Skip to product information
1 of 4

Other Websites

မောင်စူးစမ်း - ဂလိုဘယ်လိုင်ဇေးရှင်းခေတ်အိုင်ဒီယာစီးပွါးရေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

တိမ်းညွတ်ချက်ငါးပါး

 

ကုန်သွယ်ရေး(trade)သည် ဂလိုဘယ်လိုက်ဇေးရှင်း(globalization) ကို မောင်းနှင်နေသောအင်ဂျင်မဟုတ်။ တက္ကနိုလိုဂျီတို့ကသာ ဂလိုဘယ်လိုက်ဇေးရှင်းကို မောင်းနှင်နေသော အဓိက အင်ဂျင်ဖြစ်သည်ဟုဆိုသော ကောက်နုတ်ချက်ကို ဗဟိုပြု၍ စာရေးသူသည် စစ်ကိုင်း သမဝါယမကောလိပ်တွင် ခေတ်သစ် စီးပွားရေးအမြင်တို့ကို ဟောပြောခဲ့ပါသည်။ စာရေးသူနှင့်အတူ ဟောပြောသူမှာ အငြိမ်းစားပါမောက္ခ ခင်မောင်သန်း(စိတ်ပညာ) ဖြစ်သည်။

 

ကုန်သွယ်ရေးနှင့် တက္ကနိုလိုဂျီတို့၏ ကိုယ်စီစွမ်းပကားတို့ကို အကျဉ်းမျှ နှိုင်းယှဉ်ပြပြီးနောက် တက္ကနိုလိုဂျီ အံမခန်း ဖွံ့ဖြိုးတိုးတက်မှု၏ ပုံသဏ္ဍာန်တို့ ကို စာရေးသူ ကရှင်းပြရင်း တက္ကနိုလိုဂျီ တိုးတက်ပြောင်းလဲမှုနှင့် ပတ်သက်၍ တိမ်းညွတ်ချက် ငါးပါးအကြောင်း ဆက်လက် ရှင်းပြပါသည်။ ၎င်းတို့မှာ (၁) ကဏ္ဍတိုင်းသို့ ကွန်ပျူတာစနစ်ပျံနှံ့သွားခြင်း(computerization) ၊ (၂) ဆက်သွယ်ရေး၌ တယ်လီဆက်သွယ်ရေးကို ခေတ်မီအောင် အပြိုင်ပြုလုပ်ကြခြင်း (Innovation in telecommunication) ၊ (၃) တက္ကနိုလိုဂျီဖြစ်စဉ်တို့ကို ပိစိကွေး သေးသေးလေးတို့ဖြင့် တီထွင်ခြင်း (miniaturization) ၊(၄) တက္ကနိုလိုဂျီ ဖြစ်စဉ်တို့ကို ကျုံ့ပစ်ခြင်း (compression) ၊ (၅) တက္ကနိုလိုဂျီတို့ကို ဒစ်ဂျစ်တို့ ဖြင့် တီထွင်ခြင်း

 

ဒီမိုကရေစီဆန်ခြင်း သုံးပါး

 

ဤတိမ်းညွတ်ချက် ငါးပါးဖြင့် တက္ကနိုလိုဂျီတို့ ဖွံ့ဖြိုးတိုးတက်လာသော အခါ အလွန်အရေးကြီးသော အကျိုးသက်ရောက်မှုသုံးရပ် ဖြစ်ပေါ်လာပြန် သည်။ ၎င်းတို့မှာ တက္ကနိုလိုဂျီ ဒီမိုကရေစီဆန်လာခြင်း (democratization of technology) (၂) ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးပိုင်းတွင် ဒီမိုကရေစီ ဆန်လာခြင်း (democratization of finance)နှင့် (၃) သတင်း အင်ဖော်မေး ရှင်းပိုင်းတွင် ဒီမိုကရေစီဆန်လာခြင်း (denomatization of inforciation) တို့ဖြစ်သည်။

 

