မောင်ခေတ်ထွန်း - မြင်းမိုရ်ထက်မြင့်သောနှင့်နိုင်ငံတကာဝထ္ထုတိုများ
ကိုရင်ကံထူး
“ဆရာတော် အရှင်မြတ်ဘုရား၊ တပည့်တော် ဆရာတော်ထံမှာ နည်းနာ သြဝါဒခံယူဖို့ လာရောက်ရခြင်း ဖြစ်ပါတယ်။ ဆရာတော်ဘုရားဟာ သီလ သိက္ခာ သမာဓိနဲ့ပြည့်စုံပြီး ဝါတော်အလွန်ကြီးရင့်တဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်ဘုရား။ တပည့်တော်ကို အကြံကောင်းဉာဏ်ကောင်းတွေ ပေး နိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် လာခဲ့ရခြင်းဖြစ်ပါတယ်ဘုရား။
တပည့်တော်ဟာ လေးနှစ်လုံးလုံး တစ်တိုင်းပြည်လုံးမှာရှိသမျှ တန်ခိုးကြီးဘုရား၊ စေတီများနဲ့ ဘုန်းကြီးကျောင်းမှန်သမျှ လှည့်လည်ဖူးမြော် ရင်း လှူခဲ့တန်းခဲ့တာလည်း တပည့်တော် စုဆောင်းခဲ့သမျှ အတော်ကုန်ခဲ့ ပါပြီဘုရား။ တပည့်တော် ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေအတွက် တပည့်တော် ဆုတစ်ခုကိုပဲ တောင်းခံခဲ့ပါတယ် ဘုရား။ အဲဒီဆုကတော့ တပည့် တော်တို့ လင်မယားအတွက် သားယောက်ျားကလေးတစ်ဦးလောက် ရလာ ဖို့ပါပဲ ဘုရား။ ဒါပေမဲ့ ခုထက်ထိ တပည့်တော်တို့မှာ ဆုတောင်းမပြည့်သေးပါဘူး ဘုရား။ တပည့်တော်တို့လည်း အကြံကုန်နေပါပြီ ဘုရား။ ဒါကြောင့် ဆရာတော်ခြေရင်းသို့ ရောက်လာရခြင်း ဖြစ်ပါတယ်ဘုရား”
“လွန်ဝမ်” သည် လယ်သမားတစ်ဦး ဖြစ်သည်။ ယခု သူအသက် အနည်းငယ် ရလာပြီဖြစ်သည်။ သိပ်ဆင်းရဲလှသည် မဟုတ်။ အိမ်ကောင်း တစ်လုံး၊ ပထမတန်းစား မြေသြဇာကောင်းသည့် လယ်မြေဧက အတော် များများ၊ ကျွဲကောင်ရေ အတော်များများကို ပိုင်ဆိုင်သည်။ ငွေစုဘဏ်တွင်လည်း စုဆောင်းထားသည့် ငွေအနည်းအကျဉ်း ရှိသည်။ ယခု သူအသက် ငါးဆယ်ပြည့်ပြီ။ အိမ်ထောင်ကျခဲ့သည်မှာလည်း နှစ်သုံးဆယ်ရှိလာခဲ့ပြီ။ သူနှင့် သူ့ဇနီးတွင် စိတ်လိုဘမပြည့်စရာတစ်ခုပဲ ရှိသည်။ ယင်းမှာ သူတို့တွင် သားသမီးတစ်ဦးမျှ မရရှိသေးခြင်းပင် ဖြစ်သည်။
