Skip to product information
1 of 17

စိတ်ကူးချိုချိုစာပေ

မုန်တိုင်ပင်ဆရာတော် - သုံးပုံတံချူကျမ်း

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

 

ရှိခိုးခြင်းပဏာမ

၁။          သုံးပါးရတနာ၊ မြတ်ဆရာကို၊ သဒ္ဓါယိုစီး၊ ရှိခိုးပြီး၍၊ ကျမ်းကြီး အထွက်၊ စကားခက်ကို၊ ဆောင်ရွက်ဘွယ်ရာ၊ ပြညွှန်းပါသည်၊ မကွာစိတ်ထဲ နှလုံးစွဲ။

 

တိုက်တွန်းခြင်း ဥယျာဇဉ်

၂။          အပ္ပမာဒ၊ ဝီရိယနှင့်၊ နေ့ည ချွတ်ယွင်း၊ မေ့လျော့ ပျင်းမူ၊ ထိုးထွင်း ပညာ၊ ဘယ်ရှိပါအံ့၊ ပညာမျက်စိ၊ မြင်မရှိက၊ မသိတရား၊ အကျင့်မှား၍၊ လေးပါး ပါယ်ရွာ၊ ဝဋ်သုံးမြွှာ၌၊ ချာတစုံစုံ၊ ဝဲထဲတုံးသို့၊ ရှည်ကျုံးကမ္ဘာ၊ မျောလေရာခဲ့၊ သမ္မာဆန္ဒ၊ ဝီရိယကို၊ နေ့ညမြဲစေ၊ လေးထွေအက္ခရာ၊ မကွာအမြဲ၊ နေ့တိုင်း စွဲလေ၊ ငါးထွေ ပုစ္ဆာ၊ လေးဖြာ ဝိသဇ်၊ အမြဲဖြစ်စေ၊ သုံးထွေ ဓမ္မ၊ လမ်းရိုးကျမှ၊ သုခ သုံးဖြာ၊ ရမည်သာ ဟု၊ နှလုံးပြုလေ၊ သုံးထွေအလောင်း၊ သွားလမ်းကြောင်းကို၊ မစောင်း မတိမ်း၊ မယိမ်းမလွဲ၊ မဖဲမဖဲ၊ မရွံ့ မဖယ်၊ လိုက်စိမ့်ရွယ်သည်၊ အကျယ်ဆွေးနွေး သိအောင်မေး။ ဤကား သူခပ်သိမ်းတို့ ကြိုးစားရန် ဥယျာဇဉ် စကားရပ်တည်း)

 

ရှိခိုး ထိခြင်းငါးပါး

၃။          (က)      ပဉ္စပတိဋ္ဌိတာ၊ ရှိငါးဖြာကို၊ ကျမ်းလာမယုတ်၊ ဖော်ပြ ထုတ်ပိမ့်၊လက်အုပ်ချီကာ၊ ပခုံးမှာလျှင်၊ တင်ကာကိုယ်ဝတ်၊ ညွတ်သည့် လက်နှစ်၊ သုံးသပ်လစ်၍၊ ချစ်ခင်မြတ်နိုး၊ ရိုးကျိုးညွတ်တွား၊ ဤငါးပါးဟု၊ ဥပါလိ ပုစ္ဆာ၊ ထို၌လာသည်၊ အင်္ဂါငါးထွေ စုံလှစေ။ ဤကား ဥပါလိပုစ္ဆာတို့၌ လာသော ထိခြင်းငါးပါးယူနည်း စကားရပ် မှတ် ဖွယ်တည်း။)