တက္ကနိုလိုဂျီ ဒီမိုကရေစီဆန်လာသည် ဆိုသည့်သဘောမှာ လူတိုင်း လို လိုက တက္ကနိုလိုဂျီတို့ကို အသုံးပြုခွင့် ရလာခြင်းကို ရည်ညွှန်းသည်။ ဥပမာ ဆဲလ်ဖုန်းဆိုလျှင် ယခုအခါ မြို့ရောတောပါ နေရာတိုင်း၌ အသုံးပြုနိုင်သည်။ ကမ္ဘာအနှံ့မှ သန်းပေါင်းများစွာသော လူတို့အချင်းချင်း အဆက်အသွယ်များစွာ ရှိလာသည်။ သတင်းအင်ဖော်မေးရှင်း၊ ဗဟုသုတပညာ၊ ငွေအသပြာ၊ မိသားစု ဓာတ်ပုံ၊ တေးဂီတ၊ ရုပ်မြင်သံကြားအခွေ စသည်တို့ကို လွယ်လွယ်ကူကူ ဖလှယ် နိုင်ကြသည်။ တစ်နည်းပြောရလျှင် ကျယ်ကျယ်ပြန့်ပြန့် အဆက်အသွယ်၊ အချိတ်အဆက် well connected ရှိလာခြင်းပင် ဒီမိုကရေစီဆန်လာသော လက္ခဏာ ဖြစ်သည်။

 

ငွေရေးကြေးရေး ဘဏ္ဍာရေးပိုင်း၌ ဒီမိုကရေစီဆန်လာခြင်း၏ ပြယုဂ်မှာ ဘဏ်တိုက်ကြီးတို့က ဘဏ္ဍာရေးလောကကို လက်ဝါးကြီးအုပ်ထားမှုသည် ပြို ကျသွားခြင်း ဖြစ်သည်။

ဘဏ္ဍာရေးလောကထဲ၌ ဘဏ်တို့မှသာ မဟုတ်။ ဘဏ်မဟုတ်သောအခြားအဖွဲ့ အစည်းတို့ထံမှလည်း ငွေကြေးများ ချေးငှားလာနိုင်သည်။ အရာရာကို အာမခံစာချုပ်များအသွင် (အစုရှယ်ယာ၊ ဘွန်း စသည့် လဲလှယ်ခွင့်ရှိသော စာရွက်များ commercial papers အသွင်) ပြောင်းလဲနိုင်ကြသည်။ securitization ဟု ခေါ်သည်။

 

ဘဝအခြေခံများပြောင်းလဲ

 

သတင်း အင်ဖော်မေးရှင်းပိုင်း၌ ဒီမိုကရေစီဆန်လာခြင်း အကြောင်းမှာ ရှင်းသည်။ လူထုအများအပြားသည် သတင်း အင်ဖော်မေးရှင်းတို့ကို ဘုံဘောလအော ရရှိနိုင်နေကြသည်။ ဂြိုဟ်တု ရုပ်မြင်သံကြား၌ ချဲနယ်လိုင်းပေါင်း ၅၀၀ ခန့်ရှိလာရာ မည်သည့်အင်ဖော်မေးရှင်း၊ မည်သည့်ပညာမဆို လွယ်လွယ် ကူကူရရှိလာနိုင်ပြီး ဗီဒီယို၊ ဒီဗီဒီ (DVD) အခွေတို့ဖြင့် အစားထိုးလာသဖြင့် သတင်း အင်ဖော်မေးရှင်းတို့ကို ကိုယ်နှင့်အတူ လိုရာသယ်သွားနိုင်သည်။

 

