မိုးဖြူ - တိမ်ယောင်ဆောင်သောမီးခိုးများ
တိမ်ယောင်ဆောင်သော မီးခိုးများ
တိမ်မည်းတစ်အုပ်မိုးဟန်လုပ်နေတယ်
တကယ်က အမှိုက်ပုံ မီးရှို့လိုက်ခြင်းက
အမည်းရောင်မီးခိုးလုံးတွေ
ကောင်းကင်မှာတိမ်အလား
ဝေးလေလေ တိမ်အယောင်ဆောင်ကောင်းလေ
ညနေတိမ်တွေ ရွာချတော့မယ့်တိမ်တွေလို
မိုးညိုကောင်းကင်ထဲများဆို ခွဲမရ
ဘဝမြင်ကွင်းကျယ်က တိမ်တွေလိုမြင်ခဲ့တာ
တိမ်အယောင်ချစ်ခြင်းများ မီးလျှံထက်က စိတ်အခိုးများ
ကောင်းကင်ရောက်ရုံနဲ့ တိမ်လိုဘဝင်များ
ရွာမလိုမာယာအပြားပြား
မီးခိုးလို့ထင်ရက်မလားတဲ့
တိမ်တစ်ညိုမိုးတစ်ခုနဲ့ ရက်ဆက်မယ့်သူတွေက
တိမ်လိုဇွတ်ယုံခဲ့တာတွေက
ရယ်စရာမှော်ပုံပြင်တွေမှ မဟုတ်ခဲ့တာ
တကယ်တမ်း
မလွမ်းချင်ဘဲလွမ်းခဲ့ရ
တိမ်ယောင်ဆောင်သောမီးခိုးများ။ ။
၁၉၊ စက်တင်ဘာ၊ ၂၀၁၇။
ညှိလိုက်ရင် ငြိကုန်တယ်
ဘယ်နေရာမဆိုလိုတာတွေးလိုက်တဲ့အခါ
မလိုတာတွေလည်း အပိုရနေပြီးသား
သွားမယ်ဆိုသွားအနားမသတ်လိုက်ဘဲသွား
အလွင့်ဆိုတာ အခွင့်အရေးပဲ
ချစ်သောအခါ
ချဉ်စော်ခါးသီးဟင်းရည်လောက် ချိုဦးမလား
တစ်မနက်လုံး
တက်ဖြုန်းလိုက်တာ ဘဝက ကုန်ခဲ့ပြီးပြီ။ ။
၃ ဒီဇင်ဘာ၊ ၂၀၁၇။
ရင်ဘတ်ထဲထည့်ထားသောနာမ်အချို့
ငြင်းသမျှမလိုအပ်နေတာလား
မလိုအပ်တော့လို့ ငြင်းတာလား
မလိုချင်တာရတဲ့အခါ
လိုချင်စိတ်မရှိဘူးလို့ပြောသူ
အမှတ်မှားစရာစကားလုံးတွေ
အမှားမှတ်ရှူမိမစိုးတယ်
လက်ဆိုတာကလည်း စကားသံဖြစ်စေနိုင်တယ်
ယုံပါဆိုတာ နိမိတ်ပြစကား
ကမ္ဘာကို အသံတွေ ခုခုထားပြီးမှကြားရတာ
နားဆိုတာ တွေးသိမပါဘူးအကြားသက်သက်
ဒီထက်ရက်ဆက်လာရင် ပျက်တော့မယ်
အမှားကြာအမှန်ဖြစ်တယ်လို့ထင်လိုက်တာ
အချိန်တန်တော့ ကြေးဆိုတာ ကွာကျလာမှာပဲ
အမှန်က အမှန်အတိုင်းရှိနေခဲ့တာမပျက်
အတက်ကပျက်ကျလာရင်တော့ ပိုနာမယ်
ငါဆိုတာ ငါတို့ကို မြင်မရအောင်ထူခဲ့တယ်
ပြေးလိုက်တယ်ဆိုတာ ပြေးနေတာလည်းဟုတ်တယ်
လိုက်နေတာလည်းဟုတ်တယ် ၊
ကမ္ဘာက လုံးနေတာကိုး
ပြားတယ်ဆိုတဲ့ခေတ်မှာ
အဆိပ်ခွက်ဟာ သောက်ကောင်းတဲ့ အမှန်တရားပဲလေ။
၂၆၊ စက်တင်ဘာ၊ ၂၀၁၇။
ညအုံးခါနီးအထိရှိခဲ့ဖူး
သိပ်သည်းဆတွေတော့
ငါ့လက်ထဲမှာ ရှိနေသေးတယ်။
