Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်ကိုကို(အမရပူရ) - ဆေးမင်ကြောင်ဝထ္ထုတို၅ပုဒ်

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out
ငှက်ပြာလေးနှင့် ကျွန်တော်
(၁)

          မရန်းပွင့်ဝါဝါလေးတွေ ပွင့်နေကြသည်။ မရန်းပွင့်၏ရနံ့က မွှေးမွှေး သင်းသင်းထုံထုံလေး ဖြစ်ပါသည်။ မရန်းရွက် ကြမ်းကြမ်းစိမ်းစိမ်း ရင့်ရင့်တွေ၏အကြားမှာ မွေးဖွားခါစ မရန်းသီး နီတာရဲပေါက်စနလေး များကို ကျွန်တော် အူယားစွာ တွေ့ခဲ့ရပြီးပါပြီ။

          မေမေနှင့်ကျွန်တော်က မရန်းပင်ကြီးတစ်ပင်အောက်က ကွပ် ပျစ်ကြီးပေါ်မှာ ထိုင်လို့ နေကြသည်။ ကျွန်တော့်ခေါင်းပေါ်မှ မရန်း ပင်ကြီး၏ အသက်မှာ အိုမင်းလှပြီ။ ကျွန်တော့်နံဘေးမှာ မူလတန်း ပညာစာအုပ်တွေဖြင့် ဖွဲ့စည်းထားသည့် ကျောင်းလွယ်အိတ်တစ်လုံး ရှိသည်။ ထိုကျောင်းလွယ်အိတ်မှာ အစိမ်းရောင်ဖြစ်၏။

          ကျွန်တော့်ရင်ထဲမှာ တစ်ချက် လှိုက်ဖိုသွားဖြစ်သည်။ အဲသည် အချိန်မှာပဲ ငှက်ပြာလေးတစ်ကောင်က ကျွန်တော့်လွယ်အိတ်အစိမ်းပေါ် ကျရောက်လာခဲ့သည်။ မရန်းပင်ပေါ်က လိမ့်ကျလာသည့် ငှက်ကလေး ဖြစ်ပေလိမ့်မည်။

          ထိုငှက်ပြာလေးသည် သူ၏ အတောင်ပံကို ဖြန့်လိုက်သည်။ကျည်ခနဲတစ်ချက် အော်မြည်လိုက်သေး၏။ ပြီးတော့ ကျွန်တော့်ပခုံးပေါ် သို့ သူခုန်၍ကူးလိုက်သည်။ ငှက်ပြာလေးသည် ပခုံးပေါ်မှနေ၍ ရုတ်တရက် ကျွန်တော့်ရှပ်အင်္ကျီ၏အပေါ်ဆုံး ရင်ဘတ်ကြယ်သီးတစ်လုံး ပြုတ်နေ သောနေရာသို့ သူ့ခြေထောက်လေးတွေနှင့် တွယ်ကပ်လိုက်၏။ ငှက်ပြာ လေး၏ခြေသည်းတွေက ကျွန်တော့်ရင်ဘတ်ကို ကုတ်ခြစ်တော့ စူးစူးမြမြ ခံစားလိုက်ရ၏။ သူ့နှုတ်သီးလေးက ကျွန်တော့်ရင်ဘတ်ကို ထိုးဆိတ် လိုက်သည်။ ဖျဉ်းခနဲ သွေးတွေ ပန်းလာသလိုဖြစ်ပြီး ငှက်ပြာလေးသည် ကျွန်တော့်ရင်ထဲ ဝင်ရောက်သွားတော့၏။ မျက်လှည့်ပြသလို မြန်ဆန် လိုက်သည့်ဖြစ်ခြင်း။ ကျွန်တော်ဟာ မျက်လှည့်ဆရာရဲ့ အကိုင်အတွယ် ကိုခံနေရသည့် အရာဝတ္ထုလိုပင် ထိုအချိန်က ဖြစ်ပွားခဲ့၏။

          ထူးဆန်းသည်မှာ ကျွန်တော့်အသားများ လုံးဝမနာကျင်ခဲ့ခြင်းပင်။

          ကျွန်တော့် အသည်းနှလုံးထဲသို့ ငှက်ပြာလေး တိုးဝင်သွားပြီ ဟု ကျွန်တော် ထင်သည်။ အသည်းနှလုံးသည် တုန်ခနဲ လှုပ်ခါသွားပါ၏။

