မောင်ကိုကို(အမရပူရ) - ရန်ကုန်မြို့မှာ၁၂၃၄၅
သောကြာနေ့
အတော်အတန် ကျယ်ဝန်းသည့် ခြံဝင်းထဲမှာ အဝါ ဖျော့ဖျော့ ပတ်ကားတိုက်တစ်လုံး ဆောက်လုပ်ထားသည်။
နှစ်ထပ်တိုက်က ခြံဝင်းရဲ့ သည်ဘက်အုတ်နံရံနားမှာ ကပ်ဆောက် ထားပြီး ကျွန်းသားဘော်ဒါဆောင်က ခြံဝင်းရဲ့ ဟိုဘက်သံဆူးကြိုးအနီးမှာ ကပ်ဆောက်ထားပါသည်။ ထိုကျွန်းသားဘော်ဒါဆောင်၏ နောက်ဖေးမှာ တဲပုံသဏ္ဌာန် အိမ်သေးသေးလေးတစ်လုံး ရှိနေပါသည်။ နှစ်ထပ်တိုက်နှင့် ကျွန်းသားဘော်ဒါဆောင်အကြားမှာတော့ အုတ်ရေကန် အကြီးစားကြီး တစ်ကန်ရှိပါ၏။ အုတ်ရေကန်သည် ရှည် ရှည်မျောမျော ထုသားကောင်းကောင်း ဖြစ်ပါသည်။ အုတ် ရေကန်အနားမှာ မာလကာပင်တစ်ပင် ရှိပါ၏။ မာလကာပင် သည် ထိုင်းမျိုးနွယ် ကီလိုမာလကာပင်ဖြစ်ကာ အသီးများ သီးနေပါသည်။
အုတ်ရေကန်ကြီးသည် မိုးများသည်းထန်စွာ ရွာ သွန်းလေ့ရှိသော ရန်ကုန်မိုးရာသီ၌မူ ရေများပြည့်လျှံကာ ကျက်သရေ ရှိနေပါ၏။ ရေကန်ကြီး တစ်ကန်၏ တင့်တယ်မှုမှာ ရေပြည့်လျှံနေခြင်းပင် မဟုတ်ပါလား။ မိုးရာသီ မဟုတ်လျှင်တော့ ရေကန်ကြီးသည် တင့်တယ်မှုကို မခံစားရရှာသည့် မိန်းမတစ်ဦးလိုပင် ဟောက်ပက်ဟင်းလင်းဖြစ်ကာ ရေတစ်လက်မပင်လျှင် သူ့ ဝမ်းဗိုက်ထဲ၌ ထည့်မထားနိုင်ခဲ့သည့်နေ့ရက်တွေ ရှိပါသည်။ ။
ငှက်ကလေးတစ်ကောင်သည် ရေကန်၏ နှုတ်ခမ်းပေါ်နားကာ ရေသောက်ရန် ကန်ထဲသို့ ငုံ့ကိုင်းကြည့်၏။
“ရေကန်ဖြစ်ပြီး ကန်ထဲမှာ ရေမရှိတာဟာ သနားစရာကောင်းတဲ့ ဒုက္ခသည်ရေကန်ကြီးပဲပေါ့”
ငှက်က ရေကန်ကို ပြောသည်။
“ငါဟာ သနားစရာကောင်းတာ မှန်တယ်။ ငါ့ကို မှီတင်းနေထိုင်ကြ တဲ့ ဒီဘော်ဒါဆောင်က လူတွေကို ငါက ပြန်သနားမိတယ်”
