Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မောင်ခေတ်ထွန်း - ငါးဘုရင်မရဲ့လက်ဆောင်နှင့်အခြားပုံပြင်များ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
Type

တောဝမ်းဘဲ

( အိန္ဒိယရိုးရာပုံပြင် )

          တစ်ခါက အိန္ဒိယပြည်တွင် “ရာမ” နှင့် “နာရယန်း” အမည်ရှိ ညီနောင် မင်းသားလေးနှစ်ပါး ရှိလေသည်။ ရာမ ၁၄ နှစ်အရွယ်နှင့် နာရယန်း ၁၂ နှစ်အရွယ်တွင် သူတို့၏ မိခင်သည် ကွယ်လွန်သွားခဲ့သည်။

          တစ်နှစ်အကြာတွင် သူတို့၏ဖခင်ဘုရင်ကြီးသည် နောက် မိဖုရားတစ်ပါးကို အသစ်တင်မြှောက်လေသည်။ ထို့ကြောင့် မိဖုရားကြီးသည် ညီနောင်နှစ်ပါး၏ မိထွေးဖြစ်လာခဲ့လေသည်။

          ဘုရင်ကြီးက သားတော်နှစ်ပါးကို သိပ်ချစ်၍ အရေးပေး သည်ကို မိဖုရားကြီးက မလိုလားပေ။ မရှုဆိတ်နိုင်ပေ။ ထို့ကြောင့် မိဖုရားကြီးသည် ညီနောင်နှစ်ပါးအား အမြဲပင် မနာလို မုန်းထား လေသည်။

          နှစ်နှစ်ခန့်ကြာသော် မိဖုရားကြီးသည်လည်း သားယောက်ျား တစ်ဦးကို ဖွားမြင်ခဲ့လေသည်။ မိဖုရားကြီးက သူ့သားအား ဘုရင့် နန်းတော်တွင် အလွန်အရေးပါအရာရောက်စေလိုသည်။

          ဘုရင်ကြီး၏ အရေးပေးမှုကို ခံယူစေလိုသည်။ ဘုရင် ကြီးကသာ သူ့သားအား ချစ်မြတ်နိုးစေလိုသည်။ ထို့ကြောင့် ညီနောင်နှစ်ပါးအား နေရာမရစေရန်နှင့် ဘုရင်ကြီးက ညီနောင် နှစ်ပါးအား မျက်ထားညိုစေရန် ကြံဆောင်သည်။ ညီနောင်နှစ်ပါး မရှိမှသာ သူ့သားသည် ဘုရင်ကြီး၏ နှလုံးသားထဲမှာ ပထမနေ ရာကို ရယူနိုင်မည် ဖြစ်ပေသည်။

          မိဖုရားကြီးသည် လိမ္မာပါးနပ်သူ ဖြစ်သည်။ ဘုရင်ကြီး သည် သက်သေအထောက်အထားမရှိဘဲ ပြောတိုင်း ယုံကြည်သူ မဟုတ်မှန်း သိရှိထားသည်။

          သူသည် ညီနောင်နှစ်ပါးမကောင်းကြောင်း ကုန်းတိုက် သော်လည်း ဘုရင်ကြီးက လက်မခံပေ။ ထို့ကြောင့် မိဖုရားကြီး သည် ညီနောင်နှစ်ပါး ဒုက္ခရောက်စေရန် သက်သေပြနိုင်သည့် အချိန်ကို စောင့်စားနေခဲ့သည်။

          ထိုအချိန်တွင် ရာမနှင့် နာရယန်း ညီအစ်ကိုနှစ်ယောက် သည် တနင်္ဂနွေနေ့နံနက်တိုင်း မြို့တွင်းရှိ ပန်းသည်အဘွားအိုထံ သွားရောက်လည်ပတ်လေ့ရှိသည်။

          ထိုအဘွားအိုသည် သူတို့မိခင်၏ အစေအပါးဖြစ်သည်။ မိခင်ကွယ်လွန်သွားပြီးနောက် နန်းတော်မှထွက်ခွာကာ ပန်းရောင်း ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်သည်။ အဘွားအိုသည် ညီနောင်မင်းသားလေးနှစ်ပါးအား သူ့သားကဲ့သို့ ချစ်မြတ်နိုးလေ သည်။