          ကျွန်တော့်ရင်ထဲ မှော်ဓာတ်တစ်ခုခု ဝင်ရောက်သွားသလို ခံစား ရပြီးနောက် ကျွန်တော်သည် ကျောင်းလွယ်အိတ်ထဲမှ စာအုပ်နှင့် ခဲတံကို ထုတ်ကာ ကဗျာလေးတစ်ပုဒ်ကို အလိုလိုရေးမိသွားတော့၏။

          ဘယ်လိုကဘယ်လို အကြောင်းအရာ ကျွန်တော် ရခဲ့သည်မသိ။ ကျွန်တော်ရေးသားသည့် ကဗျာလေးမှာ ကိုဗျတ္တနှင့် မယ်ဝဏ္ဏ တို့၏ ပုပ္ပားတောင်ပေါ်မှ အချစ်ဇာတ်လမ်းဖြစ်နေပါသည်။ တောပန်း တောင် ပန်းတွေ မွှေးအီနေသော အချစ်နှင့်စတင်ပြီး အလွမ်းနှင့် အဆုံးသတ်သွား သည့် ကဗျာလေးဖြစ်၏။

          “မေမေ၊ ဟောဒီမှာ သားသား ကဗျာရေးတတ်ပြီ”

          ကျွန်တော်က ထအော်လိုက်သည်။

          မေမေက ကျွန်တော့်စာအုပ်ထဲမှ ကဗျာလေးကို ဖတ်ပြီး

          “သားရဲ့ ကဗျာက ကာရန်လည်း မညီညွတ်ဘူးကွာ။ ကဗျာဆိုတာ ကာရန် ညီညွတ်ရတယ်ကွ။ နောက်ပြီး ကျောင်းစာအုပ်ထဲမှာ အပြင်ကဗျာ တွေ မရေးရဘူးနော် သားသား၊ အဲဒီ မေမေ့စကားကို အမြဲမှတ်ထား”

          မေမေ့စကားကို ကျွန်တော်ကြားနေသော်လည်း မှတ်သားဖို့ စိတ်မကူး မိပါ။ ငှက်ပြာလေးကို သတိတရနှင့် တွေခန် ကျွန်တော် ဖြစ်သွားသည်။

          ထိုအချိန်မှာပဲ ငှက်ပြာလေးက ကျွန်တော့်ရင်ထဲမှ ဖြန်းခနဲ ပြေးခုန် ထွက်လာပြီး ကျွန်တော့်မျက်နှာရှေ့မှာ ပျံဝဲပြနေပါသည်။

          “အဲဒီကဗျာလေးကို မင်းရေးတယ် ထင်နေသလား၊ အဲဒီ ကဗျာ လေးကို ငှက်ပြာလေးရေးတာ”

                      ငှက်ပြာလေးက ပြောသည်။

          ထို့ နောက် ငှက်ပြာလေးသည် မရန်းပင်ပေါ်သို့ တစ်ဟုန်ထိုး ပျံတက်သွားတော့၏။ မရန်းရွက်စိမ်းစိမ်းတွေ လှုပ်ယမ်းနေသည်။

          ကျွန်တော့် ကျောင်းလွယ်အိတ်အစိမ်းပေါ်မှာ မရန်းပွင့်ဝါဝါလေး တွေ ကြွေကျလာသည်ကို ကျွန်တော် တွေ့ လိုက်ရ၏။

          ကျွန်တော် မေမေ့မျက်နှာကို ကြည့်လိုက်သည်။

          မေမေသည် ကျွန်တော့်ကျောင်းလွယ်အိတ်အစိမ်းပေါ်မှ မရန်းပွင့် ဝါဝါလေးတွေကို မြင်တွေ့ကောင်း မြင်တွေ့နိုင်ပါသည်။ ငှက်ပြာလေး နှင့်ပတ်သက်ပြီးမူ မေမေ ဘာတစ်ခုမှမသိသွားခဲ့တာ သေချာသည်။

          ကျွန်တော်သည် ငှက်ပြာလေးရဲ့ အကြောင်းကို မေမေ့အား ပြန် ပြောမပြဖြစ်ပါ။ ငှက်ပြာလေး လာခဲ့သည့်အတွက် ကျွန်တော်ပျော်သည်။

