မောင်စိန်၀င်း(ပုတီးကုန်း) - လွမ်းလောက်အောင်ပဲချစ်တယ်
(၁)
“သမီးရည်းစားဆိုတဲ့ ဝေါဟာရဟာ မိန်းမတစ်ယောက်ရဲ့ ဘဝကို ဘယ်လောက်ထိ ထိန်းချုပ်ထားနိုင်လဲ”
“ညိုညိုဦး၊ နင် ဘာပြောလိုက်တာလဲ”
ညိုညိုဦးစကားကြောင့် ညိုညိုဦးမျက်နှာကို ကြည့်ရင်း ပြန်မေးလိုက်သည်။
စတီးဂျို့င်ကို ပြန်ပိတ်ရင်း ခင်သက်ဆွေအကြည့်ကလည်း ညိုညိုဦး မျက်နှာဆီ ရောက်၏။ ဘုန်းမြင့်က စီးကရက်ကို လှမ်းယူကာ တစ်ချက်ပြုံးသည်။
“ငါ မေးတာ မရှင်းလို့လား”
“နင် ဘာရည်ရွယ်ချက်နဲ့ မေးတာလဲ သိချင်တာ ညိုညိုဦး”
ညိုညိုဦး၏ အကြည့်ကို လွှဲဖယ်ရင်း ဆိုင်အပြင်ကို အကြည့်ပို့ သည်။ ဆိုင်ရှေ့ဖြတ်သွားသော လိုင်းကားတစ်စီးမှ မှုတ်ထုတ် လိုက်သည့် မီးခိုးငွေ့တို့ကို တွေ့သည်။
“သမီးရည်းစားရှိတဲ့ မိန်းကလေးက မရှိတဲ့ မိန်းကလေး လောက်တော့ မလွတ်လပ်တော့ဘူးပေါ့ဟာ"ဘုန်းမြင့်က ပြောလိုက်၏။
“ညိုညိုဦး သိချင်တာ အဲဒီလောက် မလာနိုင်ဘူး”
“ဒါဆို မင်း ဆက်ရှင်းပြလိုက်တော့ ခိုင်ထွန်း”
“ဘာလဲညို၊ ညိုကိုလတ်နဲ့ စိတ်ကောက်လာကြလို့လား”
“ငါ စိတ်မကောက်တတ်တာ နှင့် သိသားပဲ ခင်သက်ဆွေ”
“ဘာလဲ၊ ကိုလတ်က နင့်ကို သိပ်ချုပ်ခြယ်လို့လား”
“မချုပ်ခြယ်ပါဘူး” ဘုန်းမြင့်အမေးကို ပြန်ဖြေသည်။
“မိန်းမတစ်ယောက်ရဲ့ ဘဝကို ဘယ်လောက်ထိ ထိန်းချုပ် နိုင်သလဲဆိုတဲ့ နင့်မေးခွန်းက တော်တော်ကြီးကျယ်တယ် ညိုညိုဦး၊ ဘာဖြစ်ဖြစ် နှစ်ယောက် ဖြစ်လာပြီဆိုရင်တော့ ညှိနှိုင်းမှုဆိုတာ လိုအပ်လာတော့မှာ အသေအချာပဲ။ ဥပမာ နင် မကြိုက်တာမလုပ်ဖို့၊ သူ မကြိုက်တာ မလုပ်ဖို့၊ အပေးအယူ အလျှော့အတင်းတွေ ပါလာတော့မှာ။
“အဲဒါတွေလဲ ရှင်းတယ် ခိုင်ထွန်း”
“ငါ ဆိုလိုချင်တာကဟာ မိန်းမတစ်ယောက်ဟာ ရည်းစား ထားလိုက်ပြီဆိုတာနဲ့ ဘဝခရီးဖော်တစ်ယောက်အဖြစ် ရွေးချယ် ပါတော့မယ်လို့ စရံရိုက်လိုက်ရတာလား၊ စာချုပ်လိုက်ရတာလား၊ ငါ မေးချင်တာ ရှင်းလားမသိဘူး”
“နင်ပြောသလိုဆို သမီးရည်းစားတိုင်း ညားကုန်ကြမှာပေါ့ ဟုတ်ဖူးလား”
