Skip to product information
1 of 3

Other Websites

မောင်ဆုရှင် - ၂၁ရာစုလူမူ၀ေါဟာရများ(၄)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အက်ဒရီနာလင်

Adrenalin

“အက်ဒရီနာလင်” ဟာ အသုံးအနှုန်း အဓိပ္ပာယ်ပါတဲ့ တြိယာာဝေါဟာရ မဟုတ်ဘဲ နာမ် ဝေါဟာရ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ဆေးပညာကို နီးစပ် တီးခေါက်မိသူတွေက “အက်ဒရီနာလင်” ဆိုတဲ့အမည်ကို ထည့်ပြီး သုံးကြလေ့ ရှိပါတယ်။ အင်္ဂလိပ်ဘာသာ ဝတ္ထု ဇာတ်လမ်းတွေမှာလည်း သူ့ကို သုံးလေ့ရှိပါတယ်။ “အက်ဒရီနာလင်”ဟာ စိတ်အနေနဲ့ ဆက်စပ် နေတာပေါ့။ ကိုယ်တွင်း ဇီဝဖြစ်စဉ်နဲ့လည်း ပတ်သက်ဆက်နွယ်နေပါ တယ်။

ကျွန်တော်တို့ လူထုသိပ္ပံစာပေများကို ဖတ်စက အင်္ဂလိပ်ဘာသာ ကျွမ်းကျင်တဲ့ မိတ်ဆွေကြီးတစ်ဦးက ပြောတာနဲ့ “အက်ဒရီနာလင်”ဆိုတဲ့ ဝေါဟာရကို နားစွဲမိတာ ဖြစ်ပါတယ်။ သူက “ကျုပ်မှာ အက်ဒရီနာလင်တွေ ဆောင့်တိုးသွားတာပဲ” လို့ အင်္ဂလိပ်ဘာသာနဲ့ ပြောပါတယ်။ ဒီလို

ဆောင့်တိုးသွားတဲ့ အကြောင်းရင်းကိစ္စကိုတော့ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ သူဟာ စိုးရွံ့ ထိတ်လန့်စရာရှိလို့လား၊ ဒေါပွစရာရှိလို့လား တစ်ခုခုပါပဲ။

တကယ်တော့ “အက်ဒရီနာလင်”ဟာ သွေးထဲမှာရှိတဲ့ ဟော်မုန်း ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီဟော်မုန်းကိုက Adrenal Medulla စိတ်ဖိစီးအားကြောင့် ထုတ်လွှတ်ပါတယ်။ နို့တိုက်သတ္တဝါတွေမှာ အင်ဒိုကရင်းဂလင်းအကျိတ်က ပေါ်ထွက်ပါတယ်။ ဒီအကျိတ် ဂလင်းများဟာ ကျောက်ကပ်ရဲ့ အထက်မှာ တစ်စုံရှိပါတယ်။ သူတို့ရဲ့ အပြင်လွှာ Cortex ကနေ ထုတ်ပေးပါတယ်။ သူတို့ဟာ “အက်ဒရီနာလင်”နဲ့ “ဒိုရာဒီနာလင်” တို့ကို ထုတ်လုပ်ပေးပါတယ်။ ကိုယ်တွင်း သွေးလှည့်ပတ်တဲ့နေရာမှာပုံမှန်ရှိတာမဟုတ်ဘဲ စိတ်အနေအပြင်းအပျော့ပေါ်မူတည်ပြီး အတက်အကျရှိပါတယ်။ သူ့ကို ဘယ်လိုဟာမျိုးလို့ ဓာတ်ခွဲခန်းစနှစ်မျိုးနဲ့ ဂဃနဏသိနိုင်မှာ ဖြစ်ပေမဲ့ ကိုယ်ထဲမှာ “အက်ဒရီနာလင်”တက်ရင် ခံစားရတဲ့ အခြေအနေမျိုးကို တွေးကြည့်လို့ရပါတယ်။ အရပ်ပြော ပြောရရင် “ထူပူ သွားတာပဲ”၊ “စိတ်ထဲမှာ ဒိုင်းခနဲဖြစ်သွားတာပဲ”၊ “ထောင်းခနဲ ဖြစ်သွား တာပဲ” ဆိုတဲ့ အခြေအနေမျိုးပါပဲ။

