Skip to product information
1 of 3

Other Websites

မိုးမိုး(အင်းလျား) - ဂျိုး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

         ကျွန်တော့် နာမည် ဂျိုး။

         ကျွန်တော့် အဖေနှင့် အမေက ကျွန်တော်ငယ်စဉ်က ချစ်စနိုးနှင့် ဂျိုးဟု ခေါ်ခဲ့ကြသည်။ အဘယ်ကြောင့် ထိုသို့ခေါ်သည်တော့ မသိပါ။ တစ်ခါတစ်ရံ လူကြီးများသည် သူတို့စကားကို မည်သို့မျှ နားမလည်နိုင်သော ကလေးများနှင့် စကားပြောသောအခါ သူတို့ကိုယ်တိုင်က ကလေးနှင့် တစ်တန်းတည်းဖြစ်စေရန် ငယ်မူပြန်ပစ်တတ်လေ့ရှိပါသည်။ ထိုအခါ လူကြီးများပါးစပ်က မပီကလာ ပီကလာစကားများ ထွက်လာတတ်ပါသည်။ ဘေးလူအနေဖြင့်ကြည့်လျှင် အလွန် ရယ်ဖွယ်ကောင်းလေ၏။ သူတို့အဖို့မူ အတော်ပျော်ရွှင်ဖွယ် ကောင်းနေလေ၏။ ကလေးသည် သူတို့ပြောသော စကားကို နားလည်သယောင်၊ နားမလည်သော်လည်း နားလည်သယောင် ဖြင့် လူကြီးတို့ကို ပြန်လည်တုံ့ပြန် နှစ်သိမ့်တတ်ပါသည်။ သည်အကြောင်း တွေကို ကျွန်တော် စဉ်းစားမိလာသည်မှာ ကျွန်တော့်တွင် သားဦးလေး ရသည့်အခါတွင်မှ ဖြစ်ပါသည်။

         အဖေ အမေတို့က ငယ်မူပြန်၍ မပီကလာ ပီကလာပြောရာမှ ထွက်မိထွက်ရာ ထွက်လာသော ဂျိုးဟူသည့် နာမည်သည် ကျွန်တော်၏ ငယ်နာမည် ဖြစ်လာရဟန်တူပါသည်။ သည်နာမည်ကို ကျွန်တော်၏ တရားဝင်နာမည် တိုးအောင် ထက် ကျွန်တော် ကြိုက်ပါသည်။ ကျွန်တော် သည် စနေသား။ သို့မဟုတ် အားလုံးအတွက် ကျွန်တော်သည် စနေဂြိုဟ်။

         အဝီစိချိုးကပ်အောင် မိုက်မဲသည့်သူဟုလည်း ကျွန်တော့်ကို ဆိုချင် ဆိုနိုင်ပါသေးသည်။ ကျွန်တော့်နာမည်သည် ဂျိုး မဟုတ်ပါလား။ လူ့ဘဝတွင် အောက်ဆုံးအလွှာ ချိုးကပ်နေသည့်ဘဝမှ တက်လာရသည့်ကျွန်တော်။ ကျွန်တော်သည် ပညာကောင်းကောင်း မတတ်ပါ။ ကျွန်တော့်အစ်မ၏ အပြောအရ ကျွန်တော်သည် ပညာကောင်းကောင်း မသင်ခဲ့၍ ပညာကောင်းကောင်း မတတ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် ဘဝအဓိပ္ပာယ် ကို ကျွန်တော့်အစ်မ ဒဿနိကဗေဒ ဆရာမကြီးလောက် နက်နက်နဲနဲ မဖွင့်ဆိုတတ်ပါ။ ကျွန်တော်သိသော ကျွန်တော့်ဘဝသည် အောက်တန်း အကျဆုံးသော၊ အနိမ့်ဆုံးသော၊ အဓိပ္ပာယ်အကင်းမဲ့ဆုံးသော ဘဝသာ ဖြစ်ပါ၏။ ကျွန်တော်၏ ဘဝ စတင်ပေါက်ဖွားရာ အခြေခံရာ အကြောင်း တရားများသည် ကျွန်တော် တစ်သက်လုံး မေ့မရနိုင်သော အကြောင်းများ ဖြစ်နေရခြင်းသည်ပင် ကျွန်တော့်ဘဝကို ဖျက်ဆီးချေမှုန်းပစ်မည့် အကြောင်း များ ဖြစ်ခဲ့လေသည်။ ရှင်းပါသလား ခင်ဗျာ။ ရှင်းမည် မထင်ပါ။

