Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်ခေတ်ထွန်း - ဘာဘေလျောက်ထုံးပုံပြင်များ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
Type

ဉာဏ်ပညာကြီးမားသည့် ဘာဘော

          တစ်ခါက အိန္ဒိယပြည်တွင် အက္ကဘာအမည်ရှိ ဘုရင်ကြီး စိုးစံနေလေသည်။ သူ့အင်ပါယာနယ်ပယ်သည် ကျယ်ဝန်း၍ တန်ခိုးသြဇာအာဏာသည် ကျယ်ပြန့်လေသည်။ သူသည် ပညာ ဉာဏ်အမြော်အမြင် ကြီးမားသူလည်းဖြစ်သည်။ ဘုရင်ကြီးသည် ပညာရှင်များကို ကြည်ညိုလေးစားသည်။ ထို့ကြောင့် ပညာရှင် များကို နန်းတော်သို့ခေါ်ယူကာ ချီးမြှင့်မြှောက်စားလေ့ရှိလေသည်။ ကမ္ဘာအရပ်ရပ်မှ ကဗျာဆရာများ၊ တေးဂီတပညာရှင်များ၊ ဘာသာရေးဆရာများသည် အက္ကဘာဘုရင်ကြီး၏ နန်းတော်သို့ လာရောက်လေ့ရှိကြသည်။ အက္ကဘာဘုရင်ကြီးသည် နန်းတော် သို့လာရောက်သော ပညာရှင်များအနက် ပညာရှင် ကိုးဦးကို ပိုမိုနှစ်သက်တော်မူသည်။ ထိုပညာရှင် ကိုးဦးတွင် “ဘာဘော” အမည်ရှိ ပညာရှင်ကို အနှစ်သက်ဆုံးဖြစ်သည်။ ဘာဘောသည် အက္ကဘာဘုရင်ကြီး၏ နန်းတော်သို့ ရောက်ရှိခဲ့ပုံမှာ ဤသို့ဖြစ် သည်။

          ဘာဘောသည် အက္ကဘာဘုရင်ကြီးထံ မခစားမီက ဘုရင် ကြီးအုပ်စိုးသည့် နယူးဒေလီမြို့မှ အလွန်ဝေးလံသော အရပ်ဒေသ တွင် နေထိုင်သူဖြစ်သည်။ ဘာဘောသည် ဘုရင်ကြီးကို ဖူးတွေ့ လိုသည်။ ဘုရင်ကြီးထံတွင် အမှုတော်ထမ်းရွက်လိုသည်။ နန်းတော်သူ၊ နန်းတော်သား၊ မြို့သူမြို့သားများကို မြင်တွေ့လိုသည်။ ဘာဘောသည် မိုင်ပေါင်းများစွာ သွားလာဖြတ်သန်းပြီး နောက်ဆုံး တွင် အက္ကဘာဘုရင်ကြီး စိုးစံသည့် နယူးဒေလီမြို့တော်သို့ ဆိုက် ရောက်လာခဲ့သည်။ သူသည် ခရီးကြမ်းကို နှင်လာရသူဖြစ်၍ မောပန်းနွမ်းနယ်လျက်ရှိသည်။ သို့သော် ဘုရင်ကြီး၏မြို့တော်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့ပြီဖြစ်၍ ပျော်ရွှင်ဝမ်းသာလျက် ရှိသည်။ ထိုသို့ဖြင့် ဘာဘောသည် မြို့တံခါးဝသို့ ရောက်ရှိလာ လေသည်။

          ထိုစဉ် တံခါးမှူးက သူ့အား ရပ်တန့်စေ၍ “အသင် ဘယ်ကို သွားမလို့လဲ”ဟု ဆီးမေးသည်။ ဘာဘောကလည်း ဘုရင်ကြီးကို ဖူးတွေ့လို၍ လာရခြင်းဖြစ်ကြောင်း ရှင်းပြသည်။ ထိုအခါ တံခါးမှူးက -