ကလေးငယ်တစ်ယောက် အထူးသဖြင့် ယောက်ျားကလေး တစ် ယောက် လိုချင်သည်။ သူတို့ လင်မယားအတွက် အစွဲအလမ်းကြီးတစ်ခုပင် ဖြစ်လာခဲ့ချေပြီ။ တစ်နိုင်ငံလုံးရှိ တန်ခိုးကြီးသည်ဆိုသမျှ ရဟန်း၊ ပုဂ္ဂိုလ် မှန်သမျှ လှည့်လည် ဆည်းကပ်ခဲ့ပြီးပြီ။ သားဆု အလီလီ တောင်းခဲ့ပြီးပြီ။ သို့သော် အကြောင်းကား ထူးမလာခဲ့ချေ။ နောက်ဆုံး သူ့ဇာတိရပ်ရွာရှိကျောင်းထိုင်ဆရာတော်ဖရားမဟာပရာဆပ် ဆရာတော်ထံသို့ အကြံတောင်း ရန် ရောက်ရှိ၍ လာခဲ့လေသည်။
“မင်းဟာ မင်းရဲ့ လိုအင်ဆန္ဒတွေပြည့်ဝဖို့ တစ်နိုင်ငံလုံးလှည့်ပြီး ဆုတောင်းခဲ့တယ် မဟုတ်လား။ မင်းတော့ ရေလိုက်လွဲနေပြီ ထင်တယ်။ မင်းရဲ့ ဟောဒီ မင်းရွာက ဘုန်းကြီးကျောင်းဟာ မင်းတို့ ဘိုးဘွားမိဘ တွေအားလုံး အစဉ်တစိုက် ဥပုသ်သီလ ဆောက်တည်ခဲ့ရာ၊ အလှူ အတန်းဒါနပြုရာ ကျောင်းကြီးပဲကွယ့်။ ဒီမှာ ရှင်ပြုကြ၊ ရဟန်းခံကြ၊ ဘုရားကျောင်း၊ တန်ဆောင်း၊ သိမ်ဇရပ်တွေ ပြုပြင်ကြနဲ့ သူတော်ကောင်း တရားတွေကို စဉ်ဆက်မပြတ် ပြုခဲ့ကြတယ်လေ။ ငါ မှတ်မိသေးတယ်။ မင်းအဖေဆိုရင် ငါ့ကျောင်းမှာ နှစ်ဝါတောင် သင်္ကန်းစည်းခဲ့သေးတယ်။ မင်းကိုယ်တိုင်လည်း ငါ့ကျောင်းမှာတင် ရှင်ပြုခဲ့တာပဲ။ မင်းဟာ ဒီရွာ၊ ဒီ ကျောင်း၊ ဒီဘုရားမှာ တခြားနေရာတွေထက်ပိုပြီး ကုသိုလ်ကောင်းမှုပြုခဲ့ တာများတယ်။ အဲဒီလိုနဲ့များ ဒီဘုရား၊ ဒီကျောင်းမှာ သားဆုမတောင်းဘဲ တခြားနေရာတွေ အပင်ပန်းခံပြီး လှည့်လည်တောင်းရတာလဲ။ မင်းရဲ့ ဒီကျောင်းက ရွှေဆင်းတုရုပ်ပွားတော်မြတ်ကြီးရဲ့ ခြေရင်းမှာ ဘာဖြစ်လို့ မင်းရဲ့ ဒုက္ခတွေ ငြိမ်းအောင် မလုပ်နိုင်ရသလဲ။ မင်းအိမ်နဲ့ ဒီကျောင်းဆို တစ်ခေါ်လောက်ပဲ ဝေးတာပဲ။ မနက်ဖြန် မင်းမိန်းမကိုခေါ်၊ လှူဖွယ်ပစ္စည်း နည်းနည်းလောက်ယူလာပြီး ကျောင်းမှာ လာ ဆုတောင်းလှည့်။ ငါ ဆရာ တော်လည်း မင်းတို့အတွက် ဝိုင်းပြီး ဆုတောင်းပေးရမှာပေါ့”ဟု မြွက်ဆိုသည်။