              ( ခ )     နယတဖြာ၊ ကျမ်းအလာကား၊ ရပ်ခါဠိတေ၊ ရှိခိုးပေမူ၊ ခြေလျှင် နှစ်ဖက်၊ မြေဝယ်ယှက်၍၊ နှစ်ဖက် လက်ဝါး၊ ရှိငြား ယှဉ်ပူး၊ နဖူး ထက်တွင်၊ တင်ပြီးချင်မှ၊ ကြည်လင် ရှေ့ရှု၊ ညွတ်ကာ ပြုလော့၊ နှစ်ခု လက်တွင်၊ ဦးခေါင်းတင်မှ၊ ငါးအင် ဝန္ဒနာ၊ ပြည့်စုံရာသည်။ မကွာမြဲထွေ စွဲကြလေ။ ဤကား ရပ်လျက် ရှိခိုးရာ၌ ထိခြင်းငါးပါးစကားရပ် မှတ်ဖွယ်တည်း)

ဤရှိခိုးခြင်းသည် အလွန်အရေးကြီးပါသည်။ အရေးကြီးသလောက်ပင် မှန်ကန်သော ရှိခိုးခြင်းဖြင့် ရှိခိုးတတ်သူလည်း ရှားကောင်း ရှားမည်၊ ထို့ကြောင့် မှတ်ချက်ဖြစ်စေကာမူ အနည်းငယ်ချဲ့ထွင်၍ ပြသင့်သည်ဟု ယူဆ,ပြဆိုပါအံ့။

 (က)           လင်္ကာပါ ရှိခိုးခြင်းသည် တောင်ဖီလာဆရာတော် ရေးသားသော ဝိနယာလင်္ကာရဋီကာကျမ်းတွင် လာသည်။ ယင်းဋီကာလည်း ပရိဝါရပါဠိတော် ဥပါလိပုစ္ဆာမှ ယူ၍ ဖွင့်သည်။ သို့သော် ဤရှိခိုးခြင်းသည် ရဟန်းအချင်းချင်း ရှိခိုးရာ၌ ဂါရဝရှိရမည်ကိုသာ အဓိကထား၍ ဟောကြားသည်၊ ဖွင့်ဆိုသည်။ လူတို့နှင့် ဆိုင်အံ့မထင်။ သက်ဆိုင်သည် ထားဦး၊ ပဉ္စပတိဋ္ဌိတလက္ခဏာ (တည်ခြင်း ငါးပါး) နှင့် မပြည့်စုံနိုင်ချေ။

(ခ)           ဤရှိခိုးနည်းကား (ကျမ်းရင်း မတွေ့သေးပါ) ရပ်လျက် ရှိခိုးပုံကို ပြသည်။ ရှိခိုး ခြင်းကိုကိုယ်၊ နှုတ်၊ စိတ်ဟု (တိကင်္ဂုတ္တရပါဠိတော်၌) သုံးပါးလာသည်။ ကိုယ်ဖြင့် ရှိခိုးခြင်းမှာလည်း (အာဋာနာဋိယပရိတ်၌ လာသည့်အတိုင်း) လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးသော ဣရိယာပုတ်တွင် တစ်ခုခုဖြင့်လည်း ရှိခိုးနိုင်သည်။ သို့ရာတွင် ထိုင်လျက် ရှိခိုးခြင်း၌သာလျှင် ပဉ္စပတိဋ္ဌိတ ဖြစ်နိုင်သည်။ ထိုင်လျက်ဆိုသော်လည်း ထိုင်ရာမှ မြေ၌ ပျပ်ဝပ်၍ ရှိခိုးခြင်းကိုသာ ဆိုလိုသည်။

          “ဥပါသိကာ (လ) ဥရေန နိပဋိံ နမဿမာနာ” ဟူသော (ဝိသုဒ္ဓိမဂ်) ပါဠိကဲ့သို့ မှတ်လေ။

 