ရေကန်က ပြန်ပြောသည်။ ငှက်က “ရေဆာတယ်” လို့ ပြောပြီး ပျံထွက်သွားသည်။
နှစ်ထပ်တိုက်နှင့် ဘော်ဒါဆောင်၏ မျက်နှာချင်းဆိုင်မှာ အုတ်နံရံ မြင့်မြင့် ကာရံထားပါ၏။ ကားဝင်ထွက်နိုင်သည့် တံခါးပေါက်ကြီးဖြစ်ပြီး သံပန်းဝင်းတံခါးမှာ အပေါ်သို့ ထိုးထောင်ချွန်တက်နေသော သံအချွန် အတက်တွေက အလှအပလိုလို၊ သူခိုးသူဝှက်ရန်ကို ကာကွယ်ဖို့လိုလိုနှင့် မြင်ရသူကို အသည်းယားစေခဲ့ပါ၏။
အဆောင်ပိုင်ရှင်က နှစ်ထပ်တိုက်ရဲ့ အပေါ်ထပ်မှာ နေသည်။ အောက် ထပ်မှာ မိသားစု တစ်ခုကို အိမ်ငှားထားခဲ့ရာ ယခု ပြောင်းရွှေ့သွားပြီ ဖြစ်လို့ လစ်လပ်နေ၏။
တိုက်အပေါ်ထပ် ဝရန်တာမှာ ပက်လက်ကုလားထိုင်တစ်လုံးပေါ် ထိုင်လျက် ပုတီးစိပ်ရင်း ခြံဝင်းတံခါးပေါက်ကို အချိန်ပြည့် ကြည့်နေသူမှာ အဆောင်ပိုင်ရှင် အမျိုးသားကြီး ဖြစ်ပါ၏။ အမျိုးသားကြီး၏ အသက်မှာခြောက်ဆယ်ကျော်ပြီ။ ပိန်ပိန်သေးသေး ဖြစ်ပါသည်။ ခြံဝင်းသံတံခါးကို ဘယ်သူတွန်းဖွင့်လို့ ဝင်ရောက်လာမလဲ ကွက်ကြည့် ကွက်ကြည့် လုပ်လိုက်၊ သံမင်းတုပ် ဖွင့်သံ ပိတ်သံ ဂျလောင်း ဂျလောင်း နားစွင့်လိုက် လုပ်ရင်း ပုတီးကို ဆက်စိပ်နေပါ၏။
အဆောင်ပိုင်ရှင် အန်ကယ်ကြီး၏ ဇနီးဖြစ်သူ အန်တီကြီးမှာ သူမ၏ အိမ်ကို ဦးတည်လျက် ဆန်နီစူပါဆလွန်း အဖြူကို လမ်းမပေါ်မှာ ခပ်ကြမ်း ကြမ်း မောင်းနှင်နေ၏။ အန်တီကြီး၏ အသက်မှာလည်း ခြောက်ဆယ် ဝန်းကျင်ပင် ဖြစ်ပါ၏။ သို့ရာတွင် မော်တော်ကားကို ခပ်ကြမ်းကြမ်း မောင်း ပါသည်။
