မောင်စိန်ဝင်း(ပုတီးကုန်း) - စွယ်တော်တန်းကအလွမ်းခြေရာ
အခန်း (၁)
ဖတ်လက်စ မဂ္ဂဇင်းစာအုပ်ကို စားပွဲပေါ်တင်လိုက်သည်။ စက်မှု တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း(၁၉၆၅-၆၆)စာလုံးက ထင်းခနဲ။ ကျောင်း လခ အဆောင်ကြေးသွင်းစဉ်က ဝယ်ခဲ့ရသောစာအုပ်။ မနှစ်က စာသင် နှစ်က ထုတ်ဝေသောစာအုပ်။ သူတို့စာသင်နှစ်က ၆၆-၆၇ လေ။ နာရီ ကြည့်လိုက်တော့ ဆယ်နာရီကျော်ပြီ။ မအိပ်ချင်သေးသဖြင့် အဆောင် အောက်ထပ် ဆင်းလာခဲ့သည်။
လှေကားအဆင်းမှာပင် အဆောင်အဝင် တံခါးဝမှာ ထိုင်ခုံပေါ် ငိုက်နေသည့် ညစောင့်ကြီး ဦးလေးမြကို လှမ်းမြင်၏။ လှေကားထိပ် တည့်တည့်မှအဆောင် ပါလာဧည့်ခန်းမှာ မီးချောင်း မှိန်မှိန်တစ်ချောင်း သာ လင်းလျက်။ ဆယ်နာရီမှာ ဧည့်ခန်းပိတ်ပြီမို့ ငြိမ်ဆိတ်နေပြီ။ အထွက် တံခါးလျှောက်ရင်း ဧည့်ခန်းဆီ အကြည့်ရောက်၏။ မှိန်ပြပြအလင်းမှာ ရေဒီယိုရှေ့ထိုင်နေသူတစ်ဦးကို ဖျတ်ခနဲတွေ့တော့ တုံ့ခနဲ ရပ်မိသည်။ နေရှင်နယ်ရေဒီယိုကြီးသည် ဧည့်ခန်းဆက်တီတွေ ဘေးမှာ။ အသေချာကြည့်တော့ လူတစ်ယောက် ရေဒီယိုရှေ့ထိုင်ပြီး ခလုတ်တွေလှည့်ကာ ရေဒီယိုဖမ်းနေတာ သိလိုက်၏။ အသံကို အနားကပ်မှ တီးတိုးကြားရ သည်။ ဆံပင်ရှည်ရှည်၊ ပိန်ပိန်ပါးပါး ကျောင်းသားတစ်ဦး ရေဒီယို ခိုးဖွင့်နားထောင်နေပါလား သိလိုက်၏။
“ဟေ့ကောင် ခင်မောင်တိုး”
“ဟာ.. လန့်လိုက်တာကွာ”
အသံကြောင့် အလန့်တကြား နောက်လှည့်ကြည့်ရင်း နှုတ်က ထွက်သည်။ သူ့ဘေး ဝင်ထိုင်လိုက်၏။ ကြမ်းပြင်ပေါ်ထိုင်ရင်း “ဘာလိုင်းကို ဖမ်းနေတာလဲကွ” ဟု မေးလိုက်၏။
“ဒီအချိန်တွေမှ နိုင်ငံခြားလိုင်းတွေက သီချင်းတွေလာတာကွ။ ငါ ညတိုင်း လာနားထောင်တယ်။ အားမရပါဘူးကွာ အဆောင်မှူးကြားမှာ စိုးလို့ တိုးတိုးလေး နားထောင်ရတာ”
ပါလာနဲ့ကပ်လျက်မှာက အဆောင်မှူးမိသားစု နေသည့်အိမ်။
“မင်းကရော ဘာလို့ ဆင်းလာတာလဲ”
“အဆောင်ရှေ့ ဆေးလိပ်ဖွားမလို့ ၊ လသာနေတော့ အိမ်လွမ်းတာ လည်း ပါတာပေါ့ကွာ”
