မောင်ခေတ်ထွန်း - အံ့ဖွယ်ဂမ္ဘီရပုံပြင်များ
စာကြမ်းပိုးနှင့် ထူးဆန်းသော မိန်းကလေး
ယခုဝတ္ထု ရေးသားသူမှာ မင်မင်းဆက် နောက်ဆုံးနှင့် ချင် မင်းဆက် အစပြုသည့်ကာလ ၁၇ ရာစုအလယ်လောက်က တရုတ် ပြည်တွင် ထင်ရှားခဲ့သူပညာရှိကြီး “ပိုးချောင်လင်း” (PoChaung Ling) ၏လက်ရာတစ်ပုဒ် ဖြစ်သည်။
ပိုးချောင်လင်း ရေးသားခဲ့သည့် “လျူချိုင်ချီရီ”တရုတ်ဂန္ထဝင် (Lui Chai Chi Yee) ကျမ်းတွင် ဝတ္တုရှည်ပေါင်း ၄၀၀ပါဝင်သည်။
အတွဲ ၁၆ တွဲရှိသည်။
သူရေးသားသော ဝတ္ထုအားလုံး၏တူညီသောအချက်မှာ ဝတ္ထုများသည် “သဘာဝလွန်” (Supernatural) ဝတ္ထုများဖြစ်နေ ခြင်းပင်။ ဤသည်မှာ ထူးခြားသော အချက်ဖြစ်သည်။ တချို့ဝတ္ထု များမှာ တစ္ဆေများ၊ နာနာဘာဝများနှင့် နာမ်သောက အကြောင်း များဖြစ်၍ တချို့ဝတ္ထုများမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြပေ။ သို့ သော် အားလုံးမှာ ထူးဆန်းဖွယ်၊ အံ့ဩဖွယ်ချည်း ဖြစ်သည်။
သို့ သော် “
ပိုးချောင်လင်း”၏ဘဝအကြောင်းကို သိရှိသူမှာ အလွန်နည်းသည်။ ဝတ္ထုများကို မည်သည့်အချိန်တွင် ရေးသားခဲ့ သည်ဆိုသည်ကိုလည်း မည်သူမှ သေချာစွာ မသိရှိကြပေ။ တချို့ ဆိုလျှင် သူ့ဝတ္ထုများကိုပင် မဖတ်ဖူးကြ၊ မကြားဖူးကြပေ။
ယခု “စာကြမ်းပိုးနှင့် ထူးဆန်းသော မိန်းကလေး”ဝတ္ထုမှာ ပိုးချောင်လင်း၏ “Lui Chai Chi Yee” တရုတ်ဂန္ထဝင်ကျမ်းမှ ဝတ္ထုများကို “Benjamin Chia” အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသည့် “Chinese Tales of the Supernatural" oszę og "The Book Worm” ကို ပြန်ဆိုထားခြင်း ဖြစ်ပါသည်။)
လောင်ယောက်ချူ၏ ဖခင်သည် စာအုပ်များကို လွန်စွာ နှစ်သက်မြတ်နိုးသူ ဖြစ်သည်။ ဖခင်ကွယ်လွန်သောအခါ သူ့သားလောင်ယောက်ချူသည် ဖခင်ပိုင်ဆိုင်သည့် အိမ်နှင့် ဖခင် စွဲလမ်း ကြိုက်နှစ်သက်ခဲ့သည့် စာအုပ်များကို အမွေအဖြစ် ရရှိလိုက်သည်။
အိမ်ကြီးမှာ ကြီးမားကျယ်ဝန်း၍ စာအုပ်များမှာလည်း နေရာ အနှံ့၊ အိမ်ကြီးထဲတွင်လည်း လောင်ယောက်ချူ တစ်ယောက်တည်း။ သူသည် ဘဝတွင် စာအုပ်ဖတ်ရှုခြင်းထက် ပိုမိုအရေးကြီးသည့် အရာများရှိနေသည်ဆိုသည်ကို မစဉ်းစားမိချေ။ သူသည် ဘာအလုပ် မှမလုပ်ဘဲ ဖခင်ကျန်ရစ်ခဲ့သော ငွေကြေးများကို သုံးစွဲကာသာ နေခဲ့သည်။ မကြာမီ ငွေများ အားလုံးကုန်သွားသည်။ ဘာလုပ်ရမှန်း မသိတော့။
နောက်ဆုံးတွင် လောင်ယောက်ချူသည် အစားအစာများ ဝယ်ယူရန်အတွက် စာအုပ်များမှလွဲ၍ တွေ့ ရှိသမျှ ပစ္စည်းများကို ရောင်းချသည်။
