Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မောင်စိန်ဝင်း(ပုတီးကုန်း) - နှလုံးသားရာဇ၀င်မှာစာတင်တဲ့အလွမ်း

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

ပထမပိုင်း

          ဆင်နားရွက်တံခါးကို တွန်းဖွင့်ဝင်လိုက်သည်။

           “လာဗျာ... ထိုင်”

          စက်ရုံမှူးက လှမ်းကြည့်ရင်း သူ့ကိုပြောသည်။ ပြီးတော့ လက်မှတ် ထိုးလက်စ စာရွက်များကို ဆက်၍လက်မှတ်ထိုးနေ၏။ စားပွဲဆီလျှောက် ရင်း စားပွဲရှေ့မှ ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။ ခဏအကြာမှာ ခေါင်းမော့လျက် စက်ရုံမှူးက သူ့ကိုကြည့်၏။

           “စက်ရုံမှူး ခေါ်တယ်ဆိုလို့”

           “ဟုတ်တယ်ဗျာ”

          စကားအပြတ်မှာ ဆေးလိပ်ကို ကောက်ယူတာ တွေ့သည်။ နားစွင့် ထားရင်း ကြည့်နေမိ၏။ ဆေးလိပ်ကို မီးညှိဖွာရှိုက်ပြီးတော့.....

           “ဒီလိုဗျာ... ပြီးခဲ့တဲ့အပတ်ထဲက ခင်ဗျားကိုပြောခဲ့တဲ့ ကိစ္စလေ၊ အကျဉ်းဦးစီးဌာနက ကိစ္စ၊ အခု စာဝင်လာပြီ”

          ပြီးခဲ့တဲ့အပတ်ထဲမှာ စက်ရုံမှူးခေါ်ပြီး သူ့ကိုပြောခဲ့သည်ကို ပြန် သတိရ၏။ အကျဉ်းဦးစီးဌာနက မိမိတို့ ရုံးချုပ်ကို စာဝင်ကြောင်း၊ အင်းစိန်ထောင်တွင်းမှာရှိနေသော မီးခံသေတ္တာ၊ ငွေသေတ္တာ၊ ကတ္တား၊ သံမဏိရုံးသုံး ဗီရိုအစရှိသော ပစ္စည်းများ ပြုပြင်စရာတို့ ရှိနေကြောင်း၊ အဆိုပါပစ္စည်းများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ပြုပြင်၍ရနိုင်သည်တို့နှင့် မရနိုင်သည်တို့ကို ခွဲခြားပေးစေလိုကြောင်းနှင့် ထိုသို့ခွဲခြား ပြီးပါက ပြုပြင်နိုင်သည့် ပစ္စည်းများကို မိမိတို့စက်ရုံသို့ ပို့ဆောင်၍ ပြုပြင်လိုကြောင်းကိစ္စ ဖြစ်သည်။

          အဆိုပါကိစ္စအတွက် အင်းစိန်အကျဉ်းထောင်သို့ သွားရောက်စစ် ဆေးပေးရန် တာဝန်ခံအင်ဂျင်နီယာ၏အမည်နှင့် မှတ်ပုံတင်အမှတ်တို့ ကို ရုံးချုပ်မှ တောင်းခံခဲ့သဖြင့် စက်ရုံမှူးက မိမိအား ရှင်းလင်းပြောပြ ရင်း မှတ်ပုံတင်နံပါတ်ကို ပေးခဲ့ပါသည်။ ။

           “ရုံးချုပ်က ဦးမျိုးအောင်နဲ့ သူ့လက်ထောက် အင်ဂျင်နီယာတစ် ယောက် ပါတယ်၊ ဒီစက်ရုံကတော့ ခင်ဗျားပါတယ်၊ မနက်ဖြန်မနက် ဆယ်နာရီမှာ ဦးမျိုးအောင် ဝင်ခေါ်မယ်လို့ ဖုန်းဆက်တယ်ဗျ”

          စက်ရုံမှူးက ပြောရင်း စာရွက်တစ်ရွက်ကို မိမိကို လှမ်းပေးသည်။ စာရွက်ကိုလှမ်းယူလျက် ခေါင်းငုံ့ဖတ်နေလိုက်မိ၏။

