မောင်စိန်၀င်း(ပုတီးကုန်း) - သူနမ်းလျှင်ပန်းပွင့်ဖြစ်သူပစ်လျှင်ရွက်၀ါကြွေ
သူ့အကြောင်း ပြောသံကြားရုံမှုနှင့် ရင်၌ လှုပ်ရှားသည်။ သူ့အသံအကြားမှာ အရာရာကို မေ့လျော့တတ်
စေပြန်လျက် သူ့မျက်နှာကို မြင်စဉ်ကာလ ဆောက်တည်ရာမရ လှုပ်ရှားစိတ်ဖြစ်သည်။
အာရုံ၏ တည်ရာမှီရာကား သူမှတစ်ပါး မရှိ ကြည့်ဆဲအရာတို့၌ သူ့အရိပ် စွန်းသည်။ မျက်ဝန်းတစ်၀ေ့ သည်ပင် ရင်ခုန်ကာလကို ရှည်လျားစေတတ်ပြန်သည်ပဲ။ ရင်ထဲ၌ အမှတ်တရ များစွာကို ထွင်းထုသွားနိုင်တဲ့သူ လေ...။
(၁)
လေးပြင်းပြင်း အတိုက်ခံရသည့် ညောင်ရွက်တွေကို အတွေးမှာ မြင်ယောင်လာသည်။ ဖျတ်ဖျတ်လူး လှုပ်ခါဝှေ့ယမ်း ပျက်ကြွေကျတော့မည့် ပုံမျိုး။ ညှာတံသည် ယိမ်းထိုးလျက် အရွက် က ဆတ်ဆတ်ခါသည်။
မိမိ၏ စိတ်အစဉ်က သည်နှယ်ပင် မငြိမ်မသက်။ အတွေးကယောက်ယက်ခတ်လွန်းသည်။ မယုံချင်စရာကောင်းသည့်အဖြစ်ဟုသိ၏။ စိတ်ကူးယဉ်ကြည့်ဖူးသည့်အရာပင် မဟုတ်ပါလားဟု နားလည်သည်။
သူငယ်ချင်းတွေ ရောက်လာတော့ အမူအရာမပျက်အောင် ကြိုးစားဟန်လုပ်၏။ မျက်နှာပေါ်မှာ ထင်နေ မည့်စိတ်၏အလှုပ်အရှား ခြေရာကို မသိသာအောင် ဖုံးသည်။ အားလုံးရှေ့မှာ သည်အဖြစ်ကို ပြောမပြရဲ၊ အဆောင်ပြန်ရောက်မှပဲ အေးအေးလွင် ကို ပြောပြတော့မည် စိတ်ကူးသည်။ '
တစ်နေ့လုံး ခါတိုင်းနှယ် စိတ်လွတ်ကိုယ်လွတ် မရှိ။ တစ်စုံ တစ်ရာ၏ အဖွဲ့ အနှောင် အပတ်အရစ်ဖြင့် ရင်သည် တင်းကျပ်နေသယောင်။ ဖျတ်ခနဲ ဖျတ်ခနဲ ပြန်၍ မြင်ယောင်လာသော မနက်ကအဖြစ်သည် ပစ္စက္ခမှအတွေးကို လွင့်စင်စေတတ်၏။ မသိမသာ သက်ပြင်းကို ဖွဖွချမိပြန်သည်ပဲ။
အေးအေးလွင်တို့က ဈေးဘက်ခဏသွားမည်ဆိုတော့ မလိုက်ဘဲ ကျောင်းမှာပဲ ကျန်ခဲ့မည် ပြောသည်။ အချိန်က နှစ်ချိန်တောင်အားနေတာ နင်ဘာလုပ်နေမှာလဲဟု အေးအေးလွင်မေးသည်။ ဟိုတစ်နေ့က တစ်ချိန်ပျက်ထားတဲ့စာတွေကို ပြန်ကူးချင်တယ်၊ ငါ စာကြည့်တိုက်ထဲမှာရှိမယ်ဟုပြန်ပြောရင်း နေရစ်ခဲ့သည်။
