Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်ခေတ်ထွန်း - ကျေးဇူးသိသောကြိုးကြာငှက်နှင့်အခြားပုံပြင်များ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
ကျေးဇူးသိတတ်သော ကြိုးကြာငှက်
(ဂျပန်ပုံပြင်)

          တစ်ခါက ရိုးသား၍ စိတ်စေတနာကောင်းသော လူတစ် ယောက် ရှိလေသည်။ သူ့အမည်မှာ ယူရို ဖြစ်သည်။ သူသည် တောရွာကလေး တစ်ရွာတွင် နေထိုင်ပြီး တောထဲတွင် သစ်ခုတ်၍ အသက်မွေးဝမ်းကျောင်းပြု နေထိုင်သည်။

          ဆောင်းရာသီ အလွန်အေးသော နေ့တစ်နေ့တွင်ဖြစ်သည်။ မြေပြင်တွင် နှင်းများ ထူထပ်စွာကျနေသည်။ ထိုအချိန်တွင် ယူရို သည် တောထဲတွင် သစ်ခုတ်ရာမှ အိမ်သို့ပြန်လာခဲ့လေသည်။ ညနေစောင်းလာပြီဖြစ်၍ သူသည် ထင်းထုပ်ကြီးကို ပခုံးပေါ် ထမ်း၍ နှင်းခဲပြင်ကြီးကို ဖြတ်ကာ မြန်မြန်လျှောက်လှမ်းလာ ခဲ့သည်။

          ထိုစဉ် သူသည် နှင်းပြင်ပေါ်တွင် အမည်းရောင် တစ်စုံ တစ်ခုကို တွေ့မြင်လေသည်။ သို့သော် ထိုအရာကား သက်ရှိသတ္တဝါတစ်ကောင် ဖြစ်သည်။ လူးလွန့်လှုပ်ရှား အော်မြည်နေ သည်။ ယူရိုသည် ရှေ့ဆက်မသွားတော့ဘဲ ရပ်ကာ ပုခုံးပေါ်မှ ထင်းထုပ်ကိုအောက်သို့ချ၍ လှုပ်ရှားအော်မြည်နေသော သတ္တဝါ အနီးသို့ ချဉ်းကပ်သွားပြီး မည်သည့်သတ္တဝါ ဖြစ်သနည်းဟု စူးစမ်း လေသည်။ ထိုအခါ နှင်းထဲတွင် အော်မြည်နေသော သတ္တဝါမှာ ကြိုးကြာငှက် ဖြစ်နေသည်ကို တွေ့မြင်ရလေသည်။ ကြိုးကြာ ငှက်ကြီးမှာ ခြေတံရှည်ဖြင့် လှပသော ငှက်ကြီးဖြစ်လေသည်။ ကြိုးကြာငှက်ကြီးသည် သူ့အနားသို့ ချဉ်းကပ်လာသော ယူရိုကို မြင်သော် ထပျံရန် လူးလွန့်ကြိုးစားသည်။ သို့သော် သူ့အတောင် တစ်ဖက်မှာ အနာတရဖြစ်နေ၍ မပျံနိုင်ရှာပေ။

          “သနားစရာပါလား၊ လာ..လာ..ကျွန်ုပ် သင့်ကို ကူညီ ခွင့်ပြုပါ။ ဒီအတိုင်းသာ သင် နှင်းတောထဲမှာနေရင် သင် သေ သွားလိမ့်မယ်”ဟု ယူရိုက ကြိုးကြာငှက်အား ပြောဆိုလေသည်။

          ကြိုးကြာငှက်လည်း ထပျံရန် ဆက်လက်မကြိုးစားတော့ ဘဲ ငြိမ်နေလိုက်တော့သည်။ ယူရိုသည် ကြိုးကြာငှက်ကလေးကို ယုယကြင်နာစွာ ပွေ့ယူလိုက်သည်။ ထို့နောက် ကြိုးကြာငှက် ကလေး၏ အမွေးများအား ပွတ်သပ်ကာ ပွေ့ယူ၍ သူ့အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။