          ငှက်ပြာလေး ကျွန်တော့်ဆီ အလည်ရောက်လာတာကို မေမေ မသိခဲ့သည့်အတွက် ကျွန်တော် ပို၍ပျော်သည်။

          အဲဒီတုန်းက ငှက်ပြာလေးရဲ့ ကိုယ်ပေါ်မှာ နှင်းရည်စတွေ တွဲခိုလို့။

          သူ ဘယ်သစ်ပင် ဘယ်တောအုပ် ဘယ်နှင်းပွင့်တွေထဲကို တိုးဝင် ဖြတ်သန်းလာခဲ့ရသလဲ။ ကျွန်တော် မသိပါ။

          ဟိမဝန္တာတောအုပ်ကိုများ သူဖြတ်သန်းလာခဲ့ပါသေးသလား။ ပင်လယ်ကိုကော သူ ဖြတ်သန်းရဲဝံ့နိုင်သလား။

***

          ကုက္ကိုပင်ကြီးရဲ့ အောက်မှာ ထီးအကြီးစားကြီးတွေ များစွာ ရှိနေ သည်။ အနီနှင့်အဖြူ ကျားထားသည့် ထီးကြီးတစ်လက်အောက်မှ ကုလားထိုင်လေးပေါ်မှာ ကျွန်တော် ထိုင်နေသည်။ ကျွန်တော့် လက်ထဲမှာ အေးစိမ့်စိမ့် ကိုကာကိုလာဘူး ရှိနေပြီး ကျွန်တော့်နံဘေးမှာတော့ ကျွန်တော်ချစ်တဲ့ သူမ ရှိနေသည်။ သူမ လက်ထဲမှာတော့ ဆန်းကစ်ဘူး ရှိနေ၏။ ထိုဆန်းကစ်ဘူးသည်လည်း အေးစိမ့်နေပါလိမ့်မည်။ ကုက္ကိုရွက် တွေက မြေပြင်ပေါ်မှာ ကြွေကျနေသည်မှာ ဝါရောလို့ပါလားကွယ်။

          “ပြီးကျရင် အင်းလျားဘက်ကို လမ်းလျှောက်ကြမယ်နော်”

          သူမက ကျွန်တော့်ကို ပြောသည်။ ကျွန်တော် သူမကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ကျွန် တော် အမြဲချိုမြိန်ခဲ့ရသည့် သူမရဲ့နှုတ်ခမ်းမှာ နှုတ်ခမ်းနီတွေ ရဲတွတ်နေ ၏။ သူမ၏မျက်လုံးတွေထဲမှာ ကျွန်တော့်မျက်လုံးတစ်စုံရဲ့ မှေးစင်း ရီဝေမှုကို တွေ့နေရ၏။

          ကျွန်တော်တို့နှစ်ယောက်စလုံး ဘယ်လိုဖြစ်သွားကြသည် မသိပါ။ ကျွန်တော်တို့ အောက်က ကုလားထိုင်လေးတွေမှာရော၊ ကျွန်တော်တို့ ကိုယ်ခန္ဓာတွေမှာရော သံလိုက်ဓာတ်တွေ စီးဆင်းပျော်ဝင်သလို ဖြစ်သွားသည်။ မေတ္တာလား၊ ချစ်ရမ္မက်လားဆိုတာ ကျွန်တော်ရော သူမရော ကုလားထိုင်လေး နှစ်လုံးရော မခွဲခြား မစိတ်ဖြာနိုင်ခင်မှာဘဲ ကျွန်တော်တို့ နှစ်ဦး၏ ကိုယ်ခန္ဓာများ နီးကပ်ရစ်နှောင်သွားခဲ့ပါသည်။ ကုလားထိုင်လေး နှစ်လုံးသည် တစ်လုံးရှိရာတစ်လုံး ရွေ့လျားခဲ့၏။ လေအဝှေ့မှာ ကုက္ကိုရွက် ဝါလေးတွေ ဖွေးဖွေးလှုပ် ကြွေဆင်းလာပြီး ထိုလေထဲမှာ လွင့်မျောနေကြ သည်။