တစ်နည်းအားဖြင့်တော့ ကိုယ်ကို စိတ်ကလွှမ်းမိုးတဲ့ လက္ခဏာ တစ်ရပ် ထင်ရှားသွားတာ ဖြစ်ပါတယ်။ ဒေါသဖြစ်တယ်၊ အားငယ်တယ်။ ကြံရာမရဘူးဆိုတဲ့ စိတ်အခြေအနေတွေရဲ့ လက္ခဏာပါပဲ။ စိတ်တည်ငြိမ်ရင် “အက်ဒရီနာလင်”လည်း ငြိမ်နေနိုင်ပါတယ်။ စိတ်ရှုပ်ရင် “အက်ဒရီ နာလင်” အစွမ်းပြပြီပေါ့။

သူ အစွမ်းပြပြီဆိုရင် နှလုံးခုန်က မြန်လာပြီ၊ သွေးဖိအားကတိုးလာပြီ၊ အသည်းထဲကသိုလှောင်ထားတဲ့ ဂလိုင်ကိုဂျင်သကြားဓာတ်ကို ၊ သွေးထဲကို ထုတ်လွှတ်ပြီဆိုတဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။ အရေး ကြုံတော့ သက်လုံကောင်းအောင် ခန္ဓာကိုယ်ကိုလုပ်ပေးတယ်လို့ တစ်နည်း ဆိုနိုင်ပါတယ်။ “အက်ဒရီနာလင်”ဟာ ဦးနှောက်ထဲမှာလည်း နယူရိုထရန် စမစ်တာဆိုတဲ့ အာရုံလှုံ့ဆော်တဲ့ လက်သည်ဖြစ်စရာ ရှိတယ်လို့ ယူဆကြ ပါတယ်။

“အက်ဒရီနာလင်”ကို အကြောင်းပြုပြီး သူပေါ်ထွက်ရာ အက်ဒရီ နယ်ကော်တက် ပျက်သွားတဲ့အတွက် အက်ဒီဆင်ရောဂါ (Addison's Disease) စိတ်ရောကိုယ်ပါ အားယုတ်တဲ့ရောဂါမျိုး ဖြစ်ရတယ်။ ကူရှင် ရောဂါ(Cushing's Disease)ဆိုတဲ့ ဇီဝ ဖြစ်စဉ်နဲ့ လိင်မှုအပြောင်းအလဲ ရောဂါမျိုး ဖြစ်ရတယ်။ ခြုံပြီးပြောရရင် အရင်းခံလက်သည် အင်ဒိုကရင်း စနစ်(Endocrine System)ဟာ အာရုံကြောစနစ်နဲ့ ခန္ဓာကိုယ် အလုပ် လုပ်ပုံတို့ကို ဆက်စပ်ပေးတဲ့ ဆက်သွယ်ရေးဗဟိုချက်တစ်ခု ဖြစ်ပါတယ်။

သိပ္ပံဝေါဟာရအသုံးအနှုန်းတွေ ကွဲပြားကြရာမှာ “အက်ဒရီနာလင်”ကို အမေရိကန်နိုင်ငံမှာ အက်ပီနီဖရင်း(Epinephrine) လို့ သုံးနှုန်းကြ ပါတယ်။ အမျိုးအစားက မကွဲပြားပါဘူး။ အခေါ်အဝေါ်သာကွဲတာ ဖြစ်ပါတယ်။