          ယူရိုသည် သနားကြင်နာစိတ်ရှိသူ ဖြစ်သည်။ စိတ်နှလုံး ကောင်းမွန်သူ ဖြစ်သည်။ သူသည် ကြိုးကြာငှက်ကလေးအတွက် ဝမ်းနည်းလျက်ရှိနေသည်။ ထို့ကြောင့် သူသည် ကြိုးကြာငှက်ကလေးအား ဒဏ်ရာပျောက်ကာ ကောင်းမွန်သည်အထိ ကြိုးကြာ ငှက်ကလေးအား ပြုစုပေးသည်။

          မကြာမီ ကြိုးကြာငှက်ကလေးသည် ဒဏ်ရာများ ပျောက်ကာ ကောင်းမွန်သွားလေသည်။ ယူရိုသည် အလွန်ဝမ်း မြောက်ဝမ်းသာဖြစ်သွားလေသည်။ သူသည် ကြိုးကြာငှက် ကလေးအား ယုယစွာ ပွေ့ယူကာ နေရပ်ဌာနသို့ ပျံသန်းစေရန် လွှတ်လိုက်လေသည်။ ကြိုးကြာငှက်ကလေးလည်း မြူးထူး ပျော်ရွှင်စွာ ကောင်းကင်ထဲသို့ ပျံသန်းသွားလေသည်။

          မကြာမီ တစ်ည၌ တံခါးခေါက်သံကြား၍ တံခါးကို ဖွင့်လိုက်ရာ အိမ်အပြင်ဘက် နှင်းထဲတွင် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေသည်ကို တွေ့ရလေသည်။ ယူရို ကိုင်ထားသော မီးအိမ်၏အလင်းရောင်ကြောင့် အမျိုးသမီးကလေးမှာ ရုပ်ရည် ချောမောလှပသူတစ်ဦးဖြစ်ကြောင်း တွေ့မြင်သိရှိရလေသည်။ ထိုအမျိုးသမီးကလေးမှာ ချမ်းအေးလွန်း၍ ခိုက်ခိုက်တုန်နေရှာ သည်။ ယူရိုသည် အမျိုးသမီးကလေးအား အံ့သြစွာဖြင့် ကြည့် နေမိသည်။

          “ကျွန်မ နှင်းတောထဲမှာ လမ်းပျောက်နေပါတယ်။ ကျွန်မကို ကျေးဇူးပြုပြီး ဒီတစ်ညတော့ ရှင့်အိမ်မှာ တည်းခွင့်ပြု စေချင်ပါတယ်”ဟု အမျိုးသမီးကလေးက နူးညံ့သိမ်မွေ့သော အသံဖြင့် ယူရိုထံ ခွင့်တောင်းလေသည်။

          ထိုအခါ ယူရိုသည် ချက်ချင်းပင် -

          “ဪ...ရပါတယ်၊ ရပါတယ်။ အထဲကို မြန်မြန် ဝင်ပါ။ အထဲကို မြန်မြန်ဝင်ပါ။ အပြင်ဘက်မှာ နှင်းတွေကျနေပါ တယ်”ဟု လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လေသည်။

          ထို့နောက် ယူရိုသည် မီးလှုံရန် ထင်းများဖြင့် မီးဖိုလေ သည်။ အမျိုးသမီးစားရန် ထမင်းနှင့် စွပ်ပြုတ်ပူပူတစ်ပန်းကန် ယူလာပေးလေသည်။ လက်ရှိအမျိုးသမီး၏အမည်မှာ အော့စု ဖြစ်သည်။ အော့စုသည် ယူရို ကဲ့သို့ပင် စိတ်ကောင်းနှလုံးကောင်းရှိပြီး ကြင်နာသနားစိတ် ရှိသူဖြစ်သည်။ ထိုနောက်တစ်နေ့တွင်လည်း နှင်းမုန်တိုင်းကျနေ၍ အော့စု သည် ယူရို အိမ်တွင်ပင် ဆက်လက်တည်းခိုနေရလေသည်။ ယူရို သည် အော့စုအပေါ် မေတ္တာသက်ဝင် ချစ်ခင်မိလေသည်။ အော့စု ကလည်း စိတ်နှလုံးကောင်းရှိသူ ယူရိုအပေါ်တွင် မေတ္တာသက်ဝင် မိလေသည်။ ထိုသို့ဖြင့် သူတို့နှစ်ဦးသည် အကြင်လင်မယားအဖြစ် လက်ထပ်လိုက်ကြလေသည်။