ပြောပြီး ထရပ်သည်။ ခင်မောင်တိုးက ရေဒီယိုကို ဆက်ကလိ နေဆဲ။ အဆောင်ရှေ့ရောက်တော့ လမင်းကိုမြင်ရသည်။ ပြည့်ခါနီး လရောင်သည် ဝန်းကျင်မှာ ဖြာကျ၏။ အဆောင်ရှေ့တည့်တည့်ရပ်ကာ ဆေးပေါ့လိပ် မီးညှိဖွားသည်။
အဆောင်ပေါ်တီကိုထိပ်မှ အဆောင်အမည် ဆိုင်းဘုတ်ဆီ အကြည့်ရောက်၏။
“နတ်မောက်ဆောင်”
သည်အဆောင်က ပညာရေးတက္ကသိုလ်အောက်မှာ။ ပညာရေးစွယ်တော်တန်းက အလွမ်းခြေရာ | ၅ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားများ၊ ဘီအီးဒီတက်သည့် ကျောင်း ဆရာများကို ထားသောအဆောင်။ စက်မှုတက္ကသိုလ်အဆောင်က ကပ်လျက် အင်းလေးဆောင်။ အင်းလေးမှာ လူပြည့်သွားလို့ စက်မှု တက္ကသိုလ်က ကျောင်းသားတချို့က နတ်မောက်ဆောင်မှာ ရောက်လာ ကြရတာ။
နတ်မောက်ဆောင်မှာက အမျိုးသားစာပေဆုရ ပျဉ်းမနား မောင်နီ သင်း ရှိသည်။ သူက ဘီအီးဒီ ဒုတိယနှစ်။ စာရူးပေရူးတစ်ယောက် အတွက်တော့ ကိုနီနှင့်ရင်းနှီးရတာ ဆုလာဘ်တစ်ပါး ထင်မိ။
“သူများတက္ကသိုလ်ပိုင်တဲ့ အဆောင် ကပ်နေရပေမဲ့ သိပ်ဂုဏ်ယူ စရာ ကောင်းတာကွ။ ဗိုလ်ချုပ်ဇာတိ နတ်မောက်ကို ဂုဏ်ပြုထားတဲ့ အဆောင်။ ဒီအဆောင်က ဗိုလ်ချုပ်သွေးတွေ ငါတို့ဝိညာဉ်ကို ပူးကပ်လာမှာကွ”
လက်ကိုင်ရေဒီယိုလေးတစ်လုံးနှင့် အချိန်ကုန် စာအလွန်ဖတ် သည့် ရခိုင်ကြီးသန့်စင်စကား ပြန်ကြားနေမိ။
ခပ်ဝေးဝေးဆီမှ သံချောင်းခေါက်သံက ဆယ့်တစ်နာရီ ဆိုတာ သိလိုက်ပြီ။ အခန်းအချို့ မီးလင်းနေသော်ငြား အတော်များများအခန်း တွေက မှောင်ပြီ။ လေကိုတဝရှူရင်း ဆေးလိပ်မီးငြိမ်းကာ အဆောင်ထဲ ပြန်ဝင်လိုက်၏။
ရခိုင်ကြီးပြောသည့် ဗိုလ်ချုပ်ဝိညာဉ်ရှိရာ ရင်ခွင်ထဲ ဝင်လိုက်ရ သလို။
ဧည့်ခန်းဆီ ငဲ့အကြည့်မှာတော့ ခင်မောင်တိုးက ရေဒီယိုရှေ့မှာ ရှိနေတုန်း။
အခန်း (၂)
အနုပညာသည် ရေကြည်ရေစက်ဖြစ်ပါက
မြစ်ချောင်းတို့ စီးဝင်ရာ သမုဒ္ဒရာ...
အနုပညာသည် ပန်းရနံ့ဖြစ်ပါက
လှသော မွှေးသော ပန်းတို့ ဖူးပွင့်ရာ ဥယျာဉ်...
