မိုဃ်းဇော် - အသီးအပွင့်ကင်းသောနှစ်များ
မိုင်းဇော်သေတမ်းစာ
အိမ်ခေါင်းရင်းမှာ
ဖယောင်းတိုင်မီးတွေ ထွန်းပြီးရင်
ဆုပ်ကိုင်ထားတဲ့ စီမံကိန်းတွေအောက်ချ
ဖတ်လက်စစာအုပ်ကို ပိတ်လိုက်တော့
ကျွန်ုပ်တို့ သေလို့ရပြီ။
သေဖို့မေ့နေတာ မှန်တယ်
(သေခြင်းတရားဆိုတာ ဆရာဝန် ခေါင်းခါမှ
သတိရတာမျိုး)
ကြည့်လေ မနက်ကပဲ
ဘေးကျပ်နံကျပ် ဘတ်စ်ကားပေါ်
ရန်တစ်ပွဲ ဖြစ်ခဲ့တယ်
ကျောက်ခေတ်ဆီ အရင်းမစိုက်ဘဲ ၊
သဘာဝသမိုင်းပြတိုက်ကို ရောက်ခဲ့တယ်
(လူသားမျိုးနွယ်တွေ လေ့လာဖို့ထက်
တရုတ်မလေး နားပူလို့)
ရေတိုင်ကီ အပေါက်တွေ ပြန်ဖာ
ဆံသဆရာနဲ့ ပုဂံရာဇဝင် ငြင်းခုံရင်း
သေဖို့တောင် တော်တော် ပျင်းလာရဲ့။
ငါ့သွေးကြော နံရံတစ်ပြင်လုံး
အင်ဂျင်အပူဆုံးအချိန်ဟာ
နွားနို့ပုံတွေ မှောက်ခဲ့တာနဲ့အမျှ
လောကကို
ဩဇာသီးအမှည့်တွေ ပြန်ပေးဖို့
တွေးတောနေချိန်ပေါ့။
နောက်လူတွေရဲ့ ကြွက်တွင်းထဲ
အမှည့်ရွှမ်းဆုံး ထည့်သွင်းပေးနိုင်တာ
ဒီ ဩဇာပင်တွေပဲ မဟုတ်လား။
မိတ်ဆွေတို့
ခင်ဗျားတို့ မြေကြီးတစ်ခွင်မှာ
ဩဇာသီးပင်တွေ စိုက်ပျိုးကြ
အာသာပြေ ဩဇာသီးတွေ စားကြ
ဇောချွေးတွေကိုတော့ ဖိုင်တွဲထားကြ။
ကျွန်တော့် ဘာသာစကားဟာ
ဘယ်လိုအသံနေ အသံထားနဲ့ ဆိုဆို
သက်ပြင်းတွေကို ကျေးဇူးတင်ကြောင်း
ပြောဖို့
ဩဇာသီးတွေ စိတ်ချလက်ချ သီးဖို့
ပြီးတော့
ဟောသည် ပေါ့ဆမှုရဲ့ သားကို
ရယ်မောသံများနဲ့ သဂြိုဟ်ဖို့။ ။
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၉၄
ကိုယ့်ဘဝသူ့ဘဝ
ငါလေ
ဆာလောင်နေတဲ့ မျက်လုံးနဲ့
မီးဖိုချောင်ထဲ ပိုက်စိပ်တိုက်ရှာလိုက်တော့
အဝေးမြို့က
ဇွန်းခက်ရင်းတစ်စုံ လွှတ်ချလိုက်သံကြားရတယ်
မင်းထမင်းစားခန်းရဲ့ နောက်ဆုံးပိတ်တေးသွားလား။
ငါ့အိပ်ရာ ဘေးနားတစ်ဝိုက်
ခြင်နဲ့ ပုရွက်ဆိတ်တွေ ချီတက်လာကြချိန်
လေအေးစက်သံအောက်မှာ
မင်းအိပ်မက်တွေဟာ
မျက်တောင်ခတ်နေရှာရော့မယ်။
ငါသတိရမှုများ
ဖယောင်းတိုင်ထိပ်ဖျားမှာ ညှိထွန်းထားပါရဲ့
လရောင်တွေ
အိပ်ခန်းထဲ အလှဆင်ထားတဲ့ မင်းဆီကိုလေ။
မင်းရေခဲသေတ္တာထဲ
ပုပ်သိုးမသွားတဲ့ ငါ့နှလုံးသားလေး ရှိတယ်။
ငါ့ကြောင်အိမ်ထဲ
အဝါရောင်သန်းသွားတဲ့ မင်းအပြုံးလေးရှိတယ်။
မင်းကိုယ်လုံးပေါ်မှန်က
ငါ့သက်ပြင်းချသံနဲ့ ပြဒါးသုတ်ထားတယ်
ငါ့သင်ဖြူးဖျာလေးခမျာတော့
မင်းခြေသံမာမာနဲ့ ရက်ထားတယ်။
မင်းဝိညာဉ်မှာ
နဝရတ်လက်စွပ်ဝတ်ထားတယ်
ငါ့ဝိညာဉ်မှာ
ဖျင်ကြမ်းဘောင်းဘီ ဝတ်ထားတယ်။
မင်းခေါင်းအုံးအောက်မှာ
စမ်းကြည့်ရင်
မခဲသေးတဲ့ ငါ့မျက်ရည်တစ်စက်တွေ့ရမယ်။
ငါ့ဒိုင်ယာရီစာအုပ်ထဲ
လေဟုန်စီးတဲ့ မင်းဒေါက်ဖိနပ်တစ်ရန် တွေ့ရတယ်။