          ယူရိုသည် ထင်းခုတ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြု သူဖြစ်၍ ငွေအနည်းအကျဉ်းသာရသူဖြစ်သည်။ ထို့ကြောင့် သူတို့ နှစ်ဦးမှာ စားဖို့ပင်အနိုင်နိုင် ဆင်းရဲကြလေသည်။ သို့သော် သူတို့ နှစ်ဦးမှာ ပျော်ပျော်ရွှင်ရွှင် ကြင်ကြင်နာနာဖြင့် သာယာချမ်းမြေ့ လျက်ရှိနေကြလေသည်။

          နှစ်သက်ကူးအကြိုနေ့မတိုင်မီ တစ်ညတွင် သူတို့နှစ်ဦးသည် ခါတိုင်းနေ့များကဲ့သို့ အတူတကွထိုင်ကာ အနားယူနေကြ လေသည်။ ယူရိုသည် စကားမပြောနိုင်ဘဲ စိတ်နှလုံးမသာမယာ ဖြစ်နေသည်ကို အော့စု သတိထားမိသွားသည်။ ။

          ထို့ကြောင့် အော့စုသည် သူ့ခင်ပွန်းသည်အား -

          “ယူရိုရယ် ဘာတွေ စိုးရိမ်သောက ရောက်နေတာလဲ။ ကျွန်မကို ပြောပြပါလား””ဟု ဆိုလေသည်။

          ထိုအခါ ယူရိုက -

          “ကောင်းပြီ၊ ချစ်နှမ သိချင်ရင် ပြောရတာပေါ့။ အခု နှစ်သက်ကူး အကြိုနီးပြီလေ။ ဒါပေမယ့် ငါတို့မှာ ငွေမရှိလို့ စားပွဲအတွက် ဘာမှ ပြင်ဆင်မှု မလုပ်နိုင်သေးဘူး။ မုန့်တွေဝယ်ဖို့ လည်း ငွေလုံလုံလောက်လောက် မရှိဘူး။ အခုနေ ငွေကြေးနည်း နည်းလောက် ရရင်သိပ်ကောင်းမှာပဲ””ဟု ပြန်လည်ပြောပြလေ သည်။

          အော့စုသည် သူ့ခင်ပွန်းသည် ယူရို၏ စကားကို ငြိမ် သက်စွာ နားထောင်ပြီးနောက် -

          “ယူရိုရယ်...ဒီအတွက် မပူပါနဲ့တော့။ ကျွန်မ အထည် ရက်လုပ်တတ်ပါတယ်။ ကျွန်မအင်္ကျီတစ်ထည် ရက်လုပ်ပေးမယ်။ အဲဒီအထည်ကို ဈေးမှာသွားရောင်းရင် ငွေအနည်းအကျဉ်းတော့ ရမှာပဲ။ ဒါပေမယ့် ကျွန်မ ရက်လုပ်နေတဲ့အခန်းထဲကိုတော့ ရှင် မကြည့်ရဘူး။ ဒါကိုတော့ ကတိပြုရမယ်”ဟု ဆိုလေသည်။

          ယူရိုကလည်း အခန်းထဲတွင် အော့စု အထည်ရက်လုပ်နေစဉ် ချောင်းမကြည့်ရဟူသော ကတိကိုပေးလေသည်။ ထိုသို့ဖြင့်

