မောင်ကြည်ရှင် - အိမ်ထောင်လှောင်အိမ်
အဖေနှင့်သား
ကျွန်တော်သည် အဖေ၏ ဒုတိယအိမ်ထောင်မှ ဖွားမြင်သော သားကြီး ဖြစ်ပါ၏။ အမေသည် ကျွန်တော်၏ အောက်တွင် သားအငယ်တစ် ယောက်နှင့် သမီးကလေးတစ်ယောက်ကို လေးနှစ်စီခြား၍ မွေးဖွားပြီး နောက်ထပ်သားသမီး မရရှိတော့ချေ။
အဖေသည် အမေနှင့် အိမ်ထောင်ကျခါမှ စီးပွားတိုးတက်လာ ခြင်းဖြစ်၏။ မိဘလက်ဖွဲ့ သော ၇ ခန်းအိမ်တန်းလျားကြီး၏ နေရာတွင် ၄ ပင် ၃ ခန်း နှစ်ထပ်တိုက်ကြီးတစ်လုံးကို မြို့ပေါ်တွင် ဟိန်းနေအောင် ဆောက်လုပ်နေထိုင်ခဲ့၏။
အဖေသည် အမေနှင့် မရမီကဆိုလျှင် အဖေ၏ အသက် ၂ဝ ကျော် ၂၁ နှစ်အတွင်းလောက်က အဖေသည် မသင်းနွယ်နှင့် မိဘပေးစား ၍ လက်ထပ်ယူခဲ့ရလေသည်။ မသင်းနွယ်မှာ အဖေ၏ ဖခင့်ညီအရင်း ၏ မိန်းမဘက်မှပါသော တူမတော်သူ ဖြစ်ပါသည်။ ။
အဖေသည် မသင်းနွယ်ကို သူကိုယ်တိုင် ချစ်ကြိုက်စုံမက်၍ ပိုးပန်း ယူသည် မဟုတ်ပါ။ မိဘများနှင့် ဘထွေး၊ မိထွေးတို့ သဘောတူပေးစားသဖြင့် လူကြီးမိဘစကားကို နားထောင်ပြီး သားလိမ္မာလုပ်ကာ ယူခဲ့ရခြင်း ဖြစ်ပါသည်။ လင်ရယ်၊ မယားရယ်ဟု ညားပြီးသည့်နောက်တွင်မူ ချစ် ခင်သလောက် ချစ်ခင်ပါလိမ့်မည်။ သို့ရာတွင် ဤအချက်ကိုမူ အဖေက တစ်ကြိမ်တစ်ခါမျှ ပြောမပြဖူးပါ။ ကျွန်တော်ကလည်း အဖေ့ကို မမေး ခဲ့ဖူးပါ။
အစက ချစ်သည် မချစ်သည်ကို ကျွန်တော် မပြောတတ်သော် လည်း အဖေ မသင်းနွယ်ကို မကြိုက်သည်ကိုမူ ကျွန်တော် ကောင်းစွာ အကဲခတ်နိုင်ခဲ့ပါသည်။ မသင်းနွယ်နှင့် လမ်းခွဲကြသည်တွင်မူ အဖေ သည် မသင်းနွယ်ကို ကြိုက်လည်း မကြိုက်တော့ပါ။ ချစ်လည်း မချစ် တော့ပါ။
အဖေ့မှာ မသင်းနွယ်နှင့် သားနှစ်ယောက် ရခဲ့ပါသည်။ သား အကြီး ကိုဖုန်း နှစ်ခါလည်လောက်တွင် အဖေသည် မသင်းနွယ်နှင့် လမ်းခွဲကြရာ မသင်းနွယ်တွင် အဖေနှင့်ရသော သန္ဓေအရင့်အမာ ပါသွား လေသည်။ နှစ်ခါလည်သား ကိုဖုန်းမှာ သူ့မိခင် မသင်းနွယ်နှင့် ပါသွား ပြီး အဖေမှာ သူ့မိဘအိမ်တွင် နေရစ်လေ၏။ မသင်းနွယ်သည် သူ၏ အဒေါ်၊ အဖေ၏ ဘထွေးအိမ်တွင် သွားနေလေသည်။ ။
နောက်အိမ်ထောင်ပြုသောအခါ အဖေသည် ၂၆ နှစ် ရှိပါပြီ။ ကျွန်တော်မွေးဖွား၍ လူမှန်းသိတတ်သောအခါတွင် ကျွန်တော်တို့အိမ် နှင့် တစ်လမ်းခြား နောက်ဖေးဝင်းမှာရှိသော တိုက်ကြီး၌ အဖေ၏ဘထွေး နေထိုင်ပြီး ထိုတိုက်မှာရှိသော မသင်းနွယ်သည် အဖေနှင့် အရင်က ရဖူးသည်။ ကိုဖုန်းနှင့် ကိုပြုံးတို့သည် ကျွန်တော်နှင့် အဖေတူ အမေကွဲ ညီအစ်ကိုတော်သည် ဆိုသော အကြောင်းများကို တဖြည်းဖြည်း သိခဲ့ ရပါသည်။