မင်းအိတ်ထဲ
ဘဏ်တိုက်ကြီးသုံးတိုက် ကြုံးဝါးသံထည့်ထားတယ်။
ငါ့အိတ်ထဲ
ခေတ်သုံးခေတ်အလွမ်း ထည့်ထားတယ်။
မင်းမာနကို ရွှေနဲ့ ချိန်ကြည့်ရင်
ကမ္ဘာကြီးတစ်ခုလုံး ရွှေအတိဖုံးလိမ့်မယ်။
ရွှေအတိပြီးတဲ့ ကမ္ဘာကြီးကို
ငါ့ဘဝကျေးလက်သီချင်းလေးတစ်ပုဒ်နဲ့
အစွံထုတ်ချင်လို့တော့ ဘယ်ဖြစ်မလဲ။
မီးရထားလမ်းလို
ငါတို့ဘဝတွေက မျဉ်းပြိုင်လား
ဒါဆိုရင်
မင်းအနမ်းတွေကို နှုတ်ခမ်းနဲ့ လာကြိုမယ့်
ပျော်စရာဘူတာရုံလေးတစ်ရုံတော့
ဟောဒီ မိုးကုပ်စက်ဝိုင်း အနားသတ်မှာ ရှိရမှာပေါ့။
တကယ်တော့
မိုးနဲ့မြေရဲ့ နယ်စပ်မျဉ်းပေါ်မှာ
ကိုယ့်ပါးကိုယ်ရိုက်ခဲ့မိတာ ငါပါကွာ။
မြို့ကြီးပြကြီးနဲ့တူတဲ့ မင်းကို
တောင်ယာတဲလေးနဲ့တူတဲ့ ငါက လှမ်းခေါ်တယ်
ဇိမ်ခံသင်္ဘောကြီးနဲ့တူတဲ့ မင်းကို
တံငါလှေလေးနဲ့ တူတဲ့ငါက လှမ်းခေါ်တယ်
တော်ဝင်ညစာစားပွဲကြီးနဲ့တူတဲ့ မင်းကို
ထမင်းကြမ်းခဲလေးနဲ့တူတဲ့ ငါက လှမ်းခေါ်တယ်
ငါ့ဆီပဲ့တင်ပြန်လာတာ ဘာလဲ
ဘာလဲဟင်
ညဝတ်ဂါဝန်လေးတစ်ထည်
အချစ်ကို ကျကျနန ထုပ်ပိုးလို့
မတွန့်သေး မကြေသေး ။
နှင်းဆီပန်းနံ့တွေ မွှေးလို့။ ။
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ဇွန်၊ ၁၉၉၈
လူစီရဲ့ လက်ဆောင်
ရှက်တတ်တဲ့ ကြယ်တွေကတောင်
လက်မြှောက်ထားရတဲ့ “လူစီ” ဟာ
မျက်လုံးထဲ ဓားမြှောင်တစ်လက်ထည့် ကြည့်တတ်တယ်
ခေါင်ရမ်းပွင့်တွေကလည်း “လူစီ” ကြောင့် ပွင့်ခဲ့ရတာတဲ့
အနမ်းဆိုတဲ့ နှစ်ချို့အိုးထဲ
“လူစီ” ဟာ ဘဝကြီးတစ်ခုလုံးကို မျောက်သွေးလို
စိမ်ထားနိုင်တယ်
“လူစီ” ဟာ
နှုတ်ခမ်းနီ နည်းနည်းဆိုးလိုက်ရုံနဲ့
ဘဝတွေကို လေဖြတ်သွားအောင် စီရင်နိုင်တယ်
“လူစီ” ဟာ
ခန္ဓာကိုယ်ထဲက ထုတ်သမျှ ပစ္စည်းတိုင်းမှာ
ယောက်ျားပီသရမယ်ဆိုတဲ့ အထူးသတိပေးချက်ပါတယ်
“လူစီ” ဟာ
အနာဂတ်ကို ကိုယ်ဝန်ဆောင်နိုင်တယ်
ငရဲနဲ့ တိုက်ရိုက်ပျံသန်းပေးနိုင်တယ်
ပျံသန်းနေတဲ့ သမာဓိကို
သစ်တော်သီးလေးတစ်လုံးလို ခူးဆွတ်နိုင်တယ်
အသည်းကွဲလူနာအတွက်
လမ်းကြိတ်စက်တစ်စင်းနဲ့တူတဲ့ “လူစီ” ဟာ
ကလေးတွေရဲ့ “မာသာထရီဆာ” ကိုယ်ပွားဖြစ်တယ်
ကရုဏာပုံတူဖြစ်တယ် နို့ထွက်တဲ့ ပန်းပွင့်ဖြစ်တယ်
“လူစီ” ဟာ
ကုန်ထုတ်စွမ်းအားစုတွေကို ရေပတ်တိုက်ပေးနိုင်တယ်
ဘုရားသခင်နဲ့ သားအမိတော်နိုင်တယ်။
“လူစီ” '
ခင်ဗျားဘယ်ကလာလဲ
ကောင်းကင်ကလား
မြေကြီးကလား
ဖိုသတ္တဝါရဲ့ နံရိုးထဲကလား။
“လူစီ”
ခင်ဗျားအတွင်းခံတွေကို ဘာနဲ့ ချုပ်ထားလဲ
ပိုးသားနဲ့လား
သွေးချွေးနဲ့လား
ကမ္ဘာ့သမိုင်းကြောင်းနဲ့လား
ခုထိ ဘယ်သူမှ မသိသေးဘူး။ ။
ရနံ့သစ်မဂ္ဂဇင်း၊ ဧပြီ ၁၉၉