          ကျွန်တော့်အကြောင်းကို ကျွန်တော်မှ လွဲလျှင် မည်သူမျှ ရှင်းလင်းစွာ နားလည်လိမ့်မည် မဟုတ်ပါ။ ကျွန်တော်သည် ယခုကျွန်တော်ရောက် နေသော ဒေါနတောင်ခြေရိပ်မှ တောကြီးမျက်မည်းထဲတွင် ကျွန်တော့်ဘဝကို ကျွန်တော် ပြန်လည်သုံးသပ်နေမိခြင်း ဖြစ်ပါသည်။ ကျွန်တော့်ဘဝကို ပထမဆုံး ပြန်လည်တွေးတောမိခြင်းလည်း ဖြစ်ပါ၏။ နောက်ဆုံးဖြစ်ချင် လည်း ဖြစ်ပါလိမ့်မည်။ မပြောနိုင်ပါ။

         ဒေါန၏ အရိပ်အောက်မှာ ကျွန်တော့်ဘဝကို ဖုတ်ကြည်းသဂြိုဟ် ပစ်ရမည်ဆိုပါလျှင် ကျွန်တော်လို လူမိုက်တစ်ယောက် လောကမှ ထွက်ခွာ သွားခြင်းကို မည်သူမျှပင် သိလိမ့်မည် မထင်ပါ။ ယခုတော့ ကျွန်တော်သည် မည်သူမျှမသိနိုင်သော ကျွန်တော်၏ အကြောင်းများကိုပင် ကျွန်တော့် ဘာသာ တစ်ယောက်တည်း တွေးနေမိပါသည်။ ။

         ငှက်ဖျား၏ နှိပ်စက်မှုကြောင့် ကျွန်တော်သတိလက်လွတ်ဖြစ်သွား ပြီး ပြန်လည် သတိရလာသောအခါ ကျွန်တော်သည် ကျွန်တော်၏ အတွေးစများကို ပြန်လည်ခေါ်ယူရပါသည်။ တစ်ဖန် ကျွန်တော် သတိလစ် သွားသောအခါ ကျွန်တော်သည် အသူတစ်ရာနက်ရှိုင်းသော အမှောင်ထဲကို တိုးဝင်ရင်း ကျွန်တော်၏ အတွေးစများလည်း ပြတ်ထွက်ကုန်ပြန်ပါသည်။ တစ်ဖန် ကျွန်တော် ပြန်လည်သတိရသောအခါ...... ။

         မဆုံးနိုင်သော အတွေးစများသည် ရှုပ်ထွေးစွာ ရစ်ပတ်ရင်း ကျွန်တော့်ကို တုပ်နှောင်ကြပြန်လေသည်။

          “ညကနင့်က အမေ့ကို တ ပြီးငိုတယ်၊ ဟုတ်လား ဂျိုး၊ နှင်အမေ့ကို မတနဲ့၊ အမေ့ကို မတနဲ့၊ အမေက နင့်အဖြစ်တွေကို မြင်နိုင်ရင် သေပြီးတဲ့ ဘဝကနေ နောက်ထပ်တစ်ခါ ပြန်သေသွားလိမ့်မယ် သိလား၊ အမေ နှစ်ခါထပ်ပြီး မသေပါစေနဲ့ ဂျိုးရယ်”

          ကျွန်တော်၏ ပူနွေးစွာစီးကျလာသော ကျွန်တော့်မျက်ရည်ကို ကျွန်တော့်အစ်မ ဆရာမကြီးက တားဆီးနေပါပကော။ သူ့တွင် တားဆီး နိုင်ခွင့်လည်း ရှိပါရဲ့။ အမေ နှစ်ခါပြန်ပြီး မသေပါစေနဲ့တဲ့။ ကျွန်တော့်အမေရဲ့ ဝိညာဉ်ဟာ ကျွန်တော့်ကို မြင်နိုင် ကြားနိုင်ရရင် နောက်တစ်ခါ သေရွာ ကို ပြန်သွားမည်တဲ့လား။ ကျွန်တော့်အစ်မသည် စကားနည်းသော်လည်း စကားအလွန်တတ်၏။ ပညာတတ်ဆရာမကြီးပေကိုး။ ကျွန်တော်သည် ယိုထွက် စီးဆင်းနေသော ကျွန်တော့်မျက်ရည်များကို တားဆီးသုတ်သင် ပစ်ရလေသည်။