စာကြည့်တိုက်ထဲမှာဝင်ပြီးစာတွေကူးပြီးချိန်မှာ နာရီ ကြည့်၏။ အချိန်က စောနေသေးသည်။ ဗိုက်ထဲမှာ ဆာလာသည်မို့ကော်ဖီခါးခါးတစ်ခွက် သောက်ထားရလျှင်ကောင်းမည်စဉ်းစားသည်။ စာအုပ်တွေသိမ်းပြီး လွယ်အိတ်ထဲထည့်ရင်း စာကြည့်တိုက်ထဲမှထွက်ခဲ့၏။
“ကဲင်းတင်းဆီသို့ လာသည်။ ကင်းတင်းမှာ ခုံအပြည့် လူရှိမနေသော်လည်း စားပွဲအတော်များများမှာ လူရှိသည်။ လွတ်နေသည့် ထောင့်စားပွဲမှာ ဝင်ထိုင်လိုက်သည်။
ကော်ဖီခါးခါးတစ်ခွက်ကိုမှာရင်း အကြည့်ကို တစ်ချက်၀ေ့လိုက်စဉ်၊ သူမနှင့်ထောင့်ဖြတ် ခပ်စွေစွေမှာရှိသောစားပွဲကို သတိထားလိုက်မိ၏။ ညိုမင်းလွင်တို့အုပ်စုဟု ချက်ချင်း သိလိုက်သည်။
ညိုမင်းလွင်ကိုတော့ မတွေ့၊ အကြည့်ကို ဖျတ်ခနဲ လွှဲကာသူတို့စားပွဲဝိုင်းကို ကျောပေးရင်း ထိုင်လိုက်၏။ ဆိုင်ထဲကို ဝင်လာစဉ်ကပင် သူ့ကိုမြင်ပြီး တစ်ဦးနှင့်တစ်ဦး တီးတိုးလုပ်တာ သတိ ထားဖြစ်သည်။
ဆံပင်ကို လက်နှစ်ဖက်ဖြင့် သပ်တင်လိုက်၏။ အနား ရောက်လာသော စားပွဲထိုးကလေးကို ကော်ဖီခါးခါးတစ်ခွက်နှင့် ပေါင်မုန့်ထောပတ်သုတ် မှာလိုက်သည် ။
စားပွဲထိုးလေး ထွက်သွားတော့ လက်ကိုင်ပုဝါဖြင့် လည်တိုင်မှာ စို့ချင်နေသည့် ချွေးစကိုသုတ်၏။ ပြီးတော့ စောစောက ကူးလာသည့် စာအုပ်ကို လွယ်အိတ်ထဲမှ ဆွဲထုတ်သည်း စာအုပ်ကို လှန်ပြီး ငုံ့ကြည့်နေလိုက်၏။
စားပွဲထိုးကလေးက မှာထားသည့် ကော်ဖီနှင့်မုန့် လာချ ပေးသည်။ စာအုပ်ကို လွယ်အိတ်ထဲ ပြန်ထည့်ရင်း ကော်ဖီပန်းကန် ကို ကောက်ယူလိုက်၏။ တစ်ကျိုက်သောက်ပြီး ပြန်ချကာ ပေါင်မုန့် ထောပတ်သုတ်ကို စားသည်။ “မထားသက်လှိုင်” နောက်ဆီမှ ဖြတ်လာသည့် ခြေသံအကြားနှင့် သူမနာမည်ခေါ်သံသည် မရှေးမနှောင်း။ သူမဘေး ခပ်စွေစွေမှ လာရပ်သူကို မော့ကြည့်လိုက်သည်။ ညိုမင်းလွင်တို့ အုပ်စုထဲမှ မျက်နှာပြောင်ချော်ချော်နှင့် တစ်ယောက်မှန်းသိလိုက်၏။
“ဟုတ်ကဲ့ ...”