အထက်ဖော်ပြပါ ဒီမိုကရေစီဆန်မှု သုံးပါးအကြောင်းကို ထပ်မံ၍ ချုံ ပြီး ပြောရလျှင် ဤသုံးပါးကြောင့် (၁) ကျွန်တော်တို့ ဘယ်လို ဆက်သွယ်ကြ မလဲ (How we communicate) ဆို သောအပိုင်း၌ လည်းကောင်း (၂) ကျွန်တော်တို့ ဘယ်လို ရင်းနှီးမြှုပ်နှံသလဲ (How we invest) ဆိုသောအပိုင်း ၌ လည်းကောင်း (၃) ကျွန်တော်တို့ ဘယ်လိုသတင်းကို ရရှိသလဲ (How we gather Information) ဆိုသောအပိုင်း၌ လည်းကောင်း အကြီးအကျယ် ပြောင်းလဲသွားသည်။ ဘဝအခြေခံအတွင်း အကြီးအကျယ် ပြောင်းလဲမှုတို့ပင် ဖြစ်သည်။

 

ဤအချက်တို့ကြောင့် ဂလိုဘယ်လိုက်ဇေးရှင်း၏ ပုစ္ဆာတစ်ပုဒ်သည်လည်း ပြောင်းလဲသွားသည်။ စစ်အေးခေတ်တုန်းက အလေးချိန်(weight)က အဓိက စကားပြောသည်။ ခင်ဗျားဗုံးက ဘယ်လောက်ကြီးသလဲ၊ ခင်ဗျား ဒုံးပျံက ဘယ်လောက် ကြီးသလဲဟု မေးခဲ့ကြသည်။ ယခု ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်တွင် မူ ခင်ဗျား ကွန်ပျူတာက ဘယ်လောက်မြန်သလဲဟု မေးလာသည်။ Speed က အခရာ ဖြစ်နေသည်။

 

အင်ဖလက်ရှင်ပွိုင့်

 

စီးပွားရေးတွင်လည်း သမားရိုးကျနားလည်၍ မရတော့ပေ။ လှေကြီးထိုး ရိုးရိုးအတွေးတွေ ခေတ်မရှိတော့ပြီ။ စီးပွားရေးတွင် အောင်မြင်ရေး (success) သည် ခြွင်းချက်ဖြစ်၍ အကျပ်အတည်း (crisis) သည် 'မူ' ဖြစ်နေပြီ။ စီးပွား ရေးတွင်အောင်မြင်သည်ဆိုသည်မှာ အကျပ်အတည်းကို ကျော်လွှား ဖြေရှင်း တတ်သောကြောင့် ဖြစ်နေပြီ။

 

သို့ဖြင့် စာရေးသူက အကျပ်အတည်းပွိုင့်(crisis point) အကြောင်းကို ရှင်းပြသည်။ မဟာဗျူဟာမြောက် အင်ဖလက်ရှင်းပွိုင့် (strategic inflection point)အကြောင်းကို ရှင်းပြသည်။ ဤသို့ ရှင်းပြရာ၌ လက်တွေ့ အခြေအနေ တစ်ခုနှင့် စပ်ဟပ်ပြီး ရှင်းပြပါသည်။

 

စီးပွားရေးလုပ်လျှင် ကဏ္ဍ ၅ နေရာကို အထူးသတိထားရမည်။ အင်အား(forces)လို့လည်း ခေါ်သည်။ ဤအင်အား ၅ ရပ်မှာ (၁) မိမိနှင့် ပြိုင် ဘက်များ၊ သူတို့ ၏ခွန်အား၊ ဉာဏ်ရည်နှင့် ခြေလှမ်း (၂) မိမိ၏ ဖောက်သည်များ၊ သူတို့၏ခွန်အား၊ ဉာဏ်ရည်နှင့် ခြေလှမ်း (၃) မိမိအား ပစ္စည်းထောက်ပံ့သူ (supplies) များ၊ သူတို့၏ခွန်အား၊ ဉာဏ်ရည်နှင့် ခြေလှမ်း (၄) ယခု မဟုတ်သေးသော်လည်း နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် ပြိုင်ဘက်သစ်များ(potential competitors)