          “အမေဟာ နင့်အတွက်နဲ့ ဘယ်လောက် စိတ်ဆင်းရဲခဲ့ရတယ်။ သောက ရောက်ခဲ့ရတယ်ဆိုတာ နင်သိရဲ့လားဟင်၊ အမေဟာ သေသာသေသွားရတယ် အသေမဖြောင့်ခဲ့ဘူး ဂျိုးရဲ့၊ သိရဲ့လား၊ ဆေးရုံပေါ်မှာ ဝေဒနာကို လူးလိမ့်ခံစားပြီး မေ့မျောနေတာတောင် နှင့်ဇောကပ်နေလို့ အသက်မထွက်နိုင်ဘူးလေ၊ သူ့ကိုစောင့်တဲ့ ဆရာမတွေက ဒီလူနာ အသက်ထွက်ဆိုးလှချည့်လို့ တွေးမိပြီး သူ့မှာ စောင့်ရမယ့် ဆွေမျိုးရင်းချာ ရှိသေးလားလို့မေးတယ်၊ ဒီတော့ ငါက သားတစ်ယောက်တော့ ရှိပါတယ် ဆိုတော့ သော် ဒါကြောင့် အသက်မထွက်နိုင်သေးတာကိုလို့ ပြောတယ်လေ၊ နင်ကတော့ ယုံချင်မှ ယုံမယ်၊ ဒါပေမယ့် နင်ရောက်လာပြီး ငါးမိနစ် အတွင်းမှာ သုံးရက်လုံးလုံး မေ့မျောခဲ့တဲ့ အမေ အသက်ထွက်သွားတာနင် အသိ

          ကျွန်တော့်ကို မငိုရန်တားဆီးခြင်းသည် တရားမျှတမှုမရှိဟု ကျွန်တော်တွေးကာ ကျွန်တော် ငိုပါသည်။ ။

         “နင်ဟာ ယောက်ျားပဲ၊ ဘာမဟုတ်တဲ့ ဘဝပေးအခြေအနေတွေကို ရိုးမယ်ဖွဲ့ပြီး နင့်ဘဝကို နင်ဖျက်ဆီးနေတာ ဘာမှ အဓိပ္ပာယ်မရှိဘူး၊ အဖေတို့ အမေတို့ စိတ်ဆင်းရဲရတာ၊ ငါ စိတ်ဆင်းရဲတာပဲ အဖတ်တင်တယ်။ နင်သာ အဓိပ္ပာယ်ရှိရှိ ဘဝကိုရင်ဆိုင်ခဲ့ရင် အခုလို ဒုက္ခရောက်ကြရမှာ မဟုတ်ဘူး”

          ကျွန်တော်သည် ကျွန်တော်၏ ယောက်ျားမျက်ရည်များကို သုတ် လိုက်ပါသည်။ ကျွန်တော့်အစ်မကို ရင်ဆိုင်ကြည့်မိ၏။ ကျွန်တော့်အစ်မသည် လုံးဝ မငိုပါ။ ကျွန်တော်သည် အလွန်သတ္တိရှိလှသော ကျွန်တော့်အစ်မကို မေးခွန်းတစ်ခု မေးမိ၏။

         “ငါ့အမေ ဘယ်သူလဲ” “ဟင်”

         ကျွန်တော့်အစ်မသည် တုန်လှုပ်သွားကာ မျက်စိကို စုံမှိတ်လိုက်၏။ “နင် နင် ဘာမှ အဓိပ္ပာယ်မရှိတာတွေကို ရိုးမယ်ဖွဲ့ပြီး နင့်ကိုယ်နင် နှိပ်စက်ဦးမယ်ပေါ့”

         “ငါမသိလို့ မေးတာပါ၊ ကနေ့အထိ ငါ့အဖေ ဘယ်သူ၊ အမေ ဘယ်သူဆိုတာ ငါ မသိရသေးဘူး၊ အဲဒါကို ငါ သိချင်နေတယ်”

          “နင် ဒါတွေကို သိရလို့ကော ဘာထူးမှာလဲ” “ငါ သိချင်တာ တစ်ခုပဲရှိတယ်”

         “အင်း နင်သိချင်ရင် ငါပြောလိုက်မယ်၊ နှင့်အမေနာမည်က ဒေါ်ဒေါင်းစိန်တဲ့ အညာက”

         “အမေ အမေ”