          အဲသည့်အချိန်မှာပဲ ဗြုန်းဆို ငှက်ပြာလေးက ကျွန်တော့်ပခုံးပေါ် ရောက်ချလာသည်။ ကိုကာကိုလာဘူးကို ကိုင်ထားသည့် ကျွန်တော့် လက်များမှာ အချစ်နတ်ဖမ်းစားမှုကြောင့် တုန်ယင်နေခဲ့သည်။ ထို ကိုကာ ကိုလာဘူးပေါ်မှာပင် ငှက်ပြာလေးက လာရောက်ခိုနားကာ ကျည်ခနဲအော်မြည်လိုက်၏။ ကိုကာကိုလာဘူးထဲမှာ ပျော်ဝင်စီးနင်းနေမည့် အချစ် နတ်သည် သံဘူးထဲမှ ခုန်ထွက်ကာ ကုက္ကိုပင်ပေါ် တက်သွားတာကို ကျွန်တော်မြင်လိုက်ရ၏။

          ငှက်ပြာလေးကတော့ အေးအေးဆေးဆေးပဲ ကျွန်တော့်ကို ကြည့် နေပါသည်။ ။ ပြီးရော ... ပြီးရော။

          ကျွန်တော် ငှက်ကလေးကို မြင်ကာ အံ့သြထိတ်လန့်သွားသလို ရင်ထဲ၌ဖိုသွား၏။

          ကျွန်တော့် ခန္ဓာကိုယ် တောင့်တင်းသွားသည်။ “ရှင် ဘယ်လိုဖြစ်သွားတာလဲ ဟင်။ ကျွန်မရဲ့ ဒေါက်မြင့်ဖိနပ်က ရှင့်ခြေထောက်ကို နင်းမိသွားလို့လား”

          “မဟုတ်ဘူး။ ကိုယ့်ရှေ့မှာ ငှက်ပြာလေး လာနေတယ်”

          “ဘယ်မှာလဲဟင်၊ ရှင်ပြောတဲ့ ငှက်ပြာလေးဆိုတာ ကျွန်မဖြင့် ဘာမှ မတွေ့ရပါလား”

          “ကိုယ်ငယ်ငယ်တုန်းက ကိုယ်တို့ခြံဝင်းထဲက မရန်းပင်ကြီး အောက်မှာ ကိုယ်နဲ့ ကိုယ့်မေမေနဲ့ အတူတူထိုင်နေကြတုန်း မရန်းပင် ပေါ်က ပြုတ်ကျလာတဲ့ ငှက်ကလေးပေါ့ နီနီရဲ့ ။ အခု သူက ကုက္ကိုပင်ပေါ် က ပြုတ်ကျလာပြီး ကိုယ့်ပခုံးပေါ် ခိုနားတယ်။ အခုတော့ ကိုယ့် အချို ရည်ဘူးပေါ် နားနေတယ်လေ”

          သူမ၏ မျက်လုံးများသည် ကျွန်တော်၏မျက်နှာကို ကြည့်ကာ အထိတ်တလန့်ဖြစ်သွားခဲ့သည်။

          “ကျွန်မတော့ ရှင်ပြောတဲ့ ငှက်ကလေးကို မမြင်ပါဘူး ရှင်ရယ်။ ချစ်သူ ....၊ ရှင် တကယ်ရူးသွပ်သွားခဲ့ပြီ ထင်တယ်နော်”

          ငှက်ကလေးသည် ကျွန်တော့်ကို သူ့မျက်လုံးလေးတွေဖြင့် စွေစွေ စောင်းစောင်းလေး တစ်ချက်ကြည့်လိုက်ကာ ဖရူးဆို ရုတ်တရက် ပျံသန်း သွားတော့၏။ ငှက်ကလေးသည် ကုက္ကိုပင်ပေါ်သို့ ပျံတက်မသွားဘဲ အင်းလျားကန်ဘက်သို့ ပျံသန်းသွားပါသည်။

          ကျွန်တော်နှင့် သူမသည် အင်းလျားကန်ဘက်သို့ ခြေမဆန့်မိကြ ဘဲ သူမက ရန်ကုန်မြို့ထဲက သူမရဲ့ အိမ်သို့ ပြန်သွားပြီး ကျွန်တော်က အဆောင်သို့ ပြန်ခဲ့ပါသည်။ အဲဒီနောက်မှာတော့ သူမသည်လည်း မိန်းမသားတို့၏ ထုံးစံအတိုင်းပင် ကျွန်တော့်ကို စွန့်ခွာသွားခဲ့ပါသည်။