အနုပညာသည် တောင်တစ်လုံးဖြစ်ပါက
တောင်တက်သမားများ ရောက်နေသည့် တောင်ခြေ
သည်နေရာတွေကို ရောက်ခဲ့ပြီဟု ကိုယ်ရော ခင်မောင်တိုးပါ
တွေးဖူး ဖူးခဲ့သည်ပဲ။
လှိုင်းထန်သောပင်လယ်ကို ဖြတ်ရမည်။
ရနံ့ထုံသော ပန်းတောမှာ ဝတ်မှုန်ကူးရမည်။
မတ်စောက်သော တောင်ထိပ်ကို တက်ရဲရမည်။
တက္ကသိုလ်သည် ကိုယ်တို့အတွက် ပင်လယ်..
တက္ကသိုလ်သည် ပန်းဥယျာဉ်
တက္ကသိုလ်သည် တောင်တန်း
မိမိတို့ မျှော်မှန်းရာ အိပ်မက်များရှိရာ
အရပ်ဟု ယုံမှတ်မိပြန်သည်လေ..
ဆယ်တန်းနှစ်မှာ ဆရာဇဝနရဲ့ ‘ကောလိပ်ကျောင်းသား” ဖတ်ပြီး တက္ကသိုလ်ကို ရောက်ချင်သည်။
ဆရာဘုန်းနိုင်ရဲ့ “နိုင်” ကိုဖတ်ရင်း နှစ်လွှာပေါင်းမှတစ်ရွက်က အိပ်မက်ထဲပြန်ပါသည်။ စွယ်တော်တောဆိုတဲ့ စက်မှုတက္ကသိုလ်ကို အလိုလို တွယ်မက်သည်။ ။
ကိုးတန်းနှစ်မှာ မဂ္ဂဇင်းထဲ ကဗျာစပ်ပြီး ဆယ်တန်းနှစ်မှာတော့ သွေးသောက်၊ ငွေတာရီ၊ ရှုမဝမှာ ခပ်စိပ်စိပ် ရေးဖြစ်လာသည်။ တက္ကသိုလ် မလာခင်လေး မိုးဝေမှာ ကဗျာပါလာတော့ ဆယ်တန်းအောင်တာထက် ပျော်မိ။
ကျောင်းကပြန်လာပြီး အခန်းပြင်ရင်း အတွေးကမပြတ်။
“မင့်သူငယ်ချင်း ရောက်နေတယ်။ ပါလာမှာ စောင့်နေတယ်။ မင်းအခန်း လိုက်ပို့မယ်ပြောတာ ဒီကပဲ စောင့်မယ်တဲ့....”
သန်းဝင်းနိုင်က အခန်းထဲ လာပြောသည်။
“ငါ့ဆီ လာစရာမရှိပါဘူး” ။
နှုတ်မှထွက်ရင်း ဘယ်သူဖြစ်မလဲ တွေးမရ။ အောက်ထပ်ကို ခပ်သွက်သွက်လေး ဆင်းခဲ့မိသည်။ ပါလာမှာ သူ့ကို ထိုင်စောင့်နေသူကို လှမ်းမြင်သည်။ အရပ်ပျပ်ပျပ် အသားဖြူဖြူ တိုင်းရင်းသားနှင့်တူသူ တစ်ယောက်။ အင်္ကျီပွပွနှင့် လွယ်အိတ်ကြီးကြီးတစ်လုံး လွယ်ထားသည်။
“စိန်ဝင်းလား”
သူ မသိသူက ငယ်ပေါင်းနှယ် ထပြီးနှုတ်ဆက်တော့ တအံ့တသြ။ အသံက အတော်ဝဲသည်။
“ဟုတ်ပါတယ်”
“မောင်စိန်ဝင်း ပုတီးကုန်း ပေါ့ ”
“ဟုတ်ကဲ့”
