မောင်ချို(စိတ်ပညာ) - ပေါင်းရခက်တာသူလားသင်လား
ဤစာအုပ်သည် ပေါင်းသင်းရ ခက်သူတို့ကို သင် မည်သို့ အဆင် ပြေအောင် ပေါင်းသင်း၍ရနိုင်မည် ဟူသည့် နည်းလမ်းများကို ဖော်ပြပေးမည့် စာအုပ် ဖြစ်ပါတယ်။ နေ့စဉ် သင် ကြုံတွေ့ နေရသော လူမှုဆက်ဆံရေး ပြဿနာများသည် သင် ထင်သလောက် ကြီးမားခက်ခဲသည့် ပြဿနာများ မဟုတ်ပါ။ ပြဿနာအားလုံးသည် လူပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်နေသော ပြဿနာ (ဝါ) လူမှုပြဿနာသာ ဖြစ်ပါသည်။ သင်သည် လူသားတစ်ဦး ဖြစ်နေသည့်အတွက် ဤလူမှုပြဿနာကို အမှန်တကယ် ထိထိရောက်ရောက် ဖြေရှင်းနိုင်သူ တစ်ယောက် ဖြစ်သည်ကို သင် ယုံလိုက်ပါ။ ပေါင်းသင်းရ ခက်သူတွေနှင့် သင် ကြုံတွေ့ရသည့်အခါ သင်သည် စိတ်လှုပ်ရှားဖွယ် ကာလတစ်ခုကို ဖြတ်သန်းရမည်မှာ ဧကန် ဖြစ်ပါသည်။ ထိုကာလသည် အခိုက်အတန့်မျှသာ ဖြစ်သည်ကို သင် ယုံပါ။ မည်မျှ တိုတောင်းသည် ဆိုသည့် အချက်သည် သင့်လူမှုဆက်ဆံရေး အစွမ်းအစပေါ်တွင် လုံးဝ မှီခိုလျက် ရှိပါသည်။ တစ်ခါတစ်ရံ သင် ထင်သလို အချိန်တိုတွင် ပြီးဆုံး မသွားဘဲ အချိန်ဆွဲဖြေရှင်းရမည့် အနေအထားမျိုးသို့ ဦးတည်သွားနိုင်ပါ သည်။ ကာလရှည်ကြာခြင်းသည် ပြဿနာကို ပိုမိုကြီးထွားလာစေခြင်းပင် ဖြစ်ပါသည်။ ဤအတွက် သင် တုန်လှုပ်စရာ မလိုပါ။
ဤ၌ သင် ဦးစွာ သိထားသင့်သည့် အချက်တချို့ကို ဖော်ပြပါမည်။
(၁) သင့်ဘက်က မှားနေလျှင် ဝန်ခံရန် မမေ့ပါနှင့်။
“ကျွန်တော် မှားနေတယ်ဆိုရင် ဝန်ခံပါတယ်။ ဘယ်လို ကောင်း အောင် ပြုပြင်ရမလဲ ပြောပါ” ဆိုတာမျိုး သင် ပြောနိုင်ရမည်။ ပြောနိုင်မည့် သတ္တိမျိုး ရှိရမည်။
(၂) စိတ်ထဲ ရင်ထဲက ချီးကျူးစကား ပြောချင်စိတ် ထားပါ။
“ခင်ဗျားပြောတာ ကောင်းပါတယ်” ဆိုတာမျိုး သင် စိတ်ပါလက်ပါ ပြောပါ။
(၃) ကိုယ် ထင်တာတွေ လျှောက်ပြောနေလို့ ပြဿနာကို အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး။ တစ်ဖက်သားရဲ့ ထင်မြင်ယူဆချက်တွေကို သင် သိအောင် လုပ်ပါ။ တစ်ဖက်သား ပြောလာအောင် လုပ်ပါ။ မေးပါ။