“ဟုတ်ဘူး ခင်သက်ဆွေ၊ ငါဆိုလိုချင်တာက သဘောထား မတိုက်ဆိုင်လို့၊ တစ်ယောက်ယောက်က အပြစ်ရှိလို့ ကွဲကြတာ မဆန်းဘူး”
“နင်ပြောတာတွေ ရှုပ်ကုန်ပြီ ညိုညိုဦး”
“မဟုတ်ဘူး ဘုန်းမြင့်ရာ။ ငါ သဘောပေါက်လာပြီ။ ကွဲစရာရှိလို့ ကွဲသွားကွာသွား၊ နောက်ရည်းစား ထပ်ထား။ အဲဒါတွေမဟုတ်ဘူး။ အခုဟာက ရည်းစားသက် ကြာလာတော့မှ ဘာအပြစ်မှမရှိဘဲ စိတ်ကုန်ချင်လာတာမျိုး၊ ရှင်းရှင်းပြောရရင် မချစ်မှန်း သိလာတာမျိုး၊ အဲဒါမျိုးကိစ္စကြရင် မိန်းကလေးတစ်ယောက်မှာ ဘာလုပ်စရာရှိလဲ၊ ဟုတ်တယ်မဟုတ်လား ညိုညိုဦး”
“ဟုတ်တယ်၊ ယောက်ျားလေးတစ်ယောက်က နောက်အသစ် ရှာလိုက်ရင် ပတ်ဝန်းကျင်က သိပ်မပြောကြဘူး။ မိန်းကလေးက သူ့ရည်းစားကို စဖြတ်တယ်ဆိုရင်ပဲ အပြစ်ပြောကြဆိုကြရော။ အဲဒီတော့ အဲဒီမိန်းကလေးက ပြောမှာဆိုမှာ ကြောက်ပြီး ဆက်နေရ မလား။ မျက်နှာများတယ်၊ ပွေတယ်၊ ရှုပ်တယ် ဆိုတဲ့စကားတွေကို ဂရုမစိုက်ဘဲ နေသင့်သလား”
“မြန်မာမိန်းကလေးတွေကတော့ ကိုယ်ကျင့်တရားပျက် တယ်လို့ ဘေးပတ်ဝန်းကျင်က အထင်မခံစေချင်တာ၊ မခံရဲတာ အမှန်ပဲ ညိုညိုဦး”
“ဘာလဲ ညိုညိုဦး၊ ကိုလတ်နဲ့နင် ဘာပြဿနာ ဖြစ်လာလို့လဲ။ ငါတို့ကို ရှင်းရှင်းပြော၊ ညှိလို့ရရင် ညှိယူကြပေါ့ဟာ၊ ကိုလတ် ဒီလောက်အေးတာ"
“ကိုလတ်နဲ့ ငါနဲ့ကိစ္စလို့ ငါ ဆွေးနွေးနေတာ မဟုတ်သေးဘူး ဘုန်းမြင့်။ အဲ့ဒိုး ပြောရရင် ကိုလတ်မှာ ဘာအပြစ်မှ မရှိဘူး။
မကြိုက်တဲ့ကိစ္စ ကိုလတ် ဘာမှမလုပ်သေးဘူး၊ ငါ့အပေါ်မှာ အရမ်းကောင်းတယ်။ အဲဒီလောက်ကောင်းတဲ့လူတစ်ယောက်ကို ဘာအပြစ်မှ မပြဘဲ ငါက ဖြတ်နိုင်ခွင့် ရှိသလား။ ဖြတ်လိုက်ရင် ဘာဖြစ်မလဲ”
“နင်က ကိုလတ်ကို ဖြတ်ချင်တယ် ဟုတ်လား"
“ဖြတ်ချင်တာ မဖြတ်ချင်တာထက် ဖြတ်ရင် ဘာတွေ ဖြစ်နိုင်လဲ သိချင်တာ ခင်သက်ဆွေ”
“နင် ရူးနေပြီလား ညိုညိုဦး”
“ခိုင်ထွန်း ပြောပါဦး”
ခိုင်ထွန်းက သက်ပြင်းချရင်း လမ်းမဆီ ငေး၏။ ညိုညိုဦးက ခိုင်ထွန်းမျက်နှာဆီ ငေးရင်း နားစွင့်သည်။