          အော့စုသည် အခန်းထဲသို့ဝင်သွားကာ အထည်ကို စတင်ရက်လုပ် လေတော့သည်။

          အချိန်အတော်ကြာသည်အထိ အခန်းထဲတွင် အော့စု အထည်ရက်လုပ်နေသည်မှာ မပြီးသေးပေ။ ယူရိုသည် စောင့်စား ရသည်ကို ငြီးငွေ့ လာသည်။ သို့သော် သည်းခံစောင့်သည်။ နောက်ဆုံးတွင် အော့စုသည် လက်ထဲတွင် အလွန်လှသည့် အထည်ကလေးတစ်ထည်ကို ကိုင်ကာ အခန်းထဲမှ ထွက်လာ လေသည်။ အထည်ကလေးမှာ အလွန် လက်ရာမြောက်လှသည်။ ထိုသို့ လှပသော အထည်မျိုးကို ယူရို တစ်သက်တာတွင် တစ်ခါ မျှ မမြင်ဖူးချေ။ နောက်တစ်နေ့နံနက်တွင် ယူရိုသည် မြို့ဈေးသို့ သွားရောက်ကာ အော့စု ရက်လုပ်ထားသည့် အထည်ကိုရောင်း လေသည်။ ငွေများစွာရရှိလေသည်။ သူသည် သူ့ဘဝတွင် ဤမျှ များပြားသော ငွေကိုမရရှိခဲ့ဖူး၍ အလွန်ပင် စိတ်လှုပ်ရှားနေလေ သည်။ သူသည် ထိုငွေဖြင့် လိုအပ်သော ပစ္စည်းများကို ဝယ်ယူလေသည်။ သူသည် ဝမ်းသာအားရဖြင့် ပစ္စည်းများ ဝယ်ရာ မကြာမီ သူ့တွင်ရှိသော ငွေများ ကုန်သွားလေသည်။ သူသည် ပစ္စည်းများကို ပွေ့ပိုက်၍ အိမ်သို့ပြန်လာခဲ့လေသည်။ အိမ်ပြန် ရောက်သော် သူ့ဇနီးသည် အော့စုအား နောက်ထပ်အထည် တစ်ထည် ရက်လုပ်ရန် တိုက်တွန်းပြောဆိုလေသည်။ အော့စု ကလည်း ယူရို တောင်းဆိုသည့်အတိုင်း ရက်လုပ်ပေးလေသည်။

          ယူရိုကား လောဘကြီးသထက် ကြီးလာလေသည်။ သူသည် အော့စုအား အထည်များကို ထပ်ခါတလဲလဲ ရက်လုပ် ခိုင်းလေသည်။ သို့သော် အော့စုခမျာ မနားမနေ ရက်လုပ်နေရ၍ ပင်ပန်းကာ တဖြည်းဖြည်း ပိန်လှီလာသည်ကိုမူ ယူရို သတိမမူ မိပေ။ အော့စုသည် ယူရိုအား ချစ်မြတ်နိုးလွန်း၍သာ ယူရို ခိုင်း သမျှ အထည်သစ်များကို ရက်လုပ်ပေးနေခြင်းဖြစ်သည်။

          တစ်နေ့တွင် ယူရိုသည် အော့စုအား အထည်ရက်လုပ် ခိုင်းပြန်လေသည်။ အော့စုလည်း ခါတိုင်းပြောနေကျအတိုင်း“ကျွန်မ ရှင့်အတွက် အထည်ရက်လုပ်တဲ့အခါမှာ ရှင့်ကို ပေးထားတဲ့ ကတိကိုတော့ မဖောက်ဖျက်ပါနဲ့။ ကျွန်မ ရက်လုပ်နေ တဲ့အခန်းထဲကို မကြည့်မိဖို့တော့ အထူးလိုအပ်ပါတယ်””ဟု ယူရို အား ထပ်မံသတိပေးလေသည်။