(ဂ)           ထိုင်လျက်တည်ကာ၊ ရှိခိုးရာ၌၊ နှစ်ဖြာစုံလင်၊ ဒူးပုဆစ်ကို၊ ကျစ်လျစ်ညီမျှ၊ မြေ၌ချလော့၊ နှစ်ဝတတောင်ဆစ်၊ မြေသို့ နှစ်၍၊ နှစ်ဖက် လက်နေ၊ ဆန့်တုံပေမှ၊ မြေသို့ညီစွာ၊ ကျစေရာ၏၊ အင်္ဂါ တစ်မျိုး၊ လက်ဖမိုး နှစ်ဖက်၊ ထိုအထက်၌၊ တင်လျက် ဦးခေါင်း၊ ထားတဲ့ ရှောင်း၍၊ ကောင်းကောင်းရိုသေ၊ ရှိခိုးပေက၊ လေးထွေ ပါယ်ရွာ၊ လွတ်ကင်းရာသည်၊ သဒ္ဓါစိတ်နေ ထက်လှစေ။ ဤကား ထိုင်လျက် ရှိခိုးခြင်း၌ ထိခြင်းငါးပါး စကားရပ် မှတ်ဖွယ်တည်း)

 

(ဂ)           ဤရှိခိုးနည်းကား ပဋိသမ္ဘိဒါ ဂဏ္ဍိ၏ အဆိုဖြစ်သည်။ လင်္ကာ၌ ဦးခေါင်းဟု ဆိုသော်လည်းနဖူးကိုယူ၊ ပဋိသမ္ဘိဒါ ဂစ္ဆာ၌ ပဉ္စပတိဋ္ဌိတေနာတိ ဒွိဇာဏ, ဒွိဟတ္ထ, နလာငွေဟိ ပဉ္စပတိဋ္ဌိတံ ကတွာ”(ပုဆစ်နှစ်ဖက်၊ လက်နှစ်ဖက်၊ နဖူး) ဟု လာသည်။ သီလက္ခန်ဋီကာ၌ကား “ပါဒ၊ ဇာဏု၊ ကပ္ပရ၊ ဟတ္ထ၊ သီဟသင်္ခါတာနိ ပဉ္စအင်္ဂါနိ သမံကတွာ ဩနာမေတ္တာ အဘိဓုခံ ဠိတေန ပဌမံ ဝန္ဒိံတိ ဝုတ္တံ ဟောတိ” (ခြေ၊ ပုဆစ်၊ တံကင်ဆစ်၊ လက်၊ ဦးခေါင်း)ဟု တစ်မျိုးပြသေးသည်။ မသေချာလှ။

 

           အကျယ်ရှင်း၍ မပြ, သာပါ။ အကျဉ်းအားဖြင့် ပဉ္စပတိဋ္ဌိတ ဟူသည်ကို (ထိ) ခြင်း ငါးပါးဟု ဆိုသည်ထက် (တည်) ခြင်း ငါးပါးဟု ဆိုသည်က ပိုကောင်းသည်။ အဘယ်၌ တည်မည်နည်း။

ခြေ, လက်, ဦးခေါင်း ဟူသော ခက်မငါးဖြာတို့ကို မြေ၌တည်ရမည်ဟု မှတ်။ ထို့ကြောင့် တေရသကဏ် ဋီကာ” (ဘိက္ခုနောဝါဒ) ၌ ပဉ္စအင်္ဂါနိ ဘူမိယံ ပတိဋ္ဌာ ပေတွာ” ဟုလည်းကောင်း၊ “သီလက္ခန္ဓေအဋ္ဌကထာ (အဇာတသတ်အခန်း) ၌ “ဘူမိယံ ပဉ္စပတိဋ္ဌိတေန ဝန္ဒိံပက္ကမိ” ဟုလည်းကောင်း လာသည်။ ဤကိုပင် (ထိ) ခြင်းဟုလည်း ဆိုနိုင်ပါ၏။ သို့သော် (ထိ) ဆိုသော စကားသည် အဆိုပါ ခက်မ, အင်္ဂါတို့၏ အချင်းချင်း ထိခြင်းကို ယူမှားနိုင်၏။ ထို့ကြောင့် (မြေ၌တည်ခြင်း) ဟု ဆိုသည်က ပိုကောင်းသည်။ ဤတည်ခြင်း ငါးပါးကိုလည်း (ပြဆိုပြီးအတိုင်း) မြေပြင်၌ ပျပ်ဝပ်၍ ရှိခိုးရာမှာသာ ရနိုင်သည်။ မြေပြင်၌ ပျပ်ဝပ်၍ ရှိခိုးဦးချသူတိုင်း မိမိ၏ ခြေ (ဒူးဆစ်) နှစ်ဖက်, လက် (တံတောင်) နှစ်ဖက်, ဦးခေါင်းဟု ဆိုသော အင်္ဂါငါးခုစလုံးကို မြေပြင်၌ (တည်) အောင် ရှိခိုးတတ်ရမည်ဟု ဆိုလိုသည်။