အဖေနှင့် မသင်းနွယ်တို့ အဘယ်ကြောင့် လမ်းခွဲခဲ့ကြသည်ကိုကျွန်တော် သေချာတိကျ မသိရပါ။ ကျွန်တော်ကလည်း မေးမြန်းစုံစမ်း သမှု မပြုခဲ့ပါ။ သို့သော် ကျွန်တော် အကဲခတ်ရသလောက် ထင်မြင်ချက် ကို ပြောရလျှင် ဝါသနာစရိုက်ချင်းမတူ၊ နှုတ်အာချင်း မတူသောကြောင့် ဟု ပြောလိုပါသည်။ မသင်းနွယ်သည် အမည်ကလေးက နွဲ့ သလောက် နှုတ်ကြမ်း အာကြမ်းပြီး အပြောအဆို ရိုင်းပျပျရှိပါသည်။ ဤမျှဆိုလျှင် ပင် အဖေ၏ ရှေးဘဝအကြောင်း သိသာပြီ ထင်ပါသည်။
ကျွန်တော် ကာလသားပေါက် အရွယ်ရောက်သောအခါ အဖေက ကျွန်တော့်ကို စကားတစ်ခွန်း ပြောပါသည်။ ထိုစကားကို ကျွန်တော် ဘယ်တော့မျှ မမေ့ပါ။ မမေ့ရုံသာမက ထိုစကားမျိုးကို အဖေ၏မြေးများ ဖြစ်သော ကျွန်တော့်သားနှစ်ယောက်ကိုလည်း တစ်နေ့သ၌ ကျွန်တော် ပြောရဦးမည် ဖြစ်ပါသည်။
“ငါ့သားကို အဖေ စကားတစ်ခွန်း ပြောရဦးမယ်”
အဖေ့စကားကြောင့် ကျွန်တော် ထိတ်လန့်ပြီး တုန်လှုပ်မိပါသည်။ စီလေးနှင့် ချစ်ကြိုက်နေကြခြင်းကို ကန့်ကွက်မည်လို့လားဟု တွေးပူ လိုက်ပါသည်။ သို့သော် အဖေ၏စကားမှာ ကျွန်တော်ထင်သကဲ့သို့ မဟုတ်ဘဲ ဆုံးမစကားသာဖြစ်ကြောင်းကို ပြောမှ သိရပါတော့သည်။
“ငါ့သားလည်း အရွယ်ရောက်လာပြီ၊ အပျိုများတွေ့ရင်လည်း အဖေတို့ပြောကွ၊ မယူခင် သေသေချာချာရွေးကွာ၊ မင်းက နေရာတကာ ကြေးများပါဘိသနဲ့၊ လုံချည်အဆင်ရွေးပြီးမှ မကြိုက်ရင် မဝတ်ဘဲ သိမ်း ထားလို့ရတယ်၊ မိန်းမများတော့ ရွေးပြီးမှ မကြိုက်ရင် သိမ်းထားလို့လည်း မရဘူးကွ၊ သူများပေးပစ်လို့လည်း မဖြစ်ဘူး၊ နောက်တစ်ယောက် ထပ်ယူ ဖို့လည်း မတော်ဘူးကွ၊ ဒီတော့ ကြပ်ကြပ် စဉ်းစားပြီးရွေးကွာ.”
အဖေ ဤသို့ ပြောဆိုဆုံးမနေစဉ်တွင် မလှမ်းမကမ်းမှ လယ်တီ ဘုရားပြုစုသော ဥတ္တမပုရိသကျမ်းကို ဖတ်နေသည့် အမေက ပြုံးတဲ့ပြီးရယ်မောကာ အဖေ့ကို လှမ်းပြောပါသည်။
“ကိုကလည်းနော် ကိုယ့်သားဖြင့် ငယ်ငယ်ရှိသေးတာ၊ ဒီစကား မျိုးတွေ ဘာကြောင့် ပြောနေရတာလဲ”
အဖေက... “ပြောချိန်တန်လို့ပေါ့ဟာ နင်ကလည်း” ဟု အမေ့ကို ဟန့်တားသလို ပြောလိုက်ပြီး...