“ဆရာတော် မိန့်ကြားချက်တွေဟာ အမှန်တွေချည်းပါပဲဘုရား။ အရင် တုန်းက တပည့်တော် ဘာလို့ ဒီစိတ်ကူးမျိုး မရခဲ့မိပါလိမ့်ဘုရား”
လွန်ဝမ်က လှိုက်လှိုက်လှဲလှဲ ပြန်လည်လျှောက်တင်လိုက်သည်။
နောက်တစ်နေ့ နံနက်တွင် လွန်ဝမ်နှင့် သူ့ဇနီး နွိုက်ဆန်တို့သည် ဆရာတော်ဖရားမဟာပရာဆပ်ကျောင်းသို့ ရောက်ရှိလာခဲ့သည်။ သူတို့နှင့် အတူ ကျောင်းရှိ ပဉ္စင်းလေးပါးနှင့် ကိုရင်ငါးပါးတို့ကို ဆက်ကပ်ရန် ဆွမ်း၊ ကွမ်းများနှင့် ရှင်တော်မြတ် ရုပ်ပွားတော်ကြီးကို လှူဒါန်းပူဇော်ရန် ဖယောင်းတိုင် ဆီမီးနှင့် အမွှေးတိုင်များပါ တစ်ပါတည်း ပါလာခဲ့သည်။
သူတို့လင်မယားသည် မြတ်စွာဘုရား ဆင်းတုတော်ကြီး၏ ရှေ့ မှောက်တွင် ရိုသေစွာ ဒူးထောက်ရှိခိုးကာ သူတို့အတွက် တစ်ခါမျှ မပြည့်ဝ သေးသော သားဆုကို တောင်းကြသည်။
လွန်ဝမ်သည် ဘုရားရှေ့တွင် တစ်နာရီကျော်ကြာအောင် ဆုတောင်း နေခဲ့သည်။ စိတ်ကျေနပ်အားရမှ ထလိုက်ပြီး သူ့ဇနီးကို ပြောလိုက်သည်။
“မိန်းမ ငါ့စိတ်ထဲမှာ ကြည်လင်လို့နေတာပဲ။ ငြိမ်းချမ်းလို့ နေတယ်။ ငါတို့ဆုတောင်းတော့ ပြည့်လိမ့်မယ်လို့ ထင်တယ်”
ဘုရားရှင်၏မျက်နှာတော်မှာ ကြည်လင်ဝင်းပနေသည်။ တစ်လောက လုံးပေါ် မေတ္တာဓာတ် လွှမ်းခြုံနေသော မျက်နှာတော်။ အာသဝေါတရား ကုန်ခန်းကာ ငြိမ်းချမ်းနေသော မျက်နှာတော်။ အလွန်တရာ နူးညံ့သိမ့်မွေ့စွာ ပြုံးနေသော မျက်နှာတော်။ ရှေးခေတ် ထိုင်းကျောက်ဆစ်ပညာရှင်များကို ချီးကျူးမိသည်။ သူတို့သည် ဘုရားရှင်အား ကြည်ညိုဖွယ်ဖြစ်အောင် လက်ရာမြောက်စွာ ထုလုပ်နိုင်သူများ ဖြစ်ကြသည်။
လွန်ဝမ်သည် ဤမြတ်စွာဘုရားဆင်းတုတော်ကြီးကို ယခင်က အကြိမ်တစ်ရာမက ဖူးမြော်ခဲ့ပြီးဖြစ်သည်။ ခု တစ်ကြိမ်ကျမှ ဤကိုယ်တော် မြတ်ကြီးက သူ့ကို ပြုံးပြနေသည်ဟု ခံစားမိသည်။
မကြာမီ လွန်ဝမ်နှင့် နှိုင်ဆန်တို့ဆန္ဒကား ပြည့်ဝသွားခဲ့သည်။ သူတို့ တောင်းခဲ့သည့်ဆုသည် အမှန်ပင် ပြည့်ဝခဲ့လေပြီ။ တစ်နှစ်မပြည့်မီမှာပင် နွိုင်ဆန်သည် လွန်ဝမ်အတွက် သားယောက်ျားကလေးတစ်ဦးကို ဖွားမြင်ပေးခဲ့လေသည်။