လွယ်အိတ်အနီ ဖားဖားတစ်လုံးနှင့် လူတစ်ယောက်သည် လမ်းမ နံဘေးမှာ ခပ်သွက်သွက် လမ်းလျှောက်နေပါသည်။ သူသည် ထိုဘော်ဒါဆောင်ကို ဦးတည်ပြီး အခန်းတစ်ခန်းမှာ နေထိုင်ခွင့်ရဖို့ ထိုအခန်းလွတ်ကို အခြားလူ သူ့ထက်ဦးစွာ ရရှိမသွားအောင် ခပ်သုတ်သုတ် လမ်းလျှောက် နေခြင်း ဖြစ်ပါသည်။ သူသည် ရေအိုင်တွေကို ကွင်းလျှောက်သွားသည်။ ထိုစဉ် အန်တီကြီး မောင်းလာသော ဆန်နီစူပါဆလွန်းက ပွမ်ခနဲ ဟွန်းတီး ရင်း ကားဘီးများက ထိုရေအိုင်ငယ်ကို ခပ်ကြမ်းကြမ်း ကျော်ဖြတ်သွားသည်။ ရေအိုင်ထဲမှ ရေတွေက ဗရန်း ဗရန်းဟု အော်မြည်လျက် ခုန်ကျော်လွင့်ပျံ သွားကာ ရွှံ့ဗွက်ရေအချို့မှာ လမ်းဘေးမှ လွယ်အိတ်အနီနှင့် လူမှာတော့ ဆန်နီစူပါဆလွန်း၏ ဖင်ပိုင်းကို ဆဲရေးလျက် ထိုကားသွားရာလမ်းအတိုင်း ဆက်လျှောက်ခဲ့၏။
အန်တီကြီး၏ ဆန်နီစူပါဆလွန်းသည် ခဏနှင့်ပင် ခြံဝင်းတံခါး အပေါက်ဝသို့ ရောက်လာပါသည်။ ပွမ် ပွမ်ဟု ဟွန်းတီးလိုက်သည်။
ကောင်မလေးတစ်ယောက် နှစ်ထပ်တိုက်ထဲမှ ကဗျာကယာ ပြေး ထွက်လာ၏။
“လာပြီအန်တီ၊ လာပြီအန်တီ သမီး လာပြီ”
ခပ်ငယ်ငယ် အပျိုမဖြစ်တဖြစ် အရွယ်ကလေးဖြစ်ပါသည်။ ကောင် မလေးက သံပန်းတံခါးကို နှစ်ဖက်စလုံး ဟင်းလင်းဖွင့်ပေးရင်း သံပန်းတံခါး တစ်ရွက်ကို လက်နှင့် ထိန်းကိုင်လျက် အန်တီကြီးကား မောင်းဝင်တာ စောင့်ကြည့်နေသည်။ အန်တီကြီးက ကားကို ကားဂိုဒေါင်ထဲသို့ မောင်းသွင်း လိုက်၏။ ကောင်မလေးက နံဘေးမှာ ကပ်ထားသည့် သံပန်း တံခါးရွက် နှစ်ခုကို ပြန်လည်ဆွဲယူစေ့သည်။ နှစ်ချပ်စေ့မိချိန်မှာ သံမင်းတုပ်ကို ဂျလောက်ဆို ထိုးထည့်လိုက်၏။
ထိုစဉ် လွယ်အိတ်အနီနှင့် လူက သံတံခါးအပေါက်ဝသို့ ရောက်လာ ၏။ ကောင်မလေးက တံခါးကို ကျောပေးရွေ့လျားခါစမှာ သူ ရောက်လာ ခြင်း ဖြစ်၏။
“ဟေ့.. ဟေ့ ကလေးမ”
ကောင်မလေးက အိမ်ကြီးရှင်၏ အိမ်ဖော်ပီသစွာ မထီတရီ အကြည့် နှင့်...