***

          ကျွန်တော့်ဆံပင်တွေ ပိုမိုရှည်လျားလာခဲ့သည်။ ကျွန်တော် စီးကရက်တွေ ပိုမိုသောက်လာဖြစ်ခဲ့သည်။ ကျွန်တော် ပိုင်ဆိုင်သည့် နေ့ရက်တွေကို ခရမ်းရောင်ဆေးသားများဖြင့် ပက်ဖျန်းပစ်လိုက်သည်။

          ကျွန်တော်သည် တက္ကသိုလ် ပရဝဏ်ထဲမှာရော၊ အင်းလျားကန် နံဘေးမှာရော၊ ပန်းဆိုးတန်းမှာရော၊ လှည်းတန်းမှာရော၊ ကမ်းနားတစ်ဝိုက်မှာရော၊ ရွှေတိဂုံဘုရားလမ်းမှာရော၊ စိန်ပန်းပင်တွေအောက်မှာ ရော၊ ကံ့ကော်ပင်တွေအောက်မှာရော တစ်ယောက်တည်း လေလွင့် တေပေစွာ လမ်းလျှောက်နေခဲ့ပါသည်။

          ကျွန်တော့်ကိုယ်ပေါ်မှာ သစ်ရွက်ဝါဝါတွေ ကြွေကျနေသည်။ ကျွန်တော့် ဆံပင်ပေါ်မှာ မိုးစက်တွေ ကြွေကျနေသည်။ ကျွန်တော့် အင်္ကျီ ခရမ်းရောင်ပေါ်မှာ နှင်းပွင့်ဖြူတွေ ကြွေကျနေသည်။

          ထိုနှစ်က ကျွန်တော် စာမေးပွဲကျခဲ့ပြီး တက္ကသိုလ်အနီးက အပြင် ဆောင်တစ်ဆောင်သို့ ရောက်ရှိသွားပါသည်။

          ကျွန်တော်သည် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသော တစ်နေ့မှာ အဆောင်ရှေ့က မြေစိုက်သစ်ခွ ပန်းပွင့်အဖြူများကို ငေးမော ကြည့်နေမိသည်။ နီနီပေးခဲ့သည့် ဒဏ်ရာလည်း ကျက်လုနီးပေပြီ။ ထိုအချိန်မှာပင် ငှက်ပြာလေးက မြေစိုက်သစ်ခွပင်အခြေမှာ လာရောက် ခိုနားလိုက်သည်။ သူ့ကိုတွေ့တော့ ကျွန်တော်အရမ်းရွှင်မြူးသွားသည်။ ကျွန်တော့်အပေါ် တကယ်ကောင်းသည့် မိတ်ဆွေကောင်းတစ်ဦးနှင့် တွေ့ လိုက်ရသလိုပါပဲ။ )

          သည်တစ်ခါတော့ ငှက်ပြာလေးသည် ကျွန်တော့်ကို အကျအန သီချင်းဆိုပြနေပါပြီ။ ကျွန်တော် တစ်ခါမျှမကြားခဲ့ဖူးသည့် သီချင်း အသစ်တစ်ပုဒ်ဖြစ်ပါသည်။ နွမ်းဖျော့မှုလည်း မပါဝင်၊ ကြေကွဲ ဆွေး မြည့်မှုလည်း မပါဝင်သည့် သီချင်းဖြစ်ပါသည်။ သူ သီဆိုသောတေးများကြောင့် ကျွန်တော် ပျော်ရွှင်အားရှိသွားခဲ့သည်။ ငှက်ကလေးက ကျွန်တော့်ကိုယ်ထဲ ဂလူးကို့စ်တွေ သွင်းပေးနေခဲ့သည်။

          “လာ လိုက်ခဲ့”

          ငှက်ကလေးက အမိန့်ပေးသလို ပြောသည်။ သူခေါ်ရာသို့ ကျွန်တော် လိုက်သွားခဲ့သည်။ တက္ကသိုလ်စာကြည့်တိုက်ကြီးတစ်ခုဆီသို့