“ခင်ဗျား ဘယ်လိုထင်သလဲ၊ ဘယ်လို ဖြစ်ချင်တာလဲ ခင်ဗျာ”ဆိုတာ မျိုးဟာ တစ်ဖက်သားရဲ့ ဆန္ဒတွေကို ဖော်ထုတ်ခွင့်ပြုလိုက်တဲ့ လိုက်လျောမှု တွေပဲ။ သင့်ဘက်က ဒီလို လိုက်လျောမှုမျိုးရှိရင် တစ်ဖက်က သင့်ပေါ်မှာ သင် ထင်ထားတာထက် ကြီးမားတဲ့ လိုက်လျောမှုမျိုးတွေ ပြလာတတ်တယ်။
(၄) တစ်ဖက်သားရဲ့ ဒေါသကို ဘယ်တော့မှ သွားမဆွဲပါနဲ့။ ဒေါသဆိုတာ အတ္တပေါ်မှာ အခိုင်အမာ တည်ဆောက်ထားတဲ့ လက်နက် ကြီး တစ်ခု ဖြစ်တယ်။ လူ့သဘာဝဟာ အတ္တကို ထိရင် ဒေါသဆိုတဲ့ လက်နက်နဲ့ တုံ့ပြန်တတ်တယ်။ ဒီအဆိုရာခိုင်နှုန်း ၁ဝဝ မှန်တယ် ဆိုတာ သင် ယုံပါ။ ဒါကြောင့်
“စိတ်မရှိပါနဲ့ ခင်ဗျာ၊ ရှင်” “စိတ်မဆိုးပါနဲ့နော်” ဆိုတာမျိုး သင် ဖောဖောသီသီ သုံးတတ်ဖို့ လိုပါတယ်။
(၅) “ကျေးဇူးပါပဲဗျာ၊ ရှင်” “ကျေးဇူးတင်လိုက်တာဗျာ၊ ရှင်” ဆိုတာမျိုး သင် ပါးစပ်က ပြောရတာ အရသာ ရှိပါသလား။ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားရဲ့ အစွမ်းကို စာဖွဲ့ရင် မကုန်ပါဘူး။ တစ်ခု သေချာတာက သင့်ကို တစ်ဦးတစ်ယောက်က “ကျေးဇူးတင်ပါတယ်” လို့ ပြောရင်
သင့်လိုပဲ ဒီလောကထဲမှာရှိတဲ့ သူတွေထဲမှာ ကျေးဇူးတင်မနေချင်တဲ့ သူ တစ်ယောက်မှ မရှိဘူး။ ဒီအဆိုမှာလည်း ခြွင်းချက် မရှိဘူး။ အမြဲ မှန် တယ်ဆိုတင် သင် ယုံပါ။ ။
(၆) “ကျွန်တော် ပြောမယ်..” “ကျွန်မ ထင်တာက..” “ကျွန်တော်ဆိုလို တာက..” “ကျွန်မအထင်တော့....” “ကျွန်တော်...”“ကျွန်မ....”
အတ္တရဲ့ နာမည်က “ငါ” တဲ့။ ကြီးတော့ “ကျွန်တော်” “ကျွန်မ” ဖြစ်ကုန်တယ်။ “ငါ”ဆွဲဆွဲပြီး ကျွန်တော် ကျွန်တော်တွေ။ ကျွန်မ ကျွန်မတွေ များပြီး အတ္တရှေ့တန်းတင်ရင်တော့ ပေါင်းရခက်သူဟာ သင်ပဲ ဖြစ်လိမ့်မယ်။
“ကျွန်တော်တို့..” “ကျွန်မတို့”ဆိုတာ ရှိတယ်လေ။ နားဝင် အလွန် ချိုတယ်။ စကားပြောရင် “ကျွန်တော်တို့” “ကျွန်မတို့” ဆိုတာမျိုး ပြောဖို့ သင် မေ့နေရင်...