သူ အပါအဝင် အဆက်အစပ်ရှိတဲ့ ဟော်မုန်းဒြပ်ပေါင်းတွေဟာ အာရုံကြောစနစ်ကို အမျိုးမျိုးထောက်ကူနေတဲ့ ဇီဝပစ္စည်းများ ဖြစ်ကြပါ တယ်။ “အက်ဒရီနာလင်” အပါအဝင် သူတို့ဟာ အရေးပေါ်ပစ္စည်းတွေလို့ ဆိုနိုင်ပါတယ်။ ပူတာ၊ အေးတာ၊ ပင်ပန်းတာ၊ ထိတ်လန့်တာတို့ အတွက် ခုနပြောသလို “သက်လုံ’ဓာတ်ပါပဲ။ ဒါပေမဲ့ ခဏခဏ ထုတ်သုံးနေရရင်တော့ ဂနာမငြိမ်စရာ ဖြစ်နေတော့မှာပဲ။ ဒီပစ္စည်းတွေကို ဖန်တီးပြီး တမင်တိုက်ကျွေးရတဲ့ ရောဂါများကတော့ ရင်ကျပ်တာ၊ ပန်းနာထတာ၊အဆုတ်လေပြွန် ဆို့တာတွေအထိ ပါဝင်ပါတယ်။

ဝိတက်၊ ဝိစာရများတဲ့ နေ့စဉ်လောကမှာ “အက်ဒရီနာလင်” ကိုတစ်နည်း အားကိုးချင်စရာ ဖြစ်ရပါတယ်။

 

အမေချာ

 Amatuer

“အမေချာ”ကို “အမေတာ”လို့လည်း အသံထွက်ပါတယ်။ ဒီဝေါဟာရက အခကြေးငွေနဲ့အသက်မွေးတာမဟုတ်တဲ့အဓိပ္ပာယ်ရှိတဲ့အတွက်အပျော်တမ်း ဒါမှမဟုတ် ဝါသနာရှင်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီဝေါဟာရရဲ့ ဆန့်ကျင် ဘက်ကို ပရိုဖက်ရှင်နယ်(Professional)ဆိုတဲ့ စကားရဲ့ အတိုကောက် ဖြစ်တဲ့ ပရို(Pro)လို့ အခုသုံးနေကြပါတယ်။ စကားလုံးဝေါဟာရတစ်ခု တွင်ကျယ်ပြီး လူတိုင်းပါးစပ်ဖျားကို ရောက်သွားတဲ့အခါမှာ ခုလိုပဲ အသုံး အနှုန်း အသံထွက် ပြောင်းတတ်ပါတယ်။ ပြောသူတို့ရဲ့ လျှာနဲ့ အာနဲ့ အဆင်ပြေအောင်ရယ်၊ အချိန်ကုန်သက်သာအောင်ရယ်၊ အတိုပြောလို့လည်း နားလည်သဘောပေါက်နိုင်တာရယ်ကြောင့် ဖြစ်ပါတယ်။

“အမေချာ ́ကို ဝါသနာရှင်လို့ သုံးရသလိုပဲ အကွက်ဆိုက်တဲ့အခါ မှာ “လက်သင်”ဆိုတဲ့ သဘောနဲ့လည်း သုံးကြပါတယ်။ လက်သင်ဆိုတာ မနူးမနပ် စိမ်းဆတ်ဆတ်ဆိုတဲ့ စကားရပ်မျိုးလည်း ပေါက်နိုင်ပါတယ်။ ဝါနုသေးတယ်၊ ပညာနုသေးတယ်ဆိုတဲ့ အဖြစ်ကို ဖော်ပြနေပါတယ်။ နှိမ်ပြောချင်တဲ့အခါမှာလည်း သုံးကြသပေါ့။ ကိုယ့်ကိုယ်ကိုယ်ပြောတဲ့ ကိစ္စမှာလည်း တရားရှိသူများက “ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်အောင်မြောက်ခဲ့”ဆိုတဲ့ အဖွဲ့အနွဲ့ မျိုးနဲ့ သံဝေဂယူကြပါသေးတယ်။