          “သင် ဒီလိုလွယ်လွယ်ကူကူနဲ့ဝင်လို့ ဘယ်ရမလဲ”ဟု ပြောဆိုသည်။ ဘာဘောက သူသည် ခရီးဝေးမှ လာရသူဖြစ်၍ အလွန်မောပန်းနွမ်းနယ်လျက်ရှိကြောင်းဖြင့် ဝင်ခွင့်ပြုပါရန် အတန် တန် တောင်းပန်ပြောဆိုသည်။ သို့သော် အချည်းနှီးပင်။ တံခါးမှူး သည် ဘာဘောသည်။ ထို့ကြောင့် တံခါးမှူးသည် ဘာဘောအား -

          “သင့်ကို ဝင်ခွင့်ပေးမယ်။ ကျွန်ုပ်ကို ဘာပေးမလဲ”

          ဟု တောင်းဆိုလေသည်။ ။

          သို့သော် ဘာဘောတွင် ငွေမရှိ။ တံစိုးလက်ဆောင်အဖြစ် ပေးစရာပစ္စည်းလည်း တစ်စုံတစ်ရာမရှိ။ သို့သော် ဘာဘောသည် ဉာဏ်အမြော်အမြင် ကြီးမားသူဖြစ်၍ တံခါးမှူးအား ချက်ချင်း ပင် -

          “ယခု ကျွန်ုပ်မှာ သင့်ကိုပေးစရာ ငွေနှင့်ပစ္စည်း တစ်စုံ တစ်ရာ မရှိပါ။ ဒါပေမယ့် တကယ်လို့ ကျွန်ုပ်ကို ဘုရင်ကြီးက နှစ်သက်တော်မူလို့ ဆုတော်လာဘ်တော်တွေ ပေးသနားတော်မူရင် ကျွန်ုပ်ရရှိတဲ့ ဆုတော်လာဘ်တော်တွေကို သင့်ကို တစ်ဝက်ခွဲဝေ ပေးဖို့ ကျွန်ုပ် ကတိ ပြုပါတယ်။ ကျွန်ုပ်ကို ဝင်ခွင့်ပေးပါ”

          ဟု ပြောဆိုသည်။

          တံခါးမှူးသည် ဘာဘော၏စကားကိုကြားသော် ကျေနပ် စွာဖြင့် သဘောတူလိုက်ကာ ဘာဘောအား နန်းတော်သို့ ဝင်ခွင့်ပြု လိုက်လေသည်။ ထိုသို့ဖြင့် ဘာဘောလည်း နန်းတော်ထဲသို့ ရောက်ရှိသွားလေသည်။ ဘာဘော၏ ပညာဉာဏ် အမြော်အမြင် ကြီးမားပုံကို သိရ၍ ဘုရင်ကြီးသည် ဘာဘောအား သဘောကျ ကာ များစွာ နှစ်သက်တော်မူသည်။ ဘာဘောသည် ဘုရင်ကြီး အား ပုံတိုပတ်စများ၊ ဟာသများကို ပြောတတ်လေ့ရှိသည်။ တစ်နေ့တွင် ဘုရင်ကြီးသည် ဘာဘောအား အလွန်နှစ်သက်သဘောတွေ့ကာ ဘာဘောအား

          “ငါကိုယ်တော်မြတ် ဒီနေ့ သိပ်ပျော်တယ်။ တစ်ခါမှ ဒီလိုပျော်ရွှင်မှုမျိုး မကြုံခဲ့ဖူးဘူး။ ဆုတော် အဖြစ် သင်လိုချင်တာပြော ငါပေးမယ်”

          ဟု မိန့်တော်မူလေသည်။

          ထိုအခါ ဘာဘောက ဘုရင်ကြီးအား “အရှင်မင်းကြီး ကျွန်တော်မျိုးကို အရှင်မင်ကြီး ဆုတော်အဖြစ် ပေးသနားတော် မူမယ်ဆိုရင် ကျွန်တော်မျိုး ကြိမ်ဒဏ်တစ်ရာဆုကိုသာ လိုချင်ပါ တယ်””ဟု လျှောက်တင်သည်။

