ရပြီ” လုံးချင်းများနှင့်မောင်တင်မြိုင်(အင်းလေး)နှင့် ပူးတွဲထုတ်ဝေသော ရှမ်းရိုးမကဗျာများ” လုံးချင်း စာအုပ်။ ကျွန်တော်တို့ခေတ်က အတော်နာမည်ကြီးခဲ့သော စစ်မုန်းသူကဗျာများ စုပေါင်းကဗျာစာအုပ်(ထိုကဗျာစာအုပ်ကို ယခုအခါ ဂျပန်၊ အင်္ဂလိပ်ဘာသာများသို့ ပင် ပြန်ဆိုခဲ့ပြီး ဖြစ်သည်။) စသည်တို့ဖြစ်သည်။ လူမမြင်မီကပင်ကျွန်တော် လေးစားချစ်ခင်သော စာရေးဆရာ၊ ကဗျာဆရာကို မျက်ဝါးထင်ထင် မြင်နေရ၏။
ဆရာ့ရုပ်ရည်ကလည်း ထူးခြားဆွဲဆောင်မှုရှိနေပါသည်။ မောင်လင်းယုန်(ရှမ်းပြည်)ဆိုသည့်အတွက် ရှမ်းတိုင်းရင်းသားဖြစ်မည်ဟုလည်း ကျွန်တော် ခန့်မှန်းနေခဲ့သည်။ စကားပြောတော့ ဝဲတဲတဲပါ။
ကျွန်တော်ပရိသတ်ထဲမှငေးမောရင်း ကိုဝင်းဖေနှင့်ဆရာ့ကိုနှုတ်ဆက်ရင်ကောင်းမလားဟုတွေးလာမိသည်။ နှုတ်ဆက်ချင်သည်။ ဆရာရှမ်းကို နှုတ်ဆက်ချင်သည်။ ကျွန်တော်စင်ဘေးသို့လူအုပ်ကြားမှတိုးဝှေ့သွားကာ ကိုဝင်းဖေကို နှုတ်ဆက်လိုက်ပါသည်။ ကိုဝင်းဖေကလည်း ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ပြန်လည်နှုတ်ဆက်ကာ ဆရာရှမ်းနှင့်မိတ်ဆက်ပေးခဲ့သည်။ ဆရာက ကျွန်တော့်ကိုအသေအချာသတိထားမိဟန်မရှိပါ။ကျွန်တော့်မှာလည်း ထိုစဉ်ကတစ်နှစ်မှ တစ်ပုဒ်စ၊နှစ်ပုဒ်စ ဝတ္ထုတိုလေးများသာရေးသားသူမို့ စာဖတ်သူများမပြောနှင့် စာပေနယ်က ပုဂ္ဂိုလ်များပင် သိပ်မသိကြသေးပါ။ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော့်စာရေးသက်မှာ ၁၀ နှစ်ကျော်ခန့် ရှိနေခဲ့သည်။ “ကန္တာရ ရေကြည်တစ်ပေါက်” လုံးချင်းဝတ္ထုကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။
ထိုနေ့က ဆရာ ဘာတွေဟောပြောသည်ကိုကျွန်တော်မမှတ်မိတော့ပါ။ဟောပြောပွဲမပြီးမီလည်းကျွန်တော် အိမ်ပြန်ခဲ့သည်။ ဆရာရှမ်းကို ကျွန်တော်မြင်တွေ့ခဲ့ရ၊ သိကျွမ်းရသဖြင့်ကျွန်တော်ပီတိဖြစ်ခဲ့သည်ကိုတော့မှတ်မိနေပါသည်။