သူ့ဖခင် အသက်ထင်ရှားရှိစဉ်က ဖခင်ဖြစ်သူက သူ့သား အတွက် မှတ်သားစရာ စကားနှစ်ခုကို ရေးပေးသွားခဲ့သည်။ ထို စကား၏အဓိပ္ပာယ်ကိုလည်း သေချာနားလည် သဘောပေါက်အောင် လေ့လာရန်ကိုလည်း အားပေးအားမြှောက်ပြုခဲ့သည်။ ထိုစာမှာ
“စာအုပ်များထဲတွင် ရွှေအိမ်လေးတစ်လုံး ရှိသည်။ စာအုပ် များထဲတွင် မျက်နှာမအိုသည့် အပျိုချောကလေးတစ်ယောက် ရှိသည်”
ဖြစ်သည်။
သူ့ဖခင်သည် အဆိုပါစာကို ပိုးသားပေါ်တွင် ရေးသားသွား ခြင်း ဖြစ်သည်။ လောင်ယောက်ချူသည် ထိုစာကို သိပ်အလေး အမြတ်ထားသည်။ ထိုစာကို အမြဲမြင်နိုင်အောင် သူ့စားပွဲခုံရှေ့ အပေါ်တွင် ချိတ်ဆွဲထားပြီး မပျက်စီးအောင် ဂရုစိုက်သည်။
လောင်ယောက်ချူက ပိုသားပေါ်တွင် ရေးပေးသွားသည့် သူ့ဖခင်ကြီး၏စကားကို ယုံကြည်သည်။ သံသယလုံးဝမဖြစ်။ တစ်နေ့ တွင် သူ့ဖခင်ကြီးစကားအတိုင်း ရွှေအိမ်ကလေးတစ်လုံးနှင့် အပျိုချော လေးတစ်ယောက်ကို အမှန်ပင် တွေ့ရလိမ့်မည်ဟု ယုံကြည်နေသည်။
တစ်နေ့တွင် လောင်ယောက်သည် စာအုပ်ပုံတစ်ပုံထဲတွင် ကစားစရာ ရွှေရောင်အိမ်ကလေးတစ်ခုကို တွေ့ ရှိလေသည်။ သူ သည် ရွှေရောင်အိမ်ကလေးကိုတွေ့သည့်အခါ အတော်စိတ်လှုပ် ရှားသွားသည်။
“အဖေ့စကား မှန်နေပြီ။ စာအုပ်တွေထဲမှာ ရွှေအိမ်ကလေး ကို အမှန်တကယ် တွေ့ပြီ”
သူ့ကိုယ်သူ ပြောနေမိသည်။ ယခုအချိန်တွင် သူသည် ငွေသိပ်လိုနေသည်။ ထို့ကြောင့်ကစားစရာအိမ်ကလေးကို ရောင်းဖို့ ကြိုးစားခဲ့သည်။ သို့သော် ကစားစရာ ရွှေရောင်အိမ်ကလေးမှာ ရွှေအစစ်ဖြင့် ပြုလုပ်ထားသော အိမ်ကလေးမဟုတ်၊ ထို့ကြောင့် တန်ဖိုးမရှိ။ ထို့ကြောင့် သူသည် စိတ်အလွန်ပျက်သွားပြီး အိမ်ကလေးကိုယူကာ အခန်းထောင့်တွင် ပစ်ထားလိုက်သည်။ ရွှေရောင်အိမ်ကလေးကိုလည်း စိတ်ထဲ မေ့ပျောက်ပစ်လိုက်သည်။
ဆောင်းလယ်ပွဲတော်မတိုင်မီ တစ်နေ့တွင် သူ့ဖခင်၏မိတ်ဆွေ တစ်ဦးသည် စာအုပ်များ ငှားရမ်းရန် သူ့ဆီသို့ ရောက်ရှိလာသည်။ အဆိုပါ မိတ်ဆွေကြီးသည် အခန်းထောင့်တွင် ပစ်ထားသော ရွှေရောင် အိမ်ကလေးကို တွေ့မြင်သွားပြီး စိတ်ဝင်တစား ကိုင်တွယ်ကြည့်ရှု လေသည်။
“ဒီရွှေရောင်အိမ်ကလေးဟာ သိပ်တန်ဖိုးရှိတဲ့ အနုပညာပစ္စည်း တစ်ခုပဲ။ ဦးလေးဟာ ကစားစရာအိမ်ကလေးတွေကို စုဆောင်း နေသူ ဖြစ်တယ်။ ဦးလေး ဘဝတစ်လျှောက်လုံးရှာနေတာ ဒီပစ္စည်း လေးပဲ။ အခုတော့ ဒီပစ္စည်းလေးကို မျက်ဝါးထင်ထင် တွေ့မြင်ရ ပြီ၊ ဦးလေး သိပ်ဝမ်းသာတာပဲ”ဟု ဖခင်၏မိတ်ဆွေက အားရပါးရ ပြောလေသည်။
