မောင်ခိုင်ဇော် - အဟာရဓာတ်ပေါကြွယ်ဝသောမြန်မာအစားအစာများ
လိမ္မော်သီး
လိမ္မော်သီးသည် အအေးကြိုက်သော အသီးအနှံဖြစ်၍ ယခုလို ဆောင်းဦး ပေါက်စ အခါသမယတွင် လိမ္မော်သီး ပေါ်စပြုလေပြီ။ တစ်ခါတလေအောက်တိုဘာလဆန်းစ မိုးကုန်လုဆဲဆဲမှာပင် ရန်ကုန်မြို့ ဈေးများ၌ လိမ္မော်သီးများကို တွေ့နေရသည်။ သို့သော် ပေါ်ဦးပေါ်ဖြစ်သဖြင့် ဈေး အလွန်ကြီးသည်။ လိမ္မော်ပင်များသည် ရာသီဥတု အလွန်အေးသော တောင်ပေါ်ဒေသများ၌သာ ရှင်သန် ဖြစ်ထွန်းသည်။ ရှမ်းပြည်နယ် တောင်ကြီး၊ ကလော၊ အောင်ပန်း၊ လားရှိုး စသော ဒေသများမှ ရထား တစ်တန်၊ ကားတစ်တန် သင့်ရာကြုံရာဖြင့် သယ်ယူလာခဲ့ကြသော လိမ္မော်သီးများသည် အနယ်နယ်အရပ်ရပ်ရှိ စားသုံးသူတို့၏လက်ဝယ်သို့ ရောက်ရှိလာကြသည်။ ။
တချို့က လိမ္မော်သီး အပွသီးကိုမှ ကြိုက်ကြသည်။ တချို့ကမူ အကျစ်သီးကိုမှ နှစ်သက်ကြသည်။ တချို့ကဆိုလျှင် အောင်ပန်းဘက်မှ လာသည့် လိမ္မော်သီးကမှ ပို၍ ချိုသည်ဟု ပြောကြသည်။ ဈေးသည် များကလည်း သူတို့ ရောင်းနေသော လိမ္မော်သီးမှာ အောင်ပန်းမှ လာ သည့် လိမ္မော်သီးအစစ်ပါဟု ပြောပြီး ဈေးခေါ်ကြသည်။
အမှန်အားဖြင့် လိမ္မော်သီးသည် ရှမ်းပြည်နယ်၌သာမက ချင်း ပြည်နယ်၌လည်း ဖြစ်ထွန်းသည်။ ချင်းပြည်နယ်ထွက် လိမ္မော်သီးများ သည် ခရီးလမ်းအဆက်အသွယ် ခက်ခဲခြင်းကြောင့် အောက်ပြည်အောက်ရွာ စားသုံးသူများထံသို့ အရောက်အပေါက် နည်းသည်။ ချင်း ပြည်နယ်ထွက် လိမ္မော်သီး စားဖူးသူတို့ကမူ ချင်းပြည်နယ်မှ လိမ္မော်သီး များသည် ရှမ်းပြည်နယ်မှ လိမ္မော်သီးများထက် အလုံးပိုကြီး၊ ပိုလှပြီး ပိုချိုသည်ဟု ပြောကြသည်။
ဥတုဘောဇနသင်္ဂဟကျမ်း၌ လိမ္မော်သီးသည် မွှေးသော အနံ့ ရှိ၏။ ချို၏။ အနည်းငယ် ချဉ်တတ်၏။ နှုတ်ကို မြိန်စေတတ်၏။ လေ သလိပ်ကို နိုင်၏။ နှလုံးကို နှစ်သက်စေတတ်၏။ အော့အန်ခြင်း၊ ကြို့ ထိုးခြင်း စသော ဝေဒနာများကို နိုင်၏။ သည်းခြေကို စဉ်းငယ် ပျက်စေ တတ်၏ဟု ဖော်ပြထားသည်။ အမှန်လည်း လိမ္မော်သီးမှည့် အနံ့သည် အလွန်မွှေးသဖြင့် စားချင်စဖွယ် ရှိလှသည်။
လိမ္မော်သီးတွင်ပါသော သက်စောင့်ဓာတ်များ