နှုတ်မှထွက်ရင်း သူ၏မျက်နှာကို သူမ စူးစိုက်ထားလိုက် သည်။
“ကျွန်တော် ညိုမင်းလွင် သူငယ်ချင်းပါ”
“ဟုတ်ကဲ့ရှင့်”
'သူမ၏အသံက တည်ငြိမ်ပြီး မျက်နှာက ပုံမှန်အနေ `အထားထက် ပို၍တင်းနေမည်ဟု သူမ သိသည်။
“ဟို ... ကျွန်တော်”
စကားထစ်ငေါ့နေပြီး စူးစိုက်ထားသော သူမ၏အကြည့် မှ လွှဲပြီး သူတို့ထိုင်နေသည့်ဝိုင်းဆီ လှမ်းကြည့်ရင်း ရယ်ကျဲကျဲ လုပ်နေပြန်သည်။
“ရှင် ... ကျွန်မကို လာနောက်နေတာလား” ဒေါသသံဖြင့် အသံက နည်းနည်းစွာသွားမည် ထင်၏။
“ဟာ ... မဟုတ်ပါဘူး၊ ကျွန်တော့်ကို ... ကျွန်တော့်ကို ... ညိုမင်းလွင်က စာပေးခိုင်းလိုက်လို့ပါ” .
“ရှင် ..."
အံ့ဩရိပ်တို့ သူမမျက်နှာမှာ ရုတ်တရက် ဖြတ်သန်းသွား မည် ထင်လျက် မျက်နှာကို ချက်ချင်းပြန်၍ ပြင်သည်။ ထိုသူက လွယ်အိတ်ထဲမှာ နှိုက်ထားသော လက်ကို ထုတ်ပြီး စာအိတ်နှင့်ပိတ်ထားသော စာတစ်စောင် သူမရှေ့မှာ ချသည်။
“ပြန်ယူသွားပါ၊ ကျွန်မ မယူချင်ဘူး”
သူမ စကားအဆုံးမှာ ထိုသူကလှည့်ထွက်သွား၏။ ရုတ်တရက် ချက်ချင်း ဘာလုပ်ရမှန်း မသိအောင် ကြောင်ကျန်ခဲ့သည်။ ထိုစဉ် သူတို့ဝိုင်းဆီမှ ရယ်မောသံများ ကြားလိုက်ရ၏။
“အီစွတ်ကွ ... မင်းသတ္တိကို ငါတို့ ယုံသွားပြီ”
လက်ခုပ်တီးသံ အော်ဟစ်သံတို့က သူမ၏သွေးကို ဆူပွက် စေပြန်၏။ ဆတ်ခနဲ ထရပ်ရင်း စာအိတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ထိုစားပွဲဝိုင်းဆီ လျှောက်သည်။
သူတို့စားပွဲဝိုင်းဆီ လျှောက်လာသည့် သူမကို ငေးကြည့် လျက် ဆိတ်ငြိမ်သွားသည်။ အကြည့်အားလုံးက သူမမျက်နှာဆီ စူးစိုက်ထားကြ၏။ မျက်နှာကို တင်းလျက် စားပွဲဝိုင်းနား အရောက် မှာ သူမကို စာလာပေးသည့်သူနှင့် မျက်နှာချင်းဆိုင်လိုက်၏။
“ရော့ ... ရှင့်”
“ဟာ ... ကျွန်တော့်စာ မဟုတ်ဘူး၊ ညိုမင်းလွင်စာပါ၊ ညိုမင်းလွင်က ပေးခိုင်းတာပါ"
“ဘယ်သူ့စာဖြစ်ဖြစ် ရှင်လာပေးခဲ့တဲ့ ရှင့်စာကို ပြန်ယူပါ”
“ယူသွားပါဗျာ …