သူတို့၏ခွန်အား၊ ဉာဏ်ရည်နှင့် ခြေလှမ်း (၅) ဖြန့်ချိရေးလမ်း ကြောင်း(distribution channels) များ အပြောင်းအလဲတို့ ဟူ၍ ဖြစ်သည်။ ယခု စက်တင်ဘာလ ၁၁ ရက်နေ့ နယူးယောက်နှင့် ဝါရှင်တန်တို့တွင် ဖြစ်ပျက် ခဲ့သော ဖြစ်ရပ်ဆိုးကြီးတို့ကို ပြင်ပရော့ခ် (exogenous shock)ဟု ခေါ်လေရာ ဤရှော့ခ်တို့ ကို လည်း ထည့်တွက်ရန်လိုလာကြောင်း ရှင်းပြသည်။

 

ပဲတောင်သူ

 

မဟာဗျူဟာမြောက် အင်ဖလက်ရှင်းပွိုင့် ဆိုသည်မှာ အထက်ဖော်ပြပါ အင်အားတစ်နေရာရာ၌ အပြောင်းအလဲဖြစ်ခဲ့လျှင် အခြား အင်အားတို့၌လည်း အပြောင်းအလဲဖြစ်ကုန်သည်။ သဒ္ဓါတွင် ဝိဘတ်သွယ်ပုံမျိုးနှင့် တူသည်။

ဥပမာအနေဖြင့် စာရေးသူ ကြားသိရသော သတင်းတစ်ခုကို ပြောပြ သည်။ပဲတောင်သူတို့သည် မနှစ်ကလို ပင်ထောင် ကြိုပွိုင့်ရောင်းချခြင်းမျိုးကို မကြိုက်တော့။ ပဲပေါ်ချိန်၌ ဈေးကွက်ပေါက်ဈေးဖြင့်သာ ရောင်းချလိုလာကြသည်။ ယင်းမှာ ဆီစက်ပိုင်ရှင်တို့အတွက် ပစ္စည်းထောက်ပံ့သူ (suppliers)တို့ ဘက်မှ အပြောင်းအလဲဖြစ်လေရာ ဤအပြောင်းအလဲကို အကြောင်းပြု၍ မိမိပြိုင်ဘက် တို့က ဘယ်လို လှုပ်ရှားမလဲ၊ မိမိဖောက်သည်တို့က ဘယ်လို တွက်ဆလာကြ မလဲ။ ပစ္စည်းထောက်ပံ့သူများအကြား၌ပင် ကြိုပွိုင့်နှင့် ပင်တိုင် ရောင်းလိုသူများ ရှိသေးသလား၊ ပဲဖြန့်ချိရေး၊ ဆီဖြန့်ချိရေးလမ်းကြောင်း အပြောင်းအလဲ ဖြစ်နိုင်သလား၊ ပြိုင်ဘက်အသစ်တွေ ပေါ်လာနိုင်သလား၊ ပေါ်လျှင် သူတို့ ဘယ်လိုလှုပ်ရှားကြမလဲ စသည်ဖြင့် ဆက်စပ်ပြီး အကုန် တွက်ချက်ရတော့မည်ဟု ရှင်းပြ ပါသည်။

ဖော်ပြပါ အင်အားငါးရပ်နှင့် မမျှော်လင့်သော ရှော့ခ်တို့ကိုလည်း စီးပွား ရေးသမားတို့က အစဉ်တွက်ချက်နေရသောအခါ ခပ်ကြောင်ကြောင်တော့ ဖြစ်လာနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဟိုပူပန်၊ ဒီပူပန်နှင့် တွက်ချက်ပြီးလုပ်နိုင်သူတို့သည်သာ အကျပ်အတည်း ပွိုင့်တို့ကို ဖြေရှင်းနိုင်တတ်ကြသော ကြောင့်ဖြစ်သည်။ ထို့ ကြောင့် အကျပ်အတည်းပွိုင့်တွင် ပါရနွား (paranoia) သာ ရှင်သန်နိုင်ကြောင်း သီအို ရီဆန်ဆန် အဆိုပြုချက်တစ်ရပ် ပေါ်နေကြောင်း ရှင်းပြခဲ့ပါသည်။

 

ဈေးကွက်ဂျာနယ်၊ အမှတ် ၂၄၈။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)