          အကျဉ်းဦးစီးဌာနမှ တောင်းခံမှုဖြင့် မိမိတို့အား သွားရောက်ကြည့်ရှု စစ်ဆေးရန် ရုံးချုပ်က တာဝန်ပေးကြောင်း ထုတ်ပြန်ထားသည့် စာရွက် ဖြစ်သည်။

           “အဲဒါ ခင်ဗျားအတွက် ယူသွားလေ၊ ရုံးလက်ခံတော့ လက်မှတ် ထိုးပြီး ကျွန်တော် ပေးလိုက်ပြီ၊ ကိုယ်တိုင် ခေါ်တွေ့တာကတော့ နည်း နည်း မှာစရာရှိလို့ဗျာ”

          စက်ရုံမှူးက စကားဖြတ်ပြီး ဆေးလိပ်ကို ပြာခံခွက်ထဲ ထည့်သည် မနက်ဖြန် အင်ပြင်လို့ရတာရှိတယ်

           “မနက်ဖြန် ခင်ဗျား ပစ္စည်းတွေကိုစစ်တဲ့အခါ သေသေချာချာစစ် ပြီး စာရင်းယူခဲ့ဗျာ၊ ပြင်လို့ ရတာ မရတာပဲ သူတို့ကတော့ ခွဲချင်တာ၊ ကျွန်တော့်ဆီလည်း ဖုန်းလှမ်းဆက်တယ်၊ အားလုံး စက်ရုံကိုပို့ရတာ မလွယ်လို့တဲ့ဗျ၊ ပြင်လို့ရတာလောက်ပဲ စက်ရုံကိုပို့ချင်တဲ့သဘောပေါ့ဗျာ၊ ဒါပေမဲ့ ပြင်လို့ရတာတွေထဲမှာ ဘာတွေပြင်ဖို့လိုတယ်ဆိုတာပါ အကြမ်းမှတ်ခဲ့ပေါ့ ဗျာ၊ ဒါမှ ဒီမှာ ကျွန်တော်တို့ရှိနေတဲ့ စပါယ်ယာ ပတ်စ်တွေ အလုံအလောက် ရှိတယ်၊ မရှိဘူး သိမှာ၊ မရှိရင်လည်းထပ် လုပ်ဖို့လိုတာ လုပ်နိုင်တာပေါ့”

           “ဟုတ်ကဲ့”

           “ခင်ဗျား သိပါတယ်၊ ကျွန်တော်တို့ ဟို... စက်မှုသတ္တုတုန်းက ရုံးချုပ်က ဦးသာစိုးလေဗျာ၊ သူက အခု အကျဉ်းဦးစီးမှာ၊ အလုပ်ရုံကို သူ ကိုင်တယ်ဗျ၊ မနက်ဖြန် သူနဲ့ခင်ဗျားတို့ တွေ့ရမှာ”

           “ကျွန်တော်နဲ့ ရင်းနှီးပါတယ် စက်ရုံမှူး”

           “အေးဗျာ... မနက်ဖြန် ဆယ်နာရီ အဆင်သင့်လုပ်ထားပေါ့”

           “ဟုတ်ကဲ့၊ ကျွန်တော် သွားမယ် စက်ရုံမှူး”

           “ကောင်းပြီ... ကောင်းပြီ”

           စက်ရုံမှူးရှေ့မှ ထရပ်လျက် အခန်းထဲက ထွက်လာခဲ့သည်။

          နောက်နေ့ မနက်ဆယ်နာရီမှာ ရုံးချုပ်မှ ကားနှင့်လာခေါ်သည်။

           “မင်းအတွက်တော့ ဝတ္ထုထဲထည့်ရေးဖို့ ရချင်ရနိုင်တာပေါ့ ”

           ကားပေါ်ရောက်တော့ မျိုးအောင်က ပြောသည်။ မျိုးအောင်နှင့်က တက္ကသိုလ်ကို တစ်နှစ်တည်း ရောက်ခဲ့ကြသည့် သူငယ်ချင်းတွေ ဖြစ်၏။