ဒီ အချက် (၆) ချက်ကို ဦးစွာ သတိထားပြီး လူတွေနဲ့ ဆက်ဆံရာမှာ အသုံးချကြည့်ပါ။ စိတ်ရှည်သည်းခံစိတ်ရှိဖို့တော့ လိုပါတယ်။
ပန်းမျိုးစေ့လေးဟာ မြေမှကျရုံနဲ့ အပွင့်တွေ ဝေမလာပါဘူး။
အပွင့်တွေ မဝေလို့ ပန်းမျိုးစေ့လေးကို အပြစ်မတင်သင့်ပါဘူး။ သူ ကျတဲ့ မြေ၊ သူရှိတဲ့ ပတ်ဝန်းကျင်ဟာ သူ့အတွက် ကောင်းတဲ့ မြေ။ အကျိုး ဖြစ်ထွန်းစေမယ့် အနေအထား ရှိပါရဲ့လား။ မြေကောင်းမှာ စိုက်ပေးမယ့် ရေလောင်းဖို့ လိုပါတယ်။ ရေမရှိရင် အပင် မဖြစ်နိုင်ပါ။ ပြီး အလင်းရောင်၊ လေ၊ စတာတွေ။
လောကမှာ သင် လိုချင်တာ၊ သင် ဖြစ်ချင်တာတွေ ရှိပါတယ်။ အခြေအနေ အချိန်အခါဆိုတာ ရှိပါတယ်။ သင့်ဘက်က ပံ့ပိုးရမယ့် အချက်တွေ ရှိပါတယ်။ တခြားလိုအပ်တဲ့ အနေအထားတွေ၊ ပြင်ပ ပံ့ပိုးမှုတွေ လို တယ်ဆိုတာ သင် သိရမှာပါ။
ဒါတွေဆုံရင် အကျိုးတစ်စုံတရာ ဖြစ်ထွန်းလာပါလိမ့်မယ်။ အကျိုး တစ်ခု ပေါ်ပေါက်လာဖို့ အကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံ ဖန်တီးရမည့် သူမှာ တခြားသူ မဟုတ်ပါ။ သင်သာလျှင် ဖြစ်ပါသည်။
ပန်းတွေဝေရန် သင် ဖန်တီးနိုင်ပါသည်။
ပေါင်းရသင်းရခက်တယ်ဆိုတာ သင်လား၊ သူလား။
သင် ကွဲပြားအောင် ဦးစွာလုပ်ပါ။ ပေါင်းရခက်တာက သင် ဖြစ်နေ တတ်တယ်။ တခြားသူ မဟုတ်ပါဘူး။ သင်ဟာ အများတကာနဲ့ သင့်မြတ်သူ ဖြစ်ပါရဲ့လား။ သင့်ကိုယ်သင် ဦးစွာမေးပါ။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံ ရတာ သင့်မှာ အခက်အခဲ ရှိပါနေသလား။ သင်ဟာ လူချစ်လူခင်များတဲ့သူ တစ်ယောက် ဖြစ်တယ်ဆိုရင် သင့်မှာ ပေါင်းသင်းရခက်တဲ့သူ အလွန် ရှားမှာပါ။ ရှိခဲ့ရင်တောင် တစ်ယောက်တလေ၊ တစ်ခါတစ်ရံပါ။ ဒါပေမဲ့ တစ်လောကလုံးက လူတွေဟာ သင့်လိုတော့ မဟုတ်ဘူး။ တစ်လောကလုံးက သင့်လို လူစား၊ သင့်လို လူချစ်လူခင်များတဲ့သူတွေ၊ ပေါင်းသင်းရ မခက်တဲ့ သူတွေ ဆိုရင်တော့ အလွန်ကောင်းတဲ့ အနေအထားပါ။ ဒါပေမဲ့ လောက ကြီးမှာ ပေါင်းသင်းရ အလွန်ခက်တဲ့သူတွေ ရှိနေပါတယ်။ သင် သေချာအောင် လုပ်ထားရမည့် အချက်ကတော့ သင်ဟာ ပေါင်းရသင်းရခက်တဲ့သူ မဟုတ်ဘူး ဆိုတာပဲ။ ဒါဆိုရင် ဒီစာအုပ်ကို သင် ဆက်ဖတ်လို့ရပါပြီ။