ဤ           (ဂ)     အမှတ်ပြ လင်္ကာအရလည်း ပဉ္စပတိဋ္ဌိတ မဖြစ်နိုင်သေးချေ။ (လက်ဖမိုးနှစ်ခုအပေါ် ဦးခေါင်းတင်ရမည်ဟု လင်္ကာ၌ ဆိုထားသည်ကိုထောက်)

           ဤကျမ်းကို မှတ်ချက်ရေးရာ၌ ဤကျမ်း၏ ဝါဒကိုပယ်ဖျက်ရန် မသင့်သည်မှာ မှန်သော်လည်း အကြီးတော် ဦးသံမို စသော ရှေးပညာရှိကြီးများ၏ ဆုံးဖြတ်ချက်အမှန်ကို လူတိုင်းပင် သိရှိရန်လိုအပ် သည်ဟု ယူဆကာ ဤမှတ်ချက်ရှည်ကို ထည့်လိုက်ရပါသည်၊ ပညာဖြင့် ဆင်ခြင်၍ မှန်သည်ကိုသာ လိုက်နာနိုင်ကြပါစေ။

 

အဝန္ဒနီယ ပုဂ္ဂိုလ် ၂၅ ပါး

၄          (က)   အနုပသမ္ပန္န၊ ဥက္ခိတ္တနှင့်၊ ယုတ်သည့်မိန်းမ၊ ငါးဝဂရုက်၊ နှစ်ရပ်နာနာ၊ တဖြာ နဂ္ဂ၊ ဆယ့်နှစ်ဝကို။ ။ ရှောင်ကြလေမင်း ဝေးဝေး ကွင်း။ ။ ဤကား ရှိမခိုးအပ်သော အဝန္ဒနီယပုဂ္ဂိုလ် အပြား တစ်ဆယ့် နှစ်ပါး စကားရပ် မှတ်ဖွယ်တည်း။ ရှိခိုးသူ အပြစ် မလွတ်မှတ်လေ၊ နှစ်ရပ်နာနာကိုလည်း တစ်ခုတည်း ယူလေ။

             (ခ)      ရွာဝင်တသီး၊ ခရီးသွားခိုက်၊ အမိုက်တိုက် တခြား၊ အိပ်ဆဲကာ၊ယာဂုပါန၊ ဘတ္တဂ္ဂနှင့်၊ စွန့်ထကျင်ငယ်၊ တစ်သွယ် ကျင်ကြီး၊ တသီး ရန်သူ၊ မမူနှလုံး၊ တစ်ဆယ့်သုံးကို။ ။ လုံးလုံးလွတ်ကင်း ကြဉ်လေမင်း။ ဤကား အဝန္ဒနီယ ပုဂ္ဂိုလ်ပေါင်း နှစ်ဆယ့် ငါးပါး စကားရပ် မှတ်ဖွယ်တည်း

          ငါးပါးငါးပါးငါးလီ ဟောတော်မူသည်တွင် တစ်ပါးကို နှလုံးမမူသော ပုဂ္ဂိုလ် ကို နှစ်ပဉ္စက၌ ပါဝင်သောကြောင့် နှစ်ယောက်ယူ၍ တစ်ဆယ့်သုံးယောက် ဖြစ်လေ သည်။ ဤ တစ်ဆယ့်သုံးပါးတို့မှာ သံသရာအပြစ် အာပတ်တို့မှ လွတ်၏။ ပစ္စုပ္ပန် တွင် အပြစ်ရှိ၍လည်းကောင်း၊ မလျောက်ပတ်၍လည်းကောင်း ဟောတော်မူသည် မှတ်လေ]