          ဘာဘောသည် ဆုတော်လာဘ်တော်အဖြစ် တခြား အဖိုး တန် စိန်ရွှေရတနာပစ္စည်းများကို မတောင်းခံဘဲ ကြိမ်ဒဏ်ကိုသာတောင်း၍ ဘာဘော၏စကားကိုကြားသော် ဘုရင်ကြီးနှင့် ပြည်သူ ပြည်သားများသည် များစွာ အံ့သြသွားကြလေသည်။

          အက္ကဘာဘုရင်ကြီးသည် ဘာဘောအား ဤဆုမျိုး မတောင်းရန် အတန်တန်ပြောဆိုသည်။ တခြားဆုကိုသာ တောင်း ဆိုရန် ပြောဆိုနေရှာသည်။ သို့သော် မရချေ။ ဘာဘောသည် ကြိမ်ဒဏ်ဆုကိုသာ အတွင်တွင်တောင်းနေလေသည်။ | ဘာဘောက ဘုရင်ကြီးအား “အရှင်မင်းကြီး ဒီလိုဆုမျိုး တောင်းတာ ကျွန်တော်မျိုးတစ်ဦးတည်းသာ ရှိမယ်ဆိုတာ ကျွန် တော်မျိုး သိပါတယ်။ အရှင်မင်းကြီးပေးထားတဲ့ ကတိအတိုင်းသာ ကျွန်တော်မျိုးကို ကြိမ်ဒဏ်တစ်ရာ ပေးသနားတော်မူပါ”

          ဟု လျှောက်တင်လေသည်။

          ကြိမ်ဒဏ်သည် အပြစ်ခံရသူကိုသာ ပေးခြင်းဖြစ်၏။ ထို့ကြောင့် အက္ကဘာဘုရင်ကြီးသည် ပထမတွင် သဘောမတူညီချေ။

          နန်းတွင်းသားတစ်ဦးက ရယ်မောကာ “ကြိမ်ဒဏ်ပေးခြင်း ဟာ သူ့ကို စိတ်ပြောင်းလဲပြီး ပညာဉာဏ်ကြီးမယ်လို့ ထင်နေ သလား မသိဘူး”

          ဟု ပြောဆိုလေသည်။

          ထိုအခါ ဘာဘောက အဆိုပါ နန်းတွင်းသားဘက်သို့ လှည့်၍ -

          “အသင်ပြောတာ မှန်တယ်။ ဆရာဟာ တပည့်တွေကို တစ်ခါတစ်ရံ ရိုက်ရတာ လိမ္မာဖို့မဟုတ်လား။ တချို့လူတွေဟာ ရိုက်မှနာမှ လိမ္မာကြတယ်။ နောင်ကြဉ်ကြတယ်”

          ဟု ပြောဆို လေသည်။

          နောက်ဆုံးတွင် အက္ကဘာဘုရင်ကြီးက ဘာဘောသည် သူ့ဆုံးဖြတ်ချက်ကို ပြင်မည့်သူမဟုတ်ဟု သိရှိသွားပြီး ဘာဘော အား ရူးသွပ်သွားပြီဟူ၍ ယူဆသွားလေသည်။ ထို့နောက် ဘုရင် ကြီးသည် သူ့ကတိအတိုင်း အာဏာသားများအား ဘာဘောကို ကြိမ်ဒဏ်ပေးရန် အမိန့်ပေးလိုက်လေသည်။ ဘာဘောသည် ကြိမ် ဒဏ်ငါးဆယ်ပြည့်သည်အထိ အရိုက်ခံပြီးသော် အာဏာသားများ အား “ဟိုး..ဟိုး..ရပ်...ရပ်”ဟု အော်ပြောလိုက်လေသည်။