“နင်ဘဝတစ်ခုလုံးအတွက် လက်တွဲဖော်ကို နင် ရွေးချယ်ခွင့် ရှိတာပေါ့။ နင် သတ်မှတ်ထားတဲ့စံနဲ့ နင် ချိန်ကြည့်လေ”
“သစ္စာမရှိတဲ့ မိန်းမစာရင်းထဲမှာတော့ ပါသွားနိုင်တာပေါ့နော်”
အားလုံးအကြည့်က ညိုညိုဦး မျက်နှာဆီ ရောက်ပြန်၏။ ညီညီဦးထံမှ သက်ပြင်းငွေ့ငွေ့ချသံ ကြားရပြန်သည်။ သွားကြရ အောင် ဟုပြောရင်း ခိုင်ထွန်းက လက်မှနာရီကို ကြည့်လိုက်၏။
(၁)
“တော်တော်ချောတာပဲနော်”
ကားပေါ်မှ ဆင်းလာသည့် ကျော်မင်းလတ်ကို ကြည့်ကာ ခင်သက်ဆွေနှုတ်မှ ထွက်သွား၏။
“ငါ အဲဒါမကြိုက်တာ ခင်သက်ဆွေ”
“ဆောရီးကွာ၊ ငါက နင့်အမျိုးသားမို့ ချီးကျူးစကားဆိုတာပါ”
“ဟာ.....နင်ကလဲ၊ ငါ မကြိုက်တာက ကိုလတ် အရမ်းချော နေတာကို ပြောတာ”
“မသိဘူးလေ၊ ငါပြောလိုက်တာကိုများလားလို့”
ခပ်လှမ်းလှမ်းမှပင် ကိုလတ်အပြုံးကို မြင်သည်။ ပြုံးလိုက်တိုင်း ပေါ်လာသည့် ပါးချိုင့်လေးနှစ်ဖက်ကြောင့် မျက်နှာကပို၍နုသွားသလို အသားအရေ ဖြူနုပြီး နွဲ့ လျနေသလို။ စတိုင်လ်ပင် အနက်
ရောင် အကောင်းစားနှင့် ရှပ်လက်ရှည် ဗေဒါရောင်ကြောင့် ပို၍ ပေါ်လွင်နေသလား မသိ။
“ကိုလတ်၊ ဒါ ခင်သက်ဆွေတဲ့၊ ညိုနဲ့အတူနေတဲ့ အခန်းဖော်”
“တွေ့ရတာ ဝမ်းသာပါတယ်၊ ကျော်မင်းလတ်ပါ" ခင်သက်ဆွေနှင့် ကိုလတ်ကို မိတ်ဆက်ပေးလိုက်၏။
“အရေးကြီးလို့လား ကိုလတ်။ မြို့ကို အဆောင်မှာ ဆက်ဆက် စောင့်နေဖို့ မှာတာ”
ပြုံးရင်း ခေါင်းကို ခါရမ်းသည်။
“အရေးမကြီးပါဘူး ညို၊ မေမေက စားစရာတွေ သွားပို့ခိုင်းလို့”
လက်ထဲမှာ ဆွဲလာသည့် ပလတ်စတစ်အိတ်ကို ပြရင်း ပြောသည်။
“အန်တီကလဲ ဒုက္ခရှာလို့” “အိမ်မလာတာ ကြာပြီလို့လဲ ပြောနေတယ် ညို”
“အလုပ်သိပ်များတာ ကိုလတ်ရဲ့။ ခင်သက်ဆွေ မေးကြည့် ပါလား”
“ဟုတ်တယ်၊ အခုရက်ပိုင်း ပိုအလုပ်များတယ်”
“ကဲ.....ပေး၊ အဲဒီအထုပ်ကို၊ ပြီးရင် လက်ဖက်ရည် လိုက် တိုက်မယ်"
ကိုလတ်လက်မှ အထုပ်ကို လှမ်းယူကာ ညိုညိုထွန်းက ပြောသည်။