“ဘာကိစ္စလဲရှင့်” ဟု အေးစက်စက် တုံ့ပြန်၏။
“ဒီအဆောင်မှာ အခန်းတစ်ခန်း လွတ်နေတယ်ကြားလို့၊ နေခွင့်ရနိုင် မလားလို့ပါ”
“ဪ... သော် အခန်း တစ်ခန်းလွတ်နေတယ်။ လူဦးသွားပြီလား တော့ မသိ”
ကောင်မလေးက တံခါး သံမင်းတုပ်ကို ဖွင့်ကာ သံပန်းတံခါးကို လူတစ်ယောက်ဝင်သာရုံ ဟပေးလိုက်၏။ လွယ်အိတ်အနီနှင့်လူ ခြံဝင်းထဲ သို့ တစ်ကိုယ်လုံး ရောက်ရှိလာပြီ။
“ကျွန်မနဲ့ အပေါ်ထပ်ကို လိုက်ခဲ့ပါ။ စကားပြောရင်တော့ အန်တီကြီး နဲ့ပဲ ပြောရလိမ့်မယ်နော်။ ဒီအိမ်မှာ အဆောင်ကိစ္စကို အန်တီနဲ့မှ ပြီးပြတ် တယ်”
ဝရန်တာမှ အန်ကယ်လ်ကြီးသည် လူတစ်ယောက် ခြံဝင်းထဲသို့ ဝင်လာတာ မြင်လိုက်သည်နှင့် အောက်ထပ်သို့ လှေကားအတိုင်း ပြေးဆင်း ကာ လှေကားရင်းထောင့်ကလေးနားမှာရှိသည့် ရေမော်တာကို နှိုးလေ့ရှိ သည်။ မကြာခင်မှာ ရေကန်ကြီးထဲသို့ ရေပိုက်ခေါင်းမှ ရေတွေ တဝေါဝေါ ဆင်းကျလာ၏။
သစ်သားဘော်ဒါဆောင်ပေါ်မှာ အဆောင်နေ လူများက ထိုရေသံကို ကြားလိုက်ရသည်။
သူတို့ အူမြူးသွားကြ၏။
“ဟေ့၊ ရေကန်ကြီးထဲမှာ ရေသံတွေ အချိန်အခါမဟုတ် ပေးနေပြီ။ ငါတို့ အဆောင်မှာ လူသစ်တစ်ယောက် ရောက်ပြီဟေ့”
သူတို့ ပြတင်းပေါက်တွေ ဖွင့်လိုက်ကြသည်။ နှစ်ထပ်တိုက်ဆီသို့ သူတို့ လှမ်းကြည့်လိုက်ကြ၏။
လွယ်အိတ်နှင့်လူက ဝရန်တာက ခုံတစ်ခုံပေါ်မှာ ထိုင်နေပြီ။ အန်ကယ်ကြီးက ဝရန်တာသို့ ပြန်မော့ကြည့်နေ၏။
“အန်ကယ်လ်၊ ကျွန်တော် အန်ကယ်လ်တို့ အဆောင်မှာ နေချင်လို့
အန်ကယ်လ်ကြီးက မတုန်မလှုပ် အေးတိအေးစက်။
“အေး၊ ထိုင်စောင့် အန်တီကြီးလာလိမ့်မယ်”
မကြာပါဘူး။ အန်တီကြီး ရောက်လာသည်။
အန်တီကြီးက မျက်မှန် နှင့် ဖြစ်သည်။ ကိုယ်လုံးကိုယ်ထည် တုတ်ခိုင်သည်။
“ခုနတုန်းက ငါ့ကို ကျော်ဖြတ်သွားတဲ့ ဆန်နီစူပါဆလွန်းမောင်းတဲ့ မိန်းမကြီးပါလား၊ ငါ့အင်္ကျီပေါ်က ရွှံ့ ရေစက်တွေ ပေပွနေတာ ဒီမိန်းမကြီး မြင်လောက်ပါတယ်။”
သူ စိတ်ထဲက ပြောနေသည်။
“မင်းက ဘာလဲ၊ ဒီအဆောင်မှာ နေချင်လို့ပေါ့ ဟုတ်လား”
သူ့အင်္ကျီပေါ်က ရွှံ့ရေစက်တွေကို အန်တီကြီးက အားနာဟန်လည်း မပြု၊ သိမြင်ဟန်လည်း မပြုပါ။
“ဟုတ်ကဲ့ပါ။ ကျွန်တော် အန်တီတို့ အဆောင်မှာ နေခွင့်ရချင်လို့ပါ”
အန်တီကြီး သူ့မျက်နှာနှင့် သူ့အင်္ကျီကို တစ်ချက်ဝေ့ကြည့်လိုက်၏။
“မင်းက ဘာအလုပ်လုပ်သလဲ”
“ကျွန်တော်က ဆောင်းပါးရှင်ပါ”
သူက ခေါင်းမော့၍ ပြော၏။
“ဘာ... ဆောင်းပါးရှင်...၊ အဲဒါ တရုတ်သိုင်းသမားလား... မင်းက
မြန်မာပါ”
သူ ရင်ဘတ်ကို ကော့ကာ..