          ထို့ကြောင့်လည်း မင်းသားလေးနှစ်ပါးသည် အပတ်စဉ် အဘွားအိုထံသို့ သွားရောက်ကာ ငွေနှင့် ဆန်များကို ပေးကမ်းထောက်ပံ့လေ့ရှိသည်။

          ပန်းသည်အဘွားအိုကလည်း သူတို့ရောက်လာတိုင်း မင်းသားလေးများ ကြိုက်နှစ်သက်သည့် အစားအစာများကို ချက် ပြုတ်ကျွေးမွေးလေ့ရှိသည်။ ထို့နောက် ကွယ်လွန်သွားပြီဖြစ်သည့် သူတို့မိခင်၏ သနားစိတ်ရှိပုံ၊ စိတ်ကောင်းရှိပုံတို့ကို ပြောပြလေ့ ရှိသည်။

          တစ်နေ့တွင် ညီနောင်နှစ်ပါးသည် ပန်းသည်အဘွားအို အား ကြည့်ရှုရန်လာစဉ် လမ်းခရီး၌ တောဝမ်းဘဲတစ်ကောင်ကို တွေ့၍ သတ်ပြီးယူဆောင်လာခဲ့လေသည်။

          ထိုဝမ်းဘဲသည် ဘုရင့်ဥယျာဉ်တော်အတွင်းရှိ ရေကန် တွင် ကူးခပ်နေသော ဝမ်းဘဲဖြစ်သည်။ ဘုရင်ပိုင် ဝမ်းဘဲပင် ဖြစ်သည်။

          အမှန်မှာ မင်းသားလေးနှစ်ပါးသည် ဝမ်းဘဲသေကို သူတို့ ဖခမည်းတော်ဘုရင်ကြီးထံ ယူဆောင်သွားရမည် ဖြစ်သည်။ သို့သော် သူတို့သည် ဝမ်းဘဲသေကြီးကို ပန်းသည်အဘွားအိုထံ ယူဆောင်သွားရန် ဆုံးဖြတ်လိုက်ပြီး -

          “ငါတို့ ဖခမည်းတော်ရဲ့ ဥယျာဉ်ထဲမှာ ဝမ်းဘဲတွေ အများကြီးပဲ။ ကြိုက်ရာကို ရွေးယူစားသုံးနိုင်တယ်။ ဒါပေမဲ့ ပန်းသည်အဘွားအိုမှာတော့ ဟင်းလျာအဖြစ် ဘာမှ စားစရာမရှိ ဘူး ဖြစ်နေတယ်။ ဒါကြောင့် ငါတို့ ဒီဝမ်းဘဲကို အဘွားအိုကို သွားပေးကြစို့”ဟု ဆိုကြလေသည်။

          ထိုသို့ဖြင့် သူတို့ညီနောင်နှစ်ပါးသည် ဝမ်းဘဲသေကြီးကို ဆွဲကာ အဘွားအိုတဲဆီသို့ ရှေးရှုလျှောက်လာကြလေသည်။

          ထိုအချိန်တွင် သူတို့၏မိထွေး မိဖုရားကြီးသည် ညီနောင် နှစ်ပါး ဝမ်းဘဲကိုသတ်၍ ပန်းသည်အဘွားအိုထံ ယူဆောင်သွား သည်ဟူသော သတင်းကို ကြားသိသွားလေသည်။

          ထို့ကြောင့် မိဖုရားကြီးသည် ဘုရင်ကြီးထံသို့ ချက်ချင်း သွားရောက်ကာ ဘုရင်ကြီးအား -

          “အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ သားတော်နှစ်ပါးဟာအရှင့်အိမ်တော်က အစားအစာကို ခိုးယူပြီး မြို့ထဲက ပန်းသည် အဘွားအိုကို ပေးကမ်းနေပါတယ်။ ကျွန်တော်မျိုးမ လျှောက်တင် ချက်ကို အရှင်မင်းကြီး ယုံကြည်တော်မမူရင် အဘွားအိုအိမ်ကို လူတစ်ယောက်လွှတ်ပြီး ကြည့်ခိုင်းနိုင်ပါတယ်။ ဘုရင့်ဝမ်းဘဲတစ်ကောင်ကို ဟင်းလျာအဖြစ် ချက်ပြုတ်နေတာ တွေ့ရပါလိမ့်မယ်” ဟု မင်းသားလေးနှစ်ပါး ဒုက္ခရောက်စေရန် ကုန်းချောစကားကို လျှောက်တင်လေသည်။