          ထိုအခါ ဘုရင်ကြီးက ဘာဘောအား

          “အသင်...စိတ် ပြောင်းသွားပြီ မဟုတ်လား။ ဒါ့ကြောင့် ဒီကြိမ်ဒဏ်ဆုကို မယူပါ နဲ့လို့ ပြောတာပေါ့”

          ဟု ဘုရင်ကြီးက ပြုံး၍ ပြောသည်။

          ဘာဘောက ဘုရင်ကြီးအား

           “အရှင်မင်းကြီး ကျွန်တော်မျိုး လူတစ်ယောက်ကို ကတိပေးထားတာတစ်ခု ရှိပါတယ်။ အဲဒါက ဘာလဲဆိုရင် ကျွန်တော်မျိုးရမယ့် ဆုတော်ငွေတစ်ဝက်ကို ပေးပါ့မယ်ဆိုတဲ့ ကတိစကားပါပဲ။ ဒါကြောင့် သူ့ကို ဒီနန်းတော် ထဲကို ခေါ်ယူခွင့်ပြုပါ။ ကျန်တဲ့ ကြိမ်ဒဏ်အချက်ငါးဆယ်ကို အဲဒီမိတ်ဆွေကိုသာ ပေးပါတော့”

          ဟု ဆိုလေသည်။ ဘုရင်ကြီးက ခွင့်ပြုသည်။ ဘာဘော သည် မြို့တံခါးဂိတ်သို့ သွားရောက်၍ တံခါးမှူးကို ရှာဖွေသည်။ တံခါးမှူးကို အဆင်သင့် တွေ့ရှိသည်။

          ထိုသို့ဖြင့် တံခါးမှူးသည် ဘုရင့်ရှေ့တော်သို့ ရောက်ရှိ လာလေသည်။ ဘုရင်ကြီးသည် တံခါးမှူးကိုမြင်သော် အလွန် အံ့အားသင့်သွားသည်။ ထို့ကြောင့် ဘာဘောအား ဖြစ်ကြောင်း ကုန်စင်ကို မေးမြန်းသည်။

          ထိုအခါ ဘာဘောက ဘုရင်ကြီးအား- -

          “အရှင်မင်းကြီး ကျွန်တော်မျိုး မြို့တံခါးဝသို့ ရောက်ရှိ စဉ်က တံခါးမှူးနဲ့ အရင်တွေ့ရပါတယ်။ သူက ပထမ ဝင်ခွင့်မပြု ဘူး။ ငွေကြေး၊ ဒါမှမဟုတ် တစ်စုံတစ်ရာ လာဘ်ထိုးမှ ဝင်ခွင့်ပြု မယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က ကျွန်တော်မျိုးမှာလည်း ငွေကြေးလည်းမရှိ၊ ပစ္စည်းတစ်စုံတစ်ရာပေးစရာလည်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်မျိုးက သူ့ကို အကယ်၍ ဘုရင်ကြီးဆီက ဆုတော်လာဘ်တော် တစ်ခုခုရရင် ပေးပါ့မယ်။ အခုတော့ ဝင်ခွင့် ပြုပါလို့ ပြောဆိုတောင်းပန်မှ ကျွန်တော်မျိုးကို အထဲသို့ ဝင်ခွင့် ပြုပါတယ်”

          ဟု ပြောဆိုသည်။

          ဘုရင်ကြီးက ဘာဘောအား

          “ဒါဖြင့် တစ်ခုခုပေးမှ အထဲကို ဝင်ရမယ်ဆိုတဲ့ သဘောပေါ့”

          ဟု မေးသည်။

          ဘာဘောက

          “မှန်ပါတယ်။ သူစိမ်းတစ်ဦးဦး မြို့ထဲသို့ဝင် ရင် ငွေ၊ ဒါမှမဟုတ် တစ်ခုခုပေးရမယ်တဲ့။ ဒါဟာ ထုံးစံပဲလို့ ပြောပါတယ်”