ငါက သူမဟုတ်တော့ဘူး။
မှော်ဆရာတမ်းချင်းအကုန်မှာ
ပန်းသီးတစ်လုံးတလေမကျန်မှ
လွဲနေတဲ့ မြစ်ကူးတံတားမှာ ကြိုးက ကျိန်စာဖြစ်ရတယ်။
အခါခါပြိုကျမယ့် ကောင်းကင်အားကိုးနဲ့
မြစ်ဟာ သူ့လမ်းသူပြန်ပြန်စီးပြီး ဆင်းသွားနေတယ်
ဆင်ခြေကောင်းကောင်းဆိုတာက
ယတြာကောင်းကောင်းကို အမြဲရှာတွဲနေတုန်း ဒီဘက်ခေတ်ထဲအထိ။
အဝါရောင်သမ်းချင်နေသော
စိမ်းမြဆောင်းတွေ ခဏရပ်ပေးပါ
အဲ့အတွက်
အရာရာမိုးမလင်းခင်
သိပ်သည်းဆတွေ ငါလွတ်ချလိုက်ပါ့မယ်။
၆၊ အောက်တိုဘာ၊ ၂၀၁၇။
ညနေခင်းထဲအရောက်ပြန်လာမယ်
သစ်ရွက်ကြွေတာထက်ပိုတယ်
ဘဝတစ်ခုပြတ်သွားတဲ့အထိဆိုပါတော့
တစ်ခါပြန်လာရဖို့
လိမ္မော်တွေတစ်ခါပြန်သီးတဲ့အထိ
ရိုးရိုးလိမ္မော်ဘဝကနေ ပျားလိမ္မော်ဖြစ်သွားတဲ့အထိ ကြာခဲ့လိုက်တာ
ဘာမဆို
တချို့စကားတွေက သေပြီးပြန်လာချင်တဲ့အထိ သံသရာကို ဆက်စေလို့ပေါ့
ယုံမိရင် ထင်းရှူးရိပ်မှာ ထင်းရှူးသီးက
အပင်ပြန်ရတဲ့အထိ
ချယ်ရီပင်အောက် ချယ်ရီပန်းတွေပြန်ပွင့်တဲ့အထိ
ရင်ဘတ်တွေနဲ့ ချစ်ရင်ချစ်တယ်ပဲပြောလိုက်တာ
စကားမှန်တွေက တရားမှာထန်နေလည်း
ခုတော့ ငါတို့ပြန်ရောက်လာပြီ
တောင်ပေါ်တောတန်းတွေလိုဆက်ဆက်ပြီး
တောင်ယာတွေ ဆောင်းထဲမှာ ကောက်သစ်ရသလို
ငါတို့ ပြန်လာခဲ့တာလေ ။
ဆောင်းဆန်တဲ့လေပြည်တွေက ငါတို့ပါ
ငါတို့က အအေးဆန်ပြီး အနွေးချန်ထားမယ့်သူတွေပါ
ငါတို့ကို ချယ်ရီတွေလိုပဲ ပြုံးပြပါ ၊
တစ်ရောင်တည်းသော ချယ်ရီပန်းတွေလို ဆောင်းထဲချန်ပေးပါ
ဘယ်နွေထဲမှမဖူးသော ချယ်ရီလို ကျန်နေပေးပါ
ဒီညနေခင်းထဲမှာ ငါတို့ ပြန်လာခဲ့ပြီ။ ။
၂၀၊ စက်တင်ဘာ၊ ၂၀၁၇။
ပင်ဖြစ်
မြို့လိုလိုရွာလိုလို
ဆေးရုံကို သချိုင်းကမျက်စောင်းထိုး
ကယ် ကြိုက်ရာရွေးဆိုသလို
တရားသဘောနဲ့အထာကျ
တစ်ရွာလုံးမှာ ဈေးကအသထို
အမည်နဲ့လိုက်အောင်အပင်ဖြစ်
အပင်ချစ်ဖို့ကတော့ အလိုအတိုင်း
ကားလမ်းမှာကျောခင်း
အရေခွံတော့ အတော်ထူပုံရတယ်
ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ရှမ်း၊ ဗမာ
အင်းစပ်နဲ့ ထနှော အရောရော
ပြောမနာ ဆိုမနာ သောဓလေ့
ကွင်းပြင်မှာ နေထိုင်ရင်း ကျဉ်းကျဉ်းလာလို့
သူ့ဘောင်တောင်သူ မခတ်နိုင်တော့ဘူး။ ။
၄ ၊ ၂၀၁၃