နောက်တော့ ဆရာနှင့် စာပေလုပ်သားအဖွဲ့ အစည်းအဝေးတွေမှာ ဆုံဖြစ်သည်။ တစ်ခါ နှစ်ခါဆုံပြီးတော့ ရင်းနှီးသွားပါသည်။ ပထမဆုံး ဆုံစဉ် ကတည်းက ဆရာက ကျွန်တော် ဘာလုပ်နေသလဲ၊ ဘာမှာနေသလဲမေးရင်း သူအင်္ဂလိပ်စာသင်တန်းကလေးတစ်ခုဖွင့်ထားကြောင်း၊ အင်္ဂလိပ်စာအဖတ်နှင့် ဘာသာပြန်ဖြစ်ကြောင်း၊တစ်ပတ်မှာ နှစ်ရက် (စနေ၊တနင်္ဂနွေ)ဖြစ်ကာညနေပိုင်းဖြစ်ကြောင်း၊ ရုံးဝန်ထမ်းများ၊ အလုပ်သမားများ၊ ဘွဲ့ရပြီးနှင့်သက်ကြီး ပညာရှင်များ။ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ သတင်းစာ စသည်ဖြင့် သင်ရိုးညွှန်း တမ်းမရှိဘဲ အလျဉ်းသင့်သလို သင်သွားမှာဖြစ်ကြောင်း။
“ခင်ဗျားတို့ တညင်းကုန်းဘက်ကတက်ချင်တဲ့ ဝန်ထမ်းတွေရှိရင်လည်းပြောလိုက်ပါ။ ကျွန်တော်က ခင်ဗျားတို့လို စာပေသမားတွေကို တက်စေချင်တာ”
ဆရာကစေတနာနှင့် တိုက်တွန်းနေတာကို ကျွန်တော်နားလည်သဘောပေါက်သည်။ သို့သော်လည်းပထမတော့ကျွန်တော်စိုးရွံ့နေပါသည်။ကျွန်တော်ကဆယ်တန်းမအောင်ပါ။အင်္ဂလိပ်စာလည်းအတော်ညံ့ပါသည်။ညံ့တယ်ဆိုတာထက် ကြောက်ကိုကြောက်နေတဲ့အဆင့်ထဲ ပါပါသည်။ ဒါပေမဲ့ ကျွန်တော် အတော်လေးစဉ်းစားသည်။ ကျွန်တော်အင်္ဂလိပ်ဝတ္ထုတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေအရမ်းဖတ်ချင်ပါသည်။ ရေရေလည်လည်နားလည်ချင်သည်။
ကျွန်တော့်ဘဝမှာ အင်္ဂလိပ်စာနှင့်ပတ်သက်လို့ သင်ခန်းစာတစ်ခုရဖူး သည်။ အင်္ဂလိပ်စာ ရေရေလည်လည် မဖတ်နိုင်လို့ ကြေကွဲခဲ့ရဖူးသည်။
နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် ဆရာ့အင်္ဂလိပ်စာသင်တန်း တက် ကြည့်မည်။ လိုက်နိုင်လျှင်အဆင်ပြေလျှင် ဆက်တက်မည်။ အဆင်မပြေ မလိုက်နိုင်လျှင် နောက်ဆုတ်လိုက်မည်။ သို့သော်လည်း တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ် မတက်ဖြစ်သေး။ ဆရာနှင့် ဒုတိယအကြိမ်ထပ်ဆုံမှ...
“ခင်ဗျား သင်တန်းလည်း လာမတက်ပါလား”
ဆရာ့လေသံမှာ ကရုဏာသံပါသည်။ စေတနာအပြည့် ရှိသည်။ ဆရာက ကျွန်တော့်ကို စိုက်ကြည့်နေသော မျက်လုံးများမှာ ရိုးသားနူးညံ့သိမ်မွေ့ နေပါသည်။
အနည်းဆုံးလာထိုင်နေရင်တောင်ခင်ဗျားအတွက်ဗဟုသုတတိုးမှာပါ။ခင်ဗျားသင်တန်းသားအဖြစ်မဟုတ်ဘဲ လေ့လာသူအဖြစ် လာခဲ့ပါလား။