          ဟု ဖြေသည်။

          နန်းတော်သို့ ရောက်ရှိလာကြကုန်သော လူများကလည်း သူတို့သည် မြို့တံခါးဂိတ်ဝ အဝင်တွင် တံခါးမှူးအား လာဘ်ပေး ခဲ့ရကြောင်းဖြင့် အသီးသီး ပြောဆိုလျှောက်ထားကြကုန်သည်။

          အက္ကဘာဘုရင်ကြီးသည် လူအသီးသီး၏ ပြောဆိုလျှောက် ထားချက်ကိုကြားသော် အလွန်ပင် စိတ်ဆိုးဒေါသဖြစ်သွားလေ သည်။ ဘုရင်ကြီးသည် အာဏာသားများအား

           “ကဲ...ဒီကောင့် ကို ဘာဘောရရှိတဲ့ ဆုတော်တစ်ဝက် ချီးမြှင့်ရမယ်”

          ဟု ပြော ဆိုလေသည်။

          ထို့နောက် ဘုရင်ကြီးက အာဏာသားများအား တံခါးမှူး ကို ကြိမ်ဒဏ်အချက်ငါးဆယ် နာနာရိုက်ရန် အမိန့်ပေးလေသည်။ တံခါးမှူး လည်း နာကျင်လှသဖြင့် အော်မြည်ငိုကြွေးလေသည်။ အဘယ့်ကြောင့် ကြိမ်ဒဏ်အပြစ်ပေး အရိုက်ခံရသည်ဆိုသည်ကို လည်း မသိချေ။ ဘုရင်ကြီးအား သူ့တွင် မည်သို့သော အပြစ်ရှိ၍ အပြစ်ပေးရသည်ဆိုသည်ကို လျှောက်တင်မေးမြန်းလေသည်။

          ထိုအခါ ဘာဘောက တံခါးမှူးဘက်သို့လှည့်၍

          “အသင် ကျွန်ုပ်ကို မှတ်မိရဲ့လား။ ဂိတ်ဝဝင်ခါနီးမှာ ပထမ သင်ဟာ ကျွန်ုပ်ကို ဝင်ခွင့်မပြုဘူးလေ။ ကျွန်ုပ်က ဘုရင်ကြီးဆီက ဆုတော် ရရင် တစ်ဝက်ပေးမယ်ဆိုမှ အသင် ကျွန်ုပ်ကို ဝင်ခွင့်ပြုတယ် မဟုတ်လား။ အခု ကျွန်ုပ် ဘုရင်ကြီးဆီက ဆုတော်လာဘ်တော် အဖြစ် ကြိမ်ဒဏ်တစ်ရာ ရရှိခဲ့တယ်။ အဲဒီကြိမ်ဒဏ်တစ်ရာထဲက ကျွန်ုပ် တစ်ဝက်ယူပြီးပြီ။ သင်တစ်ဝက်ယူဖို့ပဲ ကျန်တော့တယ်။ သင်ဟာ ကြိမ်နဲ့ရိုက်မှ သင့်ရဲ့မိုက်မဲမှုတွေ ပျောက်လိမ့်မယ်”

          ဟု ပြောဆိုလေသည်။ ထိုအခါ ဘုရင်ကြီးနှင့် နန်းတော်သူ နန်းတော် သားများသည် ဘာဘော၏ ဉာဏ်ပညာကို ချီးမွမ်းကုန်ကြလေ သည်။ ဘုရင်ကြီးလည်း ဘာဘောအား ရွှေ၊ ငွေ၊ ပစ္စည်းဥစ္စာ ရတနာများနှင့် မြေယာများကို ဆုတော်အဖြစ် ချီးမြှင့်ပြီး နန်းတော် ၌ပင် အမှုထမ်းရွက်ရန် မိန့်တော်မူလေသည်။

[ Birbal enters Akbar's court. ]