           “အတွေ့အကြုံအသစ်တစ်ခု တိုးတာပေါ့ကွာ၊ ရေးစရာအကွက် အကွင်းတစ်ခု ကြုံလာတဲ့အခါကျတော့ စိတ်ကူးနဲ့ ရမ်းရေးတာမျိုး မဟုတ်ဘဲ ကိုယ် တကယ်ရောက်ဖူး၊ တွေ့ ဖူးတာရေးရတော့ ပိုပြီး ပေါ်လွင်တာပေါ့” မျိုးအောင်ကို သူ ပြောလိုက်သည်။

           “အချစ်ဝတ္ထုတွေထဲမှာ ယုတ္တိမရှိတာတွေ၊ အပြင်လောကမှာ တကယ် မဖြစ်နိုင်တာတွေ တော်တော်များများ တွေ့ရတယ်ကွ”

          ဟု မျိုးအောင်က စကားကိုဆက်သည်။

          စက်မှုတက္ကသိုလ်ရှေ့မှ ကားဖြတ်စဉ် စက်မှုတက္ကသိုလ်ဝင်းကို ငေးကြည့်ရင်း အတွေးလွင့်မျောနေရာမှ မျိုးအောင်မျက်နှာကို လှမ်း ကြည့်လိုက်မိ၏။

           “အဲဒါကြောင့် စိတ်ကူးယဉ်အချစ်ဝတ္ထုလို့ ပြောကြတာပေါ့ကွာ၊တကယ်ဆိုတော့ အချစ်ကိစ္စဆိုတာ လူတိုင်း ကင်းနိုင်ကြတာမဟုတ်တော့ လူတွေကြားမှာ တကယ်ရှိနေတဲ့ ကိစ္စတစ်ခုပဲလေ။ စားဝတ်နေ ရေး၊ လူမှုရေး၊ နိုင်ငံရေးတွေကြားမှာ အချစ်ရေး၊ အိမ်ထောင်ရေးဆို တာလည်း ကဏ္ဍတစ်ခုအနေနဲ့ ရှိနေတာပဲ၊ ဘ၀တစ်ခုအတွက် အဓိက ကိစ္စမဟုတ်ပေမဲ့ ကင်းလို့မရတဲ့ ကိစ္စတစ်ခုဆိုတာတော့ လက်ခံရမှာ ပဲကွ...”

           “အချစ်အကြောင်းရေးရင်းနဲ့ သင်ခန်းစာရနိုင်စရာတွေ၊ အတွေး အခေါ် ထပ်ပွားနိုင်စရာတွေ၊ သတိထားစရာဖြစ်တဲ့လူတွေရဲ့ စရိုက်တွေ၊ အဲဒါတွေပြနိုင်ဖို့ ၊ ဆင်ခြင်နိုင်ဖို့ အားထုတ်သင့်တယ် ထင်တာပဲကွာ၊ မင်းပြောသလို ယုတ္တိမရှိတာ၊ အပြင်လောကမှာ တကယ်မဖြစ်နိုင်တာ တွေရေးတော့ သဘာဝမကျတော့ဘူးပေါ့၊ စိတ်ကူးယဉ်ဆန်သွားတာ ပေါ့၊ အဲဒါတွေကြောင့်လည်း အချစ်ဝတ္ထုကို အပျော်ဖတ်ဆိုတဲ့အဆင့် မှာ စာရင်းသွင်းကြတာပေါ့ကွာ”

          မျိုးအောင်ကိုကြည့်ရင်း သူ ပြောလိုက်သည်။

           “ပြောလည်း ပြောချင်စရာပဲကွ၊ အများစုက အားထုတ်မှုနည်း တယ်။ တကယ်မသိဘဲ၊ တကယ် မလေ့လာဘဲ ရေးတာတွေလည်း အများကြီးတွေ့ရတာပဲ၊ စောစောကပြောသလို ဇာတ်လမ်းက ယုတ္တိမရှိ တာတင် မကဘူး၊ အကြောင်းအရာကပါ မှားနေတာတွေ တွေ့ဖူးတယ်”

           “ဘာလဲ၊ ရထားလမ်းမရှိတဲ့မြို့ကို ရထားနဲ့သွားတာမျိုးလား”

           “ဟုတ်တယ်၊ အများကြီးပါပဲကွာ၊ ရောဂါကိစ္စဆိုလည်း အလွဲလွဲ၊ အမှားမှား ဖြစ်ချင်သလို ဖြစ်ပေးတာမျိုးတွေပေါ့ ”