“အေး... အဖေတို့ကတော့ မင်းတို့ကို မပေးစားချင်ဘူးကွ၊ အဖေ လည်း မိဘပေးစားတာ ယူခဲ့လို့ မှားခဲ့ဖူးပြီ၊ မင်းတို့ချင်းသာ ပေါင်းရမှာ၊ မင်းကြိုက်ဖို့ပဲ အရေးကြီးတယ်၊ မင်းကြိုက်ရင် အဖေတို့က နှစ်သက်မှာ ပဲ၊ မင်းဘာသာမင်းသာ သေသေချာချာရွေး၊ ခဏခဏတော့ ရွေးပြီးပြောင်းမယူပါနဲ့ကွာ၊ ယူမိရင်လည်း တစ်သက်လုံးမြဲကွ” ဟု ပြောပြန် သဖြင့် ကျွန်တော်သည် ဟုတ်ကဲ့ တစ်ခွန်းလိုက်လိုက်ရပေ၏။ အဖေ့ စကား ကြားရသည့်အခါ စိတ်ထဲမှ “ငါ အတော် ဟုတ်ပါလား၊ မိန်းမတောင် ရွေးရတော့မယ့်အရွယ် ရောက်နေပြီ” ဟု စိတ်ကြီးဝင်မိလေ၏။ သို့ရာတွင် ထိုမျှငယ်သောအရွယ်က ကျွန်တော်သည် အဖေ၏ ကြီးမား လှစွာသော မေတ္တာစေတနာအရာကို မတိုင်းထွာတတ်ခဲ့သေးပါ။
ကျွန်တော်သည် လူက အမေ့ကိုတူသော်လည်း စိတ်ကမူ အဖေ့ ကိုတူ၏။ အဖေ့ဘက်က အမျိုးမှ အဟုတ်ထင်၏ ။ အရွယ်ထောက်၍ စဉ်းစားတတ်သောအခါတွင်မူ သည်လိုစိတ်မျိုး မရှိတော့ပါ။ အမေ့ ဘက်က အမျိုးကိုလည်း ချစ်ရမှန်း၊ ကျေးဇူးတင်ရမှန်း သိလာခဲ့ပါပြီ။ တကယ်ဆိုသော် အမေ့ဘက်ကအမျိုးသည် ကျွန်တော်တို့ မောင်နှမ သုံးယောက်ကို ပြုစုကျွေးမွေးသွန်သင်ဆုံးမ ပဲ့ပြင်ထိန်းကျောင်းပြီး ပိုမို ချစ်ခင်ခဲ့ပေသည်တကား။ ဤသည်မှာ လောက၏ ဓမ္မတာတရား ဖြစ် ပါသည်။ လောကတွင် အမိဘက်က အမျိုးများကသာ ပိုလို့ချစ်တတ် ကြပါသည်။
ကျွန်တော် စီလေးနှင့် ချစ်ကြိုက်စုံမက်နေကြသည်ကို အဖေနှင့် အမေတို့ သိကြ၏။ အမေက သဘောတူသော လက္ခဏာကို မပြပါ။ အဖေကမူ “ငါ့သား ချစ်လို့ကြိုက်လို့ စုံမက်ရင် ဘယ်သူ့သမီးဖြစ်ဖြစ် သဘောတူမှာပဲ။ ဖေဖေ မဖျက်ဆီးဘူး။ တောင်းရမ်းပေးမယ်။ အေး... ပညာတော့ ဆုံးခန်းတိုင်ရောက်အောင် သင်ကွ၊ ပညာအမွေပေးတာ အမြတ်ဆုံးပဲ။ များများမနေနိုင်တောင် အသက်အစိတ်အထိတော့ နေကွာ၊ အသက်အစိတ်ကျရင် မိန်းမယူတော့၊ ဒီအရွယ်ကျ စဉ်းစားနိုင် ပြီ” ဟု ကျိုးကြောင်းပြောကာ ဆုံးမပါသည်။
အဖေ့စကားကို ကျွန်တော် နားထောင်ခဲ့ပါသလား။ ကျွန်တော် သည် မိုက်၏။ အမြော်အမြင်ရှိသော အဖေ့စကားကို နားမထောင်ခဲ့ချေ။ အသက် ၂၃ နှစ်က ကျွန်တော် မိန်းမရ၏။ အဖေပြောသော အသက် အစိတ်မတိုင်မီ ထိုအရွယ်ငယ်က ကျွန်တော် မိန်းမယူပစ်လိုက်၏။ အဖေ ပေးသော ပညာအမွေကို ကျွန်တော် ဆုံးခန်းတိုင် မယူလိုက်နိုင်ပါ။ ထို့အတွက် ကျွန်တော်သည် ကြီးစွာ စိတ်မကောင်းခြင်းဖြစ်ရ၏။ ယခုတော့ အဖေသည် ကျွန်တော့်ကို ပညာအမွေမပေးတော့ပါ။ အဖေ့ဆန္ဒ အတိုင်း အဖေပေးသော ပညာအမွေကို အဖေ စိတ်တိုင်းကျအောင် မယူ လိုက်ရ၍ ယခုအခါ ကျွန်တော် ဝမ်းနည်းရတော့၏။