          နင် ငါတို့အိမ်ရောက်လာတော့ နင်ဟာ ၁၀ လသား ရှိပြီ။ နှင့်အမေကို အမေလို့ ခေါ်တတ်နေပြီ။ နှင့်တစ်ကိုယ်လုံးတော့ ဝဲတွေနဲ့ပြည့်ပြီး ညစ်ပတ်နေတာပဲ။ နင်တို့ သားအမိတစ်တွေကို အိမ်ဘေးက ဦးမြအေးတို့က လမ်းထိပ်မှာ တွေ့လာကြတယ်။ နှင့်အမေက သုံးနှစ်သမီးလေးတစ်ယောက် ကို လက်ကဆွဲပြီး နင့်ကိုချီပြီးလျှောက်သွားနေတယ်။ ကလေးကိုမမွေးနိုင်တော့လို့ လိုချင်တဲ့သူရှိရင်ပေးမယ်လို့ ပြောနေတယ်တဲ့။ ဒီတော့ ဦးမြအေးက ငါတို့အဖေ ကလေးချစ်တတ်တာ၊ သားယောက်ျားလေး လိုချင်လို့ အရူးအမူးဖြစ်နေတာကို သတိရတယ်။ ဒီတုန်းက အမေက နောက်ထပ် ကလေးမရတာ ကြာပြီလေ။ ဆရာဝန်တွေ လက်သည်တွေနဲ့ပြလို့လဲ အကြောင်းမထူးဘူး။ အမေက ငါ့ကိုမွေးပြီး နောက်ထပ်ကလေးမရတော့ဘူး။ ငါက ခုနစ်နှစ်သမီးရှိပြီ။

          နင်တို့သားအမိတစ်တွေကို ဦးမြအေးက အိမ်ခေါ်လာတယ်။ နင်တို့ကို သနားလို့ခေါ်လာတာ၊ ဘာကြောင့်လဲ သိလား၊ နင် သူများ လက်ထဲရောက်သွားရင် ဘယ်လိုလူမျိုးနဲ့ တွေ့မယ် မသိဘူး၊ ငါတို့အဖေနဲ့ အမေကတော့ တကယ်ကလေးချစ်သူတွေမို့ နင်ကောင်းကောင်းနေရမယ်ဆိုပြီး ခေါ်လာတာ။ နှင့်အဖို့တော့ ကံကောင်းတာပဲ။ အဖေတို့ အမေတို့ အဖို့တော့ ဒုက္ခကို ဝယ်ယူလိုက်ရသလိုပါပဲ။

          အဖေဟာ နင်တို့အကြောင်းကို သိသိချင်း “ဒီကလေးကို ကျွန်တော် မွေးမယ်” ဆိုပြီး နှင့်ကို ကောက်ချီတော့တာပဲ။ အဲဒီတုန်းက အဖေ ဘယ်လောက်ချမ်းသာတယ်၊ ကောင်းကောင်းနေတယ်ဆိုတာ နင်အသိပဲ။ အဖေက အနာတွေပြည့်ပြီး ညစ်ပတ်ပေရေနေတဲ့ ဘယ်ကမှန်းမသိသေးတဲ့ ကလေးလေးကို ကောက်ချီတော့ ဘေးလူတွေက အံ့အားသင့်ပြီး နှာခေါင်း ရှုံ့ကြတယ်။ နင်ကတော့ ငိုတာပေါ့။ “အမေ အမေ”လို့ အော်အော်ပြီး ငိုတယ်။

         ဂျိုးရောက်လာသည့်အတွက် ကျွန်မတို့တစ်အိမ်လုံး အလုပ်ရှုပ်ကြရပါသည်။ ကျွန်မတို့တစ်အိမ်လုံးဆိုသည်မှာ ကျွန်မ၊ အဖေနှင့် အမေတို့ပင် ဖြစ်ကြပါ သည်။ ကျွန်မတို့အိမ်တွင် လူငှား စာရင်းငှားများ ရှိပါသေးသည်။ သူတို့ ကတော့ သည်ကိစ္စကို ဘေးမှသာ ကြည့်နေကြပါသည်။ အဖေက ချက်ချင်းပင် ရပ်ကွက်လူကြီးအချို့ကို ဖိတ်ခေါ်ပါသည်။ သည်ကလေးကို သူအပြီးအပိုင် မွေးစားမည်ဖြစ်၍ နောင်အရှုပ်အရှင်းမဖြစ်စေရန် စာချုပ် စာတမ်း ပြုလိုကြောင်း ပြောသဖြင့် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြ ပါသည်။ ဂျိုး၏ အမေကလည်း အပြီးအပိုင် ပေးအပ်ကြောင်း မည်သို့မျှ အနှောင့်အယှက်ပေးမည်မဟုတ်ကြောင်း ပြောပြီး လက်မှတ်ထိုးပါသည်။ စာမတတ်သဖြင့် လက်ဗွေနှိပ်ပေးပါသည်။ ကလေး၏ ဖခင်မှာလည်း ဆုံးပါးသွားပြီ ဖြစ်ကြောင်း ပြောပြပါသည်။ ကလေးအကြီး မိန်းကလေးကို ပေးမည်လားဟု မေးသောအခါ သည်သမီးတစ်ယောက်ကိုတော့ မည်သူ့ ကိုမျှ မပေးတော့ဟု ပြောပါသည်။