ကလေးကား အလွန်ပင်ချစ်စရာကောင်းသည်။ အသားအရေမှာ ကြေးနီကို ပွတ်တိုက်ထားသည့်နှယ် ဝင်းမွတ်နေသည်။ ချောမောပြေပြစ်သော ရုပ်အဆင်း၊ ရွာရှိလူများက သူတို့တစ်သက်တာတွင် ဤသို့သော ကလေးမျိုး တစ်ခါမျှ မတွေ့မမြင်ဖူး ဟူ၍ ဆိုကြသည်။
သို့သော် ဤသို့ချောမောသော ကလေးငယ်တွင် ချို့ယွင်းချက်တစ်ခု ပါလာခဲ့သည်။ ခြေထောက်တစ်ဖက် လိမ်ဖည်လိမ်ဖည် ဖြစ်နေခြင်းပင်။ လမ်းလျှောက်ရာတွင် ခြေထောက်က လိမ်ဖည်နေရာ အကြည့်ရ အနည်းငယ် ဆိုးသည်။
မည်သို့ဆိုစေ လွန်ဝမ်နှင့် သူ့ဇနီးကတော့ ဤအတွက် ဝမ်းမနည်း ချေ။ ခြေထောက်ကလေးတစ်ဖက် ဆာနေရုံမျှဖြင့် သူတို့သား၏ ချောမော လှပမှုကို ဖုံးမသွားနိုင်ဟု ယူဆထားသည်။ သူတို့သားအား တုန်နေအောင် ချစ်ကြသည်။
မိဘနှစ်ပါးက သူတို့သားကို “ဘွန်ဆရီ” (Boon-Sri)ဟု အမည် ပေးခဲ့ကြသည်။ ကံထူးသူဟု အဓိပ္ပာယ်ရသည်။
ဘွန်ဆရီ တစ်လပြည့်သောအခါ သားအမိ သားအဖသုံးဦး ရွာဦး ကျောင်းသို့ လာခဲ့ကြသည်။ လွန်ဝမ်နှင့် ပြိုင်ဆန်သည် သူတို့သားကလေးကို ဘုရားဆင်းတုတော် ရှေ့မှောက်တွင်ချကာ တိုင်တည်လိုက်သည်။
“အရှင်မြတ်ဘုရား ဤကျောင်း၊ ဤဘုရားမှာ တပည့်တော်တို့ ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု အကျိုးပေးကြောင့် အခု တပည့်တော်တို့မှာ တပည့် တော်တို့ အလိုချင်ဆုံး သားယောက်ျားလေးတစ်ဦး ရရှိခဲ့ပါပြီဘုရား။ ဒါကြောင့် တပည့်တော်တို့သားငယ်ကို “ဘွန်ဆရီ” လို့ မှည့်ခေါ်ထားပါတယ် ဘုရား။ ဘွန်ဆရီလေး အရွယ်ရောက်လာရင် ရှင်တော်မြတ်ဘုရား သီတင်း သုံးနေတဲ့ ဤကျောင်းတိုက်မှတစ်ပါး တခြား ဘယ်မှာမှ ရှင်သာမဏေ မဝတ်စေရပါဘုရား”