          ယူရိုကလည်း သူ့ကတိကို မချိုးဖျက်ပါဟု ထပ်မံကတိ ပြုသည်။ ထိုသို့ဖြင့် အော့စုသည် သူ့အခန်းထဲသို့ ဝင်သွားကာ အထည်ကို စတင် ရက်လုပ်လေတော့သည်။ စင်စစ်အချိန်အတော်ကြာသွားသည်အထိ အော့စုသည် အခန်း ထဲမှ ထွက်မလာချေ။ သို့သော် အထည်ရက်သံကိုမူ ကြားနေရ သည်။ ယူရိုသည် စောင့်နေရသည်ကို ငြီးငွေ့စပြုလာသည်။ အခန်းထဲသို့ ကြည့်လိုစိတ် ဖြစ်ပေါ်လာသည်။ အော့စုသည် သူ့ အား အဘယ်ကြောင့် အခန်းထဲသို့ မကြည့်ရဟု ဆိုသနည်း။ မည်သို့သော အဓိပ္ပာယ်နည်း။ “အခန်းထဲကို ခဏလောက်ကြည့်ရုံနဲ့တော့ ငါ့ဇနီးအော့စု ငါ့ကို စိတ်မဆိုးလောက်ပါဘူး”ဟု တွေးယူသည်။ နောက်ဆုံးသူသည် ကြည့်ချင်စိတ်ကို တားဆီးမရ နိုင်တော့သည့်အဆုံး အော့စု ရက်လုပ်နေသည့် အခန်းဝသို့သွား ကာ အခန်းထဲသို့ ချောင်းကြည့်လိုက်လေသည်။ သို့သော် အခန်း ထဲတွင် အော့စုကို မတွေ့ရပေ။ အော့စုအစား အလွန်သေးငယ်သော ကြိုးကြာငှက်ကလေးတစ်ကောင်ကိုသာ တွေ့မြင်ရလေ သည်။ ကြိုးကြာငှက်ကလေးသည် သူ့ကိုယ်မှ အမွေးများကို နှုတ်သီးဖြင့် ဆွဲယူကာ အထည်ရက်လုပ်နေသည်ကို အံ့သြဖွယ် တွေ့မြင်ရလေသည်။

          ယူရိုသည် ကြိုးကြာငှက်ကလေးမှာ ယူရို တစ်ခါက ကယ်ဆယ်ခဲ့သော ငှက်ကလေး ဖြစ်နေသည်ကို မှတ်မိသွား လေသည်။ ထို့နောက် ယူရိုသည် အခန်းဝမှ အသာဆုတ်ခွာကာ ပြန်လှည့်လာခဲ့လေသည်။ သူသည် များစွာ စိုးရိမ်ပူပန်သွားသည်။ ယခု ယူရိုသည် အော့စု၏ အဖြစ်မှန်ကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ မည်သို့လုပ်ရမည်ဆိုသည်ကို စဉ်းစားမရ ဖြစ်နေလေသည်။

          မကြာမီ အထည်ရက်လုပ်သံ ရပ်သွားပြီး အော့စုသည် လက်ထဲတွင် အထည်နှစ်ထည် ကိုင်ကာ အခန်းအပြင်ဘက်သို့ ထွက်လာလေသည်။

          ထို့နောက် အော့စုသည် ယူရိုအား ဝမ်းနည်းစွာဖြင့် -

          “ရှင်ဟာ ကျွန်မကို ပေးထားတဲ့ ရှင့်ကတိကို ချိုးဖောက် တယ်။ အခု ရှင် ကျွန်မဟာ ကြိုးကြာငှက်တစ်ကောင်ဆိုတာသိသွားပြီ မဟုတ်လား။ ဒါကြောင့် ကျွန်မ ဒီမှာ ကြာကြာနေ ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီအထည်နှစ်ထည်ကို ယူပြီး တစ်ထည်ကိုရောင်း၊ တစ်ထည်ကို သိမ်းထားပါ။ ရှင့်အတွက် အမှတ်တရဖြစ်ပါတယ်””ဟု ပြောကြားလိုက်လေသည်။