ထိုအခါ လောင်ယောက်ချူက
“ဒီအိမ်ကလေးကို ဦးလေး သိပ်လိုချင်တယ်ဆိုရင် ယူသွား လေ” ဟု ပြန်ပြောလေသည်။
သူ့ဖခင်၏ မိတ်ဆွေကြီး၏မျက်စိသည် ဝင်းလက်သွားပြီး
“ငါ့တူ တကယ်ပြောတာလား” ဟု သူ့နားကိုပင် မယုံကြည် စွာဖြင့် လောင်ယောက်ချူကို ပြန်မေးလေသည်။
“တကယ်ပြောတာပါ၊ ဒီအိမ်ကလေးဟာ ကျွန်တော့်အတွက် ဘာမှအသုံးမဝင်ပါဘူး”
လောင်ယောက်ချူက ပြောလိုက်သည်။
သူ့ဖခင်၏မိတ်ဆွေ အဘိုးအိုသည် ဝမ်းသာလွန်း၍ လာရင်း ကိစ္စကို မေ့သွားသည်။ အဘိုးအိုသည် ကစားစရာအိမ်ကလေးကို ရင်သွေးငယ်ကို ပွေ့ပိုက်သကဲ့သို့ ညင်သာစွာ ပိုက်ယူလိုက်သည်။ ထို့နောက် အဘိုးအိုသည် သိပ်ဝမ်းသာနေ၍ နှုတ်ဆက်ဖို့ပင် မေ့ သွားကာ ထွက်ခွာသွားလေသည်။
နောက်တစ်နေ့တွင် အဘိုးအိုသည် လောင်ယောက်ချူထံသို့ ရွှေရောင်အိမ်ပေးလိုက်သည့်အတွက် ပြန်လည်တုံ့ပြန်သောအား ဖြင့် ငွေဒင်္ဂါးသုံးရာနှင့် မြင်းနှစ်ကောင်ကို လက်ဆောင်အဖြစ် ပြန်လည်ပေးပို့လိုက်လေသည်။
“စာအုပ်တွေထဲမှာ ချမ်းသာမှုတွေ တွေ့ရလိမ့်မယ်ဆိုတာ ငါသိပြီ။ မြင်းနှစ်ကောင်နှင့် ငွေဒင်္ဂါးသုံးရာဆိုတာ တန်ဖိုးသိပ်များ တယ်။ အခု ငါ ချမ်းသာပြီ”ဟု လောင်ယောက်ချူသည် ဝမ်းသာ အားရ ကြုံးဝါးလေသည်။
ထိုအခါမှစ၍ လောင်ယောက်ချူသည် သူ့ဖခင်ကြီး၏ စကား နှစ်ခွန်းကို ပို၍ခိုင်မြဲစွာ ယုံကြည်သွားပြီး အချိန်များစွာ ပေး၍ စာအုပ်များကို ဖတ်လေတော့သည်။
ထိုသို့ဖြင့် လောင်ယောက်သည် အချိန်တန် အရွယ်ရောက် ၍ အိမ်ထောင်ပြုဖို့ အချိန်ကျရောက်လာခဲ့လေပြီ။ သို့သော် သူ့ တွင် အိမ်ထောင်ပြုရန် ရည်မှန်းထားသူ မရှိသေးချေ။ လူတွေက သူ့အား အိမ်ထောင်ပြုဖို့ တိုက်တွန်းကြသည်။
ထိုသို့ ပြောလာတိုင်း လောင်ယောက်ချူက သူ့ကိုယ်ကို ယုံကြည်စိတ်ချစွာဖြင့်
“ကျွန်တော့် ဖခင်ကြီးပြောတဲ့စကားရှိတယ်လေ။ အဲဒါက စာအုပ်များထဲတွင် မျက်နှာမအို သည့် အပျိုချောကလေးတစ် ယောက် ရှိသည်တဲ့။ တစ်နေ့ကျရင် ကျွန်တော့်အတွက် ရုပ်ချောတဲ့ဇနီးမယား ရှာတွေ့ လာမှာပါ”
ဟု ပြန်ပြောလေ့ရှိသည်။
ထိုသို့ဖြင့် တစ်နှစ်တာ အချိန်ကာလသည် ကုန်ဆုံးသွားလေ သည်။ သို့သော် သူသည် အိမ်ထောင်မကျသေးပေ။ လူတွေက သူ့ကို နောက်ပြောင်ကြကုန်သည်။
“အခုထက်ထိ စာအုပ်တွေထဲက မိန်းကလေးရှာတာ မတွေ့ သေးဘူးလားကွ။ ဘယ်လောက်ကြာကြာ ဆက်ရှာနေမှာတုံး”