          မျိုးအောင်ကို ပြုံးကြည့်နေမိတော့သည်။ တကယ်မဖြစ်နိုင်သည့် အဖြစ်အပျက်၊ တကယ်မရှိသည့် လူတို့၏စရိုက်တို့ကို ရေးဖွဲ့ မိခြင်း သည်ပင် အချစ်ဝတ္ထုတို့၏ အဓိကအားနည်းချက်ဟု တွေးယူ စဉ်းစားနေမိပြန်၏။

          အင်းစိန်ကိုကျော်လာတော့ ရထားလမ်းကုန်းကို ဖြတ်သည်။ ပြီး တော့ ရုံးအဆောက်အအုံ ဂိတ်ဝမှာ ကားရပ်လိုက်၏ မျိုးအောင်က ကားပေါ်မှဆင်းကာ ပါလာသည့် စာရွက်စာတမ်းများကိုပြကာ ဂိတ်မှာ စကားပြောသည်။

***

          ရုံးမှာ စာရွက်စာတမ်းကိစ္စများပြုလုပ်ပြီး အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကားပေါ်မှာလိုက်လာခဲ့သည်။ ရုံးမှထွက်၍ အင်းစိန် အကျဉ်းထောင်ဆီသို့ ကားလေးက ဦးတည်ပြေးနေသည်။ ခဏအတွင်း မှာ အကျဉ်းထောင်ဂိတ်ဝ စားသောက်ဆိုင်ရှေ့၌ ကားထိုးရပ်သည်။

           “လက်ဖက်ရည်သောက်ရင်း စောင့်ရအောင်ဗျာ၊ ထောင်မှူးကြီးကို ကျွန်တော် ဖုန်းဆက်ထားပါတယ်” ။

          အကျဉ်းဦးစီးမှ တာဝန်ရှိသူကပြောရင်း ဆိုင်ထဲမှာထိုင်ကာ လက် ဖက်ရည် မှာကြသည်။

          မျက်နှာချင်းဆိုင်မှာ စားသောက်ဆိုင်တချို့နှင့် ထောင်ဝင်စာတွေ့ ရန် ရောက်လာကြသူများ နားနေ၊ စုရုံးနေသည့်နေရာကို လှမ်းမြင်ကြ ရ၏။ စားသောက်ဆိုင်တွေ၊ အအေးဆိုင်တွေမှာလည်း ထောင်ဝင်စာ လာတွေ့သူများကို မြင်နေရသည်။ “ထောင်ဝင်စာတွေ့ဖို့ လူတွေထင်တယ်” ။ ဟု စပ်စု ကြည့်မိပြန်၏။

           “ဟုတ်တယ်၊ တွေ့ဖို့အချိန်နီးရင် တန်းစီကြရတယ်။ ခဏနေကြ ဦးဗျာ၊ ထောင်မှူးကြီးကို ကျွန်တော် သွားတွေ့ဦးမယ်”

ပြောရင်း ဆိုင်ပြင်ထွက်သွားသည့် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူကို လှမ်းကြည့်နေမိပြန်သည်။

          ဆိုင်တန်းတွေ၏ ခပ်လှမ်းလှမ်းမြေပြင်မှာ အလုပ်လုပ်နေကြသော ထောင်သားများဆီ အကြည့်ရောက်ပြန်၏။

          သက်ပြင်းရှည်ကို အလိုလိုချမိရင်း အေးစက်နေသော လက်ဖက် ရည်ကို ကောက်မေ့မိပြန်သည်။

မျိုးအောင်ဆီ အကြည့်ရောက်ခိုက် ထောင်ဝင်စာ တွေ့ရန် လာသူ များကို ငေးနေတာတွေ့၏။ မျိုးအောင် တပည့်လေးက စီးကရက်ဝယ် ရန် ထသွားသည်။

          ခဏအကြာမှာ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူနှင့် ထောင်မှူး ကြီး ရောက်လာ၏။