စာပြန်ပေးရင် ညိုမင်းလွင် ဘယ်စိတ် ကောင်းပါ့မဟု ဘေးက တစ်ယောက်က ဝင်ပြောသည်။ ထိုသူ့မျက်နှာဆီ အကြည့်ဝေ့ကာ.မျက်စောင်းထိုးလိုက်၏။ပြီးမှ“ရှင့်စာကို ရှင် ပြန်ယူမလား၊ မယူရင် ကျွန်မ ဌာနမှူးကို သွားပေးလိုက်မယ်”
ဟု ခပ်ဆတ်ဆတ် ပြောလိုက်သည်။
“ဟာ ... ဟာ ... ဒါတော့ မလုပ်ပါနဲ့ဗျာ”
ဌာနမှူးဟု ပြောလိုက်သည်နှင့် သူတို့ တုန်တုန်လှုပ်လှုပ် ဖြစ်သွားပုံရသည်။ ဌာနမှူးက စည်းကမ်းတင်းကျပ်တာ၊ ရှုပ်ရှုပ် နောက်နောက် မကြိုက်တာကို သူတို့လည်း သိမည် ထင်သည်။
“ပြန်ယူလိုက်ကွာ" တစ်ယောက်က ဝင်ပြောသည်။
သူမကို စာလာပေးထားသည့် တစ်ယောက်က သူမ လက်ထဲမှ စာအိတ်ကို လှမ်းယူလိုက်၏။
ချာခနဲ လှည့်ထွက်ခဲ့သည်။ '
“ညိုမင်းလွင်တော့ ဆွေးတာပဲ"
“စွံလှချည်ရဲ့ဆိုတဲ့ ညိုမင်းလွင် ဒီတစ်ခါ ခံရပြီ မဟုတ်လား”
စကားသံများ၊ ရယ်သံများ သူမနောက်မှာ ပြန့်လွင့်ကျန်ခဲ့ စားပွဲပြန်ရောက်တော့ ပေါင်မုန့်ထောပတ်သုတ်ကို ဆက်စားချင်စိတ် မရှိတော့ ကော်ဖီကိုသာ သူမမော့သောက်လိုက်၏။
ပြီးတော့ စားပွဲထိုးလေးကို ခေါ်ကာ ပိုက်ဆံရှင်းပြီး ကဲင်းတင်းထဲမှ ထွက်လာခဲ့မိသည်။
အပြင်ရောက်တော့မှ တင်းထားသည့်စိတ်ကို ဖြေလျော့ချလိုက်ရင်း စာကြည့်တိုက်ဆီသို့ ပြန်လျှောက်၏။
“အဲဒီတုန်းက ညိုမင်းလွင် မရှိဘူးလား ထား”
ထားသက်လှိုင် ပြန်ပြောသမျှကို စူးစိုက်နားထောင်ရင်းစကားအဆုံးမှာ အေးအေးလွင်က မေးသည်။ အဆောင်ရှေ့ ရေတမာပင်အောက်ခုံတန်းမှာ ထိုင်ရင်း ခြံစည်းရိုးပင်တွေဆီငေး
နေရာမှ အေးအေးလွင်အမေးကြောင့် အေးအေးလွင်မျက်နှာ ဆီအကြည့်ရောက်သည်။
“ဟင့်အင်း ... မရှိဘူး”
ခေါင်းကို ခါယမ်းရင်း ထားသက်လှိုင်က ဖြေသည်။
“သူတို့အုပ်စုက တစ်အုပ်စုလုံး ဗရုတ်တွေ”
“ဟုတ်တယ် ... ဒါ သက်သက် ငါ့ကိုဗရုတ်ကျတာပဲ အေးအေးလှိုင်"
“ဒါပေမဲ့ ညိုမင်းလွင်ဆိုတဲ့ တစ်ယောက်ကတော့တည် ပါတယ်”
“တစ်အုပ်စုတည်းပဲ အတူတူနေမှာပေါ့” “မဟုတ်ဘူး ထား၊ သူ နှင့်ကို တကယ်များ ..."