လူတွေဟာ ပြင်ပသဏ္ဌာန်အားဖြင့်လည်း တစ်ယောက်နဲ့ တစ် ယောက် မတူကြဘူး။ အတွင်းစိတ်လည်း တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ မျိုးရိုးဗီဇ ကွာကြပါတယ်။ ရုပ်ရည်၊ အရပ်အမောင်း၊ ကိုယ်နေကိုယ်ဟန်၊ အသံ မတူညီကြပါဘူး။ ကြီးပြင်းလာရာ ဘဝ၊ ပတ်ဝန်း ကျင် မတူပါဘူး။ မိဘနောက်ခံ မတူကြပါဘူး။ ဆွေမျိုး အသိုင်းအဝိုင်း မတူကြပါဘူး။ ပညာအရည်အချင်း မတူကြပါဘူး။ ဘဝအတွေ့ အကြုံ လောကအမြင်တွေ တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ ဒီလို မတူတဲ့သူတွေ စုပြီး တော့ လောက အသိုင်းအဝိုင်းကြီးကို တည်ဆောက်ထားတာပါ။ ဒီလူ လောက အသိုင်းအဝိုင်းကြီးထဲမှာ သင်လည်း ပါဝင်ပါတယ်။ ဒါကြောင့် သင်နဲ့မတူတဲ့ သူတွေနဲ့ သင် နေ့စဉ် ထိတွေ့ ပေါင်းသင်း နေထိုင်ရပါမယ်။
ဒါဟာ ဘဝပါ။ ဒီလို ဘဝနောက်ခံမတူသူတွေ၊ ပညာအခြေခံ မတူသူတွေ၊ စိတ်နေစိတ်ထား မတူသူတွေနဲ့ သင် ပေါင်းသင်းဆက်ဆံရမှာ ဘာအရေးကြီး သလဲ။ ဘာကို သတိထားရမလဲ၊ သင် ဘယ်လို ပြုမူပြောဆို ဆက်ဆံမလဲ။ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ဆက်ဆံရေး မပြေပြစ်မှုတွေကို မလွဲမသွေ သင် ရင်ဆိုင်ရမယ် ဆိုတဲ့ အချက်ပါပဲ။
ဘဝဟာ ပန်းခင်းလမ်း မဟုတ်ပါဘူး။ ဒါကြောင့် အခက်အခဲတွေကို သင် မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမှာပါ။ အခက်အခဲတွေဆိုတာ လူက လုပ်တဲ့ လူမှုအခက်အခဲတွေပါ။ ဘယ်အချိန်မှာ ဒီလို လူမှုအခက်အခဲတွေ ပေါ်လာမှာလဲဆိုတော့ ပေါင်းရသင်းရခက်တဲ့သူတွေနဲ့ သင် ပူးပေါင်းလုပ် ကိုင်ရတဲ့ အခြေအနေမျိုးတွေမှာ အခက်အခဲတွေ ပေါ်လာမှာပါ။ ဒါသေချာ တဲ့ ကိစ္စ၊ ရှောင်လွဲလို့မရတဲ့ ကိစ္စပါ။
လူ့သဘာဝကို သင် သိပါသလား။ ဒီနေရာမှာ ပေါင်းသင်းရခက် တဲ့သူတွေရဲ့ သဘာဝကို ဦးစွာ ပြောပါမယ်။ ပေါင်းသင်းရခက်တဲ့သူတွေ ဟာ အတ္တကို ဗဟိုပြုထားသူတွေပါ။ အတ္တကြီးသူတွေ၊ ငါ စွဲစွဲနေတဲ့သူတွေ ပါ။ အရာရာကို ပွင့်ပွင့်လင်းလင်း ပြောလေ့ပြောထ မရှိဘူး။ သူတို့ထင်တာ ကို အော်ကြီးဟစ်ကျယ် ပြောချင်ပြောမယ်။ ဒါပေမဲ့ အမှန်ဆိုတာ သိနေရက်နဲ့ ဘယ်တော့မှ မှန်တာကို မပြောဘူး။ ဒီလို ပေါင်းသင်းရခက်တဲ့သူတွေဟာ သူတို့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ပဲ အလုပ်များနေတတ်တယ်။ သူတို့ ကိစ္စ၊ သူတို့ ကိုယ်ကျိုးကို ရှေ့တင်တတ်တယ်။ ဦးစားပေး ပြောဆိုတတ် တယ်။ ဒီလိုလူမျိုးတွေဟာ သင့်ပေါ် စိတ်ဝင်စားမှု မရှိဘူး။ သင် ပြောတာကို စိတ်ဝင်စားမှုရှိမှာ မဟုတ်ကြဘူး။ ဒါဆိုရင် သင် ဘယ်လိုလုပ်ပြီး ဒီလူတွေနဲ့ ပေါင်းသင်းဆက်ဆံမှာလဲ။ အခြေအနေက သင် ဒီလိုလူတွေ၊ ဒီလို ပေါင်းရ သင်းရခက်တဲ့ သူတွေနဲ့ ပေါင်းသင်းဆက်ဆံရမည့် အနေအထားမှာ ရှိနေပါ တယ်။ သင် ရှောင်လို့မရပါ။ ပေါင်းသင်းရခက်တဲ့သူတွေနဲ့ သင် ပေါင်းရမှာပါ။
