မောင်ချောနွယ် - ငှက်ဆိတ်တဲ့သစ်စည်း
လမ်းဘေးမှာ အေးအေးဆေးဆေး အိပ်နေတဲ့ခွေး
ရုတ်တရက်ကြီး ကားဖြတ်နင်းခံရ
ခြေထောက်နှစ်ချောင်း သွင်သွင်ကျိုး
နာလွန်းလို့ ခမျာမှာ
ဘယ်လို အော်ရမှန်းမသိ
သူ့အသက်ရှူ ရေငင်ပုံးကလေး
ရေတွင်းနက်နက်ကြီးထဲ
ငင်ငင်နေတာ မြင်ရ။
ငါး
တစ်ဘဝလုံးလုံးလိုလို
ငါးရယ်လို့ တစ်ကောင်တစ်လေမှ မမိ
ကြည့်
မိမယ့်မိတော့ စကြဝဠာကြီး
အပေါ်ဆွဲတင်လိုက်တော့
ငါ့ငါးမျှားတံဟာ ကိုင်းညွတ်ပြီး
သက်တန့်ဖြစ်သွား
ငါ့ကို ပြန်မျှားခဲ့ပေါ့ ။
ရုပ်ရှင်
အသည်းနှလုံးထဲကို အလည်ထွက်လိုက်မိတော့
ကိုယ့်အိမ်မှာ
ကိုယ်နေစရာမရှိတာကြုံရ
သင်္ချိုင်းကုန်းကို ခေါင်းအုံးအိပ်တဲ့ညက
ညကိုမုန်းတယ်လို့ စကားဆို
နှုတ်ဆက်ပြီး
ညဟာ ညက
နိုက်ကလပ်ကို ထွက်သွားပြီ။ ပြီး
ရုပ်ရှင်တေးကဗျာ
အိမ်
ပလတ်စတစ်အကြည်သားပေါ်
တိမ်တွေ ရေးဆွဲချလိုက်ပြီး
တိမ်အိမ်လေး ဆောက်ခါဝင်လိုက်မိ
ဘယ်လိုမှ ပြန်ထွက်မရတော့ဘူး။
၁၉၉၆၊ ဖေဖော်ဝါရီလ၊ စာပေဂျာနယ်
ဖြူး
ပဋိသန္ဓေတားဆေး စားပြီး ဝဖီးသူမိန်းမလို
အဝေးပြေးကားကြီးတွေ
ချစ်မှုတစ်ခုခုဆီ စုန်စုန်သွားကြ
ကုန်စည်အသစ်အသစ်တွေဆီ ဆန်ဆန်သွားကြ
ထွေးပွေ့လိုက်စမ်းပါ...
ထွေးပွေ့ လိုက်စမ်းပါ ဆိုဆိုပြီး
ရထား ...
ဝင်ချလာ
မြို့တွေကို ဖြူးချလိုက်ပါပေါ့
ဖြူး...။
မြားနတ်မောင်မဂ္ဂဇင်း၊ ၁၉၉ဝ ခု၊
ဖြူးမြို့။