“ပြောသာပြောရတာ၊ ကိုယ်လဲ အလုပ်များတာပဲ ညို၊ သောက်တော့ဘူး”
“ဘယ်လိုဖြစ်တာလဲ ကိုလတ်ရဲ့။ ဪ....သိပြီ ကိုလတ်က လမ်းဘေးဆိုင်မှ မထိုင်ချင်တာ။ တစ်ခွက်ကို ခုနစ်ရာ၊ ရှစ်ရာပေးရတဲ့ အအေးခန်းနဲ့ ဆိုင်မျိုးမှ ကော်ဖီဆိုင်ထင်တာ ဟုတ်ဖူးလား”
ဟိုရက်က အငြင်းအခုန်ကိစ္စ ခေါင်းထဲ ပြန်ဝင်လာရင်း ထေ့ စကား ဆိုဖြစ်ပြန်သည်။ ကိုလတ် လာခေါ်တိုင်း ကော်ဖီဆိုင်ကောင်းကောင်းတစ်ခုကို ရောက်စမြဲ။ သည်ဆိုင်တွေမှာ ထိုင်ရတဲ့ အရသာကို ညိုညိုထွန်းက သဘောမကျ။ ကိုလတ်ကတော့ လမ်းဘေးဆိုင်ပြောပြီး ညိုညိုထွန်းကြိုက်တဲ့ဆိုင်မှာ မထိုင်ချင်။
“အဲဒါလဲ ပါတယ်၊ ပြီးတော့ ဖေဖေ ခိုင်းစရာရှိလို့လား သိဘူး၊ မြန်မြန်ပြန်လာဖို့ မှာလိုက်လို့ ညို"
“ကြွ....ကြွ၊ ကိုလတ်ကတော့ တကယ့်သားလိမ္မာပါပဲ”
“သွားတော့မယ် ညို၊ သွားမယ် ခင်သက်ဆွေ” ပြုံးပြီး နှုတ်ဆက်ကာ ကားဆီ လျှောက်သည်။
“သူနဲ့ အကြိုက်ချင်းတွေက ဘာမှ မတူကြဘူး ခင် သက်ဆွေ"
ကားထွက်သွားစဉ် ညိုညိုထွန်းက ပြောလိုက်၏။
(၂)
ဖွင့်ထားသည့် ပြတင်းမှ လေတစ်ချက်ဝေ့ပြီး ဝင်သည်။ ပြတင်းမှ ကောင်းကင်ဆီ မော့အကြည့် ပြည့်လုလုလကို မြင်သည်။ ဖတ်လက်စစာအုပ်ကို ဘေးမှာချရင်း လမင်းဆီငေး ဖြစ်၏။
“စိတ်ကူးယဉ်နေတာကလား ညို”
ခင်သက်ဆွေအသံကြောင့် ကုတင်ခြေရင်းဆီအကြည့်ရောက်၏။ သေတ္တာထဲကို အဝတ်အစားတွေ ထည့်အပြီး သေတ္တာပိတ်ကာ သူ့ကို လှမ်းမေးလိုက်သည့် ခင်သက်ဆွေကို တွေ့၏။ စကား မပြန်ဖြစ်ဘဲ ပြုံးရုံပြုံးပြလိုက်သည်။ ခင်သက်ဆွေက ကုတင်ပေါ်မှာ တင်ပါးလွှဲချထိုင်၏။
“ကိုလတ်အကြောင်း တွေးနေတာလား”
“နင် ယုံမလား ခင်သက်ဆွေ။ ငါ ကိုလတ်အကြောင်းသိပ်မတွေးဖြစ်ဘူး”
“မဖြစ်နိုင်တာဟာ၊ ချစ်သူတွေပဲ”
“ချစ်သူတွေလို တမ်းတမ်းတတ လွမ်းလွမ်းဆွေးဆွေး မတွေး ဖြစ်တာအမှန်ပဲ"
“နင်ကလဲဟာ”
“တကယ်ပြောတာ”
ထထိုင်ပြီး ပြတင်းဘောင်ကို မှီကာ ခင်သက်ဆွေနှင့် မျက်နှာချင်းဆိုင်လိုက်၏။ .