          ဘုရင်ကြီးလည်း မိဖုရား၏ လျှောက်တင်စကား မှန်မမှန် သိရှိရန် သံတော်ဆင့်တစ်ဦးကို ပန်းသည်အဘွားအိုထံသို့ စေလွှတ် လိုက်လေသည်။ မကြာမီ သံတော်ဆင့်သည် ဘုရင်ကြီးထံသို့ ပြန်လည်ရောက်ရှိလာပြီး မိဖုရားကြီးပြောစကားသည် မှန်ကန် ကြောင်း၊ မင်းသားလေးနှစ်ပါးကို အဘွားအိုနှင့်အတူ တွေ့ခဲ့ရ ကြောင်းနှင့် အဘွားအိုသည် ဝမ်းဘဲသားဟင်းလျာချက်ပြုတ်ရန် ပြင်ဆင်လျက်ရှိကြောင်းတို့ကို လျှောက်တင်လေသည်။

          ဘုရင်ကြီးသည် သံတော်ဆင့်လျှောက်တင်ချက်ကို ကြား သော် ဒေါသအလွန်ထွက်သွားသည်။ ထို့နောက် ရာမနှင့် နာရ ယန်းတို့ကို အပြစ်ဒဏ်ခတ်မည်ဖြစ်ကြောင်း မိန့်ဆို၍ အမတ်ချုပ် ကြီးအား ပန်းသည်အဘွားအိုအိမ်သို့ သွားရောက်၍ မင်းသားနှစ် ပါးအား ဖမ်းဆီးခေါ်ဆောင်ပြီး ထောင်သွင်းအကျဉ်းချထားရန် အမိန့်ပေးလိုက်လေသည်။

          ဘုရင်ကြီး၏အမိန့်စကားကိုကြားသော် ကောက်ကျစ် ယုတ်မာသော မိဖုရားကြီးသည် ရယ်သွမ်းသွေး၍ ““ကျွန်တော် မျိုးမက အရှင်မင်းကြီးဟာ သူတို့ကို အပြစ်ပေးတဲ့အနေနဲ့ သူတို့ရဲ့ မျက်လုံးတွေကို ဖောက်ဖျက်ပစ်မယ်လို့ ထင်နေတာပါ။ တကယ်လို့သာ သူတို့မျက်လုံးမရှိတော့ရင် အရှင်မင်းကြီးရဲ့ ပစ္စည်း တွေကို ခိုးနိုင်မှာ မဟုတ်တော့ဘူး”ဟု လျှောက်တင်လေသည်။

          ဘုရင်ကြီးလည်း မိဖုရားကြီး၏ လျှောက်တင်ချက်ကို သဘောတူကာ အမတ်ချုပ်ကြီးအား မင်းသားလေးနှစ်ပါးကို သူ့ ထံသို့ ချက်ချင်းခေါ်ဆောင်လာရန် ပြန်လည်အမိန့်ပေးလိုက် လေသည်။

          ထိုအချိန်တွင် အဘွားအိုသည် မင်းသားလေးနှစ်ပါးကို ပုန်းရှောင်ထွက်ပြေးရန် တိုက်တွန်းပြောဆိုလျက်ရှိသည်။ အဘွား အိုသည် သံတော်ဆင့် သူ့အိမ်သို့ လာရောက်စုံစမ်းစဉ်ကတည်းက မင်းသားလေးနှစ်ပါး ဒုက္ခရောက်တော့မည်ကို ကြိုတင်သိရှိထား သည်။

          သံတော်ဆင့်သည် ဝမ်းဘဲသေကြီးကို မြင်တွေ့သွားသည် မဟုတ်ပါလော။ ထို့ကြောင့် အဘွားအိုသည် မင်းသားညီနောင်အား ဤတိုင်းပြည်အတွင်းမှ ထွက်ခွာသွားရန် ပြောဆိုတိုက်တွန်းပြီး