လူတွေ၏ သူ့အား နောက်ပြောင်မှုကို စိတ်အနှောင့်အယှက် မဖြစ်ပေ။ တစ်နေ့တွင် စာအုပ်ထဲမှ မိန်းမချောကလေးသည် သူ့ထံသို့ ဧကန်မုချရောက်ရှိလာလိမ့်မည်ဟု တထစ်ချ ယုံကြည်ထားလေသည်။
တစ်ည သူသည် သမိုင်းစာအုပ်တစ်အုပ်ကို ဖတ်နေစဉ် စာ မျက်နှာများကြားတွင် မိန်းမချောကလေး၏ ရုပ်ပုံတစ်ပုံကို ရုတ် တရက် တွေ့မြင်လိုက်ရသည်။ ရုပ်ပုံမှာ သရုပ်ပါ၍ အစစ်ကဲ့သို့ ထင်ရသည်။ သူသည် မိန်းမချောကလေး ရုပ်ပုံပါသည့် စာမျက်နှာ ကို မပျောက်သွားအောင် လက်ဖြင့် ဆွဲထားသည်။ သူသည် ရုပ်ပုံ ကို အချိန်အတော်ကြာ စိုက်ကြည့်နေမိသည်။ မျက်စိညောင်းလာ မှ ရပ်သည်။ ထို့ နောက် သူသည် မိန်းမချောကလေး ရုပ်ပုံပါ သည့် စာအုပ်ကိုဖြန့်ကာ စားပွဲပေါ်တင်လိုက်သည်။
ထိုအခါ အလွန်ထူးဆန်းသော အဖြစ်အပျက်တစ်ခုသည် ပေါ်ပေါက်လာလေသည်။ ရုပ်ပုံထဲမှ မိန်းကလေးသည် သူ့ကို ပြုံးပြနေသည်ဟု စိတ်ထဲတွင် ခံစားမိလေသည်။ သူသည် ရုပ်ပုံကို ထပ်ကြည့်လိုက်သည်။ ထိုအခါ မိန်းကလေးသည် ရုပ်ပုံထဲမှ ထွက် လှမ်းလာသည်ကို အံ့သြဖွယ် တွေ့မြင်ရလေသည်။
လောင်ယောက်ချူသည် မျက်စိကို အသာကလေးမှိတ်၍ကိုလာသည်ကို ထိုအခါ မိန်းကလေးသည်။ သူသည်
“ဒါ၊ ငါအိပ်မက်မက်နေတာ ဖြစ်ရမယ်” ဟု တိုးတိုးရေရွတ်မိလေသည်။
ထို့နောက် သူသည် မျက်စိကို ဖွင့်လိုက်ရာ သူ့ရှေ့တွင် ရုပ်ပုံ ထဲမှ အမျိုးသမီးသည် စားပွဲပေါ်တွင် မတ်တတ်ရပ်နေသည်ကို တွေ့ရလေသည်။ မိန်းကလေး၏အရပ်သည် တစ်လက်မခန့် ရှိ သည်။ မိန်းကလေး၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်းနှင့် ကြီးလာ လေသည်။ သူသည် စားပွဲပေါ်မှဆင်းလာ၍ အောက်သို့ရောက်လာ သည်။ ထိုအခါကျမှ တကယ့်မိန်းကလေးအရွယ်အတိုင်း ဖြစ်လာ သည်။ မိန်းကလေးသည် သူဖြစ်စေချင်သည့် ရုပ်ရည်ပြေပြစ် ချောမောလှသည့် မိန်းမလှကလေး ဖြစ်နေသည်။
ထို့နောက် လောင်ယောက်ချူက
“အသင် နတ်သမီး၊ အသင် ဘယ်သူဘယ်ဝါဆိုတာ သိပါရ စေ”ဟု ရိုသေလေးစားစွာ မေးလိုက်လေသည်။ ကြောက်စိတ်တော့ အနည်းငယ် ရှိသေးသည်။
ထိုအခါ နတ်သမီးက
“ကျွန်ုပ်သည် ဘယ်တော့မှ အိုမင်းမှုမရှိတဲ့ နတ်သမီး ဖြစ်ပေ တယ်။ စာအုပ်တွေထဲမှာ သင်ရှာဖွေပြီး မျှော်လင့်စောင့်စားနေတဲ့ သူဟာ ကျွန်ုပ်ပဲ၊ အခု သင့်လိုအင်ဆန္ဒတွေဟာ မှန်လာခဲ့ပြီ။ ကျွန်ုပ် သင့် ကြင်ရာဇနီးအဖြစ် ရောက်လာရခြင်းဖြစ်ပါတယ်”
ဟု ပြော ဆိုလေသည်။
ဤသို့ဖြင့် သူတို့နှစ်ဦးသည် လက်ထပ်လိုက်ကြပြီး အိမ်ထဲ တွင် အတူတကွ နေထိုင်ကြလေသည်။ သို့သော် တစ်ယောက်ကို တစ်ယောက် စကားမပြောဆိုကြပေ။