ရာသီတွေ တစ်ခုပြီးတစ်ခုပြောင်းကာ နှစ်ကာလတို့ ကျော်ဖြတ်သွား ကြသည်။ ဘွန်ဆရီကလေးကား အရွယ်ရောက်လာခဲ့သည်။ သန်မာကြံ့ခိုင် သော လူငယ်ကလေး ဖြစ်လာခဲ့သည်။ လမ်းလျှောက်ရာတွင် ခြေတစ်ဖက်ဆာနေ၍ ဆတ်တောက်ဆတ်တောက်ဖြစ်နေရုံသာ ရှိသော်လည်း မူလတန်းကျောင်းတွင် တခြားကလေးများနှင့်တန်းတူ ဘက်တမင်တန် ရိုက်နိုင်သည်။ ဘတ်စကတ်ဘော ပုတ်နိုင်သည်။ ထို့ပြင် သူကလေးသည် အတန်းထဲတွင် စာတော်သည်။ တစ်တန်းလုံးတွင် အမြဲတမ်း ပထမချည်းရသည်။ ဉာဏ် အလွန်ကောင်းလှသည်။
သူ ဆယ်နှစ်သား ရောက်သည်အထိ သူ့ခြေထောက်အတွက် ဘာမျှ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။ မွေးရာပါ ခြေတစ်ဖက်ဆာနေခြင်း ဖြစ် သည်ဟုသာ စိတ်ကို ဖြေနိုင်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ပယောဂတစ်ခုသည် လူကလေး၏ စိတ် အာရုံထဲသို့ ဝင်ရောက် နှောင့်ယှက်ခဲ့လေသည်။ သူ့ဘဝတစ်ခုလုံး ဆောက် တည်ရာမရလောက်အောင်ပင် ဖြစ်ခဲ့ရသည်။
ယခုမှ အစိုးရစစ် စာမေးပွဲများတွင် အမှတ်အများဆုံးနှင့် ထူးချွန် စွာ အောင်မြင်ခဲ့ကြသူများကို ဒေသန္တရသတင်းစာများက ဓာတ်ပုံနှင့်တကွ ဖော်ပြပေးခဲ့ကြသည်။ ဘွန်ဆရီကလေးသည်လည်း တတိယတန်းတွင် တစ်နိုင်ငံလုံး၌ အမှတ်အများဆုံး ရရှိခဲ့သူဖြစ်သဖြင့် သတင်းစာတွင် သူ့ သတင်းကို ဓာတ်ပုံနှင့်တကွ ဖော်ပြခံခဲ့ရသည်။
သူ၏ အတန်းဖော်သူငယ်ချင်းဖြစ်သူ “အိုက်ပင်း”မှာ ဘွန်ဆရီ၏ အောက် ဒုတိယလိုက်သည်။ ထို့ကြောင့် “အိုက်ပင်း”မှာ သတင်းစာတွင် ဖော်ပြခြင်း မခံရ။ ထိုအခါ အိုက်ပင်းမှာ ဘွန်ဆရီအပေါ်တွင် မနာလို မရှုဆိတ်ဖြစ်လာသည်။
ဘွန်ဆရီအပေါ် အပြစ်ရှာကာ ဘွန်ဆရီ၏ အားနည်းချက်ကို ဖော် ထုတ် နှိမ်ချလေတော့သည်။
“မင်းက စာမေးပွဲမှာ တော်ချင် တော်လိမ့်မယ်။ ဒါပေမဲ့ လူ့ လောကထဲမှာတော့ မင်းဟာ တော်တော်ချာတဲ့ကောင်ပဲ။ မင်းရဲ့ ကျက်သရေ ယုတ်လှတဲ့ ခြေထောက် ပြားပြားကြီးနဲ့ ဘယ်လာအသုံးဝင်မှာလဲ ပြောစမ်း ပါ။ ဒီကြားထဲ မင်းအဖေက မလုပ်သင့် မလုပ်ထိုက်တဲ့ အကုသိုလ်အလုပ် ကြီးတစ်ခုကို လုပ်ဖို့ကြံနေသေးတယ်။ နောက်နှစ်မှာ မင်းကို ရှင်ပြုပေး မလို့ဆိုပြီး တစ်ရွာလုံး လိုက်ကြွားနေတယ်ကွ။ မင်းကို သင်္ကန်းစည်းပေး