          “မိဖုရားကြီးဟာ သားတော်တို့ရဲ့ ရန်သူပဲ။ အခုအကြံ ဉာဏ်ဟာလည်း မိဖုရားရဲ့ လက်ချက်ဆိုတာ သေချာတယ်။ မိဖုရားကြီးဟာ သားတော်တို့ ဒုက္ခရောက်တာကို မြင်တွေ့ချင်တဲ့ သူ ဖြစ်တယ်။ သားတော်တို့ကို ဒီတစ်ကြိမ်လုပ်ကြံတာ မအောင် မြင်ရင် နောက်တစ်ကြိမ်မှာလည်း သားတော်တို့ကို စိတ်ဆိုး ဒေါသဖြစ်အောင် ကြံဆောင်ဦးမှာပဲ”ဟု ပြောဆိုခဲ့လေသည်။

          ထို့နောက် အဘွားအိုသည် အိတ်နှစ်လုံးတွင် ထမင်းများ ထည့်ကာ အိတ်တစ်အိတ်ပေါ်တွင် ဘဲတောင်ပံများကိုထည့်၍ ကျန်အိတ်ပေါ်တွင် ဘဲခြေထောက်များကို ထည့်သည်။ ထို့နောက် စားနပ်ရိက္ခာအိတ် နှစ်အိတ်ကို မင်းသားလေးနှစ်ပါးအားပေးကာ

          “ဒီစားနပ်ရိက္ခာတွေဟာ သားတော်တို့နှစ်ယောက် အတွက် နှစ်ရက်စားလို့ လောက်ပါတယ်။ ဘုရင့်စစ်သည်တော် တွေလာပြီးမဖမ်းခင် အမြန်ဆုံး ပြေးကြပေတော့”ဟု ပြောဆို လိုက်လေသည်။

          မင်းသားလေးရာမက အဘွားအိုအား -

          “အမေအို ကျွန်တော်တို့ ဘယ်ကိုပြေးရမှာလဲ”ဟု မေး လေသည်။

          အဘွားအိုက -

          “သားတို့ ကြိုက်တဲ့နေရာကိုသာ ပြေးကြပါ။ ဒီမှာ တော့ ဆက်မနေပါနဲ့။ ဒီမှာဆို သားတော်တို့ ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ်””ဟု ပြန်ပြောသည်။

          ထိုသို့ဖြင့် မင်းသားလေးနှစ်ပါးသည် မြို့တွင်းမှ အမြန် ဆုံး ထွက်ခွာသွားကြလေသည်။ မကြာမီ အမတ်ချုပ်ကြီးနှင့် စစ်သည်တော်များသည် မင်းသားလေးနှစ်ပါးကို ဖမ်းဆီးခေါ် ဆောင်ရန် အဘွားအို၏တဲဆီသို့ ရောက်ရှိလာခဲ့သည်။

          သို့သော် မင်းသားလေးနှစ်ပါးက ထွက်ခွာသွားပြီဖြစ်၍ မတွေ့မမြင်ရတော့ပေ။

          မင်းသားညီနောင်သည် ခရီးထွက်ခွာလာခဲ့သည်မှာ ခရီး အတော်အတန် ရောက်ခဲ့ပြီ ဖြစ်သည်။ ညနေသို့ရောက်သော် သူတို့သည် စမ်းချောင်းကလေးတစ်ခုဆီသို့ ရောက်ရှိလာကြသည်။

           သာယာသော နေရာကလေးဖြစ်သည်။ သူတို့သည် စမ်းချောင်းနံဘေး မြက်ခင်းစိမ်းပေါ်တွင် အပန်းဖြေထိုင်ရင်း အစား အစာများကို စားသောက်ကြလေသည်။

          အမှန်မှာ ဘုရင့်ဥယျာဉ်ထဲမှ ဖမ်းယူသတ်ခဲ့သော ဝမ်းဘဲ သည် ရိုးရိုးဝမ်းဘဲ မဟုတ်ချေ။ မှော်ဝမ်းဘဲတစ်ကောင်သာဖြစ် သည်။ ယခုတိုင် မင်းသားလေးနှစ်ပါးသည် သူတို့ ယခုစားနေသော ဝမ်းဘဲသားများသည် မှော်ဝမ်းဘဲသားမှန်း မသိရှိကြသေး ချေ။

          ဝမ်းဘဲအတောင်ပံကို စားသုံးသူသည် ခုနစ်ရက်အတွင်း မင်းအဖြစ်သို့ ရောက်ရှိမည်ဖြစ်ပြီး ဝမ်းဘဲခြေထောက်ကို စားသုံး သူသည် ထင်ပေါ်ကျော်ကြားသော အမတ်ချုပ်ကြီး စင်စစ်မသွေ ဖြစ်ပေလိမ့်မည် ဖြစ်သည်။