ဝန္ဒနီယ ပုဂ္ဂိုလ် ၅ ပါး

၅။          ဥပသမ္ပကံ၊ ခံသည်ရှေးဦး၊ မထူးဓမ္မ၊ ဝါဒအယူ၊ ထို့အတူ တခြား၊ နှစ်ပါး ဆရာ၊ တထာဂတ၊ သမ္ဗုဒ္ဓကို။ ။ နိစ္စမယွင်း ရှိဝပ်စင်း။ ဤကား ရှိခိုးအပ်သော ဝန္ဒနီယပုဂ္ဂိုလ် အပြားငါးပါး စကားရပ် မှတ်ဖွယ်တည်း

တပည့်ကျင့်ဝတ် ၅-ပါး

၆။           ခရီးဦးကြို၊ ရိုသေစွာပင်၊ မှတ်နားထင်၍၊ ကြည်လင်လုပ်ကျွေး၊ မြတ်လေးခစား၊ ဤငါးပါးဖြင့်၊ ကြီးမားကျေးဇူး၊ အထူးဂုဏ်ဝါ၊ မြတ်ဆရာဝယ်၊ ကျင့်ရာသည်တည့်၊ လမ်းကြောင်းရှိသည်၊ တပည့်တို့အား ဝတ်တရား။ ဤကား တပည့်က ဆရာ၌ ကျင့်ရာသော ဝတ်ငါးပါး စကားရပ် မှတ်ဖွယ်တည်း)

 

ဆရာ့ကျင့်ဝတ် ၅-ပါး

၇။           တပည့်၌ဝယ်။ ပြုဖွယ်ဆရာ၊ ကျင့်ဝတ်မှာကား၊ ကောင်းစွာဆုံးမ၊ သင်ထကောင်းစွာ၊ တတ်ရာတိုင်းပြော၊ မိန့်ဟောဆောင်နှင်း၊ ရန်တားခြင်းဟု၊ ဤငါးခုသည်၊ ပြုရာမမှား ဆရာအား။ ဤကား ဆရာက တပည့်၌ ကျင့်ရာ သော ဝတ်ငါးပါး စကားရပ် မှတ်ဖွယ်တည်း)

          ဤငါးပါးတို့တွင် ရန်တားခြင်းဟူရာ၌ ဆရာ့အတတ်ပညာကြောင့် သွားလေရာ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းခြင်းသည် ဆရာလိုက်၍ အရန်အတား ပြုသည် မည်၏။ ဆရာသင်သော အတတ်ပညာကြောင့် ရလေသမျှ လာဘ်လာဘတို့သည် ဗြဟ္မာဘုံကို ထိသည်ဖြစ်စေ ဆရာပေးသည် မည်၏ဟု ဆိုလိုသည်)

 

သားသမီးကျင့်ဝတ် ၅-ပါး

၈။           မွေးတုံ့ မွေးရိုး၊ မှုမျိုးဆောင်ဖွယ်၊ မျိုးနွယ်တည်စေ၊ အမွေခံသင့်၊ သေ သဖြင့်လည်း၊ ရလင့်စိမ့်ငှာ၊ လှူအပ်စွာသည်၊ ပုတ္တာသားက ကျင့်အပ်လှ။ ဤကား သားက မိဘတို့၌ ကျင့်ရာသော ဝတ်ငါးပါး စကားရပ် မှတ်ဖွယ်တည်း

မိဘကျင့်၀တ် ၅-ပါး

 ၉။           မိဘတို့အား၊ သားတို့၌ဝယ်၊ ပြုဖွယ်တကြောင်း၊ မကောင်းကိုကြဉ်၊ကောင်းရာယှဉ်၍၊ သင်သည်အတတ်၊ လျှောက်ပတ်သူအား၊ ထိမ်းမြား ထိုက်ပေ၊ အမွေဥစ္စာ၊ လျော်စွာပေးငြား၊ ဤငါးပါးသည်၊ နှစ်ပါးမိဘ ကျင့်ဓမ္မ။ ဤကား မိဘတို့က သားသမီးတို့၌ ကျင့်ရာသော ဝတ်ငါးပါး စကားရပ် မှတ်ဖွယ်တည်း)