လက်ဖက်ရည်ဖိုးရှင်းကာ ဆိုင်ထဲမှ ထွက်သည်။ ကားပေါ်သို့ တက်ကြ၏။ အကျဉ်းဦးစီးဌာနမှ အရာရှိနှင့် ထောင်မှူးကြီးက ကား ရှေ့ခန်းမှာထိုင်ပြီး မိမိတို့က နောက်မှာ ထိုင်လိုက်သည်။ ။

          ကားသည် အကျဉ်းထောင်ဂိတ်ဝဆီသို့ ဦးတည်မောင်း၏။ ဂိတ်ဝ ရောက်တော့ ထောင်မှူးကြီးက လှမ်းပြောလိုက်သဖြင့် ဂိတ်တံခါး ပွင့် သွားသည်။ ဂိတ်တံခါးမှ ကားဝင်စဉ် ရင်၌ ခံစားမှုတစ်ခု ဖြစ်စေပြန် ၏။ ကားဝင်ပြီးသည်နှင့် ဂိတ်တံခါး ပြန်ပိတ်သွားတော့သည်။ ဂိတ် တံခါးပွင့်သည်နှင့် ထောင်ထဲသို့ ရောက်ပြီဟု ထင်မိသော်လည်း လှမ်း အကြည့်မှာ ရှေ့တံခါးကြီးတစ်ခု ပိတ်ထားတာ တွေ့ရပြန်သည်။

           “ကဲ... ခဏ ဆင်းကြပါဦးဗျာ”

          ထောင်မှူးကြီးက ဆင်းလာရင်း ပြောသည်။ ကားသည် တံခါး နှစ်ခုကြားမှာ ရပ်ထား၏။

          မျိုးအောင်ထံမှ စာရွက်စာတမ်းတို့ကို ထောင်မှူးကြီးက လှမ်းယူ ပြီး တာဝန်ရှိ စစ်ဆေးသူထံပေးသည်။ ပြီးတော့ မိမိတို့သုံးဦး၏ မှတ်ပုံတင်ကတ်တွေ တောင်းကာပေးသည်။ စာရွက်စာတမ်းများကို တာဝန် ရှိသူက စစ်ဆေးနေစဉ် အခြားတာဝန်ရှိသူများက ကားနှင့် မိမိတို့သုံးဦး ကိုယ်ပေါ်မှာ ရှာဖွေစစ်ဆေးခြင်းကို ပြုပြန်၏။

           “ဒါက ထောင်ဝင်စာတွေ့တဲ့ နေရာလေ”

          ထောင်ဘူးဝ၏ဘယ်ဘက်မှနေရာကို မေးငေါ့ ပြရင်း ထောင်မှူး ကြီးက ပြောသည်။

          ခဏအကြာတွင် စာရွက်စာတမ်းနှင့် မှတ်ပုံတင်ကတ်ပြားတွေ ပြန်ပေး၏။

           “ထုံးစံအတိုင်း စစ်ဆေးရတာတော့ စိတ်မရှိပါနဲ့ဗျာ”

          ကားပေါ် ပြန်မတက်ခင် ထောင်မှူးကြီးက ပြောသည်။

           “ကျွန်တော်တို့ စက်ရုံတွေ၊ ရုံးတွေမှာတောင် အဝင်အထွက် စစ် ဆေးရသေးတာပဲဗျာ၊ သဘောပေါက်ပါတယ်”

          ဟု ရယ်ရင်း မျိုးအောင်က ပြောသည်။ ဒုတိယ ဂိတ်တံခါးကြီး ပွင့်သွား၏။

          ကားသည် ထောင်ထဲသို့ ဦးတည် မောင်းဝင်လိုက်သည်။ ပထမ ဆုံး ကြုံတွေ့ရသည့်မြင်ကွင်းမို့ ကားပေါ်မှ လှမ်းငေးရင်း လိုက်ပါလာခဲ့ ၏ ။ ( အကျဉ်းထောင်၏ အတွင်းဘက် အုတ်ရိုးတံတိုင်းတစ်ခုကို လှမ်း မြင်ရပြန်သည်။

          နောက်ဘက်နားခပ်ကျကျ အဆောက်အအုံတစ်ခုရှေ့မှာ ကားထိုး ရပ်၏။

          ကားပေါ်မှဆင်းပြီး အဆောက်အအုံထဲသို့ ဝင်လိုက်ကြသည်။