“ကျွန်တော်က ဂျာနယ်လစ်လေ”
“ဘာ... ဂျာနယ်တွေကို လစ်တာ ဟုတ်လား၊ မဖြစ်ဘူး... မဖြစ်ဘူး။ ငါ့အဆောင်မှာ ခါးပိုက်နှိုက်တွေ အလစ်သုတ်သမားတွေ လုံးဝမထားဘူး။
မင်း ပြန်နိုင်ပြီ”
“မဟုတ်ဘူးလေ... အန်တီ၊ ဆောင်းပါးရှင်ဆိုတာ... ဂျာနယ်လစ် ဆိုတာ စီးပွားရေးမဂ္ဂဇင်းမှာ ကျွန်တော်က ဆောင်းပါးအကြီးစားတွေ ရေးသားတာ။ မြန်မာပြည်က တကယ့် ဂရိတ်အကြီးစား စီးပွားရေးသမားတွေ နဲ့ တွေ့ဆုံအင်တာဗျူး လုပ်ပြီးမှ ကျွန်တော်က မဂ္ဂဇင်းပေါ်မှာ စီးပွားရေး ဆောင်းပါး ပြန်ရေးတာ”
“ဪ အဲဒီလို လား၊ မင်းဆောင်းပါးရေးတာ တစ်ပုဒ် ဘယ်လောက်ရသလဲ”
“တစ်ပုဒ်ကို သောင်းဂဏန်းပေါ့ အန်တီရယ်”
သူ ရင်ကော့ပြီး ဖြေသည်။
“အေးလေ... လူတွေကို ပညာဉာဏ်ပေးတဲ့ စာတွေရေးတယ်ဆိုတော့ မင်းက ပညာရှိ ပညာတတ် တစ်ယောက်ပေါ့ကွာ၊ ပညာရှိကို ပညာပြန်ပေး ရတာ ကောင်းတော့ မကောင်းပါဘူး။ ဒါပေမဲ့ အန်တီတို့အဆောင်ရဲ့ စည်းကမ်းနဲ့ ပတ်သက်လို့...”
“နေပါဦး အန်တီ..၊ အန်တီပြောနေတဲ့ အထဲက အန်တီ ကျွန်တော့် အပေါ် သတ်မှတ်တဲ့အထဲက တစ်ခုလွဲနေလို့ပါ။ လွဲတာကြီးအတိုင်း အန်တီ ဆက်လွဲမသွားရအောင် စောစောကတည်းက ကျွန်တော် တစ်ခုပြင်ပါရစေ အန်တီ”
“ဘာလဲကွ မင်းက..”