စကားကို ဖြတ်ရင်း ထားသက်လှိုင်မျက်နှာဆီသို့ အေအေးလွင် ကြည့်သည်။ "
“မဖြစ်နိုင်တာ အေးအေးလွင်ရာ၊ ငါ့ကို သက်သက်စော်ကားတာ၊ နောက်တာ”။.
“အဲဒီလိုလည်း မတွက်နဲ့လေဟာ၊ ကာယကံရှင်ရဲ့ မျက်နှာကို နင် အကဲမခတ်ရဘဲနဲ့”
“မလိုဘူး အေးအေးလွင်၊ တက္ကသိုလ်တစ်ခုလုံးက အချောအလှမှန်သမျှနဲ့ လိုက်တွဲနေတဲ့သူဆို နင်တို့ပဲ ပြောတာ”
“အင်းလေ ... ဘာဆိုင်လဲ"
“အေးအေးလွင်ရယ် ... ငါ့လို ရွက်ကြမ်းရေကြိုး ရုပ်မျိုးကို သူ စိတ်ဝင်စားတယ်ဆိုတာ၊ နောက်တာကလွဲလို့ ဘာဖြစ်နိုင်မှာတဲ့ လဲ၊ ပြီးတော့ လွန်ခဲ့တဲ့ အပတ်ထဲကငါ သူ့နာမည်ကို မေးလိုက်တဲ့ ငါ့အားနည်းချက်ကို ဖိနင်းတာပဲ”.
လွန်ခဲ့သည့်အပတ်က ထားသက်လှိုင်ထံသို့ တူးမာ လာလည်သည်။ တူးမာက သူတို့ကျောင်းက မဟုတ်၊ တူးမာကို ထားသက်လှိုင်က ကဲင်တင်း လိုက်ပို့သည်။ ကဲင်းတင်းမှာ ညိုမင်းလွင်တို့ အုပ်စုနှင့် ဆုံ၏။ ထိုအုပ်စုကို ဖြတ်သွားဖြတ်လာ၊ ကဲင်းတင်းမှာဆုံလေ့ဆုံထရှိသော်လည်း ထားသက်လှိုင် သတိမထားဖြစ်။ ပြောင်တောင်တောင် နောက်တောက်တောက် ကျောင်းသားအုပ်စုတစ်စု ဟုသာ နားလည်ထားခဲ့သည်။
တူးမာက ညိုမင်းလွင်ကို မေးငေါ့ပြပြီး သိပ်ချောတာပဲ နာမည်သိလားဟု မေးသည်၊ ထားသက်လှိုင်က ခေါင်းယမ်းပြ၏။ ငါနာမည်သိချင်တယ် စုံစမ်းပေးစမ်းပါဟု ပူဆာသည်။
ထိုအုပ်စုထဲမှာ ထားသက်လှိုင်တို့နှင့် ရင်းနှီးသည့် နိုင်နိုင်ဦး၏ အစ်ကိုတစ်ယောက် ပါတယ်ဆိုတာ အေးအေးလွင်တို့ ပြောသံကို ပြန်သတိရ၏။ ငါ တကယ်သိချင်လို့ပါဟာ စုံစမ်းပေးစမ်းပါ၊ နောက်နေ့ ငါ နင့်အဆောင်လာခဲ့မယ်ဟု တူးမာက ထပ်ပြောနေ ပြန်သည်။ နောက်ဆုံးတော့ နိုင်နိုင်ဦးကို တစ်ဆင့်မေးပေးမည်ဟုကတိပေးလိုက်၏။
နောက်နေ့မှာ နိုင်နိုင်ဦးကို သူ မေးကြည့်သည်။ ကိုကိုတို့ အုပ်စုထဲက ဖြူဖြူ၊ ဒေါင်ကောင်းကောင်းနှင့် ခပ်ချောချော တစ် ယောက် မဟုတ်လားဟု နိုင်နိုင်ဦး ပြန်မေး၏။ ,