ဒါပေမဲ့ လုပ်ငန်းတစ်ခု၊ ပညာတစ်ရပ်မှာတော့ ဝါသနာရှင် သက်သက်နဲ့ချည်း စကြရတာဟာ အစဉ်အလာပါပဲ။ အားကစားတို့၊အနုပညာကိစ္စတို့မှာ ဝါသနာရှင် အဖြစ်ကနေပြီးမှ “ပရို” ဖြစ်သွားကြပါ တယ်။ ဒီအလုပ်နဲ့ အသက် မွေးတယ်ပေါ့။ ကြေးစားပေါ့။ တချို့များကျတော့ ကြေးစားအဆင့်ကို မရောက်ဘဲနဲ့ ဝါသနာရှင်အဖြစ်နဲ့ပဲ နေကြလုပ်ကြတာတွေ ရှိပါတယ်။ ဥပမာပြောရရင် ခြေလျင်တောင် တက်သမား တို့လို၊ တံဆိပ်ခေါင်းစုတာ၊ ပိုက်ဆံပြားစုတာ၊ လိပ်ပြာတို့၊ ပိုးကောင်တို့ အမျိုးမျိုး စုတာမျိုးအထိ ဖြစ်ပါတယ်။ ဝါသနာကို အရင်းတည်ပြီး လုပ်ကြတဲ့ လုပ်ငန်းတွေပါ။ ကံကောင်းထောက်မတဲ့ အခါမျိုးမှာတော့ ဒီဝါသနာကြောင့် ငွေကြေးဆုလာဘ်မျိုး ရကြတာတွေလည်း အနည်းအပါး ရှိပါတယ်။

“ဝါသနာရှင်”မဟုတ်တဲ့သူတွေကို “ပညာရှင်”လို့ အတန်းအစားပိုင်းခြားသတ်မှတ်တဲ့ စနစ်မျိုးလည်း ရှိပါတယ်။ ပညာရှင်ကိုတော့ ကြေးစားအဖြစ်၊ အသက်မွေးဝမ်းကျောင်းသူအဖြစ် အမြဲတမ်းခေါ်ချင်မှ ခေါ်လို့ ရတော့တာမျိုး ရှိပါသေးတယ်။ သူက ဝါသနာအရ အလေ့အထ ရင့်မာ ပြည့်ဝနေတဲ့သူမျိုး၊ ပညာရှင်တို့အလယ်မှာ အခါအခွင့်ကြုံကြိုက်သလို ပွဲတိုးဖူးတဲ့လူမျိုး ဖြစ်ပါတယ်။

ဝါသနာရှင်နဲ့ ပညာရှင်ဆိုတဲ့ အသုံးအနှုန်းအပြင် ပညာရှိဆိုတဲ့ အသုံးအနှုန်းလည်း ခေတ်စားခဲ့ဖူးပါတယ်။ ခုအခါမှာတော့ ဒီလိုတိုက်ရိုက် သတ်မှတ်ကြလေ့ မရှိတော့ပါဘူး။ ဘာပြုလို့လဲဆိုရင် ထွန်းကားလာတဲ့ ပညာရပ်တွေကများ၊ ဝိဇ္ဇာနဲ့သိပ္ပံမှာ ဂိုဏ်းခွဲတွေက ပွားများလာ၊ ပညာရပ်တွေကရပ်တန့်မနေဘဲ အသစ်အသစ် တိုးတက်ဖြစ်ထွန်းလာတာလည်း ရှိ ဆိုတော့ လူတစ်ယောက်တည်းက အကုန်သိ၊ အားလုံးသိတော့ မဖြစ်နိုင်တဲ့ ခေတ်ဖြစ်ပါတယ်။ ဒါကြောင့် ပညာတစ်ရပ်မှာ ကျွမ်းကျင်ရင် “စပယ်ရှယ်လစ်”၊ ပညာအများမှာ နည်းနည်းနဲ့ စပ်စပ်စပ်စပ်သိရင် “ဂျင်နရယ်လစ်”ဆိုပြီး တစ်မျိုးသုံးကြရပြန်တယ်။

“ပညာရှိ” အသုံးနဲ့ပတ်သက်ပြီး တစ်ခုပြောစရာတော့ ကျန်ပါတယ်။ ပညာနယ်ပယ် ကိစ္စမဟုတ်ဘဲနဲ့ ဖြစ်ပျက်ကြုံကြိုက်ရတဲ့ အခြေအနေမျိုးမှာ ဒါဆိုရင် ဘယ်လိုလုပ်၊ ဒီလိုဆိုရင် ဘယ်လိုလုပ် ဆိုပြီး လုပ်ရပ်မှန်ကန် အောင် အကြံဉာဏ်ပေးနိုင်တာ၊ ပြဿနာတစ်ခုကို လက်ငင်းအဖြေရှာ