အန်တီကြီးက သူ့စကားကို လမ်းခုလတ်မှာ ရပ်တန့်ထားလိုက်ရလို့ သိပ်တော့ ကျေနပ်ပုံမပေါ်။ နည်းနည်း ကသိကအောက် ဖြစ်သွားပုံရသည်။ သို့ သော် အန်တီကြီးက သူ့ကိုယ်သူ ဟန်မပျက်အောင် ထိန်းတဲ့အနေနဲ့ စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိသောက်နေသည်။ အန်တီကြီးရဲ့ စကားသံက ခပ်ပြတ်ပြတ် ခပ်မာမာ၊ ကိုယ့်ဘက်ကနေ ကိုယ့်ရပိုင်ခွင့် ကိုယ့် လုပ်ပိုင်ခွင့်ကို အပြည့်အဝ ယူထားပြီး တခြားသူကို စပါးလုံး တစ်လုံးစာမျှ ညှာတာမှု မပေးနိုင်သည့် သဘောထားနှင့် အပြုအမူကို ပိုင်ဆိုင်ထားသည်။
အန်တီကြီးက သူ့ကို မကြည့်ဘဲ စီးကရက်ကို ဖွာရှိုက်နေသည်။ “ဒီလိုပါ။ ကျွန်တော်က ပညာရှိ ပညာတတ်လို့ ဆောင်းပါးတွေရေးတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်က အသိပညာရှင်တွေ၊ အတတ်ပညာ ရှင်တွေ၊ စီးပွားရေးသမားတွေကို အပွိုင့်မင့်ယူ တွေ့ဆုံ အင်တာဗျူးလုပ်၊ ဆိုနီကက်ဆက် အသေးစားလေးနဲ့ အသံဖမ်း၊ အခန်းရောက်တော့ ပြန်နားထောင်ပြီး သူတို့ပြောတာတွေပဲ ဆောင်းပါးပြန်ရေးတာ အန်တီရဲ့ ။ ကျွန်တော့် သဘောထား ကျွန်တော့် ပညာဉာဏ် တစ်ခုမှ အဲဒီဆောင်းပါးထဲမှာ မပါဘူး”
သူက အဲလိုတွေ ပြောနေပေမဲ့လည်း အန်တီကြီးက စီးကရက်ကိုပဲ တရှိုက်မက်မက် ဖွာရှိုက်နေပါသည်။
ရေကန်ထဲသို့ ရေကျဆင်းသံများ ကြားနေရသည်။ လူအသစ် တစ်ယောက် အခန်းလာပြီဆိုလျှင် ဒီအဆောင်မှာ ရေပြဿနာမရှိဘူး ထင်ရအောင် အဲဒီလို ရေတင်ပေးတတ်တာကို ဘော်ဒါဆောင် လူဟောင်း များကတော့ နောကျေနေကြပြီ။ မိုးရွာတုန်းရေခံ၊ ရေလာတုန်း ရေချိုးဆိုသလိုဘော်ဒါဆောင်ကလူဟောင်းများက ရေကန်ကြီးဆီသို့ ရေခွက်ကိုယ်စီ၊ ဆပ်ပြာခွက် ကိုယ်စီဖြင့် ထွက်လာကာ ရေခပ်ချိုးကြသည်။ သောက်ရေ သုံးရေ ခပ်ကြသည်။ ဟေး တို့များလည်း ပျော်သည်။
အန်တီကြီးက သူ့ကို တစ်ချက် ကြည့်လိုက်၏။
“အေးလေ ထားပါတော့...၊ ဆောင်းပါးရှင်တွေ၊ ဂျာနယ်လစ်တွေ အန်တီ နားမလည်ဘူး၊ ဘာပဲရေးရေး အန်တီတို့က စာရေးဆရာလို့ပဲ ခေါ် တယ်။ မင်းက စာရေးဆရာ ဆိုပါတော့ကွာ”