သင့်ဘက်က ဘယ်လိုလုပ်မလဲ။
- ပုဂ္ဂိုလ်ရေး သွားမပတ်သက်ပါနဲ့။ သင် အဓိက ဦးစားပေးစဉ်းစားရမှာက သင် ဒီလို ပေါင်းသင်းရခက်တဲ့သူတွေနဲ့ ဘာကိစ္စပေါ် အခြေခံပြီး ပေါင်းသင်း ဆက်ဆံနေရတာလဲ။ သင်နှင့် ထိုသူတွေကြားမှာရှိနေတဲ့ ကိစ္စကို သင် ဂဃနဏ သိအောင် လုပ်ထားပါ။ သင့်ဘက်က အရာရာကို သိရှိထားရန်၊ ပြင်ဆင်ထားရန် လိုပါသည်။
- သင် ဘာကိုလိုချင်တာလဲ။ ဒီလူတွေရှေ့ ပြောဆိုဆက်ဆံရာမှာသင့်ဘက်က ဘာကို မျှော်မှန်းထားသလဲ။ သင် ဘာလိုချင်တာ လဲ။ သင် လိုချင်တာ မျှတသလား၊ နည်းလမ်းတကျ ရှိ သလား။ ဒါကို သင် သိအောင် လုပ်ထားရမည်။
- အရေးအကြီးဆုံး အချက်က သင် ဘယ်လောက်အထိ တစ် ဖက်သားအပေါ်မှာ ကောင်းမွန်စွာ ဆက်ဆံနိုင်မည်နည်း။ သင် မည်မျှ စိတ်ကောင်း စေတနာကောင်းဖြင့် ဆောင်ရွက်မည် နည်း။ သူ၊ ငါ အကျိုးမကြည့်ဘဲ လုပ်ငန်းပြီးမြောက်မှုကိုသာ သင် ပဓာန ထားနိုင်ပါသလား။ လုပ်ငန်းပြီးမြောက်မှုအတွက် သင် အမှန်တကယ် ကျွမ်းကျင်နိုင်နင်းစွာ ပြောဆိုလုပ်ကိုင်နိုင် ပါလား။ သင့်ဘက်ကရော သင်ဟာ ပေါင်းသင်းရ လွန်စွာကောင်းသောသူ တစ်ယောက် ဖြစ်တယ် ဆိုတာ ပြသနိုင်စွမ်းအမှန်တကယ် ရှိပါသလား။
လုပ်ငန်းပြီးမြောက်အောင် လုပ်ကြရပါမည်။ သင့်ဘက်က ဆောင် ရွက်ရမည့် ကိစ္စများ ဆောင်ရွက်ရပါမည်။ ပေါင်းသင်းရခက်သူများဖြင့် ပေါင်းရသင်းရပါမည်။ ပြောဆိုလုပ်ကိုင်ရပါမည်။ သင် ပြောဆိုဆက်ဆံရပါ မည်။ ဝက်ဖြစ်မှတော့ မစင်ကြောက်နေလို့ မရဘူး ဟူသော သဘောမျိုးဖြင့် ဇွတ်တိုးမဆက်ဆံပါနဲ့။ မရရအောင် လုပ်မယ် ဆိုတဲ့ ခံယူချက်မျိုး အဆော တလျင် ချမထားပါနဲ့။ သင့်စိတ်တွေ တင်းမနေပါစေနှင့်။ လောကကြီးတွင် ပြဿနာပေါင်း သောင်းခြောက်ထောင် မကပါ။ ပြဿနာပေါင်း သန်းချီ ရှိပါသည်။ ဖြေရှင်းနိုင်မည့် နည်းလမ်းများလည်း သန်းချီ ရှိပါသည်။ သင် သည် လူချစ်လူခင်ပေါသူ၊ ပေါင်း သင်းရ လွန်စွာ ကောင်းသူ တစ်ဦးဆိုလျှင် ပြဿနာ ဖြေရှင်းစရာလမ်း လမ်းပေါင်းများစွာ သင့်ထံ အလိုအလျောက် ရောက်လာပါလိမ့်မည်။