Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

မောင်ချောနွယ် - မောင်ချောနွယ်အတု

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

ကိုယ်လက်သန့်စင်ထားတဲ့နေ့

ဒီမှာ

စာမဟုတ်တဲ့ စာတစ်စောင်

အော်သံတစ်ခု

ပင်လယ်နက်နက်ထဲက

 လူတွေမမြင်သာတဲ့ ပင်လယ်နက်နက်ထဲကလာတာ

ဒါဟာ

သတင်းပို့ချက်တစ်ခု

သို့မဟုတ်

ရတနာကျွန်းရှိရာ ပြညွှန်မြေပုံတစ်ခု

အိပ်မက်တစ်ထောင်ညတွေ ပါတယ်

အမြဲစိမ်းသစ်တောတစ်ခု ပါတယ်

 ဆယ်ဘဝစာ အမောမီးခိုး ပါတယ်

ရွှေသားမီးလျှံတစ်ခုလည်း ပါတယ်

ရေကန်လေးတစ်ကန်သာ တောင့်တတဲ့

ငန်းဖြူတစ်ကောင်ရဲ့

ဆန္ဒအပူတွေ ပါတယ်

တစ်ဝက်မှိုတက်ခံရတဲ့

နုပျိုမှုတွေပါတယ်

လက်ခံပါ

ဘာတစ်ခုမှ မပြန်ကြားရင်နေပါ

ဘာတစ်ခုမှ ဆောင်ကျဉ်းမပေးရင်နေပါ

ခေတ္တလောက်တော့

နားဆင်ကြည့်လိုက်စမ်းပါ

သင့်ရဲ့ လူ့အဖြစ်ကို

အံ့သြထိတ်လန့်ဖွယ်ရာ

သင်... တွေ့ ရှိရမှာဖြစ်ပါတယ်။ ။

 