          အော့စု၏ စကားကိုကြားသော် ယူရိုသည် ချက်ချင်းပင်

          “အော့စုရယ်...ကိုယ့်အပါးမှ ထွက်ခွာမသွားပါနဲ့။ ကိုယ်တောင်းပန်ပါတယ်။ မင်းမရှိဘဲ ကိုယ်တစ်ယောက်တည်း ဘယ်လိုနေလို့ရမလဲ။ ကိုယ် မင်းကိုသိပ်ချစ်တယ်”ဟု ကြေကွဲ ဝမ်းနည်းစွာဖြင့် တောင်းပန်စကားဆိုလေသည်။ သို့သော် အော့စု သည် ယဲ့ယဲ့ပြုံးကာ ခေါင်းကို ခါလိုက်လေသည်။ ထို့နောက် ယူရိုအား -

          “ယူရိုရယ်၊ ကျွန်မ ဒီကိုရောက်လာရတာဟာ ရှင့်ရဲ့ ကြင်နာမှုတွေအတွက် ကျေးဇူးတရားတွေကို ပြန်လည်ပေးဆပ်ဖို့ ပါပဲ။ ဒါပေမယ့် ရှင့်ရဲ့ ကြင်နာတဲ့ ယုယမှုတွေနဲ့ ချစ်မေတ္တာ တွေကြောင့် ကျွန်မ ရှင်နဲ့အတူ နေခဲ့ရတယ်။ ရှင့်ကို ကျွန်မ ချစ်မြတ်နိုးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မ အထည်ရက်လုပ်ပေး မိပြီး ရှင်အထည်ရောင်းလို့ရတဲ့ငွေတွေ ရကတည်းက ရှင့်ရဲ့ စိတ်တွေ ပြောင်းသွားပြီး ရှင်ဟာ လောဘတွေ တက်လာခဲ့တယ်။ ရှင့်စိတ်တွေဟာ နူးညံ့ပျော့ပြောင်းရာမှ ခက်ထန်လာခဲ့တယ်။ ဒါကြောင့် ကျွန်မ သွားရပါတော့မယ်။ ရှင့်ကို နှုတ်ဆက်ခဲ့ပါ တယ်”ဟု ပြောဆိုလေသည်။

          ထိုအခါ ယူရိုက..

          “အော့စု မသွားပါနဲ့။ ကိုယ့်ကို တစ်ယောက်တည်း မထားရစ်ခဲ့ပါနဲ့။ မင်းရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်သူ့ကိုမှ မပေါက်ကြားစေရပါဘူး။ နောက်ကိုလည်း ဘယ်တော့မှ အထည် တွေ မရက်လုပ်ခိုင်းတော့ပါဘူး။ မသွားပါနဲ့”ဟူ၍ ငိုယိုကာ တောင်းပန်လေသည်။

          အော့စုသည် မဲ့ပြုံးပြုံးကာ ယူရိုအား လက်ပြနှုတ်ဆက် လိုက်ပြီး အိမ်အပြင်သို့ ထွက်လာခဲ့သည်။

          အိမ်ပြင်ရောက်သော် အော့စုသည် ချက်ချင်း ကြိုးကြာ ငှက်အဖြစ် ပြောင်းလဲသွားကာ သူ၏လှပသော အတောင်ပံကို ဖွင့်၍ ကောင်းကင်ထဲသို့ ပျံသန်းသွားလေသည်။ ။

          ယူရိုသည် ကြိုးကြာငှက်ပျံသန်းသွားရာသို့ စိတ်ညှိုးငယ် စွာဖြင့် ကြည့်နေလေသည်။ ကြိုးကြာငှက်သည် ယူရိုမမြင်နိုင်တော့သည့်အထိ ကောင်းကင်ထဲသို့ တဖြည်းဖြည်း မြင့်တက် ပျံသန်းသွားလေသည်။

          ထိုအချိန်တွင် ယူရို၏ “အော့စု ... အော့စု”ဟူသော ခေါ်သံကသာ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေလေတော့သည်။

          | TAKASHI SHIMAOKA of Princess Moonlight And Other Stories, Tale From Japan osspdg The Greateful Crane.]