လင့်ကျင့်၀တ် ၅-ပါး

၁၀။           မယား၌လင်၊ ကျင့်ဖွယ်အင်ကား၊ ချစ်ခင် မြတ်နိုး၊ အစိုးနှင်းသည်၊ မထီမဲ့မြင်၊ မပြုလျင်စွာ၊ တန်ဆာပေးခြင်း၊ ကျော်နင်းတထူး၊ မလွန်ကျူးရာ၊ ဤငါးဖြာသည်၊ မှန်စွာသဘော ကျမ်းအဟော။ ဤကား လင်က မယား၌ ကျင့်ရာသော ဝတ်ငါးပါး စကားရပ် မှတ်ဖွယ်တည်း)

မယားကျင့်ဝတ် ၅-ပါး

၁၁။           လင်၌မယား၊ ကျင့်တရားကား၊ ဖြောင့်သားစီရင်၊ ကျွမ်းဝင်သားချင်း၊ သဂြိုလ်အထူး၊ မလွန်ကျူးရာ၊ ဥစ္စာထိန်းခြင်း၊ မပျင်းအမှု၊ ဤငါးခုသည်၊ သုံးလူ့ ရှင်စော သုတ်ဝယ်ဟော။ ဤကား မယားက လင်၌ ကျင့်ရာသော ဝတ်ငါးပါး စကားရပ် မှတ်ဖွယ်တည်း

အဆွေခင်ပွန်း၌ ကျင့်ရာသောဝတ် ၅-ပါး

၁၂။           (က)   ဆွေခင်ပွန်းအား၊ ကျင့်တရားမူ၊ စကားချစ်ဖွယ်၊ တသွယ်ပေးကမ်း၊ရည်မှန်းကိုယ်တူ၊ ယွင်းမူမချွတ်၊ ကျိုးနပ်စီးပွား၊ ဤငါးပါးလျှင်၊ ကျမ်း၌ထင်သည်၊ လေးအင်မျိုးသား ကျင့်တရား။ ဤကား အဆွေ ခင်ပွန်းတို့၌ ကျင့်ရာသော ဝတ်ငါးပါး စကားရပ် မှတ်ဖွယ်တည်း တစ်နည်းငါးဖြာ၊ ကျင့်ရေးမှာကား၊ မေးကာ စောင့်ရှောက်၊ မပျောက် ဥစ္စာ၊ စောင့်ရာတသွန့် ၊ ကြောက်ရွံ့ သောခါ၊ ကိုးကွယ်ရာရ၊ ဒုက္ခ ကြီးစွာ၊ တွေ့ကာမလွတ်၊ မချွတ်မယွင်း၊ ပေးခြင်းမပျက်၊ မျိုးဆက်စောင့်မ၊ ဤငါးဝသည်၊ ကျင့်ထမမှား မျိုးလေးပါး။ ဤကား အဆွေခင်ပွန်း၌ ကျင့်ရာသော ဝတ်ငါးပါး စကားရပ် မှတ်ဖွယ်တည်း

သခင် ကျင့်ဝတ် ၅-ပါး

 ၁၃။            ကျွန်၌သခင်၊ ကျင့်ရန်ဆင်ပိမ့်၊ အင်တန်ရုံခန့် ၊ ထောက်ပံ့ရိက္ခာ၊ နာလျှင်လုပ်ကျွေး၊ ဝေပေးရသော၊ အခါ၌လွှတ်၊ ကျင့်ဝတ်ငါးဖြာ၊ ကျမ်းအလာ နှင့်၊ ညီစွာမမှား ကျင့်စေစား။ ဤကား သခင်က ကျွန်၌ ပြုရာသော ဝတ်ငါးပါး စကားရပ် မှတ်ဖွယ်တည်း)

 