         ကိစ္စအားလုံးပြီးသောအခါ အဖေ အမေတို့က ကလေးအမေကို ငွေငါးဆယ် ပေးလိုက်ပါသည်။ နောင်ကိုလည်း ကလေးအတွက် မေ့မေ့ ပျောက်ပျောက် ဖြစ်စေရန် အိမ်ကိုမလာဖို့ ပြောလိုက်ပါသည်။ ကျွန်မတို့ အမေက ကလေးကို တစ်ချိန်လုံး ချီထားပါသည်။ ကလေးကလည်း သူ့ အမေကို ကြည့်ကြည့်ပြီး ငိုပါသည်။ ။

         ကလေးအမေပြန်သွားသောအခါ အဖေ အမေတို့သည် ရပ်ကွက် လူကြီးအိမ်မှ ကလေးကို ခေါ်လာပြီး မုန့်ပဲသရေစာများ ကျွေးပါသည်။ ကလေးက မစား၊ အငိုလည်းမရပ်ပါ။ အဖေသည် မုန့်သေတ္တာ၊ နို့မှုန့် စသည်တို့ကို ပြေးဝယ်ပါသည်။ ကလေးကို နို့ဖျော်တိုက်သော်လည်း မသောက်ပါ။ ငိုလွန်း၍ မောလာသောအခါမှ တဟင့်ဟင့်ရိုက်၍ အိပ်ပျော် သွားပါသည်။

         ကျွန်မတို့တစ်အိမ်လုံး ပျော်သော်လည်း စိတ်မကောင်းကြပါ။

          ဂျိုးကို ကျွန်မ ထိန်းရပါသည်။ ကျွန်မတို့အိမ်တွင် အဖေ အမေက ချမ်းသာသော်လည်း စည်းစနစ်ကြီးသဖြင့် အိမ်ဖော်ထားလေ့ မရှိခဲ့ပါ။ အိမ်အလုပ်များကို အမေကသာ ဒိုင်ခံလုပ်ပါသည်။ ကျွန်မသည် မိန်းကလေး ဖြစ်ပြီး ယခုအခါ အစ်မကြီးလည်း ဖြစ်လာသဖြင့် အမေ့ကို ကူညီရပါ သည်။အဖေသည်ကား ကုန်သည်ပွဲစားဖြစ်၍ ပဲခူးမှ ရန်ကုန်သို့ မကြာခဏကူးသန်းသွားလာနေရပါသည်။ ကျွန်မတို့အိမ်သည် ပန်းလှိုင်ရပ်မှ ချောင်းကမ်းပါးကို ဘေးတိုက်ပြုထားသော ပွဲရုံတစ်ရုံ ဖြစ်ပါသည်။

         ဂျိုးရောက်စက တစ်ကိုယ်လုံး ညစ်ပတ်ပေရေပြီး ဝဲများက တစ် ကိုယ်လုံး ပြည့်နှက်နေပါသည်။ ကျွန်မနှင့်အမေသည် ဂျိုးကို နေ့စဉ်တမာရွက်ပြုတ်ရည်နှင့် ရေချိုးပေးရပါသည်။ မကြာခင် ကျွန်မတို့တစ်အိမ်လုံး ဝဲတွေ ကူးကုန်ကြပါသည်။

          ဂျိုးသည် အလွန်အစားကြီးသော ကလေးဖြစ်ပါသည်။ မုန့်လက်ညှိုး ကို တစ်ခါစားလျှင် လက်တစ်ဖက်တွင်ငါးချောင်းမျှ ကိုင်လျက် တစ်ပြိုင် နက်တည်း စားပါသည်။ ဂျိုးသည် မကြာခင် ကျန်းမာဝဖြိုးလာသဖြင့် ကျွန်မတို့ ဝမ်းသာကြရပါသည်။ ပြီးတော့ အလွန်ထူးဆန်းသော အဖြစ် အပျက် တစ်ခုကိုလည်း ကျွန်မတို့ တွေ့ကြရပါသည်။ ။

          အမေသည် ဂျိုးနှင့် အတူအိပ်ပါသည်။

          ညဘက် ကလေးငိုလျှင် အဖေကထ၍ နို့ဖျော်ပါသည်။ ကျွန်မ သည်ကား ငယ်ရွယ်သည်ကတစ်ကြောင်း၊

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)