ဖြစ်ခဲ့တယ်

အဲဒါဟာ

မိခင်မြတ်ရဲ့ သားအိမ်ထဲမှာ

 ဖြစ်ခဲ့တယ်။

အဲဒါဟာ

နာမ်အလုပ်ကိုလုပ်တဲ့ ပြည်မြို့ကလေးမှာ

ဖြစ်ခဲ့တယ်။

အဲဒါဟာ

ကြိယာ အလုပ်ကိုလုပ်တဲ့ ဖြူးမြို့ကလေးမှာ

 ဖြစ်ခဲ့တယ်။

အဲဒါဟာ

ညစာပျောက် ညတစ်ညရဲ့ ဆာလောင်မှုမှာ

ဖြစ်ခဲ့တယ်။

အဲဒါဟာ

အိမ်ပြေးတစ်ယောက်ရဲ့ ကြေကွဲရခြင်းထဲမှာ

ဖြစ်ခဲ့တယ်။

အဲဒါဟာ

သင်္ခါရတရားရဲ့ လေညှင်းခံမှုထဲမှာ

ဖြစ်ခဲ့တယ်။

အဲဒါဟာ

မာကိုနီရဲ့ ဆောင်းတွင်းအိပ်မက်ထဲမှာ

 ဖြစ်ခဲ့တယ်။

အဲဒါဟာ ဖီရှန်နွားတစ်ကောင်ရဲ့ ဇီးအိမ်ထဲမှာ

ဖြစ်ခဲ့တယ်။

အဲဒါဟာ

ပင်စင်စား အရာရှိတစ်ဦးရဲ့

ချယ်ရီသား တုတ်ကောက်ထဲမှာ

ဖြစ်ခဲ့တယ်။

အဲဒါဟာ

မြင်းမွေးညှပ်သမားရဲ့ ကတ်ကျေးထဲမှာ

ဖြစ်ခဲ့တယ်။

အဲဒါဟာ

သွားတွေတစ်ချောင်းမှ မရှိတော့တဲ့

သွားဆရာဝန်မှာ ဖြစ်ခဲ့တယ်။

 အဲဒါဟာ

ရေဦးရေဖျား မြို့ကလေးမှာ

ဖြစ်ခဲ့တယ်။

အဲဒါဟာ

ငရဲ့ ခေါင်းတိုလို ခေါင်းရှိပြီး

ပုကွကွကောင်တစ်ကောင်ရဲ့ ခပ်ထိပ်ပေါ်မှာ

ဖြစ်ခဲ့တယ်။

အဲဒါဟာ

နှစ်ထပ်သင်္ဘောနဲ့တူတဲ့ မြို့လေးမှာ

ဖြစ်ခဲ့တယ်။

အဲဒါဟာ

တစ်တောလုံး တစ်တောင်လုံး

ချက်ကြွေးတဲ့ သဒ္ဓါတရားထဲမှာ

 ဖြစ်ခဲ့တယ်။

အဲဒါဟာ

လဲမြို့တွေအန်ထွက်နေတဲ့

ခေါင်းအုံးပေါက်တစ်လုံးမှာ

 ဖြစ်ခဲ့တယ်။

အဲဒါဟာ

နိုင်ငံရေးမရှိတဲ့ မွေးမြူရေးငါးတွေမှာ

ဖြစ်ခဲ့တယ်

ဖြစ်ခဲ့တယ်

 ဖြစ်ခဲ့တယ်

စကြဝဠာကိုမျှားတဲ့ ပါးစပ်ကြီးမှာ

ဖြစ်ခဲ့တယ်

အဲဒါဟာ

ချစ်ခြင်းမေတ္တာရဲ့ ချောင်းနားကမ်းစပ်မှာ

 ဖြစ်ခဲ့တယ်

အဲဒါဟာ

ယန္တရားလို့ခေါ်တဲ့ တိုက်ကြက်ဖရဲ့ စလုတ်ကြီးထဲမှာ

ဖြစ်ခဲ့တယ်

ဖြစ်ခဲ့တယ်

အဲဒါဟာ

ဘိန်းစားတစ်ဦးရဲ့ ဖြောင့်ချက်ထဲမှာ

 ဖြစ်ခဲ့တယ်

အဲဒါဟာ

 ဖြစ်ခဲ့တယ်

 ဟုတ်တယ်

 ဖြစ်ခဲ့တယ်

အော်ဒက်ဆာမှာ ဖြစ်ခဲ့တယ်။

အဲဒါဟာ

ဖြစ်ခဲ့တယ်

လူဖြစ်ပြီး တိုက်ကပ်ပန်းပင် တစ်ပင်လိုလို

ပြီးတော့ ပန်းလဲမပွင့်တဲ့ ကောင်တစ်ကောင်မှာ ဖြစ်ခဲ့တယ်။

လောကကြီးမှာ

ငွေမရှိတာလောက် အောက်တန်းကျတာမရှိဘူး

အဲဒါဟာ

 ဖြစ်ခဲ့တယ်

ဗန်ဂိုးနဲ့ လော်ရကာတို့ရဲ့ အိပ်မက်ဟာ

 ဖြစ်ခဲ့တယ်

စဉ်းတီတုံးပေါ်က နန့်ကျောဆွဲတဲ့ငါး

အသက်လက်လွှတ်လိုက်ရခြင်းမှာ

 ဖြစ်ခဲ့တယ်။

ရေတာရှည်ခြင်း မြို့ကလေးက

တောပြဇာတ်ကလေးမှာ ဖြစ်ခဲ့တယ်။

ရွှေလိမ္မော်သီး ဖိနပ်ကလေးတစ်ရံရဲ့

ရယ်မောသံမှာ ဖြစ်ခဲ့တယ်။

ဖြစ်ခဲ့တယ်

 ဖြစ်ခဲ့တယ်

ဖြစ်ခဲ့တာတွေဟာ ပျက်ခဲ့တယ်

ပျက်ခဲ့တာတွေဟာ ဖြစ်ခဲ့တယ်

ဖြစ်ခဲ့တယ်

ဖြစ်ခဲ့တယ်

ပျက်ခဲ့တာတွေဟာ ဖြစ်ခဲ့တယ်

ဖြစ်ခဲ့တယ်

ဖြစ်ခဲ့တယ်

ပျက်ခဲ့တာတွေဟာ ဖြစ်ခဲ့တယ်။ ။