ကျွန် ကျင့်ဝတ် ၅-ပါး

၁၄။          သခင်၌ကျွန်၊ ကျင့်ရန် ညွှန်ပိမ့်၊ လွန်၍လည်းထ၊ နောက်မှ အိပ်ရေး၊ ပေးမှလည်းယူ၊ ကြည်ဖြူစွာလုပ်၊ ဖော်ထုတ် ကျေးဇူး၊ ညွတ်နူးကြည်စွာ၊အောက်မေ့ရာသည်၊ ငါးဖြာ ကျွန်တို့ ကျင့်ရန်ဖို့။ ဤကား ကျွန်က သခင်၌ ပြုရာသော ဝတ်ငါးပါး စကားရပ် မှတ်ဖွယ်တည်း)

ဒကာ ကျင့်ဝတ် ၅-ပါး

၁၅။           ရဟန်းတို့ဝယ်၊ ပြုဖွယ်ဒကာ၊ ကျင့်ဝတ်မှာကား၊ မေတ္တာသုံးဝ၊ ဒွါရမပိတ်၊

အာမိဿလှူ၊ ကြည်ဖြူစုံမက်၊ ဤငါးချက်ကို၊ မပျက်လုပ်ကျွေး နေ့တိုင်း မွေး။ ဤကား ဒကာက ရဟန်းတို့၌ ပြုရာသော ဝတ်ငါးပါး စကားရပ် မှတ်ဖွယ်တည်းမေတ္တာသုံးဝ၌ မျက်မှောက်သုံးပါး၊ မျက်ကွယ်သုံးပါးအားဖြင့် မေတ္တာ ခြောက်ပါး ရအောင်ယူလေ။ ။ သုတ္တသင်္ဂဟ၊ သုတ်ပါထေယျ၊ ပရိဝါ ပါဠိတော် အဋ္ဌကထာ ကျမ်းတို့မှာ ကြည့်မှ အကျယ် သိနိုင်မည်)

ဆရာ ကျင့်ဝတ်-၅ ပါး

၁၆။           ဒကာတို့ ဝယ်၊ ပြုဖွယ်ဆရာ၊ ကျင့်ရေးမှာကား၊ ကောင်းစွာဆုံးမ၊ကောင်းရာချ၍၊ ပါပ မြစ်တား၊ နတ်ရွာ လမ်းမ၊ ညွှန်ပြတရား၊ မကြား ဘူးရာ၊ ကြားဖူးရာကို၊ ထပ်ကာ ညွှန်ပြ၊ ခြောက်ဓမ္မကို၊ နေ့ညမသွေ ဆုံးမစေ။ ဤကား ဆရာက ဒကာ၌ ကျင့်ရာသော ဝတ်ငါးပါး စကားရပ် မှတ်ဖွယ် တည်း

 

ရှိခိုးအပ်သော အရပ် ၆-ပါး

၁၇။          မာတာ ပိသု၊ ပုဗ္ဗ ဒိသာ၊ ဆရာ မြတ်လှ၊ ဒက္ခိဏတည့်၊ ပုတ္တဒါရာ၊ ဒိသာပစ္ဆ၊ မိတ္တ ဥတ္တရာ၊ ဟောဒါသ၊ သမဏဗြဟ္မဏာ၊ အထက်သာ တည့်၊ ခြောက်ဖြာ အရပ်၊ ရှိခိုး အပ်ရာ၊ လူနတ် ဆရာ၊ သတ္ထာ ဒေဝ၊ မိန့် ဆုံးမသည်၊ နိစ္စမမှား ကျင့်လေကား။ ဤကား သိင်္ဂါလလုင်အဘ သေကာနီးကာလ ခြောက်မျက်နှာအရပ်ကို မပြတ် ရှိခိုးရစ်ဟု သားအား ဆုံးမခဲ့၍ အဖ သေသည့်နောက် ပကတိ အရပ်ခြောက်မျက်နှာကို ရှိခိုးလေသောကြောင့် ဟောတော်မူသော ခြောက်မျက်နှာသော အရပ်နှင့်တူသော တရားခြောက်ပါး စကားရပ် မှတ်ဖွယ် တည်း။)