လိမ္မော်သီးတွင် လူတို့အား အကျိုးပြုနိုင်သည့် သက်စောင့်ဓာတ် လေးမျိုး များစွာပါဝင်သည်ကို လေ့လာတွေ့ရှိရသည်။ ယင်းတို့မှာ ဗီတာ မင် အေ၊ ဘီဝမ်း၊ ဘီတူး နှင့် စီ တို့ ဖြစ်ကြသည်။ ဗီတာမင်အေဓာတ် သည် လူ့ကိုယ်ခန္ဓာ အတွင်းအပြင်ရှိ အမြှေးများကို အမြဲတစေ စိုပြည်နေအောင် ပြုပြင်ပေးနိုင်သည်။ မျက်လုံးများကို ကြည်လင်တောက်ပ သန့် ရှင်းနေအောင် ဆောင်ရွက်ပေးနိုင်စွမ်းရှိသည်။ လူတို့၌ ဤအာဟာရဓာတ် ချို့တဲ့လွန်းလျှင် အသားအရေ ခန်းခြောက်ပြီး ကိုယ်ခန္ဓာပေါ်၌ ကြာဆူး များ ပေါက်လာတတ်သည်။ မျက်စိများ မှုန်ဝေလာကာ ကြက်မျက်သင့် ဝေဒနာမျိုး ခံစားရတတ်သည်။ မကြာခဏ အအေးမိတတ်၊ ဖျားနာတတ် သည်။
ဗီတာမင်ဘီဝမ်းဓာတ်သည် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကြီးထွား သန်မာစေနိုင်၍ အာရုံကြောများကိုလည်း ကောင်းမွန်စေနိုင်သည်။ ဗီတာ မင် ဘီတူးဓာတ်ကို လုံလောက်စွာ မရရှိသည်နှင့်တစ်ပြိုင်နက် နှုတ်ခမ်း နှင့် လျှာများ၌ အနာအဆာဖြစ်ခြင်း၊ တစ်ကိုယ်လုံး ယားနာများ ပေါက် ခြင်း၊ မျက်စိ အလွန်မှုန်ခြင်း စသည့် ဝေဒနာများကို ခံစားရတတ်သည်။ ဗီတာမင်စီဓာတ်သည် အရိုးနှင့် သွားများ ခိုင်မာတောင့်တင်းအောင် တည်ဆောက်နိုင်ရန် အားပေးသည်။ သွားဖုံးများကိုလည်း သန့်ရှင်းကောင်းမွန် စေနိုင်သည်။
လိမ္မော်သီးတွင်ပါသောသတ္တုဓာတ်များ
လိမ္မော်သီးထဲ၌ အရိုးနှင့်သွားများ တည်ဆောက်ရာတွင် မပါ မဖြစ်သော ထုံးဓာတ်အပြင် ကိုယ်တွင်းရှိ အာဟာရဓာတ်များ ကောင်းစွာလောင်ကျွမ်း ကြေညက်သွားစေရန် အထူးလိုအပ်သော သံဓာတ်များ အတော်များများပါသည်ကို တွေ့ရသည်။ ထုံးဓာတ်သည် ကိုယ်ခန္ဓာ ကြီးထွားခြင်းကိုလည်း ဖြစ်စေနိုင်၍ အာရုံကြောများကိုလည်း ကောင်းမွန် စေနိုင်သည်။ သံဓာတ်သည် သွေးအားတိုးတက်စေနိုင်ရုံမျှမက သွေး အရောင် ကောင်းအောင်လည်း ဆောင်ရွက်ပေးနိုင်သည်။
စားရာ၌ မွှေးကြိုင်ပြီး အရသာ ထူးသဖြင့် လူတို့အတွက် မိနစ်ပိုင်း နှင့်အမျှ ရရှိနေရန် လိုအပ်သော အဖိုးတန် အာဟာရဓာတ်များ ပါဝင်နေသော လိမ္မော်သီးကို ပေါ်တုန်းပေါ်ခိုက် အလွန် စားသုံးသင့်ကြောင်း တိုက် တွန်းအပ်ပါသည်။
(မြန်မာ့ဈေးကွက်၌ လိမ္မော်သီးထွက်သော အချိန်ကာလမှာ နှစ်စဉ် အောက်တိုဘာလ မှ မတ်လအထိ ဖြစ်