          ရာမသည် ထမင်းအိတ်ကို ဖွင့်လိုက်သည်။ ထိုအခါ ထမင်းပေါ်တွင် ဝမ်းဘဲအတောင်ပံများကို တွေ့လိုက်ရသည်။ သူသည် ဆာလောင်မွတ်သိပ်လှသည်ဖြစ်၍ ထမင်းဟင်းများကို အားရပါးရ စားသုံးလိုက်သည်။

          နာရယန်းသည် သူ့အိတ်ကို ဖွင့်လိုက်ရာ ထမင်းပေါ်တွင် ဝမ်းဘဲခြေထောက်ဟင်းများကို တွေ့ရလေသည်။ သူလည်း ဆာလောင်နေပြီဖြစ်၍ အစားအစာများကို စားသုံးလိုက်သည်။ ထို့ နောက် ညီနောင်နှစ်ပါးသည် ဗိုက်ပြည့်သွားပြီဖြစ်၍ လဲလျောင်း ကာ တစ်ရေးတစ်မော အိပ်လိုက်လေသည်။

          နောက်နေ့နံနက်တွင် မင်းသားလေးနှစ်ပါးသည် ခရီး ဆက်လက်ထွက်ခဲ့ပြန်လေသည်။ သူတို့သည် မြောက်ဘက်သို့ ခရီးနှင်လာရာ မွန်းတည့်ချိန်တွင် ခြောက်သွေ့သော သဲကန္တာရလွင်ပြင်ကြီးတစ်ခုဆီသို့ ရောက်ရှိလာကြလေသည်။ ။

          သဲလွင်ပြင်ကြီးတွင် အပင်ဟူ၍ မည်သည့်အပင်မျှ မရှိ ချေ။ သူတို့သည် သဲပေါ်တွင်ထိုင်ကာ လက်ကျန်အစားအစာများ ကို ထုတ်ယူစားသုံးကြလေသည်။

          ရာသီဥတု အလွန်ပူပြင်းလှသည်ဖြစ်ရာ ရေအလွန်ငတ်၍ ရေသောက်ရန် ရေရှာရာ ရေကို ဘယ်နေရာမျှ ရှာဖွေမတွေ့ရပေ။ သူတို့သည် မွန်းလွဲပိုင်းတစ်ချိန်လုံး ရေရှာဖွေသော်လည်း အချည်း နှီးပင်။

          သူတို့သည် ရေငတ်လွန်း၍ အလွန်ပင်ပန်းနွမ်းနယ်နေကြ လေသည်။ နောက်ဆုံးတွင် ညီတော် နာရယန်းက -

          “အစ်ကိုတော် ကျွန်တော်တော့ ဆက်ပြီးမလျှောက်နိုင် တော့ဘူး။ အစ်ကိုတော်ပဲ သွားပြီး ရေရှာပါ။ ညီတော် ဒီနေရာမှာ ပဲ နေခဲ့တော့မယ်””ဟု နွမ်းလျစွာ ပြောဆိုလေသည်။

          ထိုသို့ဖြင့် ရာမလည်း တစ်ဦးတည်း ထွက်ခွာလာခဲ့ရာ မြောက်ဘက်သို့ ရောက်ရှိလာခဲ့လေသည်။ မကြာမီ သူသည် ကြီးကျယ်ခမ်းနားသော နန်းတော်သို့သွားရာ ဖုန်ထူထပ်သည့် လမ်းတစ်လမ်းသို့ ရောက်ရှိလာခဲ့သည်။ ရာမသည် ထိုလမ်းသို့ တစ်ဦးတည်း လျှောက်လှမ်းလာခဲ့သည်။

          နန်းတော်တံခါးဝရောက်သော် ရာမသည် ရေတောင်းရန် ရပ်လိုက်သည်။ ထိုစဉ် သူသည် အော်ဟစ်ကြွေးကြော်သံနှင့်အတူ ခေါင်းလောင်းထိုးသံများကိုပါ ကြားလိုက်ရလေသည်။

          ထို့နောက် လူအုပ်စုကြီးသည် ဘုရင့်ဆင်တော်ကြီးကို ဦးဆောင်ကာ နန်းတော်တံခါးဝသို့ ရောက်ရှိလာလေသည်။