အဖေသည် သူကိုယ်တိုင် အဝတ်ကို ချွေတာ၏။ အစားကို ချွေ တာ၏။ သားသမီးသုံးယောက်ကို မညှိုးငယ်စေရ။ ငွေကို ကြိုးစားရှာဖွေ ပြီး ကျွန်တော့်ကို ကောလိပ်သို့ပို့၏။ ဒုတိယ ကမ္ဘာစစ်ကြီး၏ဒဏ်ကို ခံခဲ့ရသည့်နောက် အဖေ၏စီးပွားရေးမှာ နာလန်မထူခဲ့တော့ချေ။ ကြိုးကုတ် ရှာဖွေ ချွေတာစုဆောင်း၍ သားသမီးတွေကို ပြုစုခဲ့၏။ ဂျပန်ခေတ်တွင် ဗုံးကြား၊ စက်သေနတ်ကြားမှ လှေဖြင့် အထည်ကြမ်း ကုန်ကူးပြီး ကျွေး မွေးပြုစုခဲ့ရှာ၏။ ကျွန်တော် ကောလိပ်ရောက်တော့ အဖေသည် ရှိသမျှစိန်ထည်၊ ရွှေထည်တွေကို ရောင်းတန်တာရောင်း၊ ပေါင်တန်တာပေါင်၍ကျောင်းထားခဲ့၏။ ငွေကျပ်တည်းကြောင်းကို တစ်လုံးတစ်ပါဒမျှ မဟခဲ့ ရှာပါ။ သည်အထဲက ကျွန်တော် မိန်းမယူမည်ဆိုတော့ အဖေသည် တင့်တောင့်တင့်တယ် တောင်းရမ်းပေးရှာပေသည်။ ရန်ကုန်တက္ကသိုလ် တွင် ကျွန်တော် လေးနှစ်နေခဲ့သော်လည်း ရုပ်ရှင်ဝါသနာ၊ စာပေဝါသနာ နောက်သို့ လိုက်နေသဖြင့် အဖေက ရစေချင်သော ဒီဂရီတစ်ခုကိုမှ အဖေ့အတွက်ရအောင် မယူနိုင်ခဲ့ပါ။ သည်တစ်ခုကိုဖြင့် အဖေ့အတွက် ကျွန်တော် ဝမ်းနည်း၍မဆုံး။
အဖေ့စကားကို နားမထောင်ဘဲ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင် လှောင်အိမ်တွင်းသို့ ကျရောက်ခဲ့သော ကျွန်တော်မှာ ယခုတော့ အဖေ့ လိုပင် သားသမီး သုံးယောက် ရှိနေပါပြီ။ အကြီး နှစ်ယောက်မှာ သား တွေဖြစ်ပြီး အငယ်ဆုံးမှာ သမီးဖြစ်ပါသည်။ ။
ကျွန်တော့်မှာ ငွေကြိုးလှုပ်ခြင်းကို ကြုံရသောအခါ အဖေ့ကို ချက် ချင်းသတိရမိ၏။ အမေက သမီးလေးမွေးသောအခါ အဖေသည် သမီး ဆို မလိုချင်သဖြင့် “နွားမသာဖြစ်ရင် ရောင်းစားသေးရဲ့” ဟု ဆိုခဲ့ပုံကို တွေးမိ၏။ နောက်တော့ အဖေသည် သမီးကလေးကို အချစ်ဆုံးဖြစ်၍ နေတော့၏။
ကျွန်တော်သည် အဖေ့နည်းတူပင် သမီးဆို မလိုချင်ထဲကဖြစ် သည်။ နောက်တော့မှ အဖေ့လိုပင် သမီးကလေးကို အချစ်ဆုံးဖြစ်နေဦး မည်လား မပြောတတ်ပါ။
အဖေသည် အမေနှင့် ညားသောအခါ အိုးအိမ်တည်ထောင်၍ သီးခြားလွတ်လပ်စွာ နေကြ၏။ ကျွန်တော့်မှာ မိန်းမယူပြီး အိမ်ထောင် မပြုနိုင်ဘဲ သူ့အိမ်တစ်လှည့်၊ ကိုယ့်အိမ်တစ်လှည့် နေခဲ့ကြရ၏။ ရန်ကုန် တွင် အခြေအနေစိုက်တော့မည်ဟု ရွာမှထွက်လာသောအခါ ကျွန်တော့်