သုံးသပ်နိုင်တာကို ဆိုလိုပါတယ်။ နိုင်းယှဉ်ပြီး သာဓကတင်ရရင် ဒဏ္ဍာရီ ပုံပြင်တွေထဲမှာ ယုန်ပညာရှိ၊ ဇီးကွက်ပညာရှိဆိုပြီး သုံးနှုန်းတွင်ကျယ်နေတဲ့ ကိစ္စပါ။ ဒီသတ္တဝါနှစ်ဦးဟာ နိုင်ငံတကာပုံပြင်တွေထဲမှာတော့ ဇာတ်လိုက် ကြီးတွေပေါ့။ “အမေချာ”ဖြစ်တဲ့ ဇာတ်ကောင်မျိုးအဖြစ် ပါလေ့ပါထ နည်းတတ်ပါတယ်။

“ပုဏ္ဏားပညာရှိ”လို့ဆိုတဲ့ အသုံးအနှုန်းကလည်း ရှေးဟောင်းပုံပြင် တွေထဲမှာ “မင်းမသိဗြဟ္မဒတ်၊ ပြည်မသိဗာရာဏသီ” လို့ နှောင်းလူတွေ ပြောကြသလိုပါပဲ။ ပုဏ္ဏားဆိုရင် ဗြဟ္မဏတို့ရဲ့ ကျင့်စဉ်အမြင်နဲ့ အခါပေး။ အကြံပေးလုပ်တဲ့အကြောင်းကို နီတိပုံပြင်တွေထဲမှာ ဖော်ပြလေ့ရှိပါတယ်။

စာပေဟောပြောပွဲတချို့မှာ ကျွန်တော်တို့ခေတ်အမြင်နဲ့ ပြောမိတာ ကတော့ “ခုခေတ်ပညာရှိဟာ ခေါင်းပေါင်းဖော့လုံး ဝတ်ဆင်ရတာမျိုး မဟုတ်တော့ဘူး၊ မျက်နှာလေးထောင့်စပ်စပ်ကြီးနဲ့ပါပဲ” လို့ ကွန်ပျူတာကို ရည်ညွှန်းပြီး ပြောမိပါတယ်။ ကွန်ပျူတာဟာ သာမန်မှတ်ဉာဏ်မျိုးမှာ

လူထက်ကောင်းပေမဲ့ လွယ်လွယ်နဲ့ အကျိုးသင့်အကြောင်းသင့်လုပ်ရမယ့်လုပ်ငန်းများကိုတောင် သင်ထားပေးမှ အဖြေတောင်းနိုင်ပါတယ်။

ဒါပေမဲ့ ဒီခေတ်မှာ သိရှိစရာ၊ မှတ်သားစရာ၊ လေ့လာစရာတွေ အဆမတန် များလာတာတော့ အမှန်ပါပဲ။ ဒီ “အမေချာ”ဆိုတဲ့ ဝေါဟာရအကြောင်းပြောရာမှာတောင် သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အရည်အသွေးတွေ အကြောင်း ရောက်ရောက်သွားပါတယ်။ ဒီတော့ ဝါသနာကိုအရင်းတည်ပြီး “အမေချာ” ဘဝမှာပဲ မွေ့လျော်ရင်ဖြစ်ဖြစ်၊ သမ္ဘာရင့်သန်လာပြီး “ပရို” အဖြစ်ကို ကူးပြောင်းရင်ပဲဖြစ်ဖြစ် လေ့လာလိုက်စားမှုမှာ လှေကားနှစ်ထစ် ရှိနေတယ်လို့ ထင်မိပါတယ်။ ဒီလှေကားနှစ်ထစ်မှာ တစ်ထစ်နဲ့တစ်ထစ် ကွာလှမ်းလှတယ်ဆိုရင် ဆိုလောက်ပါတယ်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)