“ကိုလတ်နဲ့ငါက ငယ်ငယ်လေးကတည်းက တွေ့ခဲ့ကြတာ “ငယ်ချစ်တွေပေါ့”
“ငယ်ပေါင်းတွေ သူ့အဖေက အဖေအောက်က အရာရှိ ငါတို့ မြို့နှစ်မြို့မှာ အတူတူကျဖြစ်တယ်။ တစ်မြို့တစ်မြို့မှာလဲ၊ အကြာကြီး။ သူ့အိမ်နဲ့ ငါ့အိမ်က နှစ်အိမ့်တစ်အိမ်လို နေကြတာ သူ့မိဘတွေက စီးပွားရေးလုပ်ငန်းတွေ တွဲလုပ်တယ်။ စီးပွားရေးအမြင် ရှိတယ်။ အလုပ်ထွက်ပြီး မိဘတွေက နယ်မှာ အခြေချပေမယ့် ကိုလတ်တို့က ရန်ကုန်ပြောင်းပြီး ကြီးပွားသွားကြတာ”
“ဘာဖြစ်ဖြစ်ဟာ၊ နင့်အပေါ်မှာတော့ အရင်အတိုင်းပဲ ကောင်းပေါတယ်။ အောက်ခြေ လွတ်မသွားပါဘူး”
ညိုညိုထွန်းက ပြုံးသည်။
“ကိုလတ်က အောက်ခြေ လွတ်တာတော့ မဟုတ်ဘူး။ ကြီးကျယ်တာ၊ ဇာချဲ့တာ။ ငါပြောသလိုပေါ့ဟာ။ လမ်းဘေးက အစာမစားနိုင်တာ၊ လမ်းဘေးက လက်ဖက်ရည်ဆိုင် မထိုင်ချင်တာ ကက်ပယ်စီနို ကော်ဖီလောက်မှ ကော်ဖီလို့ ထင်ချင်တာ၊ ဘတ်စ်ကား စီးခိုင်းရင် သေသွားမလား မသိဘူး"
“ဟဲ.....ဒီလောက်တော့ မဟုတ်နိုင်ပါဘူး”
“နင် မသိပါဘူးဟာ၊ ကိုလတ် အရမ်း ဇီဇာကြောင်တာ”
“ဒါဆို နင်နဲ့တော့ တစ်ခြားစီပဲ၊ နင်က လမ်းဘေးက ဝက်သားတုတ်ထိုး ထိုင်စားချင်တာ”
“အဲဒါတွေပေါ့၊ ငါကတော့ စားတာပဲ”
“သူကရော”
“ကားထဲက ထိုင်စောင့်တယ်လေ”
၀ေ့ဖြတ်လာသော လေတစ်ချက်က နဖူးဆံစတွေကို ထိခတ် သွားပြန်ပြီပဲ။