“ဟုတ်ကဲ့ အန်တီ၊ ကျွန်တော်က ခံစားမှုရှိရင် ရှိသလို ဝတ္ထုတိုလည်း ရေးပါတယ်။ ဟိုတစ်လောကတော့ ကျွန်တော့်ရဲ့ ဝတ္ထုတိုပေါင်းချုပ် စာအုပ် ဟာ အမျိုးသားစာပေဆု ရတော့မလို့ သီသီလေး လွဲသွားတယ်”
“ဒါထက် မင်းရဲ့ နာမည်က ဘယ်သူ”
“ကျွန်တော့်နာမည်ရင်းကလည်း ကျန်ကျောင်း၊ ကလောင်နာမည် လည်း ကျန်ကျောင်းပဲ”
“ဒီလိုရှိတယ် မောင်ကျန်ကျောင်း၊ အန်တီတို့ အဆောင်က အခန်း တစ်ခန်းလွတ်တယ်ဆိုရင်ပဲ ဒီမှာနေချင်တဲ့လူတွေ သုံးလေးဆယ် တန်းစီနေ တာကွ။ မင်း နာမည်ပေးထားပါ။ အန်တီတို့ရဲ့ ဖုန်းနံပါတ်ကို မင်းယူထားပါ။ "
မင်း အလုပ်ဌာနမှာ ဖုန်းရှိတယ်ဆိုရင်လည်း အန်တီတို့က ဆက်မှာ မဟုတ် ဘူး။ မင်းပဲ ဖုန်းဆက်ပြီး မေးပေါ့ ကွာ။ ဒီမှာ နေချင်တဲ့ လူတွေထဲကနေ ဒီအဆောင်နဲ့ ထိုက်တန်တဲ့ လူတစ်ယောက်ကို အန်တီက တစ်ပတ်အတွင်း ရွေးချယ်ပေးမယ်”
သူကတော့ အန်တီကြီး၏ အပြောအဆိုနှင့် အမူအရာကို လုံးဝ မကြိုက်။ စိတ်သဘောလည်း ကောင်းမှာမဟုတ်ဘူး။ အမျိုးသားကြီးကတော့ အရုပ်လိုပဲ၊ ဒီမှာ မနေတော့ဘူးလို့ ခပ်တင်းတင်း ပြောပြီး ပြန်ဆင်းခဲ့ရင် ကောင်းမလားဟု သူတွေးသည်။
ယခု သူ နေနေဆဲအဆောင်က ကြည့်မြင်တိုင်တောလမ်းက သစ်သား အိမ် တစ်အိမ်၏ အပေါ်ထပ်မှာ ဖြစ်သည်။ အခန်းလေးခန်းဖွဲ့ထားရာ သူက အစွန်ဆုံး အခန်းကို ရထားသည်။ ပိုင်ရှင်မှာ အဘွားကြီးတစ်ဦး ဖြစ်သည်။ နေထိုင်ရတာ အဆင်ပြေပါသည်။ မြို့ထဲသွားဖို့ ဘတ်စ်ကားစီးလျှင်လည်း ကြည့်မြင်တိုင် အပေါ်လမ်းက စီးမလား၊ အောက်လမ်းက စီးမလား၊ မြို့ထဲ ကို ရွတ်ဆို ရောက်သွားသည်။ ရွှေတိဂုံစေတီကို တက်ဖူးမယ်ဆိုရင်လည်း ဗားကရာလမ်းဘက် ထွက်စီးလိုက်ရုံပဲ ဖြစ်သည်။ သို့သော် ထိုအိမ်ကရောင်းတော့မည်။ ဈေးတည့်သွားပြီ။ ရက်ပိုင်းအတွင်း ဖယ်ပေးရတော့မည်။ သူကလည်း သပ်သပ်ရပ်ရပ် ကျယ်ကျယ်ဝန်းဝန်း တစ်ယောက်ခန်းကို လိုချင်သည်။ လှည်းတန်းတစ်ဝိုက်မှာလည်း လိုက်ရှာကြည့်ရာ အားလုံး လူပြည့်နေပါပြီ။ အန်တီကြီးက စီးကရက် မီးခိုးတွေ မှုတ်ထုတ်လိုက်သည်။