“ဟာ ဝမ်းသာလိုက်တာ၊ သန်းဆောင်ပါ၊ ကချင်မြေ သန်းဆောင် ပါ”
“ဟာ ဘယ်တုန်းက ရန်ကုန်ရောက်တာလဲ။ ထိုင်ဗျာ”
ဆက်တီမှာ အတူထိုင်လိုက်သည်။
“ရန်ကုန်ရောက်တာ နှစ်ပတ်လောက်ရှိပြီ”
“အပြီးဆင်းလာတာ”
သူနှင့်ကိုယ်က မဂ္ဂဇင်းတစ်ခုတည်းမှာ တစ်လတည်းပါ ဖူးပြီး သူရော ကိုယ်ရောရဲ့ ပထမဆုံး ပုံနှိပ်စာမူ။ နောက် လည်း မဂ္ဂဇင်းတွေမှာ အတူပါကြပြီး ကလောင်ချင်း ရင်းနှီးနေသူတွေ။
“အမျိုးအိမ်မှာလား”
“ဘာအမျိုးမှ မရှိဘူးကွ။ ဆရာသော်တာဆွေရဲ့ အဟိတိုက်သွား ပြီး ဆရာ ကျွန်တော်တော့ ဆင်းလာပြီ၊ ဆရာ စီစဉ်ပေးပေတော့လို့ အပူကပ်ရတယ်။ ဆရာ့အိမ်မှာ သုံးလေးရက်နေပြီး အခုတော့ ဆရာ အလုပ်သွင်းပေးတဲ့နေရာမှာ”
သူက အဟိမှာလည်း စာမူလေးတွေ လစဉ်ရေးနေတော့ ဆရာ သော်တာဆွေနှင့် ရင်းနှီးပေမည်။
ညနေကအတွေး ပြန်သတိရပြန်၏။
သူလည်း သူ့နည်းနှင့်သူ သမုဒ္ဒရာရှိရာ ဥယျာဉ်ရှိရာ တောင်တန်း ရှိရာ ရောက်လာခဲ့တာပါလား။
“မင်းဆီ လာချင်တာနဲ့ အတော်ဖြစ်သွားတာ။ မိုးဝေတိုက်ရောက်တော့ မင့်ကဗျာပါတဲ့ စာအုပ်နဲ့ စာမူခ လူကြုံပေးလိုက်တယ်”
“စာမူ”
မဂ္ဂဇင်းတွေမှာ အဖွင့်ပါမှ စာမူခပေးလေ့ရှိတာ အတွင်းမှာပါလျှင် စာအုပ်ပဲပေးတာ သိထားသည်ပဲ။
“ဆရာနတ်က ပြောတယ်၊ ဒီလစပြီး အတွင်းကဗျာလည်း တစ်ဆယ် ပေးပြီတဲ့”
ကဗျာစာမူခကို စရဖူးပြီဟု ပီတိဖြစ်ရသည်။
စကားပြောရင်း သူ့လိုပဲ မင်းနဲ့ငါနဲ့ဖြစ်ကာ တရင်းတနှီး။
အဲဒီနေ့ ညစာကို အဆောင်မှာပဲ နှစ်ယောက် မျှစားလိုက်ကြ၏။ ညရောက်တော့ မလှမ်းမကမ်းမှာရှိသည့် မထားတို့ဆိုင်မှာ လက်ဖက်ရည်သောက်ကာ စကားပြောမကုန်။ အဆောင်မှာပဲ သူ ညအိပ်သွားဖြစ် သည်။
အလွန်ဝေးသော ကချင်ပြည်နယ်မှ တစ်ခေါက်မှမရောက်ဖူးပါပဲ၊ အသိမိတ်ဆွေတစ်ဦးမှမရှိပါပဲ ရန်ကုန်ကို လာရဲသည့် သတ္တိ ဘယ်လို ပြည့်ခဲ့ပါသလဲ။ အနုပညာ ရူးသွပ်မှုက အံ့သြစရာပင်။