ဟုတ်တယ်ပြောတော့ ဒါတောင် မသိဘူးလားထားရယ် တဲ့ အဲဒါ ကျောင်းမှာ သိပ်ပေါ်ပြူလာဖြစ်တဲ့ ညိုမင်းလွင်ဆိုတာ ပေါ့တဲ့။
သည်တုန်းကမှ သည်နာမည်ကို ထားသက်လှိုင် စပြီး ကြားခဲ့ဖူးသည်ပဲ။ သည်အဖြစ်ကိုလည်း အဆောင်ရောက်တော့ သူ့အခန်းဖော် အေးအေးလွင်ကို သူ ပြန်ပြောပြလိုက်မိသည်။
ဟုတ်သားပဲ ထားကလည်း ... အ,လိုက်တာ ညိုမင်းလွင် တောင် မသိဘူးလား ... ဟု ဆိုတော့ ခေါင်းယမ်းပြမိပြန်၏။
သူငယ်ချင်းတွေနှင့် ကျောင်းစာကလွဲ၍ ဘာမှမသိသော ထားသက်လှိုင်အတွက်တော့ အားလုံး အထူးအဆန်းတွေချည်းပင်။
“ငါ သတိရပြီး တူးမာအတွက် နင်က သူ့နာမည်ကို စုံစမ်းတာ သူ သိသွားတယ်လို့ နင်ပြောချင်တာပေါ့”
“ဟုတ်တယ်လေ ... နိုင်နိုင်ဦးက သူ့အစ်ကိုကို ပြန်ပြော မှာပေါ့၊ သူ့အစ်ကိုက ညိုမင်းလွင်ကို ပြန်ပြောမှာ သေချာပဲ”
“အင်း ... ဖြစ်နိုင်ပါတယ်”
“ဒီတော့ ငါက သူ့ကို စိတ်ဝင်စားလို့ သူ့နာမည်တွေ ဘာတွေ လိုက်စုံစမ်းနေတယ်လို့ သူ ထင်သွားမှာပေါ့ကွာ”
“ဒါလည်း ဖြစ်နိုင်တာပဲ”
“အဲဒီလို ယောက်ျားမျိုးကို ငါ အရမ်းမုန်းတာပဲ အေးအေးလွင်၊ အခွင့်အရေးရတိုင်း ယူတတ်တဲ့ ယောက်ျားဟာ တောထဲကကျားထက် ကြောက်စရာကောင်းတယ်၊ မုန်းစရာကောင်းတယ်”
“တကယ်စိတ်ဝင်စားတာ ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့ ထားရာ”.
“ဟာ ... မဖြစ်နိုင်တာ၊ နင်တို့ ပြောပြပြီး နောက်ပိုင်းမှာ အဲဒီ ညိုမင်းလွင်၊ ကောင်မလေး ချောချောလေးတွေနဲ့ ကဲင်းတင်း လာထိုင်တာ ငါ တွေ့နေတာပဲ၊ ငါ့လိုလူမျိုးကို သူ ဘာစိတ်ဝင်စား စရာ ရှိလဲ၊ ငါ့စိတ်ထဲမှာတုန်တုန်လှုပ်လှုပ် ဖြစ်နေတယ်ဆိုတာက ဒေါသကြောင့်ဖြစ်တာ အေးအေးလွင်"
ထားသက်လှိုင်က အေးအေးလွင်မျက်နှာကို စူးစိုက်ကြည့် ရင်း ပြောလိုက်၏။
“ဟုတ်ချင်မှလည်း ဟုတ်မှာပါဟာ ငါ စုံစမ်းကြည့်ဦးမယ်”
ဟု အေးအေးလွင်က ပြောရင်း ထိုင်ခုံမှ ထရပ်လိုက်၏။လမ်းမီးလင်းလာသဖြင့် အဆောင်စည်းရိုးကို ကျော်ကာအလင်းပျပျ ဝင်သည်။
ထားသက်လှိုင် ထရပ်လိုက်သည်။