“အေး၊ အဆောင်စည်းကမ်းချက်တွေ လိုက်နာတဲ့ သူမှ ဒီအဆောင်မှာ နေလို့ရတယ်။ အဲဒါအရေးအကြီးဆုံးပဲ။ လုံးဝ အရက် မသောက်ရဘူး။ မင်းကော အရက်သောက်တတ်သလား။ အရက်မသောက်ရဘူးဆိုတာ အဆောင်မှာတင် မသောက်ရတာ ပြောတာမဟုတ်ဘူးနော်။ အရက်သောက်တတ်တဲ့ လူကို လုံးဝ လက်မခံဘူး။ အပြင်မှာ သောက်ခဲ့ပြီး အဆောင်ပြန်လာတာမျိုးလည်း လက်မခံဘူး။ တစ်ခါတလေ အရက်သောက်ရင်လည်း သောက်တဲ့နေ့ အပြင်မှာအိပ်ပါ။ နောက် မူးယစ်ဆေးဝါး မသုံးစွဲရဘူး။ နောက် ခြံဝင်းတံခါးကို ည ၉ နာရီမှာ သော့ခတ်တယ်။ ၉ နာရီမထိုးခင် အဆောင်ကို ပြန်ဝင်ရတယ်။ အန်တီတို့ တိုက်အပေါ်ထပ်ကနေကြည့်နေမယ်။ ခြံဝင်းတံခါး ကျော်ဝင်တဲ့လူ ချက်ချင်းအဆောင်က နှင်ထုတ် မယ်။ သံဆူးကြိုးအောက်ကလည်း ခွေးလို တိုးမဝင်ရဘူး။ အဆောင်ရဲ့မြောက်ဘက်မှာ သံဆူးကြိုးကာထားတာ။ နောက် လျှပ်စစ်မီးနဲ့ ထမင်း မချက်ရဘူး။ မီးပူ မတိုက်ရဘူး။ ရေနွေးမကျိုရဘူး။ မီးဖွင့်ပြီး မအိပ်ရဘူး။ အဆောင်လခကို လစဉ် လဆန်းသုံးရက်နေ့ မတိုင်မီမှာ ပေးရမယ်။ ဟုတ်ရဲ့ လား”
အန်တီကြီးက ကုလားထိုင်ပေါ်မှာ မိန့်မိန့်ကြီး ထိုင်ရင်းပြောသည်။ စကားပြောလို့ မောသွားဟန်ဖြင့် စီးကရက် ဖွာရှိုက်သည်။
“ဟုတ်ကဲ့။ ဒါဆိုရင် နောက်တစ်ပတ်နေမှ ကျွန်တော် လာရမှာပေါ့နော်”
“ကဲပါကွာ။ လာမယ့် သောကြာနေ့မှာ မင်း အန်တီဆီ ဖုန်းဆက်မေး ကွာ၊ ရော့၊ အန်တီရဲ့ ဗစ်စတင်းကတ်ပြား”
အန်တီကြီးက သူ့ပိုက်ဆံအိတ်ထဲမှ ကတ်ပြားလေး လှမ်းပေးသည်။ သူလှမ်းယူပြီး ဖျတ်ခနဲ ဖတ်လိုက်၏။
ဒေါ်ကောင်းကင်မိုးသက်တန့်
အဆောင်မှူး သန့်ရှင်းသာယာချမ်းမြေ့ဆောင်
ရန်ကုန်မြို့
Phone: 000777
“ကျွန်တော် သွားလိုက်ပါဦးမယ် အန်တီ။ သောကြာနေ့မှာ ကျွန်တော် ဖုန်းဆက်ဆက် ဆက်ပါမယ်”
“အေးပေါ့ကွ မင်းက အဆောင်နေချင်တာပဲ။ မင်းဘက်က ဝီရိယ ကောင်းဖို့ လိုတာပေါ့။ ရန်ကုန်မြို့မှာ အေးအေးချမ်းချမ်း နေရာလေး တစ်နေရာမှာ နေစရာ အခန်းလေး တစ်ခန်းရထားပြီး အဲဒီအခန်းလေးထဲက တစ်ယောက်အိပ်ခုတင်ကလေး တစ်လုံးပေါ်မှာ စည်းစိမ်ရှိရှိ မကြောင့်မကြ ကျောခင်းအိပ်ဖို့ဆိုတာ လွယ်တယ်မှတ်လို့ကွာ”
သူ လှေကားအဆင်းမှာ သူ့နောက်ကျောကို အန်တီကြီးရဲ့ စကားလုံး တွေက မြားတွေလို ထိုးစိုက်နစ်ဝင်လာပါသည်။